ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, December 31, 2011

ပြက်လုံးကိုအဆုံးသတ်တဲ့ ဒီမနက်




မငိုပါနဲ့တော့..အမေ
လူတကာရဲ့မျက်လုံးမှာ ပြက်လုံးအနေနဲ့
"က"ခဲ့ရတဲ့ညတွေအတွက်
ဒီမနက်မှာတော့ သူတို့အသက်တွေနဲ့
ပြည်သူ့မျက်ရည်တချို့ကို
ယို့ယို့လေး သုတ်ပေးသွားခဲ့တာပါ
ဘယ်သူတွေမှ သိစရာမလိုပါဘူးအမေ။။

Friday, December 23, 2011

" ဒီဇင်ဘာပိတ်ရက်မှာ ဘာတွေလုပ်မယ်" အဖြူရောင်နတ်သမီးတဂ်ပို့စ်



တဂ်ပို့စ်တစ်ခု တဂ်ထားကြောင်း အမတော် အဖြူရောင်နတ်သမီးက ပြောလို့ ကြည့်လိုက်တော့ " ဒီဇင်ဘာပိတ်ရက်မှာ ဘာတွေလုပ်မယ်" ဆိုတာပြောပြပေးဖို့ တဂ်ထားတာ ဖြစ်နေပါတယ်။။ အဲဒီလို အတဂ်ခံလိုက်ရတဲ့ အချိန်ထိ ကျွန်တော့်ရဲ့ ဒီဇင်ဘာကတော့ လုံးဝကို မပိတ်သေးဘူးလေ။။ ရေးဖြေ၊ နှုတ်ဖြေတွေနဲ့ ချာလပတ်လည် ကောင်းနေတုန်း ရှိပါသေးတယ်။။ ဒါပေမယ့် သူတို့ပြောတဲ့ Christmas အမှီတော့ တဂ်ပို့စ်ကို ရေးမှလို့တွေးပြီး အခုရေးလိုက်တာပါ။။

Sunday, December 18, 2011

လမ်းခွဲတေး




အငွေ့ပျံတတ်တဲ့ သဘောတရားထဲမှာ
နင့်အချစ်တွေ ပရုပ်လုံးဆန်ခဲ့တယ်
တရွေ့ရွေ့ ပျောက်ကွယ်သွားခြင်းနဲ့အတူ
တငွေ့ငွေ့ လောင်ကျွမ်းခဲ့မှုတစ်ခု
တော်ပါပြီဟာ..
အဲဒါနွေးထွေးမှုပါလို့ နင်မနှစ်သိမ့်နဲ့တော့။။

Monday, December 12, 2011

"လေလှိုင်းပေါ်က ချစ်တဲ့သူ"


(၁)


တိုးတက်လာသည့် ခေတ်အခြေအနေ များထဲတွင် အင်တာနက်ဆိုတာလဲ ပါဝင်လာခဲ့သဖြင့် ခေတ်ရေစီးထဲမှ ခေတ်လူငယ် သက်နောင်တစ်ယောက် အင်တာနက်ချစ်သူ ဆိုတာနှင့် ကြုံတွေ့ခဲ့ရတာ ဆန်းသည်ဟု မဆိုနိုင်။။ "တိမ်လွှာနဂါး သူရဲကောင်းများ" ဆိုသည့် တရုတ်သိုင်းကားထဲမှ အိမ်မက်ချစ်သူကဲ့သို့ပင် သက်နောင်လည်း အင်တာနက်ချစ်သူ ဆိုတာကို စွဲစွဲလမ်းလမ်း ရူးသွပ်စွာ ချစ်ခဲ့ဖူး၏။။ မထင်မှတ်ပဲ ကောင်မလေးတစ်ယောက်နှင့် Gtalkမှာ ရင်းနှီးခင်မင်ခွင့် ရခဲ့တာက စခဲ့သော ဇာတ်လမ်းလေးတစ်ခု။။

Friday, December 2, 2011

ရိတ်သိမ်းပြီးစီးခြင်း


ဘာစကားကို ဆိုဆို၊ ဘယ်အရပ်ကို သွားသွား
လားရာမတူမျှရင်တော့ လက်မပြလည်း
လမ်းခွဲတာပါပဲ။။

Wednesday, November 30, 2011

ဒီဇင်ဘာ မျက်ရည်စက်များ




"အတူသွားဖူးတဲ့နေရာတွေ
အတွေးထဲမြင်ယောင်တော့
ရင်ထဲမှာပြင်းရှရှ သတိတွေရတယ်...
အတူပြောဖူးတဲ့စကားသံတွေ
ပြန်ပြန်ပြီးကြားယောင်တော့
ရင်ထဲမှာပြင်းရှရှ သတိတွေရတယ်...
ရင်အပူကိုဟန်ဆောင်ဖုံးရင်းက
မလွယ်တဲ့အဆုံးမှာ(ငါလေ)
လုံးလုံးကြီးသတိရ အရမ်းအရမ်းကို
လွမ်းရတယ် သစ္စာရေ..။။။"


****************************

(၁)

သစ္စာနွယ်

"မေမေရေ မီး ကိုကို့သူငယ်ချင်းတွေဆီ သွားလည်လိုက်ဦးမယ်နော်။။"
ဆိုင်ကယ်ကို မေမေမသိအောင် အသာတွန်းထုတ်ရင်း အိမ်ဝသို့ရောက်မှ သစ္စာ လှမ်းအော်ပြောလိုက်သည်။။

Sunday, November 27, 2011

ရေခဲစိမ်ဇာတ်သိမ်း




အတိတ်ကိုမတွေးချင်ခဲ့ဘူး
အရိပ်တွေက ဆိုးလွန်းတယ်လေ
အိုကွယ်..ချွေးသိပ်ခွင့်ရမလားလို့ ဝင်လာခဲ့မိပါတယ်
ရင်ဝကိုဆောင့်ကန်ခံရမှ
နှလုံးသားချွေးတပ် စခန်းမှန်းသိခဲ့ရတယ်
မမြင်တတ်တဲ့အတူတူတော့ ကန်းနေလိုက်တာပိုကောင်းပါတယ်။။

Monday, November 7, 2011

ဒီဆောင်းတစ်ည




ဘယ်သူပြောတာလဲကွယ် ဆောင်းမနက်ခင်းတဲ့
ရင်ဘတ်ထဲက ဟိုးတစ်နေရာမှာတော့
ကိုယ့်နံရိုးက ကိုယ့်ပြန်ထိုးသတ်တာခံလိုက်ရ
နှင်းစက်တွေ အက်စစ်ပြောင်းပြီး
ငါ့ရင်ဘတ်ပေါ်များ လောင်းချလိုက်လေသလား
နှလုံးသားထဲမှာ ခါးးးးးတယ်...။။

Tuesday, November 1, 2011

အမှောင်သို့ လွန်မြောက်ချိန်


နွေဦးမှာ လေရူးတွေ တဖြူးဖြူး တိုက်ခတ်နေ၏။။ ခြံထောင့်က မန်ကျီးပင်ကြီးအောက်ရှိ ကွပ်ပျစ်လေးထက်မှာ ရေနွေးကရား အဖြူရောင်တစ်လုံးနှင့် ပန်းကန်လုံးတစ်လုံးကို အဖော်ပြုပြီး ထူအမ်းအမ်း မျက်နှာနှင့် ယမကာရစ်မူးနေသည့် အသက်(၃၅)လောက်ရှိသည့် လူရွယ်တစ်ယောက်။။ သူ့ဘေးမှာတော့ အသက်(၂၅)လောက်အရွယ် လူရွယ်တစ်ယောက်က နာမည်ကြီး ယမကာပုလင်း တစ်လုံးကို ကမ်းပေးနေသည်။။

"ဟေ့ကောင် ညီညီ။။ မင်းတို့ခေတ်ကြီးက ပြောင်းလဲချင်တိုင်း ပြောင်းလဲ၊ ဖောက်ပြန် ချင်သလို ဖောက်ပြန်ပြီး ရုပ်ဝတ္တုတိုးတက် လာတာကလွဲလို့ ကိုယ်ကျင့်တရားကို ထိန်းကျောင်းခွင့် မရတော့တဲ့ ခေတ်ဆိုးကြီးပါကွ။။ အဲဒီခေတ်ဆိုးကြီးရဲ့ ထွက်ကုန်တွေကို ငါမသုံးဘူး။။ မသောက်ဘူးကွာ။။ ပြန်ယူသွား။။"

Tuesday, October 25, 2011

ဒီလမ်းလေးက သိပါတယ်

စာတွေကများ၊ အလုပ်တွေကများနဲ့ ဒီကြားထဲ စာရေးဖို့လည်း စိတ်ကမပါတော့ ကိုယ့်ကိုကိုယ် ဘာများဖြစ်နေလဲ ပြန်ပြီး ဆန်းစစ်ကြည့်မိတယ်။။ တွေ့လိုက်ရတာက ကျွန်တော့် ရင်ဘတ်နဲ့ တစ်ထမ်းကြီးပါဗျာ...အလွမ်းတွေ ပြောပါတယ်။။ တမ်းတမိတာလေးတွေ သက်ဆိုင်သူ သိစေဖို့ပဲဆိုဆို ရင်ဖွင့်ပြချင်တယ်။။ တကယ်လို့များ အလည်လာရင်းနဲ့ ရင်ဘတ်ချင်း မတိုက်ဆိုင်လို့ ခံစားမရခဲ့ရင်လည်း နားလည်ပေးပြီး ခေတ္တ၊ခဏလေးတော့ သည်းခံပေးပါလို့ပဲ မေတ္တာရပ်ခံပါရစေတော့။။။

Sunday, October 9, 2011

ခေတ်၏နောက်ကွယ်


ဒိုးဒိုးဒန့်ဒန့် ရောင်စုံစလိုက်မီးများ အောက်မှာ မြူးထူးပျော်ပါး နေကြသော လူတွေကို ငေးကြည့်ရင်း စိတ်တွေကျဉ်းကျပ်လွန်း နေပေမယ့် အောင်စိုးတစ်ယောက် သည်းခံပြီး နေနေရ၏။။ ကေသီ့ကို လှမ်းကြည့်လိုက်တော့ ရယ်မောပျော်ရွှင်ပြီး စကားတွေ ဖောင်ဖွဲ့အောင် ပြောဆိုနေတာ တွေ့လိုက်ရသည်။။ မဟုတ်သေးပါဘူးဟု မျက်မှောင်ကြုတ်လိုက်ရင်း ကေသီ့ကို စေ့စေ့စပ်စပ် ကြည့်လိုက်တော့ သူမလက်ထဲမှာ ပယင်းရောင်ရင့်ရင့် အရည်တစ်ချို့ပါတဲ့ ကလပ်ခွက်တစ်ခွက်။။ ကေသီ အရက်တွေ သောက်နေတာပါလား။။ ပုံမှန်ဆို စကားနည်းသလောက် အရှက်ကြီးလှသော သူငယ်ချင်း ဖြစ်သူကို မချင့်မရဲ လှမ်းကြည့် လိုက်ရင်း အောင်စိုး စိတ်တွေက တစ်ခုခုကို အလိုမကျ ဖြစ်နေသည်။။

Friday, October 7, 2011

တစ်ခြမ်းပြတ် စွယ်တော်


နှစ်ကိုယ်တူဘဝတဲ့ ဟစ်ကြွေးခဲ့ကြတယ်
ခေတ်တွေ ဆွေးပျက်သွားရင်တောင်
ဝေးရက်တွေ မကြုံကြေးတဲ့
အခုကျတော့လည်း စွယ်တော်ပင်တွေ
ပိုးကျခဲ့ပြီလား
ပုံပျက်၊ပန်းပျက်နဲ့ စွယ်တော်ရွက်တွေ
တစ်ခြမ်းပြတ်ကုန်ကြ။။။

Tuesday, September 27, 2011

စာမျက်နှာ (12/2)


တစ်ယောက်တည်းလားတဲ့ နောက်ကိုအသာငဲ့ကြည့်တော့
အရိပ်ကိုပဲတွေ့တယ်
ဟုတ်တယ်..နင်မပါတော့ဘူးလေ
ကောင်မလေးရေ..ခရောင်းလမ်းမို့
ဖယောင်းပန်းတွေမပွင့်တာပါ
ငါနားလည်တတ်ရမှာပေါ့
တစ်ကြိုးပြတ်ဂစ်တာနဲ့တော့ ညီညာတဲ့သံစဉ်ကိုမရဘူးလေ
အချစ်ဆီမရူးသွပ်ခဲ့တဲ့ နင့်စိတ်ဓာတ်ကို
ငါက..ဦးညွှတ်မိပါရဲ့
ရင်ထဲမှာတော့ တဆစ်ဆစ်နဲ့ကို...နာ..လို့။။

Saturday, September 17, 2011

လရေးနှစ်ချောင်းငင် လူ




တကယ်တမ်းကျ မျက်ကန်းတွေလည်း
တစ္ဆေကိုကြောက်တတ်ကြတယ်
မှောက်မှားမိတဲ့အာရုံတွေကို ကြောက်အားပိုပေမယ့်
နောက်နားက လိုနေတဲ့ ကွက်လပ်တွေအတွက်
သူတို့ရဲ့မနက်ဖြန်တွေမှာ ရွေးချယ်ခွင့်ဆိုတာ
လစ်လပ်နေဆဲ။။

Saturday, September 10, 2011

ဘလော့ဂါဆိုတာ ဘာလဲ (TAG ပို့စ်)


