ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, June 4, 2011

သိခဲ့ဖူးတဲ့ ခက်ခက်မာ


"အဟွတ်..အဟွတ်..သမီးလေး ခက်မာ ကွမ်းရွက်ပြုတ်ရည်လေး ပေးစမ်းပါကွယ်။။ အမေဖြင့် နေရခက်လိုက်တာနော်။။"
ချောင်းတဟွတ်ဟွတ် ဆိုးနေသော မိခင်ကို ကြည့်ပြီး ခက်ခက်မာ မျက်ရည်ဝဲလာမိသည်။။ တစ်နေ့တစ်နေ့ စားဖို့အတွက်တောင် အလျင်မီဖို့ ကြိုးစားနေရတဲ့ ဘဝမို့ ဆေးကောင်း ဝါးကောင်းဆိုတာ အမေနဲ့ မဆိုင်သလိုလို။။ ဆေးမြီးတိုလေးတွေနှင့် သက်သာလိုက် ပြန်ဖြစ်လိုက်နှင့် အမေ့ကိုလည်း သနားလှပါပြီ။။ အတွေးတွေနှင့် သက်ပြင်းမောကို ချလိုက်အပြီးမှာတော့ အလုပ်သွားဖို့ကို ခက်ခက်မာ သတိရလိုက်သည်။။
ထို့ကြောင့် အမေ့ဘေးသို့ ကွမ်းရွက်ပြုတ်ရည် ခွက်လေး ပေးလိုက်ပြီး
"အမေ..ထမင်းရော ဟင်းရော ချက်ထားခဲ့ပြီနော်။။ နေ့လည်စာ သေချာစားဦး။။ ညနေစာလဲ အမေ မနေသာရင် ချက်မနေနဲ့။။ သမီးပြန်လာမှ ချက်မယ်နော်။။ သမီး အလုပ်သွားလိုက်ဦးမယ်"
အပြောနှင့်အတူ အိမ်ထဲမှ လှမ်းအထွက် ခြေထောက်က ခေါက်ပြီး ရှေ့သို့ ဟပ်ထိုးလဲကျသွားသည်။။ အမေ့ရဲ့ ဟဲ့..မကြီးမငယ်နဲ့ ဘယ်လိုဖြစ်ရတာလဲ။။ ငါ့သမီးလေး ဘေးမသီ ရန်မခပါစေနဲ့။။ ခရီးလမ်းပန်း သာယာပါစေ ဟူသော ဆုတောင်း စကားသံများကို ကြားလိုက်ရသည်။။ ခက်ခက်မာ နာကျင်မှုကို ဂရုမထားနိုင်ပဲ ဖယ်ရီမှီဖို့ အပြေးတပိုင်းနှင့် ထွက်လာခဲ့လိုက်တော့၏။။ သူမက အထည်ချုပ် စက်ရုံတစ်ခုမှ သာမာန် အလုပ်သမတစ်ဦးလေ။။။

