ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, July 29, 2012

ညတက္ကစီ




မဟူရာရောင်တချို့ သွန်းပက်
ဟော..ဟော
အနက်ရောင်တွေ ရွှန်းလက်လာပြီ။။

ပယင်းရောင်အဆိပ်ရည်နဲ့
အိပ်ငွေ့ချခံရတဲ့ ဦးနှောက်တချို့
ရို့ရို့လေးကပ်လာ
အင်း...ငှက်ရှာကြဦးမယ်ထင်ပ။။

Monday, July 23, 2012

အိပ်မက်လမ်း



အဲဒီ ပန်းခင်းလမ်းကိုလျောက်နေဆဲမှာ
ဖျတ်ခနဲ နိုးလာတိုင်း
ကိုယ့်ရင် ဘယ်ဘက်တံတိုင်းမှာ သူပုန်ထတယ်။။

ဖြစ်နိုင်ရင်...
မျှော်လင့်ခြင်းတစ်သိုက်ကို အလိုက်ပေးမယ်
အဲဒီအိပ်မက်လေး ဝယ်ချင်တယ်ကွယ်။။

Saturday, July 21, 2012

ကိုယ့်မှာတမ်း




ပြောမရ ဆိုမရ 
ငါ့ရဲ့ဧဝလက်သစ်လေးရေ
ငါသာ အာဒမ်ဆိုရင် နင်လူဖြစ်ဖို့
နံရိုးတစ်ချောင်း အဆုံးမခံဘူးကွယ့်။။

Sunday, July 15, 2012

စိန့်ပီတာစဘတ်(သို့) လီနင်ဂရက်မြို့သို့အလည်တစ်ခေါက် -(၂)

တစ်နေ့ခင်းလုံး ခြေကုန်၊လက်ပမ်းကျသည်အထိ လည်ပတ်ပြီးနောက် လိုက်ပို့သည့် သူငယ်ချင်းများရော ကျွန်တော်တို့ပါ ပင်ပန်းလှပြီဖြစ်၍ အဆောင်သို့ပြန်ကာ အနားယူလိုက်ကြသည်။။ ထို့နောက် ည(၂)နာရီခွဲ အချိန်တွင် ပြုလုပ်မည့် "အဖြူရောင်ညများ" ပွဲတော်ဖွင့်ပွဲသို့ သွားရောက်ရန် အဆောင်မှ ည (၁၁) နာရီခန့်တွင် ထွက်လာခဲ့ကြ၏။။ ကျွန်တော်တို့ ကံမကောင်းတာလား (သို့တည်းမဟုတ်) ပီတာစဘတ်သားများ မိုးမင်းနှင့်မတည့်လေသလားမသိ မိုးကတဖွဲဖွဲ ရွာချနေ၏။။ ကြုံရခဲသည့် ပွဲတော်မို့သာ သွားရသည် ထီးတွေနှင့်မို့ သိပ်အဆင်မပြေလှ။။ မိုးတဖွဲဖွဲအောက်မှာ ကားရထား တစ်တန်၊ မြေအောက်ရထားတစ်တန်နှင့် ဖွင့်ပွဲကျင်းပမည့် ညက်ဘာမြစ်ကမ်းဘေးဆီသို့ ထွက်ခွာလာ ခဲ့ကြသည်။။ ရောက်သည်နှင့် တံတားကိုအလယ်မှချိုးပြီး ရွက်လှေအနီကြီး ထွက်လာသည်ကို သေချာစွာ ကြည့်နိုင်မည့် နေရာအားရွေးကာ နေရာဦးလိုက်ကြ၏။။ မိုးရွာကြီးထဲ အားထည့်ပြီး လာကြည့်ခါမှ ကံကထပ်မကောင်း။။ ရွေးထားသည့်နေရာနှင့် ရွက်လှေနီကြီးထွက်လာပြီး မီးရှူး၊မီးပန်းများ ပစ်ဖောက်မည့် နေရာက တခြားစီဖြစ်နေသည်။။ ထို့ကြောင့်ပင် မြန်မာစကားပုံ "ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ" ဆိုတာကြီး ရှိခဲ့လေသလားမသိ။။။ :D သို့ပေသိ တစ်နှစ်မှာ တစ်ခါသာနွှဲရသည့် ပွဲပေမို့ ပီတာစဘတ်မြို့ခံများသာမက ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များပါ လာရောက်ကြသည်မို့ ညက်ဘာမြစ်ကမ်း တစ်ဖက်စီမှာတော့ လူတွေက ကြိတ်ကြိတ်တိုး စည်ကားလှ၏။။