တဂ်ပို့စ်တွေ တစ်ခေတ်ထ နေတယ်လို့ ဆိုရလေမလား။။ အခုထပ်လာ ပြန်ပါပြီ။။ ဘာတဲ့ "ဘလော့ဂါဆိုတာ ဘာလဲ" ဆိုပဲ။။ တကယ်ကျ ဘယ်လို သိမလဲဗျာ။။ ကျွန်တော်က အစ်မတော် နှင်းနဲ့မာယာ ရေးတဲ့ပို့စ်လို "ကျွန်တော် ဘလော့ဂါ မဟုတ်ပါ" ဆိုတဲ့ကောင်လေ။။ ကျောင်းတစ်ဖက်နဲ့မို့ စက်တင်ဘာလရဲ့ မနက်ခင်းတိုင်းကို ဝရုန်းသုန်းကား အသည်းအသန် နိုးထရင်း (တစ်နွေလုံး လည်လိုက်ပတ်လိုက် နေလာသမျှ Formal ဆန်တဲ့ နေ့ရက်တွေနဲ့ အသားမကျနိုင် ဖြစ်နေတာလေ..:P:P) ဘလော့တွေ ထဲလည်း လည်ဖို့ပတ်ဖို့ အချိန်မရနိုင် ဖြစ်နေတာပါ။။ ဒါပေမယ့် ဘလော့ဂါ လောကနဲ့တော့ အဆက်အသွယ် မပြတ်ခဲ့ပါဘူးလေ။။ သိတယ်မလား..လူတိုင်းမှာ ဝှက်ဖဲတစ်ချပ်စီ ရှိနေတတ်တယ်ဆိုတာ။။ ကျွန်တော့် ဝှက်ဖဲကလည်း ဘလော့လောကထဲမှာ အနည်းငယ် ထင်ရှားတဲ့ ဘလော့သရဲမို့ ဘယ်သူ့ဆီမှာတော့ ဘာလေးတင်ပြီဆိုတာ၊ ဘယ်သူ့စာလေးက ဘယ်လိုကောင်းတယ် ဆိုတာတွေ ကိုယ်တိုင်သွား မဖတ်ရသေးပေမယ့် မြည်းစမ်းပြီး ဖြစ်နေတာပေါ့။။( ကိုယ့်ဘာသာ သွားရင် သူ့လောက် စုံမှာမဟုတ်ဘူး ဆိုတာကိုတော့ ဝန်ခံရမှာပါပဲ..:D:D:D)။။။

Wednesday, September 7, 2011

အတ္တကို လျော့ချခြင်း



အတ္တနဲ့မာနတွေ ပြည့်ကျပ်နေတဲ့ မနက်ဖြန်တွေ
လွတ်ကင်းရာဆီ တောင်ပံဖြန့်လိုက်ချင်တယ်
အသက်ရှူရတာ မဝဘူးကွယ်
တကယ်ဆို ငါကဇင်ယော်တစ်ကောင်
ယောနသန်လိုကောင်ဆို ပိုမှန်လိမ့်မယ်
အတည့်ပျံနေဖို့ကို ရိုးတယ်ထင်ပြီး
ပြောင်းပြန်ကြီး ပျံတတ်တဲ့ကောင်လေ
တစ်ခါတလေကျတော့လည်း လောကကြီးက
ပြောင်းပြန်ကြည့်မှ လှနေတတ်တာမျိုးတဲ့...။။။။



အထာမကျတဲ့ သဘာဝတရားကြီးက
ကျီစယ်တတ်လိုက်ပုံများ ငါတို့တွေရဲ့ ရိုးသားခြင်းကိုတောင်
မီးလောင်တစပြင်လို မည်းမှောင်ပြာချ
ယ်ထာဘူတမက်လိုက္ပံုမ်ား
ကဗျာလည်းမမှီ၊စာလည်းမမှီ ပန်းချီဆရာ ဒါဗင်ဂျီတောင်
ဆေးပန်းချီ မချယ်နိုင်တဲ့အထိ...။။။

Thursday, September 1, 2011

လူမိုက်ကြီး ကောင်းမှု







"ဟဲ့..ကောင်လေးရဲ့ နို့အေးချောင်း စားနေပြီပဲ။။ တော်ပြီလေ။။ ဖရဲသီးနဲ့က မတည့်ဘူးဟဲ့။။"

"ဟင့်အင်း.. စားမှာပဲ။။ သားစားချင်တယ် ဝယ်ပေး။။ ဝယ်ပေးပါဆို...။။"

အချိန်က ညနေရီတရောအချိန်။။ တစ်ခုသော ဘုရားပွဲဈေးတန်းမှာ ပွဲဈေးတန်း လျောက်နေသည့် သားအမိနှစ်ဦး ပြောနေသော စကားသံများ။။ စားချင်ရာ မစားရသဖြင့် ကလေးငယ်က ဝါးခနဲ အော်ငိုသည်။။ ကလေးမိခင်က ဘေးဘီကို အားနာသလို လှည့်ကြည့်ရင်း ကလေး၏ ပါးစပ်ကို အတင်းပိတ်လိုက်၏။။

"ဟဲ့..မသာလေးရဲ့..ဒါနင့်ပထွေး အိမ်မဟုတ်ဘူး။။ လူတွေ အများကြီးနဲ့ ပွဲဈေးတန်းဟဲ့။။ နင့်ပါးစပ်ကို ပိတ်ထား ကြားလား။။ မပိတ်ရင် နင့်ကို အောင်ဝင်းက ဖမ်းလိမ့်မယ်။။"

Tuesday, August 30, 2011

Kursk မြို့ဆီသို့ အလည်တစ်ခေါက်

>>>>>> ပြီးခဲ့တဲ့ တစ်ပတ်လောက်တုန်းက ကျွန်တော့် ဆရာမ (မြန်မာပြည်မှာ သူတို့ဘာသာ စကားကို လက်ဦးဆရာ အဖြစ် လာရောက် သင်ကြားပေးခဲ့တဲ့ ဆရာမ)က သူတို့မြို့ကို အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။။ စရောက်တည်းက ကျောင်းပိတ်ရက်တိုင်း လာလည်ဖို့ ခေါ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး မသွားဖြစ်ခဲ့ဘူးလေ။။

ဒီနှစ်ကတော့ သူလာလည်စဉ်ကလည်း လာခဲ့ဖို့ အထပ်ထပ် ပြောသွားခဲ့ဖူးပြီး၊ အခုလည်း လာသာလာခဲ့ ထမင်းလည်း ချက်ကျွေးပါ့မယ်၊ ကြိုက်တတ်တဲ့ ဘီယာလည်း တိုက်ပါ့မယ်၊ အပြန်အတွက် ကားလက်မှတ်ပါ ဝယ်ပေးပါ့မယ် ဆိုတော့ကာ ကျွန်တော်ဘယ်သို့ ငြင်း၍ ရပါတော့မည်နည်း။။ သူငယ်ချင်းတစ်ယောက်နှင့် (၂)ယောက် လာခဲ့ပါမည်ဟု အာမဘန္တေ ခံလိုက်ရတော့သည်။။ ထို့ကြောင့် ကုန်ခဲ့သော တစ်ပတ်လုံး ကျွန်တော် ပျောက်နေခဲ့ခြင်း ဖြစ်ပါ၏။။ (အမတော် မဒိုးကန် ပြောသလို ကျွန်တော် ဂျီပုန်းနေခြင်း မဟုတ်ပါကြောင်း။။ ဟဲ..။။) အခုလည်း အမတော် မဒိုးကန်ကပဲ ကျွန်တော့်ကို ဗဟုသုတရအောင် ပို့စ်လေး တင်ပေးပါဆိုလို့ ကျွန်တော် ဒီပို့စ်လေး ရေးလိုက်မိတာပါ။။

Monday, August 29, 2011

BLOG DAY အမှတ်တရ တဂ်ပို့စ် (by Angelhlaing)


ဟိုရေး၊ဒီရေး Blog လေးတစ်ခုကို လက်တည့်စမ်း ထားမိပေမယ့် ဘလော့ဒေးရယ်လို့ ရှိနေတာကို ကျွန်တော် မသိခဲ့ပါဘူး။။ ဒီရက်ပိုင်းထဲလည်း ခရီးသွားလိုက်၊ လမ်းများလိုက်နဲ့မို့ စိတ်နဲ့ကိုယ်လည်း တယ်မကပ်သလို ဘလော့လေးထဲလည်း အလည် အနေနဲ့တောင် ခဏလောက်ပဲ ရောက်ရောက်လာခဲ့မိတယ်လေ။။ သူများဘလော့တွေဆီလည်း အလည်မရောက်ဖြစ် ဖြစ်နေတာပါ။။ အဲဒီလို ဖြစ်နေတာကို သိသိကြီးနဲ့ အမြင်ကတ် ပုဒ်မကိုတပ်ပြီး ကျွန်တော့ကိုပါ တဂ်ပစ်လိုက်တဲ့ Angelhlaing (ဒီတစ်ခါ ရန်ဖြစ်ရင် ပြန်မချစ်တော့ဘူး။။) ကြောင့် ဒီတဂ်ပို့စ်လေးကို ရေးဖြစ်လိုက်ပါပြီဗျာ။။ မရေးလို့လည်းမရ ဘလော့ဒေးက (၃၁)ရက် ဆိုတော့ တော်တော်ကို ကပ်နေပြီလေ။။။

အမှတ်တရလေးတွေ ဆိုတာကလည်း မှတ်ထားတတ်တဲ့ သူတွေအတွက်တော့ အများသားပဲလားဗျ။။ ကျွန်တော်ဆိုတဲ့ ကောင်လေး ကလည်း အမှတ်သည်းခြေ တကယ်မရှိတဲ့ ကောင်လေးတစ်ယောက်။။ ရက်စွဲတွေကို အမှတ်အသား ပြုတာနည်းလို့ အမြဲတမ်း ကွိုင်တက်နေတတ်တဲ့သူလေ။။ (ကောင်လေးလို့သာ ပြောရ ကျွန်တော်လည်း ပုခက်မချိတ်သေး၊ ဖိတ်စာမဝေသေးတဲ့ အသက် အစိတ်ကျော်လေးဗျ။။ဟဲ..။။) ဒီဘလော့လေးကို ကိုယ့်သူ့ဟာသူ လက်တည့် စမ်းရင်းနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီလမှာ စတင်ဖြစ်ခဲ့ပါတယ်။။ ခုဆိုရင်တော့ (၈)လတင်းတင်းပြည့်ပြီပေါ့ဗျာ။။

Saturday, August 20, 2011

အသိမှတ်မဲ့ ရုန်းထွက်ခြင်း...





နင့်အတွက်ဆိုပြီး ချွေချွေချခဲ့တဲ့ မနက်ဖြန်တွေ
တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ခဲ့ဘူး...
နင်ပျော်ဖို့အတွက်တဲ့လေ
ငါ့အတွက်ကျတော့ ကမ္ဘာပျက်တေးတွေလား...
အကြိမ်ကြိမ်ရေးစပ်ရုံနဲ့အားမရ အသံကုန်တောင် ဟစ်ကြွေးပြခဲ့
ရက်စက်ပေါ့ မာယာချိုရယ်...
ငိုကြွေးသူရင်ဘတ်နဲ့မှ နင့်အပြုံးတွေလင်းလက်မယ်ဆိုလည်း
ကမ္ဘာအဆက်ဆက် ငါ့မနက်တွေ မျက်ရည်များနဲ့ အတိပြီးစေသား...။။။

Friday, August 12, 2011

နှလုံးသွေးတို့စုဆုံရာဆီသို့




ဆိတ်ငြိမ်ခြင်းအမှောင်မှာတောင် အိပ်မက်ယောင်ဆောင်ပြီး
အိပ်စက်ခြင်းကို ခိုးယူခံနေရမှတော့
ငါတို့ရင်ဘတ်ခြင်းတွေ ထပ်တူပြု
ချစ်ခဲ့ကြမှုမှာ အပြစ်မပါတော့ပါဘူးချစ်သူ။။။

Thursday, August 4, 2011

အမျက်ဖြေတဲ့အလင်္ကာ မျက်ရည်တော့မပါဘူး




စာလုံးမပေါင်းတတ်တဲ့ သစ္စာနဲ့
ချစ်ခြင်းကို အသရေဖျက်၊ မေတ္တာတွေပျက်သူရဲ့
မာယာရှင်လက်စွဲ
အပျော်တွဲစကားတွေမှာ၊ အသိမဲ့စွာသာယာခဲ့လို့
ခံစားချက်တွေ မဲမှောင်၊ အထိနာတဲ့ကျားတစ်ကောင်လို
ငါလေ..အချစ်ဆိုတာကို အရောင်တွေဆိုးခဲ့ဖူးတယ်။။။

Saturday, July 30, 2011

ကျွန်တော် ကြိုက်၏ ..... မကြိုက်၏ (Angelhlaing Tag Post)

ကိုသက်တန့်ချို တဂ်ပြီးတော့ ဒုတိယပို့စ် အနေနဲ့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းဖို့ အကြောင်း ပေါ်လာတာပါ။။ ကိုယ့်အကြောင်း လူတွေသိမှာ အားကြီးကြောက်လို့ မရေးချင်ဘူးလေ။။(ဘယ်ရေးချင်မလဲ ရေးဖို့ရာ ကောင်းကွက်က မရှိသလောက်ပဲလေ...ဟဲ) ကန့်လန့်ကာ နောက်မှာပဲ ပျော်နေချင်တာ။။ ခုတော့ တဂ်တဲ့သူက တဂ်လိုက်ပြီ ဆိုတော့လည်း ရေးပြီးဗျာ။။ ကံ(၅)ပါးမှာ ခုချိန်ထိ ကျွန်တော် ဘယ်လိုမှ မလုံတာ တစ်ပါးပဲရှိပါတယ်။။ (ဘာလဲဆိုတာတော့ ပြောမပြဘူး..ဟီးးး)။။ ဆိုတော့ကာ ကျွန်တော် အခုရေးသမျှ အမှန်တွေ ဆိုတာကိုတော့ ၁၀၀% အာမခံပါ၏။။ (မယုံရင် ပုံပြင်မှတ်...:D) သူများတွေ ရေးထားတာ လိုက်လိုက် ဖတ်ကြည့်ပြီး ပညာတော့ ယူထားပါရဲ့။။ အမှားတွေ ပါခဲ့ရင်တော့ ခွင့်လွှတ်တော် မူကြပါကုန်။။ တဂ်လုပ်ပေးတဲ့ မ Angelhlaing ကို ဒီနေရာကနေ ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါရစေ။။

Thursday, July 28, 2011

ဝေးလားဆိုတော့ မနီးပါ


(၁)