###############

ခက်ခက်မာ တစ်ယောက် အလုပ်ထဲမှာလည်း အဆင်မပြေ။။ အလွဲလွဲ အချော်ချော် ဖြစ်နေ၏။။ မနက် အိမ်ကထွက်ကတည်းက အဆင်မပြေမှုတွေက အဆုံးမသတ်နိုင်သေး။။ စိတ်တွေလေးနေရသည့်ထဲ သူမတို့ စက်တန်းမှ စူပါဗိုက်ဆာက အိုဗာတိုင်း ဆင်းရန်ခေါ်ထားရာ ခက်ခက်မာ ငိုချင်စိတ်ပင် ပေါက်လာသည်။။ တခြား အတူပြန်မည့် အဖော်များ ရှိသလားကလည်း မသေချာ။။ မဆင်းချင်ပေမယ့် ဒီအလုပ်လေး ပြုတ်လို့ မဖြစ်သဖြင့် မငြင်းရဲပဲ ငိုမဲ့မဲ့ဖြင့် အချိန်ပိုဆင်းလိုက်ရသည်။။။ အချိန်ပို ဆင်းပြီး အိမ်အပြန် ဖယ်ရီပေါ်မှ ခက်ခက်မာ တစ်ယောက်တည်း ဆင်းလာခဲ့သည်။။ သူမတို့ ရပ်ကွက်ထဲမှ အဖော်တွေ တစ်ယောက်မှ မပါခဲ့။။ သူမတို့ရပ်ကွက်ကို ရောက်ဖို့က ကားလမ်းမှ အနည်းငယ် လှမ်းသေးတာမို့ ခက်ခက်မာ သုတ်သုတ်လေး လျောက်သွားလိုက်၏။။။ ကံဆိုးမ သွားရာ မိုးကလိုက်လို့ ရွာလေပြီလား။။ အားငယ်စိတ်ဖြင့် အပြေးတပိုင်း သွားနေသော မိန်းမသားတစ်ယောက်ကို မူးရူးရမ်းကားနေသော လူတစ်သိုက်က အမှောင်ရိပ်မှာ စောင့်ကြိုလို့နေခဲ့လေပြီ။။ မူးယစ်နေသော လူတစ်သိုက်၏ အသိစိတ်ပျောက် မိုက်မဲမှုကို အမှောင်ထုနှင့် လူသူကင်းပြတ်ချိန်တို့က ပံပိုးလို့နေပြီမို့ အပြစ်မဲ့ ပန်းတစ်ပွင့် နွမ်းရင့်လို့ကြွေဆင်း ပျက်စီးခြင်းသို့ ရောက်ရလေတော့၏။။ ကျောခိုင်းထွက်သွားသော ရယ်မောသံတွေ နောက်မှာ ခက်ခက်မာ ဖိနပ်ပင်မပါပဲ အိမ်ကိုအရောက် ပြေးထွက်လာခဲ့သည်။။ အမေ့ရဲ့ အထိတ်တလန့် မေးမြန်းသံများ အတွက်တော့ သူမထံမှာ အဖြေမရှိခဲ့။။။ အရှက်တရား၊ အကြောက်တရားတို့ အောက်မှာ သူမဘာကို ပြောထွက်နိုင်တော့မှာလဲလေ။။။ ဘဝရဲ့ အတိုက်အခိုက်တွေ အောက်မှာမို့ ရွေးဖို့လမ်း မရှိစွာ ပုံမှန်ဆန်သော နေ့ရက်တွေကို ဖြတ်သန်းနေရပေမယ့် သူမစိတ်ထဲတော့ ဒဏ်ရာနက်နက်တစ်ခုက စွန်းထင်းခဲ့ပြီမို့ ပျော်ရွှင်ခြင်းတို့ ပျောက်ဆုံးခဲ့ရချေပြီတည်း။။။