Wednesday, July 11, 2012

စိန့်ပီတာစဘတ်မြို့ (သို့) လီနင်ဂရက်မြို့သို့ အလည်တစ်ခေါက် - (၁)

"မြန်မာမှန် ပုဂံရောက်ဖူးမှ" ဟူ၍ဆိုရိုးရှိသည်နှင့်အညီ ကျွန်တော်တို့ မြန်မာလူမျိုးများအားလုံး ပုဂံမြို့ကို ချစ်မြတ်နိုးစွာ တန်ဖိုးထားခဲ့ကြသည်။။ ထို့အတူပင် ရုရှားနိုင်ငံတွင်လည်း  စိန့်ပီတာစဘတ်မြို့ကို ရောက်ပြီးမှသာ ရုရှားနိုင်ငံသို့ ရောက်ခဲ့သည်ဟု ဆိုနိုင်ကြောင်း လူပြော၊သူပြောဖြင့် မှတ်သားရဖူး၏။။ ထို့ကြောင့်ပင် စိန့်ပီတာစဘတ်မြို့ဆီသို့ အလည်သွားရောက်ရန် ကျွန်တော် စိတ်ဆန္ဒပြင်းပြခဲ့ရသည်။။ အကြောင်းမတိုက်ဆိုင်သဖြင့် အရင်နှစ်များက မသွားဖြစ်ခဲ့။။ ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင်တော့ မဖြစ်မနေကို သွားရောက်ခဲ့သည်။။ မသွား၍လည်း မဖြစ်တော့။။ စိန့်ပီတာစဘတ်မြို့ ရေကြောင်း တက္ကသိုလ်တွင် တက်ရောက်နေသည့် သူငယ်ချင်းများက သင်တန်းပြီးဆုံးပြီမို့ ပြန်ကြပေတော့မည်။။ သူတို့ပြန်သွားပြီးမှ အလည်သွားခဲ့လျှင် စားရေး၊ နေရေး၊ လိုက်ပို့ပေးမည့်သူမရှိသည့် အရေးများဖြင့် အခက်ကြုံရပေလိမ့်မည်လေ။။ ထို့ကြောင့်ပင် သူငယ်ချင်း(၃)ယောက် ဇွန်လ (၁၈)ရက်နေ့တွင် ရထားလက်မှတ် ဖြတ်ရန်ဘူတာဆီသို့ ထွက်ခဲ့ကြ၏။။
ခရီးသွားရန်ပြင်တိုင်း အဆင်မပြေတတ်သည့် ကျွန်တော့် ဇာတာအရ မော်စကိုမှ စိန့်ပီတာစဘတ်သို့ သွားမည့် ရထားများတွင် (၁၉)ရက်နေ့ ညနေ(၃)နာရီ ရထားအတွက် လက်မှတ်တစ်စောင်မှလွဲ၍ (၂၀)ရက်နေ့အထိ လက်မှတ်မရနိုင်တော့ဟု သိရ၏။။ စိန့်ပီတာစဘတ်မြို့တွင် နှစ်စဉ်ကြုံတွေ့ရသည့် "အဖြူရောင်ညများ" ဖွင့်ပွဲကို (၂၃)ရက်နေ့တွင် ကျင်းပမည်ဖြစ်သဖြင့် ခရီးသွားများ များပြားလွန်းနေခြင်း ဖြစ်သည်။။ ထို့ကြောင့်ပင် တစ်ယောက်က (၁၉)ရက်နေ့သွားနှင့်ပြီး ကျွန်တော်နှင့် နောက်တစ်ယောက်က (၂၂)ရက်နေ့ မနက်တစ်နာရီ ရထားဖြင့် မော်စကိုမြို့မှ စိန့်ပီတာစဘတ်မြို့ဆီသို့ "အဖြူရောင်ညများ" အမှီခရီးနှင်ခဲ့ကြတော့သည်။။