ဘန်ကောက်မြို့ရဲ့ ညအချိန်က ရောင်စုံမီးရောင်များ အောက်မှာ သက်ဝင်လှုပ်ရှားနေသည်။။ ဆူညံပူညံ အသံတွေကို မနှစ်သက်၍ တည်းခိုရာ ဟိုတယ်အောက်ထပ်မှာပဲ ဝေယံကျော်နှင့် မျိုးသန့်တို့ စားပွဲတစ်လုံး ယူလိုက်သည်။။ အတူပါလာကြ သူများကတော့ လူငယ်များပီပီ ခုနှစ်လွှာအကများ ကြီးစိုးရာ ရောင်စုံမီးရောင်များ အောက်သို့ တိုးဝင်ဖို့ ထွက်ခွာသွားကြလေပြီ။။ သင်္ဘောပေါ်က ဆင်းကာစ လက်ဖျားမှာ ငွေသီးနေတဲ့ ကာလတစ်ခုမို့ လုပ်တိုင်းဖြစ်နေကြသည် မဟုတ်လား။။။

Wednesday, July 27, 2011

မာနချင်းပြိုင် ဒိုင်မလိုဘူး


ဘာတဲ့လဲ ချစ်သူ
ဘဝဆိုတာ စိတ်ကူးယဉ်လို့မရဘူးတဲ့လား
သွားစမ်းပါကွယ်..
ဂစ်တာတစ်လက်၊ကော်ဖီတစ်ခွက်နဲ့
အင်တာနက်သာရှိနေရင် ငါ့ဘဝကို ငါကျေနပ်တယ်
မင်းမနှစ်သက်တဲ့ စရိုက်အမူနဲ့ အပိုလူငါ့ရဲ့
ဘယ်သူမှကြိုမသိတဲ့ မနက်ဖြန်တွေက
ငါ့ရဲ့ ရိုးသားစွာ ကြိုးစားမှုနဲ့
သူ့အလိုလိုလှလာလိမ့်မယ်..။။။

Sunday, July 24, 2011

နှောင်းနောင်တ


(၁)


"အကို့ကို မြင်ဖူးချင်လိုက်တာ အကိုရယ်..။။"

ရှင်နှောင်းရဲ့ နင့်နင့်နဲနဲ ညည်းတွားလိုက်တဲ့ အသံတိုးတိုးလေးမှာ ကျော်ကြီး တုန်ခနဲ ဖြစ်သွားသည်။။ ယောင်ပြီး စမ်းလိုက်မိတဲ့ သူ့မျက်နှာပြင်က ကြည့်ပျော် ရှုပျော် အနေအထားမှာပင် ရှိမနေခဲ့။။ မှန်ထဲမှာ ပြန်ကြည့်မိတိုင်း ဝမ်းနည်း အားငယ်ရတဲ့ သူ့ရုပ်ရည် အတွက် ကျော်ကြီး အတော်ကို စိတ်ပျက်မိနေတာလေ။။ နှဖူးပြင် ပြောင်ပြောင်ရဲ့ အထက်မှာ ခပ်ပါးပါး ဆံပင်တွေက အရောင်မွဲမွဲနှင့် လိမ်ကောက်ကောက်များ။။ ခပ်ထူထူ နှုတ်ခမ်းတွေ အပေါ်မှာက သိန်းငှက် နှုတ်သီးလို နှာခေါင်းပုံက ချွန်မနေပဲ ခပ်ဖောင်းဖောင်းနှင့် လေးထောင့်ဆန်ဆန် မျက်နှာမှာ ဘယ်လိုမှ အထာမကျစွာ ကြည့်ရဆိုးလွန်းနေသည်။။ အရပ်က ခပ်ပြတ်ပြတ်၊ ခါးကလည်း အနည်းငယ် ကိုင်းနေသည်။။ စိတ်ပျက်ဖွယ် သူ့ရုပ်သွင်ကို အတွေးနဲ့ မြင်ယောင်မိတော့ သက်ပြင်းကို ချလိုက်ရင်း ကျော်ကြီးက ရှင်နှောင်းရဲ့ လက်ကို ခပ်တင်းတင်းလေး ဆုပ်ကိုင်လိုက်သည်။။

Saturday, July 16, 2011

နှစ်ကိုယ်တူ ရည်မှန်းကြသည် ဆိုရာဝယ်...




(၁)

"မမ..ကျော့်ကို ချစ်ရဲ့သားနဲ့ ဘာလို့ ဟန်ဆောင် နေရတာလဲဟင်။။ မမ ဘာဖြစ်လို့ ကိုယ့်ရင်ထဲက ခံစားချက် အစစ်အမှန်ကို ရင်မဆိုင်ရဲတာလဲ။။ ဘာလို့ ဝန်မခံ ရဲရတာလဲ မမရယ်။။"

အားမလို အားမရ မချင့်မရဲစကားကို အံကြိတ်ရင်း ကျော်ဗညား ပြောလိုက်မိသည်။။ ပတ်ဝန်းကျင်က လူမပြတ်ပေမယ့် တိတ်ဆိတ်လို့နေ၏။။ နှစ်ဦးသား၏ သက်ပြင်းချသံက တိတ်ဆိတ်မှုထဲမှ ကျယ်လောင်သော မြည်ဟီးသံတစ်ခုလို ဖြစ်နေသည်။။ ပန်းခြံအတွင်းမှ တခြားသော စုံတွဲများဆီ မျက်လုံးအကြည့်တွေ ရောက်တော့ ကျော်ဗညား ကိုယ့်အဖြစ်ကိုကိုယ် အတော်လေး ခံပြင်းမိသည်။။ ဘယ်ကိုသွားသွား အတူတူ၊ ဘာပဲလုပ်လုပ် တိုင်ပင်ခဲ့ပေမယ့် မမက ခုထိကို အဖြေမပေးခဲ့သေး။။ ချစ်ခွင့်ပန်ခဲ့တာပင် တစ်နှစ်ပြည့်တော့မည်လေ။။ သိပ်ချစ်ရတဲ့ မမကို ချစ်သူအဖြစ် တရားဝင် လက်တွဲခွင့် ဆိုတာကလည်း ကျော်ဗညား ရင်ထဲက အသည်းအသန် တောင်းဆိုနေတဲ့ ဆန္ဒတစ်ခုဖြစ်သည်။။ ခဏကြာတော့ မမက သက်ပြင်းရှည် တစ်ခုကို ချရင်း

"ကျော်ရယ်.. အခုလိုနေတော့ရော ဘာဖြစ်လို့လဲ။။ အတူတူပဲကို။။"

Sunday, July 10, 2011

ဘောလုံးပွဲ

(၁)

မိုးတစိမ့်စိမ့် အေးနေသဖြင့် အပြင်မသွားတော့ပဲ အခန်းထဲမှာပဲ ကွေးနေလိုက်သည်။။ ရာသီဥတု အရမ်းပူ နေရာကနေ မိုးရွာလာ၍ နေလို့ထိုင်လို့ အလွန်ကောင်းနေ၏။။ တစ်ယောက်တည်း သီချင်းနားထောင်ရင်း ကော်ဖီပူပူလေးကို တစိမ့်စိမ့်သောက်ပြီး အတွေးနယ်ချဲ့နေမိသည်။။ ခဏနေတော့ ခံတွင်းက ချဉ်လာ၏။။ ဆေးလိပ်ဗူးထဲမှ ဆေးလိပ်ကိုထုတ်ပြီး မီးခြစ်ကိုဆွဲကာ ဆေးလိပ်သောက်ရန် နေရာသို့ ထွက်လာခဲ့လိုက်သည်။။
"ဟေ့ယောင် ကိုမင်း။။ ဒီည ဂျာမနီနဲ့ ဂျပန်ပွဲရှိတယ်နော်။။ မင်းဘယ်ဘက်က အားပေးမှာလဲ။။"
အပေါ်ထပ် လှေကားမှ ဆင်းလာရင်း လှမ်းမေးလိုက်သော သူငယ်ချင်းဖြစ်သူ ကိုနိုင်ရဲ့ စကားကြောင့် အသာပြုံးလိုက်ရင်း
"ဂျပန်ပဲ အားပေးမှာ ပေါ့ကွ။။ ငါတို့မြန်မာ အသင်းသာ တက်လာ နိုင်ရင်တော့ မြန်မာမှ မြန်မာပဲ။။ မတက်လာ နိုင်တော့လည်း အာရှသားချင်းပဲ အားပေးရမှာပေါ့။။ ဟုတ်တယ်မလား။။"

Wednesday, June 29, 2011

ထားသစ္စာ ခိုင်မြဲခဲ့ကြသော်လည်း



(၁)

စွပ်ကျယ်အနားစနဲ့ နဖူးကချွေးကို သုတ်လိုက်သည်။။ နေအတော်မြင့်ပြီမို့ ထမင်းစား နားလိုက်ရပေမယ့် ထွန်းကြည် စိတ်ထဲတော့ သိပ်ကျေနပ် လှတယ်မဟုတ်ခဲ့။။ လှေ့စင်ပေါ်က လှေ့ချလိုက်တဲ့ စပါးတွေက လိုတာထက် အဖျင်းတွေ များနေသည်။။ မိုးဦးက အရင်နှစ်တွေထက် နောက်ကျခဲ့ပြီး မိုးနှောင်းကလည်း စောလွန်းလှသဖြင့် သူ့စပါးပင်တွေ ထင်သလောက် မဖွံ့ဖြိုးခဲ့သလို အသီးတင်နှုန်းကလည်း အားမရခဲ့။။ အဖျင်းတွေ များလွန်းသော စပါးပုံကို ကြည့်ရင်း ထွန်းကြည် သက်ပြင်းချလိုက်မိသည်။။ ဒီနှစ်လည်း ထင်သလို မဖြစ်လာခဲ့ပါလား။။ ထွေးမြရေ ငါတို့ဒီဘဝ ညားခွင့်မှ ရပါဦးတော့မလားကွယ်။။။

Monday, June 27, 2011

ချစ်ခြင်းနဲ့တွဲမယ့်လက်တစ်စုံ



ကဲ...
ဘယ်သူသိမှာလဲကွယ်...
အဲဒီအပြုံးတစ်ခုရဲ့ ဆွဲအားမှာ
ငါအလဲအကွဲ ကျဆုံးခဲ့လိမ့်မယ်လို့
အရောင်တစ်ခုခုဖုံးနေမယ်ဆိုရင်တောင်
အဲဒီအပြုံးအတွက်
ငါ့ဘက်ကအသိဥာဏ်တွေ အမှောင်ဖုံးလိုက်မယ်
ငါအရမ်းချစ်တယ်ချစ်သူ။။။

Wednesday, June 22, 2011

ချစ်ခဲ့မိ၍ အပြစ်ရှိသည်



သူမနာမည်က နှင်းနှင်းဦးတဲ့။။ မြန်မာနိုင်ငံ မြေလတ်မြို့လေး တစ်မြို့ကပါ။။ ဘဝရဲ့သက်တမ်း သုံးပုံတစ်ပုံ လောက်ကို သူမ ဖြတ်သန်းပြီးချိန်မှာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့မိခြင်း အတွက် ဘဝတစ်ခုလုံး ဒဏ်ရာ၊ဒဏ်ချက်တွေ ပြည့်နှက်ခဲ့ရပြီး သူမရဲ့ နှလုံးသား တစ်ခုလုံးလည်း သွေးစိမ်းရှင်ရှင်နဲ့ နာကျင်ခံစား ခဲ့ရရှာတာလေ။။

Sunday, June 19, 2011

အနန္တကျေးဇူးဂုဏ်ရှင် အဖေ

 (၁)

သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီးပြန်ထွက်လာတော့ ည(၁၁)နာရီ ရှိနေလေပြီ။။။ နေ့လည်က အမေနှင့်

စကားကတောက်ကစ ဖြစ်ပြီး စိတ်ညစ်ညစ်နှင့် သူငယ်ချင်းတွေဆီ ထွက်လာခဲ့ခြင်းဖြစ်၏။။။ အပေါင်းအသင်းများ စုဆုံမိချိန်မို့ နှစ်သိမ့်ဖေးမခြင်းစကားများသည် အရက်ဆိုင်တည်းဟူသော နေရာတွင်သာ အာရွှင်တတ်ကြတာလေ။။။ အခုလည်း စိတ်ညစ်ညူးမှု အဆင်မပြေမှုများကို အရက်သောက်ရင်း ရင်ဖွင့်စကားဆိုနေကြတာ ညနက်တဲ့အထိ။။။ ဒီအချိန်ဆို အိမ်မှာလည်း အကုန်အိပ်နေကြရော့မည်။။။ အဖေရော အိပ်နေလေပြီလား။။။ ညနက်သည်ထိ အပြင်ထွက်ခြင်း၊ အရက်သောက်၊ လောင်းကစားခြင်းများသည် အဖေအလွန်ပင် ရွံမုန်းတတ်၊ တားဆီးတတ်သော အရာများ။။။

နတ်မိမယ်သို့ နားတော်သွင်း















မငယ်တော့ပါဘူးကွယ် ငါနားလည်နေပါပြီ
မနူးမနပ်မဟုတ်တဲ့ ငါ့ရင်ဘတ်က
ရူးတတ်မှန်းသိရက်နဲ့ ရအောင်နမ်းချင်တာ
ပဒိုင်းပန်းကို ခင်လို့တော့မဟုတ်ဘူး
နင့်ကိုချစ်လို့ပါ အိန်ဂျယ်။။။

Friday, June 17, 2011

ဝမ်းမနည်းတဲ့ လမ်းခွဲခြင်း



ဆစ်ကနဲ ကျဉ်တက်သွားတဲ့ ငါ့ရင်ဘတ်ထဲ
နင်ပက်လိုက်တာ ဘာအက်စစ်ပါလိမ့်
ချဉ်တူးတူးနဲ့ခါးတယ်
သေချာတာကတော့ ရီဝေမူးပြီး
ငါ ရူးသွားခဲ့ရတယ် နင်တော်တယ်ကောင်မလေး။။။

Saturday, June 11, 2011

ရင်ခုန်ခြင်းရဲ့ လမင်းလေး


ကမ္ဘာမြေရဲ့ နေရာတစ်ခုမှာ
ရင်ခုန်သံတွေအမှောင်ကျနေတဲ့ ရင်ဘတ်ထဲ
နင်ပဲ အလင်းတွေပေးခဲ့တာလေ
ငါ့အတွက်တော့
နင်က ရင်ခုန်ခြင်းရဲ့ လမင်းလေးပေါ့။။။