#############

ခက်ခက်မာတစ်ယောက် ကိုယ်လက်မအီမသာနှင့် အော့အန်ချင်နေသည်။။ တနင်္ဂနွေ အလုပ်ပိတ်ရက်မို့ အဝတ်တွေလျော်ပြီး တလက်စတည်း ပန်းကန်ခွက်ယောက်များ ဆေးကြောလိုက်၏။။ အားလုံးအပြီးမှာ မီးဖိုထဲမှ လှမ်းအထွက် ခေါင်းထဲ ရိပ်ခနဲ မူးသွားပြီး လဲကျသွားသည်။။ အမေ့ရဲ့ အကူညီတောင်းသံကြောင့် ဘေးအိမ်များမှ ရောက်လာကြပြီး သူမကို ပြုစုပေးကြ၏။။ သူမလက်ကို ကိုင်ပြီး သွေးခုန်နှုန်း စမ်းကြည့်နေသော ဘေးအိမ်မှ သားဖွားဆရာမ ဒေါ်လေးငွေ၏မျက်နှာက ကွက်ခနဲ ပျက်သွားတာ တွေ့လိုက်ရသည်။။။ ခဏနေတော့ ဒေါ်လေးငွေက အမေ့ကို လက်ကုတ်ခေါ်သွားသည်။။ အားလုံးပြန်သွား ချိန်မှာတော့ အမေ့ရဲ့ ဒေါသမျက်နှာနှင့် အသံကို ခက်ခက်မာ ကြားလိုက်ရသည်။။။
"မိခက်မာ..ညည်းလော်လီလှချည်လား။။ ပြောစမ်း..ဒါဘယ်သူနဲ့ရတာလဲ။။"
"ရှင်။။"
ခက်ခက်မာ အာမေဋိတ်သံနှင့်အတူ လိပ်ပြာလွင့်စင်မတတ် လန့်သွားသည်။။ အမေ့စကား အသွားအလာအရ သူမဆီမှာ ကိုယ်ဝန်..ကိုယ်ဝန် ။။ ခက်ခက်မာ သွေးပျက်ဖွယ် အမှောင်ည တစ်ခုကို ပြေးမြင်လိုက်မိ၏။။ ဒုက္ခတွေသည် သူမထံသို့ အစုလိုက် အပြုံလိုက် အဖော်အပေါင်းနှင့်ကို ရောက်လာခဲ့တာပါလား။။ အဆုံးမသတ်နိုင်သေးသော ကံဆိုးခြင်းတွေထဲမှာ မျက်ရည်တွေက လွဲလို့ သူမဘာကို အဖော်ပြုနိုင်မှာပါလဲ။။ အမေ့ရဲ့ အမေးစကားအတွက် သူမထံမှာ အဖြေက ရှားပါးခဲ့လေပြီ။။။မျက်ရည်စက်လက်နဲ့ ပြောပြခဲ့တဲ့ သမီးဖြစ်သူရဲ့ ဘဝပျက် ငရဲခန်း အမှောင်ည တစ်ခုအကြောင်းကို သိရချိန်မှာတော့ မျက်ရည်များနှင့် အမေလည်း နှစ်သိမ့်စကားတို့ မဲ့ခဲ့ရပြီတည်း။။။။
ခက်ခက်မာရဲ့ ဘဝနေ့ရက်တွေက ငရဲခန်းဆန်ခဲ့ပြီလေ။။ ထိုနေ့ကစ ပတ်ဝန်းကျင် တံတွေးခွက်ထဲ မျောရင်း၊ အသက်ရှင်ခြင်းမှ ရပ်တန့်ချင်သည်ထိ စိတ်ညစ်ညူးခဲ့ရ၏။။ မေးငေါ့ စောင်းချိတ် ပြောနေကြသော အတင်းစကား မျိုးစုံကို ခံနိုင်ရည် မဲ့စွာဖြင့် အမေက သူမကို လူ့လောကထဲ တစ်ယောက်တည်း ထားရစ်ကာ ထွက်ခွာသွားပြန်သည်။။ အရူးမီးဝိုင်းသလို ခံစားချက်တွေ အပြည့်ဖြင့် ခက်ခက်မာ တံတွေးခွက်ထဲ ဆက်လက် ကူးခတ်နေဆဲ။။။