Saturday, June 4, 2011

သိခဲ့ဖူးတဲ့ ခက်ခက်မာ


"အဟွတ်..အဟွတ်..သမီးလေး ခက်မာ ကွမ်းရွက်ပြုတ်ရည်လေး ပေးစမ်းပါကွယ်။။ အမေဖြင့် နေရခက်လိုက်တာနော်။။"
ချောင်းတဟွတ်ဟွတ် ဆိုးနေသော မိခင်ကို ကြည့်ပြီး ခက်ခက်မာ မျက်ရည်ဝဲလာမိသည်။။ တစ်နေ့တစ်နေ့ စားဖို့အတွက်တောင် အလျင်မီဖို့ ကြိုးစားနေရတဲ့ ဘဝမို့ ဆေးကောင်း ဝါးကောင်းဆိုတာ အမေနဲ့ မဆိုင်သလိုလို။။ ဆေးမြီးတိုလေးတွေနှင့် သက်သာလိုက် ပြန်ဖြစ်လိုက်နှင့် အမေ့ကိုလည်း သနားလှပါပြီ။။ အတွေးတွေနှင့် သက်ပြင်းမောကို ချလိုက်အပြီးမှာတော့ အလုပ်သွားဖို့ကို ခက်ခက်မာ သတိရလိုက်သည်။။

Thursday, June 2, 2011

အကြွေပန်းရဲ့ လျောက်လဲသံ


မောင်...
အကြည့်ချင်းအစုံမှာ ဓာတ်လိုက်သလိုတုန်တက်
ရင်ခုန်သံတွေ ဖျတ်ခနဲရပ်သွားတဲ့ကျွန်မကို
လျှပ်ပေါ်၊လော်လီတယ်လို့
မောင်တွေးပြီး ရီနေဦးမလား
ကျွန်မ မရှက်တော့ပါဘူး..မောင်။။။

Wednesday, June 1, 2011

သူတို့နှစ်ယောက်ရဲ့ မိုးရာသီ

မိုးကောင်းကင်ကြီးက မှုန်မှိုင်းညိုမည်းနေလေပြီ။။ တစ်ချက်တစ်ချက် ကျယ်လောင်စွာ မြည်ဟီးနေသော မိုးခြိမ်းသံများနှင့် လျှပ်စီး တဖျတ်ဖျတ် အရောင်တွေက အသည်းငယ်သူတို့ ကြောက်ရွံ့လောက်ဖွယ် ဖြစ်ပေါ်နေ၏။။ ကျိုက်ထိုမြို့မှ
စတင်ထွက်ခွာလာသော ဆန်နီပစ်ကပ်လေးတစ်စီး ဘုရားကြီး လမ်းဆုံသို့ အရောက်မှာတော့ မိုးက သည်းထန်စွာ
ရွာချလေတော့သည်။။ သက်ခိုင်က ကားကို စားသောက်ဆိုင် တစ်ခုရှေ့မှာ အသာထိုးရပ်လိုက်၏။။ ဘေးမှာ အိပ်ချင်မူးတူးနှင့် ပါလာသော သစ္စာညိုကို လှုပ်နှိုးလိုက်တော့ ဘာလဲဟင်ဟု ယောင်သလိုဖြေပြီး နိုးလာသည်။။ သက်ခိုင်က ထီးကိုဖွင့်ပြီး ကားရှေ့မှ ပတ်ကာ ညို့ဘက်သို့ သွားလိုက်ပြီး ညနေစာ တစ်ခုခုစားမယ်လေ ဟုပြောလိုက်၏။။ နှစ်ယောက်သား ဆိုင်ထဲရောက်တော့ ထမင်းနှစ်ပွဲမှာလိုက်ပြီး ညနေစာစားလိုက်ကြသည်။။ မနေ့ကညက တစ်ညလုံးမအိပ်ခဲ့ရသဖြင့် အိပ်ရေးပျက်သည့် ဒဏ်ဖြင့် စားလို့ သိပ်မကောင်းလှ။။ သက်ခိုင်နှင့် သစ္စာညိုတို့က နှစ်ဖက်မိဘတို့ အသိအမှတ်ပြုထားသော ချစ်သူနှစ်ဦးဖြစ်သည်။။

Tuesday, May 31, 2011

၂၁ ရာစု စက်ရုပ်လူ


ဖျတ်ခနဲ့ ပွင့်လာတဲ့ တံခါးနှစ်ချပ်
အားးးးးးးးး ဒီမနက်လည်း
ငါ့စိတ်ဓာတ်တွေ ညစ်ပတ်နေဆဲပါလား။။။။

Tuesday, May 24, 2011

ဒီနေ့ နင့်ကိုလွမ်းတယ်

နိုးတစ်ဝက်ညတွေနဲ့ မိုးသာအကြိမ်ကြိမ်လင်းသွားခဲ့
မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေအထပ်ထပ်နဲ့မို့
ငါ့ရင်ဘတ်ကို ဖွင့်ဖတ်ကြည့်တော့လည်း
ငါမှမတတ်တဲ့ အလွမ်းစာတွေပဲလေ
ကောင်မလေးရေ..
ဒီနေ့လည်း နင့်ကိုလွမ်းတယ်။။။

Friday, May 20, 2011

လတ်တလောဖြစ်ပေါ်နေသောစိတ်ဆန္ဒလေးများ

တဂ်တဲ့ဗျာ။။ ကျွန်တော်လည်း ကိုယ့်အရှုပ်တွေနဲ့ ကိုယ်လုပ်နေရင်း ဘလော့တွေဆီ အလည်မရောက်တာ ကြာတော့ ကိုသက်တန့်က တဂ်ထားတာကို မသိလိုက်ဘူး။။ မလှိုင်က ပြောတော့မှ ပြေးကြည့်ရင်း တွေ့လို့ ပြန်ဖြေလိုက်ပါပြီ။။ ဒီလိုပျော်ဖို့ အရမ်းကောင်းတဲ့ အစီစဉ်လေးကို စတင်ပေးခဲ့တဲ့ မန္တလေးသားလေး ကိုကိုးအိမ်ကိုလည်း ကျေးဇူးတင်ပါတယ်။။ ကျွန်တော့်ကို တဂ်ပေးတဲ့ ကိုသက်တန့်ချိုကိုလည်း ကျေးဇူးတင်ပါကြောင်း။။။။
(၁)အစားချင်ဆုံးသော အစားအစာ- ငါးမြွေထိုး စင်းကောချက် (အရမ်းကြိုက်ပါတယ်။။ ငရုတ်သီးစပ်စပ်လေးနဲ့ ချက်ထားတဲ့ ငါးစင်းကောချက်လေး ခုရေးနေရင်းတောင် မြင်ယောင်မိသေး။။ဟီးးးးးးးးးးးးးး စားချင်လိုက်တာ။။။)

Thursday, May 19, 2011

သိသိရက်နဲ့ဆိုးတာမှ ချစ်သူ

လက်ကျန် အအေးခွက်ကို တစ်ကျိုက်တည်း ကုန်သွားအောင် မော့သောက်လိုက်သည်။။။ စိတ်ညစ်ညူးမှုရဲ့ အမှတ်အသားအဖြစ် သူ့မျက်မှောင် နှစ်ခုကတော့ စုကြုတ်နေ၏။။ နဖူးထက်ဆီမှာလည်း ချွေးစက်တို့ ထင်းထင်းပေါ် လာကြသည်။။ သက်ပြင်းရှည်ကို ခပ်ပြင်းပြင်းချလိုက်တော့ ချစ်သူက မျက်နှာငယ်လေးနှင့် မော့ကြည့်လာ၏။။ ချစ်သူသက်တမ်း ကြာရှည်လာပြီမို့ လက်ထပ်ဖို့အရေး အတူတူ ဆွေးနွေးမိလေတိုင်း ရေရာတိကျသော အဖြေမရပဲ စိတ်ညစ်ညူးခြင်းသည်သာ သူတို့အတွက် အဖတ်တင်ကျန်ခဲ့ရတာ ခဏခဏလို ဖြစ်နေကြလေပြီ။။။ သာမာန်လူတန်းစား ဘဝများမို့ နောက်ပိုင်းမှ မိဘ၏ ထောက်ပံ့ပေးမှုကို မျှော်လင့်လို့ ရနိုင်မှာ မဟုတ်မှန်းလည်း ကိုယ်စီ နားလည်နေကြသည်။။ မိဘကို မထောက်ပံ့ ပေးနိုင်တော့ရင်တောင် အခက်ခဲ၊ ဝန်ထုပ်ဝန်ပိုး တစ်ခုလို အဖြစ်မျိုးတော့ ၂ ယောက်လုံးက မလိုလားကြ။။ ဖြေရှင်းရန် နည်းလမ်းသည်လည်း တွေးဆမရ ဝေဝါးလွန်းလှတာလေ။။။
"ကို.. အရမ်းစိတ်ညစ်သွားလားဟင်။။"

Tuesday, May 10, 2011

ဘလော့ဂ်ရေးသူများသို့စာလေးတစ်စောင် – နုနုရည်(အင်းဝ)

ဆရာမနုနုရည်(အင်းဝ)က ဘလော့ဂါတွေအတွက် စာတစောင် ပို့ပေးထားတယ် ဆိုတာ အကို မြစ်ကျိုးအင်းက ပြောလာပါတယ်။ ဘလော့ဂါတွေဆီ ပို့ပေးပြီး ဘလော့ဂ်တွေမှာလည်း တင်စေချင်တယ်ဆိုတာ သိခဲ့ရတယ်။ ဘလော့ဂါတွေအပေါ် ထားတဲ့ ဆရာမရဲ့ သဘောထားကိုလည်း သိခဲ့ရပါတယ်။ ဘလော့ဂ် ရေးသူတွေကို ချစ်ခင်တဲ့ အတွက်လည်း ကြည်နူးမိပါတယ်.။

ဆရာမရဲ့ အားပေးစကားလေးတွေ.၊ ဘလော့အပေါ်ထားရှိတဲ့ အားထားမှုတွေက ဘလော့ဂါတွေအတွက် စိတ်ခွန်အား တရပ်လည်း ဖြစ်စေခဲ့ပါတယ်။ စာပေရူးသွပ် သူတွေအဖို့ ခွန်အား ဖြစ်စေတဲ့အတွက် ဘလော့ဂ် ရေးသူ တစ်ယောက်အနေနဲ့ အရမ်းပဲ ကြည်နူးမှုလေး ခံစားရပါတယ်။ ဘလော့ဂ် ရေးသူများသို့ စာလေးတစ်စောင် ဆိုပြီး ဆရာမရဲ့ လက်ရေးနဲ့ ဘလော့ဂါများကို ရည်ရွယ်ပြီးရေးထားတဲ့ စာလေးကို ဆရာမအား လေးစားချစ်ခင်စိတ်ဖြင့်၎င်း၊ အွန်လိုင်းမှမိတ်ဆွေ ဘလော့ဂါများအား ပြန်လည် မျှဝေချင်မိသောကြောင့်၎င်း ဖော်ပြပေးလိုက်ပါတယ်။

"ရသစာပေဆိုတာ လူ့ယဉ်ကျေးမှုကြီး တခုလုံးပျောက်ကွယ်မသွားသရွေ့ အမြဲရှိနေမှာပါ" လို့ ဆရာမနုနုရည်(အင်းဝ) ရဲ့ စကားလေးက စာပေချစ်သူတိုင်း အတွက် အမျိုးအမည်မသိတဲ့ ခွန်အားတစ်မျိုး စီးဆင်းစေ သလို ဆရာမနုနုရည် (အင်းဝ) လည်း ကျန်းမာပျော်ရွင်စွာဖြင့် ချစ်သောစာပေတွေနဲ့ ထာဝရ ပျော်ရွင်ပါစေလို့ ပြန်လည်ဆန္ဒပြုရင်း..ဆရာမရဲ့ လက်ရေးမှုလေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်ခင်ဗျာ။။။

Monday, May 9, 2011

အမေ့နို့ကြွေး တစ်စက်ကလေးဖြစ်စေ ဆပ်နိုင်စေဖို့

"အမေ..သား ကျောင်းမတက် ချင်တော့ဘူး။။ စာတတ်တော့လည်း ဘာထူးလို့လဲဗျာ။။ အမေတို့ကိုပဲ ကူညီတော့ မယ်လေနော်အမေ။။"
ကျွန်တော့်ရဲ့ အားတက်သရော စကားသံမှာ အမေလက်ခံ သဘောတူ လိမ့်မည်လို့ ထင်မထား မိတာမို့ အမေ့မျက်နှာ ရိပ်ပြောင်းလဲမှုကို ကျွန်တော် လုံးဝသတိမထားမိ လိုက်တာပါ။။ သတိထား မိလိုက်ချိန်မှာတော့ အမေ့မျက်နှာက ရဲတွတ်ပြီး ဒေါသ၊ အမျက်ခြောင်းခြောင်း ထွက်နေလေပြီ။။
"ကိုမင်း..နင်ဘာစကား ပြောလိုက်တယ်။။ ပြန်ပြောလိုက်စမ်း ငါ့ကို။။"

အမေသည် သာမာန် အချိန်များမှာ သားကြီးဟုသာ ခေါ်တတ်ပြီး စိတ်တိုဒေါသ အလွန်ကြီးသော အခါမှသာ ကျွန်တော့်ကို ထိုကဲ့သို့ ခေါ်တတ်ခြင်း ဖြစ်သည်။။ ကျွန်တော့်စကားမှာ ဘာများအမှား ပါသွားပါလိမ့်ဟု သေချာပြန် စဉ်းစားကြည့် မိတော့လည်း ဘာမှမပါ။။ တောသူတောင်သားများမို့ တောင်ယာ အလုပ်ဖြင့် အသက်မွေးသော မိဘနှစ်ပါး၏ ပင်ပန်း ဆင်းရဲမှုကို မျှဝေယူဖို့ ခွင့်တောင်းခြင်းသည် ကျွန်တော်မမှား။။ ဒါဆိုအမေက ဘာလို့ဒေါသ ထွက်ရတာပါလိမ့်။။ ထိုစဉ်ကတော့ ကျွန်တော်သည် အတန်းပညာ (၇)တန်းထိ သင်ယူအောင်မြင် ပြီးစအချိန်။။