#############

ခက်ခက်မာ အလုပ်မသွားနိုင်တာ ကြာခဲ့လေပြီ။။။ သူမကိုယ်ခန္ဓာကလည်း စိတ်ထောင်းလို့ ကိုယ်ကျေ သိသိသာသာကို ပိန်ကျ သွားခဲ့တာဖြစ်သည်။။ လရင့်လာသည့် ကိုယ်ဝန်ကြောင့် အပြင်ကိုလည်း သိပ်မထွက်ဖြစ်တော့။။။ ပတ်ဝန်းကျင်ကလည်း သူမကို ဝိုင်းကျဉ်ထားတာ ကြာခဲ့ပြီ။။ ငွေမရှိမျက်နှာမွဲမို့ သူမဘက်မှာ ဘယ်သူမှမရှိခဲ့။။ ကိုယ့်အပြစ်မဟုတ်သော အပြစ်တစ်ခုအတွက် သူမရရှိသော ဒဏ်ခတ်မှုတွေက ကြီးမားလွန်းလှပါလား။။ နောက်ဆုံးမှာတော့ ထိုပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲစွာ ခက်ခက်မာ ပိုင်ဆိုင်သမျှကို ရောင်းချပြီး ဝေးရာသို့ ပြေးထွက်ခဲ့ရတော့သည်။။။
ပတ်ဝန်းကျင် အသစ်မှာတော့ စူးစမ်းတဲ့ မျက်ဝန်းတွေကလွဲပြီး သူမအတွက် ထိုးနှက်ချက်တို့ မရှိတော့။။ ခက်ခက်မာ ကြုံရာ ကျပန်းအလုပ်ကို လုပ်ရင်း မိခင်စိတ်ကို မွေးဖွားကာ ရင်သွေးကို မွေးဖို့ပြင်ဆင်နေမိသည်။။ ဖျက်ဆီးပစ်ဖို့ အကြိမ်ကြိမ် တွေးမိ ခဲ့ပေမယ့် မိန်းမသားဆန်သော သူမနှလုံးသားက ငြင်းဆန်ခဲ့သည်။။ မလုပ်ရက်ခဲ့။။ နောက်ဆုံးတော့ သူမ ကလေးကို မွေးရန် ဆုံးဖြတ်ခဲ့၏။။ အမေထားရစ်ခဲ့သော ပိုင်ဆိုင်သမျှကို ရောင်းရငွေများက မီးဖွားနေစဉ်ကာလအတွက် လောက်ငပေလိမ့်မည်။။။ ခက်ခက်မာ မမြင်ရသေးသော ရင်သွေးငယ်အတွက် မပြတ်သော အားတွေနှင့် နေ့ရက်တွေကို ရှေ့ဆက်နေဆဲမှာပင်။။။
ပုံမှန်မဟုတ်သော ကျန်းမာရေး၊ အလိုလို မောလာတတ်ခြင်း၊ မကြာခဏ မူးဝေနေတတ်သော ဦးခေါင်းတို့ကြောင့် ခက်ခက်မာ ဆေးခန်းသို့ သွားခဲ့၏။။ ဆရာဝန်က ဆေးစစ်ကြည့်ရန် ပြောသဖြင့် ဆေးစစ်၊သွေးစစ် ခဲ့လိုက်ပြီးပြန်လာခဲ့သည်။။ စိတ်ထဲမှာတော့ ကြီးကြီးမားမား စိုးထိတ်မှုမရှိခဲ့။။ သို့သော်လည်း ခက်ခက်မာ၏ ဘဝသည် ကံဆိုးဖို့အတွက်များ ဖန်တီးလိုက် လေသလား ထင်ရလောက်အောင် ကံဆိုးခြင်းများက ဆက်တိုက်ကို လိုက်လာခဲ့၏။။ ဆေးစစ်ချက် ထွက်လာခဲ့တာက သူမဆီမှာ HIV(positive) ဟုပြဆိုနေသည်တဲ့လေ။။။ ခက်ခက်မာ မျက်ရည်ဖြိုင်ဖြိုင် မဆည်နိုင်အောင် ကျရပြန်လေပြီ။။ ဒီပတ်ဝန်းကျင်မှာရော သူမဘယ်လို ဘဝကို ရင်ဆိုင်ရဦးမည်လဲ။။ ခက်ခက်မာ အသက်ရှူခြင်းများက အလေးချိန် တန်များစွာဖြင့် ဖိထားသလို လေးလံခဲ့ရပြန်လေပြီတည်း။။။

#############

သူမဆီမှာ ကုသလို့မရသော ရောဂါကြီး ရှိနေသည်ဟု သိလိုက်ရပြီး နောက်မှာတော့ ပတ်ဝန်းကျင် အသစ်သည်လည်း သူမကို ဖယ်ခွာပြန်လေပြီ။။ သူမထိမိ၊ ကိုင်မိသော ဘယ်ပစ္စည်းကိုမှ မထိ မကိုင်ကြတော့။။ သူမနှင့် ထိမိမည်ကို မလိုလားကြတော့။။။ သူမထံပါး ဝင်ထွက်သွားလာ လည်ပတ်မှုများလည်း မရှိကြတော့။။။ ယုတ်ဆွအဆုံး သူမရောက်စက ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ကြသော ဘေးအိမ်မှပင် သူမနှင့် အဆက်ဆံ မလုပ်ချင်တော့။။ ထိုရောဂါ ဖြစ်ပြီဟု သိလိုက်ကတည်းက ခက်ခက်မာ ထိုရောဂါနှင့် ပက်သက်သော စာအုပ်များဖတ်မှတ် လေ့လာခဲ့၏။။ သူမ သိရသလောက် ထိုရောဂါသည် အသားချင်းထိမိရုံ၊ ပစ္စည်းကို အတူတူသုံးရုံ၊ အစားအစာကို အတူတူ စားရုံနှင့် ကူးစက်တတ်သော ရောဂါမဟုတ်။။ ထိုအကြောင်းများကို ပြောပြ ခဲ့ပေမယ့် မည်သူကမျှ သူမကို အဖက်မလုပ်ကြတော့။။။ ခုခံအား ကျဆင်းမှုရောဂါကို ဆင်းရဲစွာ အပယ်ခံ ဘဝဖြင့် ခံစားနေရသည့် ခက်ခက်မာအတွက် ရောဂါ၏ ဖိစီးမှုသည် သာမာန်ထက် ပိုခဲ့လေတော့သည်။။။ စိတ်ဓာတ်တို့သည်လည်း ဗုံးဗုံးလဲပြီမို့ သူမကိုယ် ခန္ဓာက တစ်နေ့ထက် တစ်နေ့ ပိုပိုချိနဲ့ လာခဲ့၏။။ ဗိုက်ထဲမှ ကလေးငယ်ကရော။။။ သူမတောင် ဒီရောဂါဆိုးကို ခံစားနေရပြီ ဆိုမှတော့ ကလေးသည်လည်း ထို့နည်းတူတူပင် ဖြစ်ပေလိမ့်မည်။။ ကလေးကို မွေးထုတ်ခြင်းသည် သူ့ကို သက်သက် ဒုက္ခခံဖို့ လူဖြစ်ခွင့်ပေးသလို ဖြစ်တော့မည်။။ ထို့ထက် သူမကရော ကလေးကို မွေးဖွားပေးနိုင်ပါဦးမလား။။။ ကလေးကို မမွေးနိုင်ခင်မှာပင် သူမဒီခန္ဓာကို စွန့်ခွာသွားရနိုင်တာလေ။။။ ခက်ခက်မာ မျက်ရည်တွေတွေ စီးကျရင်း ရှိုက်ငင်ခြင်းတို့ အဆက်မပြတ်တော့။။။။။