ပုခက်လွှဲတဲ့ လက်ပိုင်ရှင် အမေ

ရုတ်တရက်ပေါ့ ရင်ဘတ်ထဲမှာအနေခက်
ပျို့တက်လာမှုရဲ့ဒဏ် အမေ့ထံပါးရောက်ရှိ
အန်ကြည့်လိုက်တော့လည်း လေပဲပါ၊
အမေ့ဆီကို ကျွန်တော်လာတဲ့အကြောင်း
သတင်းလေးပေးတဲ့နေ့ကပေါ့။။။
အဖေနဲ့အတူ ဆေးခန်းကအပြန်
အမေ့မျက်နှာပြုံးနေဟန်က ကျွန်တော်မမြင်ရပေမယ့်
ခံစားသိနဲ့သာ သိခွင့်ရမယ်ဆို
တော်တော်ကိုလှမှာ သိနေပါတယ်။။။

Friday, May 6, 2011

အမေ

သူမဟာ
ဒီကမ္ဘာမှာ အလှဆုံး
အပြုံးများရဲ့အရှင် နှလုံးသားကဖြူစင်သူ။။။




Thursday, April 28, 2011

မာယာ၏ ကောက်ကြောင်း(၂)

"ကိုကို စားလေ ဘာတွေတွေးနေတာလဲ။။ လဲ့လေးကြည့်နေတာ ကြာလှပြီ။။ လူနဲ့စိတ်ရော ကပ်ရဲ့လား။။"
ရွှန်းလဲ့ရွှေရည် နှုတ်ခမ်းလေး ဆူပြီး ပြောလိုက်မှ အောင်ဇင်မင်း ဆတ်ခနဲဖြစ်ကာ အတွေးတွေ ပျက်သွားရ၏။။ ဒီနေ့သူတို့ချစ်သူ ၂ ယောက် တိုင်းရင်းသား ကျေးရွာထဲမှာ လျောက်လည်ကြပြီး ဗိုက်ဆာလာသဖြင့် နေ့လည်စာ လာစားနေကြခြင်းဖြစ်သည်။။ အတွေးတွေ ကျွံနေမိတာကို ပြုံးလိုက်မိရင်း အောင်ဇင်မင်း သူ့ရှေ့မှ ခေါက်ဆွဲကြော်ကို စားလိုက်သည်။။ စားနေရင်းမှ တစ်ခုခုကို ဆုံးဖြတ်လိုက်သလို ခေါင်းငြိမ့်လိုက်ရင်း


Friday, April 22, 2011

မာယာ၏ကောက်ကြောင်း (၁)


"မင်းမသိဘူး ကိုမင်း။။ အရမ်းလှတယ်၊ အရမ်းဖော်ရွေတယ်၊ ပြီးတော့ အရမ်းလည်း ထက်တယ်။။။"
သွားစမ်းပါကွာဟု ကျွတ်ခတ် စုတ်သတ်လိုက်ပြီးအောင်ဇင်မင်း ကန့်ကွက်လိုက်သည်။။ မိန်းကလေးတစ်ယောက်ကို အထင်သေးသည်တော့မဟုတ်။။အလွန်ကြီး အမွမ်းတင်လွန်းသည်ဟုစိတ်က ယူဆမိလိုက်သဖြင့်ဖြစ်သည်။။ဇော်မင်းနှင့်သူ့သူငယ်ချင်းများ သန်လျင်၊ကျောက်တန်းဘက် ဘုရားဖူးထွက်ပြီးပြန်ရောက်လာတည်းက ထိုအကြောင်းအရာသည် သူတို့သူငယ်ချင်းတွေစကားဝိုင်းမှာ အတော်လေးကိုနေရာယူနေတာဖြစ်သည်။။ အဲဒီအချိန်တုန်းက ပဲခူးရှိ မိဘများက ပြန်လာဖို့ခေါ်ထားသဖြင့် သူအိမ်ခဏပြန်နေချိန်ဖြစ်သည်။။သူပါမသွားတော့ သေချာမသိခဲ့။။

Saturday, April 16, 2011

သင်္ကြန်ကိုမုန်းတယ်

တစ်ယောက်တည်းပါပဲ
မှောင်မည်းနေတဲ့ အခန်းလေးထောင့်မှာ
အလွမ်းဆူးညှောင့်တွေ ရင်ထဲမှာပေါက်ပေါက်ကြဲသလို
ကြောက်ကြောက်လာတဲ့ အသိတွေထဲ ချစ်သူရေ နင်က ငါ့ရဲ့သရဲကြီးပေါ့။။။




Wednesday, April 13, 2011

မူကွဲနေတဲ့ရင်ခုန်သံ

အမအိန်ဂျယ်လှိုင်ရဲ့စိတ်ကူးလေးကနေ မူကွဲနေတဲ့ ရင်ခုန်သံ ဆိုတဲ့ အဆိုနဲ့
အချေ ပုံစံကဗျာမူကွဲလေးတစ်ခု      အိန်ဂျယ်လှိုင်
နဲ့  အလင်းသစ် က
ခံစားဖန်တီးလိုက်ပါပြီ။။။ ဖတ်ရှုအားပေးကြပါဦးလို့။။။







ခပ်ရေးရေးတွေး အကြင်နာစကားမဆို
မိုးတိမ်တွေငိုမှ ငါလွမ်းနေကြောင်း မပြောဖြစ်ခဲ့တာ 
ငါတွေးရင်း အတိတ်ကိုမြေဖွ နေစရာမရှိခဲ့တဲ့ နင့်ရင်ခွင်ကို 
ခပ်ရေးရေး မြင်ယောင်ရင်းအလွမ်းတွေမြေခ ငါ့သိက္ခာတွေပြာချပြီး 
မာနတွေခဝါချ အသက်ပျောက်ခဲ့တဲ့ ရင်ခုန်သံတွေအတွက် 
တိတ်တခိုး အဆွေးတွေနဲ့ ငါ့ဘဝ ပြာကျခဲ့ရတယ်ချစ်သူ။

Friday, April 8, 2011

လွမ်းရပါသော သင်္ကြန်ခါဆီ











တန်ခူးလေကမြူးလေပြီ။။တစ်ချက်တစ်ချက်ညိုညိုလာသောမိုးရိပ်တွေ

ကိုကြည့်ချင်းအားဖြင့် မြန်မာနှစ်ကူးသင်္ကြန်ချိန်သို့ရောက်လာတော့မည်

ဆိုတာသိသာနိုင်၏။။သင်္ကြန်မိုးပြေးလေးတပြိုက်ပြိုက်ရွာချလိုက်ပြီးသော


နောက်မှာဆိုရင်ဒီမြေတစ်ခွင်ရွှေဝါရောင်တွေဆင်မြန်းတော့မှာပါလား။။။

ဘဝအမောတွေဘယ်လောက်ပင်များများဒီသင်္ကြန်ကာလမှာတော့လူ

တိုင်းလူတိုင်းအပူတွေသိမ်းလို့ပျော်ရွှင်ခြင်းတွေနဲ့သာဆင်မြန်းကြပေဦး

တော့မည်။။ဒီတိုင်းနေလို့တော့မဖြစ်ရွာထဲမှကာလသားလူငယ်လေးများ

ကိုခေါ်ယူဆွေးနွေးပြီး ပြင်ဆင်စရာများကြိုတင်ပြင်ဆင်မှဖြစ်ပေဦးမည်ဟု

တွေးရင်းကာလသားခေါင်းကိုမြင့်ကိုခေါင်းကိုတငြိမ့်ငြိမ့်လုပ်နေ၏။ဘေးမှ

ထိုင်၍ သတင်းစာစက္ကူပိုင်းကိုလိပ်ပြီးဆေးသိပ်နေသောမောင်ထွန်းနိုင်က

"ကိုကြီးမြင့်ကိုဘာတွေခေါင်းတငြိမ့်ငြိမ့်လုပ်နေတုန်းဗျ"


ဟုမေးလိုက်သည်။။ထိုအခါမှ ကိုမြင့်ကိုကြီးက "ဟေလကွာ..သင်္ကြန်နီးနေပြီဟ။။မနှစ်ကထက်မလျော့အောင်တော့ပြင်ရ
ဆင်ရဦးမှာပေါ့။။ အဲဒါတွေးမိလို့ပါကွာ။။ ပြီးရင်မင်းရွာထဲသွား နက်ဖြန်ည
နေငါ့အိမ်မှာလာစုဖို့ လူငယ်တွေကိုပြောလိုက်ကွာ။။" ဟုပြောပြီးထမင်းစားဦးမယ်လကွာဟုဆိုကာနောက်ဖေးမီးဖိုချောင်တွင်း

ဝင်သွားလေတော့သည်။။မောင်ထွန်းနိုင်လည်းဆေးလိပ်ခဲလိုက်ပြီးရွာထဲ

ဘက်သို့ လမ်းလျောက်ထွက်သွားလိုက်တော့၏။။။



















"အေးလကွယ်..မင်းတို့နားထောင်ကြဦးဝေ့။။ မနှစ်ကတော့ တို့ရွာ
သင်္ကြန်စည်ချက်ကွာ။။ဒီနှစ်လည်း အဲဒီထက်မလျော့အောင်တော့
လုပ်ရမယ်ကွ။။အဲဒီတော့မင်းတို့ ဘာတွေလုပ်ချင်တယ်ဆိုတာ ပြော
ကြကွာ။။"

ကိုမြင့်ကိုစကားအဆုံးမှာ ကာလသားများဘက်မှ ကြွက်စီကြွက်စီ

အသံတွေထွက်လာသလို၊ အပျိုများဘက်မှလည်း အသံများထွက်

လာတော့၏။ပြီးတော့မှ အပျိုခေါင်း မခင်စီမှ မတ်တပ်ထရပ်လိုက်ပြီး

"တော့ ကိုမြင့်ကို မနှစ်ကလိုမဟုတ်ပဲ မဏ္ဍပ်(၂)ခုထိုးမယ်လေ။။
ပြိုင်ပွဲတွေ၊ကစားပွဲတွေကိုတော့ ရွာစာသင်ကျောင်းရှေ့ကကွက်
လပ်မှာလုပ်မယ်။။မဏ္ဍပ်ကိုလည်းကျောင်းဘေးမနှစ်ကနေရာမှာပဲ
လမ်းဟိုဘက်၊ဒီဘက်တွေမှာထိုးလိုက်မယ်တော်။။ မနှစ်တုန်းက
မဏ္ဍပ်တစ်ခုတည်းဆိုတော့ လူကျပ်တယ်တော့။။"
ကိုမြင့်ကိုကကပ်ထူဖုံးစာအုပ်ရှည်ကြီးထဲမခင်စီပြောသမျှခေါင်းတ

ငြိမ့်ငြိမ့်နှင့်လိုက်မှတ်နေလိုက်သည်။။ပြီးတော့မှခေါင်းပြန်မော့လာ

ပြီးနောက်တော့ရောဟုထပ်မေးလိုက်၏။လူအုပ်ထဲမှမောင်သိန်းလင်း

ကလက်ထောင်ပြီးမတ်တပ်ရပ်လိုက်သည်။။ ပြီးတော့မှ


"ခေါင်းကြီး ကျနော်ပြောစရာရှိတယ်။။"


သူ့စကားအဆုံးမှာ ကိုမြင့်ကိုတစ်ယောက် လေ၏အလျင်နှင့်သိန်းလင်း

ဘေးသို့ရောက်သွားပြီး အုန်းခနဲအသံထွက်အောင် ကျောကပ်ကိုဆော်

ပလိုက်သည်။။။ပြီးမှ ရှူးရှူးရှားရှားနှင့်


"နောက်တစ်ခါငါ့ကို ဘယ်သူကပဲဖြစ်ဖြစ် ခေါင်းကြီးလို့ခေါ်တာနဲ့ ငါကာလသားခေါင်းမလုပ်တော့ဘူး။။ဒါပဲ။။ဆက်ပြော။။" သူပြောချင်ရာကိုပြောလိုက်ပြီး မောင်သိန်းလင်းကိုဆက်ပြောရန် မေး

ဆတ်ပြလိုက်သည်။။

"မနှစ်ကချောတိုင်တက်ပွဲမှာ ငှက်ပျောတုံးနဲ့လုပ်တော့ တက်ရတာ
လွယ်တယ်။ဒီနှစ်တော့ ဝါးပိုးနဲ့ချောတိုင်လုပ်ပေးပါ။ ပြီးတော့ဆုကြေး
ကိုလည်းတိုးပေးပါ။။ မနှစ်ကကျုပ်ရသာရတယ်။ဆုကိုမြင်တောင်မမြင်
လိုက်ရဘူး။။"


ကိုမြင့်ကိုကဟုတ်ပြီနောက်တစ်ယောက်ဟု မေးဆတ်ပြလိုက်သည်။။

ရွာကာလသားများ၊ရွာလှပျိုဖြူများတစ်ယောက်တစ်ပေါက်ထပြီးဆွေး

နွေးကြသည်။။ကိုမြင့်ကိုကြီးကဆွေးနွေးချက်မှန်သမျှကိုရေးမှတ်ထားပြီး မည်သူကမည်သည့်တာဝန်ယူရမည်။။ သင်္ကြန်ခွဲတမ်းကို ဘယ်လောက်

ကျခံရမည်။။ အလှူငွေကိုဘယ်သူကောက်ခံရမည်။။စသဖြင့် အချိန်အ

တော်ကြာ တိုင်ပင်ဆွေးနွေးလိုက်ကြ၏။။ ထုံးစံအတိုင်းပင် ကျေးရွာတို့

ထုံးစံအတိုင်း ၃ ခါလောက်ခေါ်ယူညှိနှိုင်းပြီးသောအခါမှာတော့ သင်္ကြန်

အတွက် အားလုံးအဆင်သင့်ဖြစ်နေလေပြီ။။ သင်္ကြန်ချိန်ကိုကြိုတွေးပြီး

ကာလသားခေါင်းကိုမြင့်ကို ပန်းပင်များကိုပေါင်းသင်ပေးနေရင်းမှ ပြုံး

လိုက်မိတော့သည်။။ တူးပို့သံတညံညံနှင့်ဒီသင်္ကြန်မှာတော့သူစွံကောင်း

ပါရဲ့လေဟုများတွေးနေလေသလားမသိ။မျက်နှာကြီးကတော့ ပြုံးနေတာ

ဖြီးလို့။။။။




















ဘာလိုလိုနှင့် သန်ဘက်ခါဆိုလျှင်သင်္ကြန်အကြိုနေ့သို့ရောက်တော့မည်

ဖြစ်၏။ရွာတို့ထုံးစံအတိုင်းအပျိုအိမ်များသို့နှင်းဆီပန်းတစ်ပွင့်စီကမ်းပြီး

လူပျိုအိမ်များသို့စီးကရက်တစ်လိပ်စီကမ်းကာဖိတ်ကြားပြီးဖြစ်သဖြင့်

ကိုယ်စီပေးအပ်ထားသောတာဝန်များကိုထမ်းဆောင်ဖို့ပြင်နေကြလေပြီ။

သင်္ကြန်ကာလတစ်တောက်လျောက်လုံးကတော့မည်သည့်လူငယ်များမှ

အိမ်ကပ်သည်သိပ်မရှိ၊ မဏ္ဍပ်တွင်ဖြစ်စေ၊ အိမ်လည်သွားခြင်းဖြင့်ဖြစ်စေ

ပျော်ပါးမြူးတူးနေတတ်ပြီးအိမ်မှ ခြံမှအလုပ်များကိုလုံးဝရပ်နားထားတတ်

ကြတာဖြစ်သည်။။ ကိုမြင့်ကိုလည်းထို့အတူပင်သာမာန်အချိန်များမှာသူ့

ဂန္ဒမာပန်းခြံအား တယုယယရှိနေပေမယ့် ဒီလိုသင်္ကြန်ကာလမှာတော့

အဖေ့ကိုလွှဲအပ်ကာ လုံးဝအလွတ်ကြီးကဲနေတတ်တာဖြစ်သည်။ခုလည်း

သူပေးအပ်ထားသောအလုပ်များကိုလုပ်မလုပ်လိုက်လံစစ်ဆေးရန်ရွာထဲ

သို့ခြေဆန့်လေပြီ။။


"အမယ်..မောင်နိုင်တယ်လည်းကြိုးစားနေပါလားဟ။။ မဏ္ဍပ်ကပြီးသ
လောက်နီးနီးကိုဖြစ်နေပါရောလား။။"
မဏ္ဍပ်ဆောက်ရန်တာဝန်ကျသော ကိုနိုင်ဝင်းက သူ့လူများကိုသေချာ

ခိုင်းစေနေရာမှ

"အေးဆေးပါ မြင့်ကိုရ။။ ပစ္စည်းစုံရှိပြီးသားပဲကို လိုတဲ့ဝါးတွေတော့လိုက်
တောင်းခုတ်လိုက်တာပဲ။နက်ဖန်အချောကိုင်လိုက်ရင်တို့ရွာမဏ္ဍပ်ပြီးပြီ။"


စကားတပြောပြောနှင့် စာသင်ကျောင်းထဲဝင်သွားတော့ ကိုဒိုးလေးနှင့်

အဖွဲ့က သင်္ကြန်မှာဆိုမည့် သီချင်းများ၊သံချပ်များကို အားတက်သရော

တိုက်နေကြတာတွေ့ရသည်။။


"ဟေ့ ဒိုးလေး မင်းတို့ ဒိုးဝိုင်းအခြေနေဘယ်လိုလည်း။။"


အော်ဂင်ကို စိတ်နှစ်တီးနေသော ဒိုးလေးကမော့ကြည့်ပြီး


"ကိုမြင့်ကိုကြီးအမြင်ပဲဗျာ။။ သီချင်းတွေလည်းတိုက်လို့ပြီးပြီ။။ သံချပ်တွေ
လည်းတိုက်လို့ပြီးပြီ။။ကျုပ်ကတော့ ခုကိုသင်္ကြန်ကျချင်လှပြီဗျာ။။အဟီး"


အားရသကွာဟု ပြောပြီး ကိုမြင့်ကိုနှင့်ကိုနိုင်ဝင်းတို့ပြန်ထွက်လာတော့ ကစားပွဲများကြီးကြပ်စီစဉ်ရန်တာဝန်ကျသော ကိုဝကြီးက သူ့အဖွဲ့နှင့်

အတူ ထုံးပုံးများနှင့် စည်းများဆွဲနေတာတွေ့လိုက်သည်။။။


"ဝကြီးလည်း အကုန်ပြီးပြီလားဟ။။"


ကိုဝကြီးက ခါးကြီးထောက်ပြီး ဆေးလိပ်ဖွာနေရာမှ လှည့်ကြည့်လိုက်

သည်။။ပြီးမှ


"ပြီးပဟမြင့်ကိုကြီးရ။။ဟော ဟိုဘက်မှာ ကလေးတွေအတွက် အုန်းသီး
ရိုက်ပြိုင်ပွဲ၊ ဒီမှာ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ဟောဟိုမှာကစကောရွက်ပြိုင်ပွဲ
လုပ်မယ်ကွာ။။ပြီးရင်ကလေးတွေမုန့်စားပြိုင်ပွဲလုပ်မယ်။။ ဒီဘက်
ဘောလုံးကွင်းထဲမှာတော့ခေါင်းအုံးရိုက်ပြိုင်ပွဲရယ်၊အိပ်စွပ်ပြေးပြိုင်ပွဲရယ်
၊ချောတိုင်တက်ပြိုင်ပွဲရယ်လုပ်မယ်။။ ချောတိုင်ကတော့ ဒီဝါးပိုးကြီးနဲ့
လုပ်မဟ။။"


ကိုဝကြီးကပြောလည်းပြောဘေးမှာအဆစ်တွေအချောသတ်ထားပြီး

ဖြစ်သောပေ(၂၀)လောက်မြင့်သည့်ဝါးပိုးဝါးကြီးကိုပြလိုက်သည်။။


"နေဦး မြင့်ကိုကြီးရ ငါတော့အတွေးတစ်ခုပေါက်သကွာ။။"


ကိုဝကြီးစကားကြောင့်ကိုမြင့်ကိုကဘာတုန်းဝကြီးရဟုမေးလိုက်သည်။။


"ဒီလိုကွာ အတက်နေ့မနက်ပိုင်းမှာ ငါတော့ တာဝေးအပြေးပြိုင်ပွဲလေး
ထည့်ပေးရင် ကောင်းမလားလို့ဟ။။ ဟိုဘက်ရွာရဲ့ ထိပ်ကနေတာ
လွှတ်မယ်။ မဏ္ဍပ်မှာတာဖမ်းမယ်ကွာ။ဆုအတွက်တော့မင်းစီစဉ်ပေး။။" ကိုမြင့်ကိုမျက်လုံးပြုးသွားသည်။။ပြီးတော့မှ အေးကွာ မင့်သဘောဟု

ပြောပြီး သွက်သွက်ထွက်လာခဲ့လိုက်၏။။ ဆက်နေပါက ကိုဝကြီး၏

ရွှေဥာဏ်တော်များစူးရောက်ပြီး သူဒူးနဲ့မျက်ရည်သုတ်ရနိုင်သည်။။ မနှစ်ကလည်းသူအိပ်စိုက်လိုက်ရသည်မဟုတ်လား။။။



















သင်္ကြန်အကြိုနေ့ကားရောက်လာခဲ့လေပြီ။။ကိုမြင့်ကိုတို့အဖွဲ့မဏ္ဍပ်ကို

ကာထားသောရာဇမတ်ကွက်တွေပေါ်သာသနာ့အလံလေးများလိုက်စိုက်

လိုက်သည်။။ပြီးသည်နှင့် အဝင်အထွက်အပေါက်များမှာငှက်ပျောပင်များ

စိုက်ထူလိုက်၏။။ အိမ်များမှ လာပို့ထားသော အတာအိုးများမှ သင်္ကြန်

ပန်းများကိုသေချာပြင်ဆင်ပြီး နေရာချထားရသည်။။ ဆရာတော်က

အတာအိုးကိုဖြစ်ကတတ်ဆန်းထိုးထားတာကိုမကြိုက်ပေ။။တရားဟော

စင်မြင့်မှမိုက်ခရိုဖုန်းကိုအသံစမ်းလိုက်သည်။။ စက်ကိုင်ကိုဝင်းမြင့်က

လည်း အသံအတိုး၊အကျယ် ညီမညီညှိနေ၏။။ ဆရာတော်ကသူတရား

ဟောနေစဉ်မိုက်ကိုဟိုစမ်းသည်စမ်းလုပ်တာမကြိုက်။။ထွေးခံစာမိမှာကို

ကြောက်ရသည် မဟုတ်လား။။ ညနေ ၃ နာရီမှာတော့ဘုန်းကြီးပင့်ရန်

တာဝန်ကျသောမောင်ထွန်းနိုင်တို့ရွာကျောင်းမှဘုန်းကြီးများကိုပင့်

ဆောင်လာသည်။။သင်္ကြန်အကြိုတရားနာကြပြီးသင်္ကြန်ပွဲတော်ကို

အောင်မြင်စွာစတင်လိုက်လေတော့သည်။။တရားနာပြီးသောအခါမှာ

တော့ မိမိတို့လာပို့ထားသောအတာအိုးများကိုပိုက်လျက်အကုန်ပြန်

ကြလေပြီ။။ ပြီးတော့ အိမ်ရှေ့မျက်နှာစာမှာ အတာအိုးကိုထားလျက် ဘိုးတော်သကြားကိုကြိုဆိုလိုက်ကြလေတော့သည်။။ဘုန်းတော်ကြီး

ကျောင်းသို့သံဃာများကိုပြန်လည်ပို့ဆောင်ပြီးပြန်လာသည့်အချိန်မှာ

တော့ရေပက်သံတို့တဗွမ်းဗွမ်းညံလေပြီ။။တစ်ခေါ်အကွာဝေးတွေတိုင်း

မှာအုန်းလက်မဏ္ဍပ်လေးများကအစီအရီ ။ရေပက်ကစားကြသောကလေး

များ၏ အသံများကလည်းညံညံစီစီထွက်ပေါ်လာလေပြီတည်း။။ ကိုမြင့်ကို

တို့ တပြုံးပြုံးနှင့် မဏ္ဍပ်သို့ပြန်ရောက်ချိန်မှာတော့ မခင်စီဦးစီးသော

အချက်အပြုတ်အဖွဲ့ရောက်လာလေပြီ။။ အကျနေ့မှာက သာကူကျို

ကျွေးမည်ဖြစ်သဖြင့် အလုပ်တော့သိပ်မများလှ။။ အုန်းသီးခွဲသူခွဲ ခြစ်

သူခြစ်ဖြင့် ကာလသားများကလည်း သူတို့နှစ်သက်သည့် အပျိုလေး

တွေဘေးမှာ မျက်နှာရလိုရငြားမျက်နှာချိုသွေးနေကြ၏။။ ညကိုးနာရီ

ခန့်မှာတော့ အကုန်ပြီးစီးပြီဖြစ်သဖြင့် အပျိုအုပ်စုပြန်ကြလေပြီ။။ ကိုမြင့်ကိုတို့အဖွဲ့ကတော့မဏ္ဍပ်မှာပဲသင်္ကြန်ပြီးသည်ထိအိပ်စောင့်ပြီး

စီမံရမှာမို့ကျန်နေခဲ့တာဖြစ်၏။။။နောက်နေ့သင်္ကြန်အကျနေ့မှာတော့

ရွာထဲမှရေပက်သံများက မနက်စောစောဆွမ်းထချက်သော အပျိုများကို အလစ်ချောင်းရေလောင်းကြသောကာလသားများကြောင့်မနက်လေး

နာရီခန့်တည်းကတဗွမ်းဗွမ်းညံနေလေပြီ။အောင်မယ်လေးတော့ဟူသော အလန့်တကြားအသံများဖြင့်တစ်ရွာလုံးနိုးထလာချိန်မှာတော့မဏ္ဍပ်ဆီမှ စတုဒီသာသာကူကျိုများသုံးဆောင်ဖို့ဖိတ်ကြားသံထွက်ပေါ်လာလေပြီ။။

ရေပက်ကစားသံများတညံညံနှင့်မို့ကိုဝင်းမြင့်ကလည်းမိုက်ကြီးကိုင်ပြီး

စားသောက်နေစဉ်ရေမလောင်းကြဖို့မေတ္တာရပ်ခံနေရ၏။။မကြာခင်မှာ

တော့ ကလေးများမုန့်စားပြိုင်ပွဲကိုကျင်းပတော့သည်။။ဝါးလုံးတန်းမှာ

အပ်ချည်ဖြင့်ချည်ထားသောမုန့်များကိုမည်သည့်အကူအညီမှမပါပဲပါးစပ်

ဖြင့်စားရသောပြိုင်ပွဲဖြစ်၏။။ ကြွက်ကြွက်ညံအားပေးသံများအောက်မှာ ကလေးများကလည်းအစွမ်းပြကြလေသည်။အနိုင်ရသောကလေး၃

ယောက်ကိုမုန့်ထုပ်များအသီးသီးဆုပေးလိုက်၏။။။ထို့နောက်မှာတော့

အုန်းသီးရိုက်ပြိုင်ပွဲ ၊အုန်းသီးနှင့်မျက်နှာချင်းဆိုင်ရပ်စေပြီး မျက်လုံးကို

အဝတ်စည်းကာမူးချာပတ်ချာလှည့်ပလိုက်ပြီးမှ လွတ်လိုက်၏။။ မျက်လုံး

ကိုစည်းထားသည့်ပြင်မူးဝေဝေနှင့်မို့ ထင်ရာလျောက်သွားကြသူကများ

နေသဖြင့် ရိုက်နိုင်သူနည်းလေသည်။။ ရိုက်ထည့်လိုက်ပြီးမှအုန်းသီးနှင့်

တစ်ထွာလောက်ကွာနေသဖြင့်အားမလိုအားမရဖြစ်နေကြတာတွေကရီ

ချင်စရာလည်းကောင်းလှ၏။။မှန်အောင်ရိုက်နိုင်သူများကိုတစ်ယောက်

လျှင်ငွေ၅၀၀ကျပ်ဆီဆုချသည်။။အကြတ်နေ့မှာတော့မုန့်လက်ဆောင်း

နှင့်ပေါင်မုန့်အုန်နို့ဆမ်းကိုစတုဒီသာအဖြစ်ကျွေးမွေးပြီးကျန်နေသော

ကစားပွဲများကိုဆက်လက် ယှဉ်ပြိုင်ကစားကြစေ၏။။။မဏ္ဍပ်ဆီမှ ဒိုးပတ်

ဝိုင်းကလည်း သီချင်းများကိုစဉ်ဆက်မပြတ်သီဆိုပေးနေသလိုနေ့လည်

နေ့ခင်းမှာတော့ သံချပ်များဖြင့်ဖျော်ဖြေ၏။။ ဒိုးပတ်ဝိုင်းမှ သံချပ်တိုက်

ချိန်မှာတော့အားလုံး၏အာရုံကသူတို့ဆီမှာ ဖြစ်သည်။။ ဒိုးပတ်ဝိုင်းမှ

ကာလသားများ မျက်နှာပွင့်၊စန်းပွင့်ချိန်ပင်ဖြစ်လေတော့၏။။






















































ထွန်းနိုင် ပြေး ပြေး ဟူသော အားပေးသံများအောက်မှာမောင်ထွန်းနိုင် အသားကုန်သုတ်ခြေတင်လေပြီ။။ တောသူတောင်သားများမို့ တောင့်