##################


ဘဝထွေထွေတွေထဲ ဝဲကန်တော့လိုလှည့်လည်
နစ်ချည်တစ်ခါ မြုပ်ချည်တစ်လှည့်မို့
ကျုပ် ဘယ်တော့မှ
ပေါ်ခွင့်ရမလဲ လောကကြီးရယ်။။။
မိခက်မာ အသက်နဲ့တလျောက်လုံး
မဟုတ်တာဆို ဟာသအမှတ်နဲ့တောင်မလုပ်ခဲ့
ဘာ့အတွက်များ
ဒီလောက်ထိ ရက်စက်ခဲ့တာလဲ။။။
ရင်အသည်းတွေ ကွဲကြေစမ်းပါစေ
ကျေနပ်ပါတယ်
ကျုပ်တစ်ယောက်သေရုံနဲ့
လုံလောက်သင့်ပါရဲ့ကွယ်
ဘာကြောင့်များ လူမမယ်ကျုပ်ရင်သွေးကိုတောင်
အလွတ်မပေးတာပါလဲ။။။
ဘယ်ဝဋ်ကြွေးကြောင့်များ အဲဒီရောဂါသွေးကို
ကျုပ်ကိုယ်ထဲ စီးဆင်းစေခဲ့တာလဲ
မညှာတာရက်စက်တတ်တဲ့လောကဓံနဲ့
လူလူချင်းဝိုင်းကျဉ်တတ်တဲ့
ပတ်ဝန်းကျင်ရဲ့ကြားမှာ
မိခက်မာ ဘယ်နားမှာနေရမှာလဲကွယ်။။။
လောကကြီးရယ်...
ကျုပ်မှာဝဋ်ရှိခဲ့ရင်တောင်
ကျုပ်ကလေးကိုတော့ အပြစ်မပေးပါနဲ့
မြေနိမ့်ရာသာ လှံစိုက်တတ်တယ်ဆိုရင်
ကျုပ်ရင်ဘတ်ကိုပဲ
ထိုးစိုက်လိုက်ပါ ရက်စက်ခြင်းလှံတံတွေရေ
ကံဆိုးမ မိခက်မာ
မိုးလိုက်ရွာလို့လည်း မနာကျင်တတ်တော့ပါဘူးကွယ်။။။
ကံဆိုးမရဲ့ရင်မှာမှ မှီတွယ်မိတဲ့ရင်သွေး
မင်းလေးလည်းကံဆိုးပါတယ်ကွယ်
နောက်ထပ်ဘဝတွေသာ
လူအဖြစ်ကိုမင်းရမယ်ဆိုရင် မိခက်မာလို
ကံဆိုးမနဲ့ ကင်းဝေးရပါစေတော့
ဒီဘဝမှာတော့ မိခက်မာမကယ်နိုင်တဲ့ရင်သွေး
ကလေးလေးရေ
မိခက်မာကိုသာ ခွင့်လွှတ်ပါတော့။။။။


ရောဂါရဲ့ဖိစီး နှိပ်စက်မှုဒဏ်ကြောင့် ရင်သွေးရဲ့ မျက်နှာကို မမြင်ရခင်မှာပဲ ခက်ခက်မာလည်း ခန္ဓာကိုယ်ကို စွန့်ခွာခဲ့ရတော့၏။။။ ဘဝတစ်သက်တာ ကံဆိုးခြင်းတွေနှင့်သာ လက်ပွန်းတတီးနေခဲ့ရသော ခက်ခက်မာတစ်ယောက် နောက်ဘဝတွေဆိုတာသာ ရှိခဲ့ပါလျှင်တော့။။။။။




လေးစားလျက်
အလင်းသစ်







6 comments:

  1. ဒီလို ကြမ်းတမ်းတဲ့ ဘ၀တွေကို ကြားရတာ စိတ်မကောင်းဘူး
    ခက်ခက်မာ လို မိန်းခလေးတွေ တော်တော်များများ ရှိလိမ့်မယ် ထင်ပါတယ်

    ReplyDelete
  2. ဒီလိုဘ၀မျိုးတွေလဲရှိတာပဲနော်....
    ဖတ်ပြီးတော့နဲနဲမောသွားတယ်
    နောက်ထပ်ဘယ်လောက်များရှိသေးလဲမသိဘူး။

    ReplyDelete
  3. ဘဝရဲ့အဆင်မပြေမှုတွေဆီက တောက်လောင်သွားတဲ့ လောကငရဲတွေ မရှိစေချင်တော့ပါဘူး။

    ReplyDelete
  4. ရင်ထဲမှာ ကျန်တယ် ဘာမှန်းမသိပဲ စူးစူးနင့်နင့်ပဲ..
    မိုက်တယ်လင်းသစ်ရေ အားပေးနေပါတယ်လို့..
    ခင်တဲ့ ..

    ReplyDelete
  5. ကံဆိုးမသွားရာ မိုးလိုက်လို့ရွာပါပဲ။ တကယ်သနားဖို့ကောင်းတယ်။

    ခင်မင်လေးစားလျက်

    ReplyDelete
  6. ပထမဆုံးအကြိမ်.. လာရောက် အားပေးဖတ်ရှုသွားပါကြောင်း..

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။