တင်းသောကိုယ်ခန္ဓာများနှင့် အပြေးကလည်းသန်လှပါပေ၏။ပါးစပ်ထဲ

မှသံပုရာခြမ်းကို ထွီခနဲထွေးထုတ်လိုက်ချိန်မှာတော့သူ့ဘေးမှအဒေါ်ကြီး

တစ်ယောက်က တူလေးသံပုရာသီးဟုဆိုကာ ပါးစပ်ထဲ သံပုရာသီးခွံ့

ပေးသည်။။သူပါးစပ်ဖြင့်အမြန်ကိုက်ပြီးနာက်လူကိုလှမ်းကြည့်၏။အတော်

လှမ်းလှမ်းမှာတော့မောင်သိန်းလင်းတစ်ယောက်သုတ်ခြေတင်ပြေးလာ

လေပြီ။။ စက်ဘီးနှစ်စီးဖြင့် ပြိုင်ပွဲအခြေအနေကို သတင်းပေးနေသည့် ကိုဦးနှင့်မောင်မောင်ကြောင့်မဏ္ဍပ်ထဲမှကိုဝင်းမြင့်ကလည်းအာပေါင်

အာရင်းသန်သန်ဖြင့်ကြေညာပေးနေလေရာ အပြေးပြိုင်ပွဲကပို၍ပင်

စိတ်တက်စရာကောင်းလှတော့သည်။။ အရှိန်ကိုမလျော့ပဲသုတ်ခြေ

တင်ပြေးရင်ပန်းဝင်ကြိုးကိုတိုက်ဖြတ်လိုက်သည်ပြီးတော့ငှက်ပျောပင်မှာ

စိုက်ထားသောအလံတိုကိုစွဲနှုတ်လိုက်ချိန်မှာတော့ထွန်းနိုင်မျက်နှာပြုံးပြုံး

ကြီးဖြစ်သွားတော့၏။ပထမဆုကငွေ၅၀၀၀ တောင်ရမှာလေ။အပြေးပြိုင်

ပွဲအပြီးမှာတော့စတုဒီသာအဖြစ်ဘိန်းမုန့်ကိုကျွေးမွေးသည်။။မခင်စီနှင့်

အဖွဲ့ကတော့မနက်စောစောတည်းကမဏ္ဍပ်သို့ရောက်လာပြီး ဘန်းမုန့်

ဖုတ်နေကြသည်မှာ ခုချိန်ထိမနားနိုင်သေး။။ ဒါတောင် အပြေးပြိုင်ပွဲမှ

ပန်းဝင်လာချိန်မှာ သွားအားပေးလိုက်ကြသေးသည်။။။ ထို့နောက်မှာ

တော့ အားလုံးကစိတ်ဝင်စားနေသောချောတိုင်တက်ပြိုင်ပွဲ ဆုကြေးကို တစ်သောင်းခွဲသတ်မှတ်ပေးထားသဖြင့် ပြိုင်မည့်သူများ တကြွကြွဖြစ်

နေလေပြီ။။ ကိုဝင်းမြင့်ကအသံချဲ့စက်မှ ချောတိုင်တက်ပြိုင်ပွဲစတင်တော့

မှာဖြစ်ကြောင်းကြေညာချိန်မှာတော့ ရေပက်သံများညံညံစီနေသောရွာ

သည်ချက်ချင်းတိတ်သွားပြီးစာသင်ကျောင်းဘောလုံးကွင်းမှာလူကုန်

စုလေပြီ။။။ အောက်သို့ ၂ပေအနက်စိုက်ထားပြီး(၁၈)ပေအတိမြင့်သော ဝါးပိုးဝါးကြီးကတော့ ချောဆီများတဝင်းဝင်းနှင့်။သုံးယောက်တစ်ဖွဲ့နှုန်း

ဖြင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပုဆိုးသုံးခွင့်ပေးထားသည်။အပေါ်ဆုံးမှာတော့ အဆစ်ကိုဖြတ်ပြီးအလံစိုက်ထားသည်။ထိုအဆစ်မှာတော့ ချောဆီများ

အပြည့် ဖြည့်ထားပြီးဘေးပတ်လည်မှသံဖြင့်အပေါက်သေးသေး၃ပေါက်

ဖောက်ထားသည်။အောက်မှတက်သူကလှုပ်လျှင်လှုပ်သလောက်ချော

ဆီများစီးကျလာမည်ဖြစ်ရာအတော်ပင်တက်ရခက်သည်ဟုပြောရမည်

ဖြစ်သည်။တစ်ဖွဲ့ပြီးတစ်ဖွဲ့ကြိုးစားကြသော်လည်းမည်သူမျှထိပ်သို့မ

ရောက်နိုင်ကြသတ်မှတ်ချိန်ပြည့်သည်ထိမရောက်နိုင်တော့ဘေးထွက်

ထိုင်ကြရ၏။။မကျေမချမ်းမော့မော့ကြည့်သော်လည်းဘာမှမတတ်နိုင်

ကြ။ချောတိုင်ကြီးကတော့ရှေ့လူများလှုပ်လှုပ်ချထားသဖြင့်ချောဆီများ

စီးကျလာကာတော်တော်ကြီးကိုချော်ထွက်နေလေပြီ။။ မောင်ထွန်းနိုင်

၊မောင်သိန်းလင်းနှင့်ကျော်ကြီးတို့၃ယောက်နောက်ဆုံးအဖွဲ့အဖြစ်တက်

လို့မှမရလျှင်နောက်တကျော့ပြန်စရပေတော့မည်။။ကိုဝင်းမြင့်ကြေညာ

သံဆုံးသည်နှင့်ကျော်ကြီးက ချောတိုင်အခြေသို့ပြေးကပ်လိုက်သည်။

မောင်သိန်းလင်းကပုဆိုး တစ်ထည်ကိုကိုင်ပြီး ကျော်ကြီးခါးကိုနင်း၍

ပုခုံးပေါ်မတ်တပ်ရပ်လိုက်သည်။ပြီးတော့မှပုဆိုးဖြင့်ချောတိုင်ကိုချုပ်

လိုက်ပြီးခုန်တွယ်တက်လိုက်၏။သူတက်လိုက်သည်နှင့်မောင်ထွန်းနိုင်

ကထပ်ချပ်မကွာ ဆက်လိုက်တက်သွားပြီး မောင်သိန်းလင်းပုခုံးကိုနင်း

တက်ပြီးနောက်တစ်ဆင့်တက်လိုက်သည်။။ထိုနည်းအဆင့်ဆင့်ဖြင့်

လျောကျလာလိုက်ပြန်တက်လိုက်ဖြင့် အချိန်ပြည့်ခါနီးမှာတော့

မောင်သိန်းလင်းက ထွန်းနိုင်ပုခုံးကိုကျော်တက်လိုက်ပြီးအပေါ်မှ

ဝါးပိုးပေါက်သို့လက်ကလှမ်းကိုင်လိုက်မိလေပြီ။။မောင်သိန်းလင်းက

အလံကိုဆွဲယူလိုက်ချိန်မှာတော့ထွန်းနိုင်တစ်ယောက်အောက်သို့

လျောကျသွားလေတော့၏။။နောက်ဆုံးမှာတော့အခက်ခဲဆုံး

ဆုကိုသူတို့အဖွဲ့ရသွားတော့သည်။ခြေ၊လက်များကိုအားထည့်

ထားရသဖြင့်လမ်းပင်ကောင်းကောင်းမလျောက်နိုင်ကြတော့။။ကစား

ပြိုင်ပွဲများလည်းပြီးဆုံးပြီဖြစ်သလိုရေပက်ရက်ကလည်းနောက်ဆုံး

ရက်ဖြစ်သဖြင့်အတက်နေ့ညကတော့တစ်ရွာလုံးမည်သည့်အိမ်မျှ

အိပ်လို့မရ။။အိပ်ပျော်နေပါကအိပ်ယာအတွင်းထိ ရေဝင်လောင်း

ကြခြင်းကြောင့်ဖြစ်သည်။။ လူပျိုများ၊အပျိုများ အစုလိုက် အဖွဲ့လိုက်

ည ၁၂ နာရီလောက်ထိ လိုက်လောင်းနေကြပြီး ၁၂ နာရီကျော်သွား

မှပင် ငြိမ်သက်သွားကြလေတော့သည်။။။
































နောက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ကာလသားခေါင်းကိုမြင့်ကိုနှင့်

အပျိုခေါင်း မခင်စီတို့ဦးစီးလျက် သက်ကြီးရွယ်အိုများကို အိမ်ပေါက်စိ

လိုက်ပြီး လက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျော်ပေးခြင်း၊ အဘိုး၊အဘွား

တို့၏အဝတ်အစားများကိုလျော်ဖွတ်သန့်စင်ပေးခြင်းများကိုတပျော်

တပါးကြီးဆောင်ရွက်နေကြလေတော့၏။။ညနေ(၅)နာရီခန့်မှာတော့

ရွာဦးကျောင်းမှ သံဃာများမဏ္ဍပ်သို့ကြွရောက်လာပြီးဆရာတော်မှ သင်္ကြန်အပိတ်တရားကိုဟောကြားတော်မူသည်။။ပြီးနောက်အန္တရာယ်

ကင်းပရိတ်တရားတော်ကိုရွတ်ဖတ်ပေးတော်မူကြ၏။။ထို့နောက်ရေ

စက်ချပြီးသာဓုအနုမောဒနာခေါ်ဆိုကြပြီးနောက်သင်္ကြန်ပွဲကြီးပြီးဆုံး

လေပြီ။။ပရိတ်အိုးများ၊ဆန်ဗန်း၊သဲဗန်းများ၊ပရိတ်ချည်များကိုလာရောက်

ယူငင်ကြပြီးနောက်မိမိတို့အိမ်ခြံစည်းရိုးတလျောက်ဆန်ဖြူးခြင်း၊သဲဖြူး

ခြင်း၊အိမ်ကိုပရိတ်ချည်ဖြင့်ရစ်ပတ်ခြင်းများဆောင်ရွက်ကြ၏။။ ပြီးနောက်

ခြံတံခါးကိုဖွင့်ထားပြီးမီးပုံကြီးပုံကာသံပုံးများကိုဆူညံနေအောင်တီးခတ်

ကြလေတော့သည်။။မကောင်းဆိုးဝါးများကို တောထုတ်ခြင်းဖြစ်၏။။

ထို့နောက် ခြံတံခါးများကိုပိတ်ပြီး ပရိတ်ချည်ဖြင့် စည်းနှောင်ပိတ်လိုက်

တော့သည်။နှစ်သစ်ကိုအဆင်သင့်ကြိုဆိုပြီးဖြစ်လေပြီတည်း။ကိုမြင့်ကို

တို့ကာလသားအဖွဲ့ကတော့သင်္ကြန်အကြွင်းအကျန်များသိမ်းဆည်းခြင်း၊ မဏ္ဍပ်ကိုဖျက်သိမ်းခြင်းများကိုဆောင်ရွက်ရင်း ပြီးဆုံးသွားခဲ့ပြီးဖြစ်သော

သင်္ကြန်ကို တမ်းတမ်းတတဖြင့်မန်းတောင်ရိပ်ခိုသီချင်းကိုတညီတညာ

သံပြိုင်ဟစ်ကြွေးနေကြလေတော့၏။။။။။




(ပုံများကို အင်တာနက်မှ ကူးယူပါသည်။။)

လေးစားလျက်


အလင်းသစ်


8.4.2011


Tuesday, April 5, 2011

ကျနော့်လရောင်လေး


ကျနော့်ရဲ့လရောင်လေးကတော့

မိုင်လေးထာင်ကျော်အဝေးမှာပေါ့
ခုလောက်ဆို
ကျနော့်အကြောင်းတွေးချင်တွေးနေပါလိမ့်မယ်..
ဒါမှမဟုတ် ခရီးသွားဟန်လွှဲ
ရောက်တတ်ရာရာ သီချင်းလေးတွေ
ညည်းကောင်းညည်းနေနိုင်ပါတယ်...
သီချင်းညည်းနေရင်း ဖျတ်ကနဲ့
ကျနော့်စကားတွေကို သတိရပြီး
အပိုတွေ "ကိုအိုဗာတင်းကြီး" လို့
ရေရွတ်မိပါလိမ့်မယ်...

Monday, April 4, 2011

ကျွန်တော်လည်းလူပါ





"ဘဝသံသရာဒီခရီးမနီးလှပါလားအမေ။။သွားသာသွားနေရတယ်၊သားခံနိုင်ရည်တွေ

နည်းလွန်းလှပါပြီ။။။ရောက်နေတဲ့ဘဝတစ်ခုကနေအမေလှမ်းမြင်လှည့်ပါဦးတော့။။။"


မောင်ဦးတစ်ယောက်ဆာလောင်မွတ်သိပ်မှုကိုအံတုဖို့ရေတစ်ခွက်ကိုခပ်ယူလိုက်ရင်း
ကကွယ်လွန်သွားပြီဖြစ်သောအမေ့ကိုသတိရလိုက်မိသည်။။။အမေပေးခဲ့သော
ကျော်ကျော်ဦးဆိုသောသူ့နာမည်၊ဘယ်နေရာမှာမှမကျော်နိုင်၊မဦးနိုင်သောအဖြစ်
နှင့်သူ့ဘဝပုံရိပ်များမျက်လုံးကိုသာစုံမှိတ်ထားလိုက်မိတော့သည်။။။ရေတစ်ခွက်ကိုတ
ဂွပ်ဂွပ်မြည်အောင်သူသောက်လိုက်ပြီးတဲလေး၏လေကွယ်ရာထောင့်ဘက်မှာခွေခွေ
လေးသွားအိပ်နေလိုက်တော့သည်။။။တစ်နေကုန်ဘာမှမစားရသေးသောဝမ်းဗိုက်က

သူ၏အိပ်စက်ခြင်းကိုတားဆီးနေပြန်လေပြီ။။မောင်ဦးမျက်ရည်တွေတွေတွေကျရင်း
အမေရေဟုသာတမ်းတလိုက်မိတော့၏။သူလူမှန်းသိတတ်စတည်းကအမေနှင့်သား

အမိနှစ်ယောက်ကြုံရာနေရာမှာအဆင်ပြေသလိုနေလာခဲ့ကြတာဖြစ်သည်။အဖေ့အ
ကြောင်းကိုသူမသိ၊အမေကလည်းပြောမပြခဲ့။အမှိုက်ပုံများမှတန်ဖိုးရှိသောအမှိုက်များ
ကိုကောက်ယူပြီးပြန်လည်ရောင်းချလိုက်၊တောင်းရမ်းလိုက်ဖြင့်သူ့အသက်ကိုအမေ
ဆက်ပေးခဲ့တာဖြစ်သည်။။။အခုဆိုမောင်ဦးပင်၉ နှစ်အရွယ်သို့ရောက်ရှိနေလေပြီ။။။





သူ့ဘာသာသိတာတော့မဟုတ်အမေမဆုံးခင်ကပြောခဲ့သဖြင့်သူသိနေခြင်းဖြစ်သည်။
မောင်ဦးစာမတတ်၊ကျောင်းမတက်ဖူးခဲ့၊သူများတကာတွေကျောင်းတက်နေတာမြင်

တိုင်းကျောင်းတက်ချင်စိတ်တို့သူ့ဆီမှာတဖွားဖွားပေါ်ခဲ့သည်။။အမေ့ကိုပြောပြခဲ့
တော့လည်းအမေကပညာဆိုတာအမေတို့လူတန်းစားတွေအတွက်မဟုတ်ပါဘူး
သားရယ်ဟုသာပြောခဲ့၏။။။သူလည်းဆက်မပူဆာခဲ့မိ။။တစ်နေ့ထမင်းတစ်ကြိမ်ဝဝ
လင်လင်စားရလျှင်ပင်သူပျော်နေမိတာလေ။။ငတ်တလှည့်၊ပြတ်တလှည့်ဖြင့်ဘဝကို
ဖြတ်သန်းရင်းသူတို့ဒီတဲအိမ်လေးမှာအခြေကျခဲ့တာဖြစ်သည်။။ဘေးမှာကမြို့ထဲက
အမှိုက်တွေကိုလာလာပစ်သောအမှိုက်ပုံကြီးရှိနေပြီးအမှိုက်ရှားပါးသောအခါများမှာ
သူတို့သားအမိမြို့ထဲကဈေးကြီးရှေ့မှာသွားတောင်းကြသည်။ပုံမှန်ဖြတ်သန်းနေတဲ့
သားအမိ၂ယောက်ဘဝထဲကံဆိုးမိုးမှောင်ကျခဲ့တာကတော့အမေအမှိုက်ကောက်ရင်း
မှသံပြားကြီးကိုနင်းမိပြီးသံဆူးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ထိုဒဏ်ရာဖြင့်အမေအသည်း

အသန်ဖျားခဲ့သည်။။ကုသပေးဖို့ဆေးဖိုးဝါးခကမရှိ၊ယုတ်စွအဆုံးမြန်မာဆေးပင်ဝယ်
ပေးဖို့ငွေမရှိခဲ့။။။ထိုဒဏ်ရာ၊ထိုအဖျားဒဏ်ကြောင့်ပင်သံဆိပ်တက်၊မေးခိုင်ပိုးဝင် စုံလင်လှသောအကြောင်းများဖြင့်အမေသူ့ကိုတစ်ယောက်တည်းထားသွားခဲ့
တော့၏။။အမှိုက်ပုံ၏ဟိုဘက်သင်းချိုင်းထဲအမေ့ကိုမြေချတော့အမေ့အသိတချို့
ကောင်းမှုကြောင့်သာသရဏဂုံတင်ဖို့သံဃာတစ်ပါးကြွရောက်ပေးခဲ့တာဖြစ်သည်။



သူ့ဘာသာဆိုလျှင်အမေ့ကိုသရဏဂုံပင်တင်ပေးနိုင်ပါ့မလားမသိ။။အမေ့စိတ်ဖြင့်

သူနေမကောင်းဖြစ်ပြီးအိပ်ယာထဲလဲနေခြင်းဖြစ်သည်။တောင်မင်းကမြောက်မင်းကို

မကယ်နိုင်သောလူတန်းစားတွေမို့သူ့ကိုကူညီစောင်မမည့်သူမရှိ။။သူဒီတိုင်းနေလို့

မဖြစ်တော့အမှိုက်ပုံမှာလျောက်ဖွပြီးမကောက်နိုင်လျှင်တောင်မနက်ဖြန်တော့
ဈေးကြီးအတွင်း တောင်းရမ်းစားသောက်မှဖြစ်တော့မည်ဟုတွေးလိုက်ရင်း၊ရေအိုးထဲ

မှရေတစ်ခွက်ကိုထပ်သောက်လိုက်သည်။။ထို့နောက်မှာတော့ပုဆိုးစုတ်လေးခြုံပြီး အားတင်းအိပ်လိုက်လေတော့သည်။။။








"အမကြီးရယ်သားထမင်းမစားရတာ၃ရက်လောက်ရှိပါပြီ။။သားနေလဲမကောင်းလို့

သားကိုထမင်းဖိုးလေးစွန့်ကြဲပါဗျာ။။။"
မောင်ဦးအသံယဲ့ယဲ့လေးဖြင့်ပြောရင်းဝတ်ကောင်းစားလှများဝတ်ထားသောအကိုကြီး
နှင့်အမကြီးစုံတွဲနားသို့ကပ်ပြီးတောင်းလိုက်မိသည်။။အကိုကြီးကသူ့ကိုတွန်းထုတ်

လိုက်ပြီးသွားသွားဟုသူ့ကိုမောင်းထုတ်သည်။ပြီးတော့စားလက်စနန်းကြီးခေါက်ဆွဲ
သုတ်ကိုဆက်ပြီးစားနေ၏။မောင်ဦးဆာလောင်မှုနှင့်အတူဝမ်းနည်းမှုပါပေါင်းပြီးမျက်
ရည်တို့ဝေ့သီလာသည်။ပြီးမှထပ်ကပ်သွားပြီး
"အကိုကြီးရယ်သားတကယ်ဘာမှမစားရသေးလို့ပါသားကိုထမင်းဖိုးလေးစွန့်ကြဲပါ
အကိုကြီးရယ်။။"


လက်အုပ်လေးချီပြီးတောင်းနေသောသူ့ကိုထိုအကိုကြီးကဒါသမျက်နှာဖြင့်လှည့်
ကြည့်လာပြီးသူ့ရင်ဘတ်သို့အားပြင်းပြင်းဖြင့်ဆောင့်တွန်းပစ်လိုက်သည်။။သူ
ထိတ်လန့်သွားပြီးကြောင်တောင်တောင်ကြည့်နေစဉ်မှာပင်
"ဟေ့စားပွဲထိုးတွေမင်းတို့ဆိုင်ကဘာလဲစားသုံးသူကိုဒီတိုင်းထားရလားသူတောင်း
စားတွေဆိုင်ထဲအဝင်ခံရလား။။။ခုလာမောင်းထုတ်စမ်း။။"
ဟုအသံကျယ်ကြီးဖြင့်အော်ပြောသံကြားလိုက်ရသည်။စားပွဲထိုးများအပြေးရောက်
လာတာတွေ့လိုက်ရသည်။။
"အလကားကောင်တွေမိမစစ်၊ဖမစစ်နဲ့မွေးချင်သလိုမွေးပြီးမိဘကလုပ်မကျွေးနိုင်
တော့တောင်းစားတဲ့အတတ်ကိုသင်ပေးထားတယ်ပေါ့ဟုတ်လား။။။ဟေ့ကောင်လေး
ပြောစမ်းမင်းကိုဘယ်သူကခိုင်းတာလဲ။မင်းတောင်းလို့ရသမျှကိုဘယ်သူ့ဆီပြန်
အပ်ရတာလဲ။။။ဟေ့ကောင် မေးနေတယ်လေ။။။"
မောင်ဦးကြောက်လွန်းသဖြင့်တုန်နေလေပြီ၊ ဘေးမှအမကြီးက
"ကိုရယ်မပေးချင်လဲမပေးဘူးပဲပြောလိုက်ပြီးနေတာကိုအလကားဒေါသထွက်နေ
တယ်။ခဗျာလည်းကြောက်လွန်းလို့တုန်နေရှာပြီ။။သွားတော့ကောင်လေး၊ရော့ရော့။။"
ဟုပြောပြီးငါးဆယ်တန်အနွမ်းလေးကိုကမ်းပေးသည်။။။အကိုကြီးကချက်ချင်းပင်ထို
အမကြီး၏လက်ကိုပုတ်ချပြီး
"ခင်ဘာလို့အဆိပ်ပင်ရေလောင်းလုပ်နေရတာလဲ။။မပေးနဲ့ဒီကောင်တွေနောက်မှာ ကြိုးကိုင်တဲ့သူရှိတယ်၊သူတောင်းစားလုပ်တာတောင်မှလုပ်ငန်းကြီးတစ်ခုလိုလုပ်နေ
ကြတာ လုံးဝမပေးနဲ့။။။"
အမကြီးကလည်းလွန်ဆန်နိုင်ပုံမရ။။မောင်ဦးရှင်းပြဖို့ကြိုးစားချင်ပေမယ့်အသံက
ထွက်မလာ။မျက်ရည်တွေသာပါးပြင်ပေါ်စီးကျလာ၏။။။မောင်းထုတ်လိုက်စမ်းကွာ
ဆိုသောအသံဆိုးကြီးအောက်မှာသူ့ခံနိုင်ရည်စွမ်းတို့ပျောက်ရှခဲ့လေပြီ။။။ထိုနေရာ
မှအမြန်ဆုံးပျောက်ကွယ်သွားချင်စိတ်ဖြင့်သူပြေးထွက်လာခဲ့လိုက်တော့သည်။။
"ကျွီးးးးးးးးးးးးးးး"
"ဟကောင်လေးမသာပေါ်ချင်လို့လား..=+-x//***xx==။။။မင်းသေတာကအရေး
မကြီးဘူး ငါထောင်ကျမှာ နားလည်လား။။။"
မကြည့်ပဲဖြတ်ကူးမိသဖြင့်မောင်းဝင်လာသောကားကိုမမြင်မိလိုက်။။။ဘရိတ်ကို
အချိန်မှီအုပ်နိုင်သဖြင့်မတိုက်မိပေမယ့်အရှိန်၂ခုပေါင်းနဲ့မို့သူဘေးကိုလွှင့်ထွက်
သွားတာပါ။။ဒူးခေါင်းဆီမှသွေးများစီးကျလာသည်။။။နာကျင်မှုကြောင့်မျက်ရည်
များစီးကျလာပေမယ့်၊မင်းသေတာကအကြောင်းမဟုတ်ဘူးဆိုတဲ့ကားဆရာရဲ့
စကားမှာသူ့စကားတွေထပ်မံဆွံ့အခဲ့ရပြန်လေပြီ။။နာကျင်မှုကိုအံတုရင်းသူထော့
နင်းထော့နင်းနှင့်ပင်တဲထဲသို့ပြန်ရောက်လာခဲ့သည်။။။ဘာကိုမှလုပ်ချင်စိတ်မရှိ
တော့၊လုပ်နိုင်စွမ်းလည်းမရှိတော့၊လုပ်ဖို့ခွန်အားလည်းမကျန်တော့ပဲတဲလေး
အတွင်းလဲကျသွားလေတော့သည်။။။။။












"အမေသားကိုလာခေါ်တာလားဟင်။။သားလိုက်မယ်အမေ။။ဟင့်အင်းသားမနေ
ချင်တော့ပါဘူးအမေရယ်။။သားအမေနဲ့ပဲလိုက်ခဲ့တော့မယ်နော်။သားလေအမေ
သွားတည်းကထမင်းမစားရသေးတာအမေရ။ဒီနေ့ဆို၅ရက်လောက်ရှိပြီ။သားမှာ
အားလည်းမရှိတော့ဘူးအမေ။အမှိုက်လည်းမရှာနိုင်တော့ဘူး။တောင်းစားတော့
လည်းသားကိုဘယ်သူမှမသထာကြဘူး။။။ပြီးတော့ပြောကြသေးတယ်အမေသား
သေတာကအရေးမကြီးဘူးသူထောင်ကျလိမ့်မယ်တဲ့။။အမေရေ..သားတို့လူတန်း
စားရဲ့အသက်ကလည်းတခြားသောလူတန်းစားတွေနဲ့မတူပြန်ဘူးလားအမေရယ်။
သားအမေနဲ့ပဲလိုက်ခဲ့တော့မယ်နော်။။။"









ဒူးခေါင်းဆီမှဒဏ်ရာအရှိန်၊အစာရေစာငတ်မွတ်ခြင်းကြောင့်အားအင်ကုန်ခမ်းနေမှု၊
အနာရှိန်နှင့်တက်လာသောအဖျားအကြောင်းတရားတွေပေါင်းစုမှုရဲ့အကျိုးက
နောက်တစ်နေ့နံနက်ချိန်မှာကျော်ကျော်ဦးဆိုတဲ့မောင်ဦးတစ်ယောက်လူ့လောက

အလယ်ကကွယ်ပျောက်ခဲ့ရတာပဲဖြစ်လေတော့သည်။။။




လေးစားလျက်
အလင်းသစ်
4.4.2011