ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, December 12, 2011

"လေလှိုင်းပေါ်က ချစ်တဲ့သူ"


(၁)


တိုးတက်လာသည့် ခေတ်အခြေအနေ များထဲတွင် အင်တာနက်ဆိုတာလဲ ပါဝင်လာခဲ့သဖြင့် ခေတ်ရေစီးထဲမှ ခေတ်လူငယ် သက်နောင်တစ်ယောက် အင်တာနက်ချစ်သူ ဆိုတာနှင့် ကြုံတွေ့ခဲ့ရတာ ဆန်းသည်ဟု မဆိုနိုင်။။ "တိမ်လွှာနဂါး သူရဲကောင်းများ" ဆိုသည့် တရုတ်သိုင်းကားထဲမှ အိမ်မက်ချစ်သူကဲ့သို့ပင် သက်နောင်လည်း အင်တာနက်ချစ်သူ ဆိုတာကို စွဲစွဲလမ်းလမ်း ရူးသွပ်စွာ ချစ်ခဲ့ဖူး၏။။ မထင်မှတ်ပဲ ကောင်မလေးတစ်ယောက်နှင့် Gtalkမှာ ရင်းနှီးခင်မင်ခွင့် ရခဲ့တာက စခဲ့သော ဇာတ်လမ်းလေးတစ်ခု။။


သူမ Online တက်လာတတ်သော အချိန်လေးများကို မျှော်လင့်စောင့်စားရင်း၊ သူမ၏ ကလေးဆန်ဆန် အမူအရာလေးတွေထဲ မသိသားဆိုးရွားစွာ ကျဆုံးခဲ့ရင်း ရူးသွပ်စွာ နစ်ဝင်ပျော်ရွှ့င်ခဲ့သည့် သက်နောင်။။ အချစ်မှာ မျက်စိမရှိ ဆိုသကဲ့သို့ တစ်ခါတရံမှာ အရှက်ပါ ကင်းမဲ့သွားတတ် လေသလားမသိ။။ သက်နောင်တစ်ယောက် ရှက်ရကောင်းမှန်းပင် မသိတော့သည်အထိ။။

သူမလေး နာမည်က စုစု။။ ရန်ကုန်မြို့၏ ခေတ်သမီးပျိုလေး တစ်ယောက်ပီပီ သူမက ပွင့်လင်းဖော်ရွေပြီး ကလေးလေး တစ်ယောက်လို ဆိုးနွဲ့တီတာတတ်သည်။။ ထိုအချက်များကပင် သက်နောင်ကို စွဲလမ်းမှုတွေ တိုးသထက် တိုးလာစေ၏။။ Internetထဲတွင် ခင်မင်မှုများကို မမြင်မစမ်း စိုက်ပျိုးရင်း တဖြည်းဖြည်းနှင့် စုစု၏ အသံချိုချိုလေးကို ကြားခွင့်ရခဲ့လေပြီ။။ ခင်မင်မှု သံယောဇဉ်တို့က တစ်နေ့ထက်တစ်နေ့ တိုးပြီးရင်း တိုးရင်းနှင့်။။ ထိုကဲ့သို့ ဖြတ်သန်းလာရင်း တစ်နေ့ စုစုက Online တက်လာမည်ဟု ပြောထားသော အချိန်တွင် အိပ်ရေး မဝသေးပါက ခေါင်းရင်းမှ ဆင်လာအော်လျင်ပင် မနိုးသော သက်နောင်တစ်ယောက် အိပ်ယာထနောက်ကျပြီး သူမကို ချိန်းထားသည့် အချိန်ထက် ၃ နာရီခွဲကျော်ခန့် ပိုပြီးစောင့်စေခဲ့ မိလေတော့သည်။။

နိုးလာသည့် အချိန်မှာ သက်နောင် Gtalk နစ်ကို ကမန်းကတမ်း ကောက်ဖွင့်လိုက်သည်။။ "တုန်..တုန်..တုန်" ဟူသော မြည်သံတွေ စီတက်လာသည်ထိ စုစု၏ ခံပြင်းဒေါသတို့ ပေါက်ကွဲ၊ထွက်ပေါ် လာခဲ့တော့၏။။ စုစု၏ စိတ်ကောက် မူပို အသံချိုချိုသည်ပင် သက်နောင်အတွက် နတ်ဆက်သွင်းသည့် စောင်းညှင်းသံကဲ့သို့။။ စိတ်ကောက်နေသော သူမလေးကို သက်နောင် တော်တော်လေး ချော့မော့ပြောတော့မှ စုစုက နည်းနည်းစိတ်ပြေ သွားဟန်ဖြင့် ခဏငြိမ်နေသည်။။ ပြီးတော့မှ အသံတိုးတိုးလေးနှင့် ပြောလာ၏။။

"ရှင့်ကိုမြင်ဖူးချင်လိုက်တာ"

သက်နောင် အရမ်းပျော်သွားသည်။။ ဒီအခွင့်အရေးက သူအရမ်းကို မျှော်လင့် ၊တောင့်တနေ ရသည့် အခွင့်အရေးတစ်ခု မဟုတ်ပါလား။။ နှမချင်းမစာမနာ အခွင့်အရေးယူသည်ဟု စုစုက ထင်သွားမှာ စိုးရိမ်စိတ်ဖြင့် မတောင်းဆိုရဲခဲ့သည့် သူ့ရင်ထဲမှ အလိုချင်ဆုံး ဆန္ဒတစ်ခု ဖြစ်သည်။။

"စုစု ဒါဆို ကိုယ်တို့ ဗွီဇက်အိုပြောမယ်လေ"

"အဲလိုပြောရင် ရှင် ညီမကိုအထင်သေးမှာလား"

"အာ အဲလိုထင်မယ် ဆိုရင်တော့ ကိုယ်မပြောတော့ဘူးနော်။။ လူတစ်ယောက်နဲ့ တခြားတစ်ယောက် ခင်မင်ခြင်းမှာ ဘာဖြစ်လို့ မလိုအပ်တာတွေ ပါလာရတာလဲ"

စုစုအနည်းငယ် စဉ်းစားနေဟန် ပြုသည်။။ ပြီးတော့မှ

"အင်း အထင်မသေးဘူးဆိုရင် ဒီအကောင့်ကိုခေါ်လိုက်နော်။။ အဲဒါ ညီမရဲ့ VZO အကောင့်"

သက်နောင် အရမ်းကို ပျော်သွားမိသည်။။ စုစုက အထင်လွဲမှာ စိုးရိမ်စိတ်ဖြင့် မတောင်းဆိုရဲခဲ့သမျှ အခုတော့ သူမ၏ မျက်နှာချောလှလှကို မြင်တွေ့ခွင့်ရခဲ့လေပြီ။။ စုစုက အရမ်းကြီး မလှ။။ သို့သော် ချစ်စရာကောင်းလွန်းသော မျက်နှာအလှပိုင်ရှင်လေး တစ်ယောက်ဖြစ်သည်။။ သူမမျက်နှာလေးက အပြစ်ကင်းလှသလို အသံလေးကလဲ ချိုအေးအေးနှင့် မကြာခဏ စိတ်ကောက်တတ်သည့် ကလေးဆန်သူလေးဖြစ်၏။။ ထိုကဲ့သို့ အဖြူရောင်နေ့ရက်များကို နှစ်ယောက် အတူဖြတ်သန်းကြရင်း အချိန်(၆) လနီးပါး ကြာသွားခဲ့သည်။။ သူမမျက်နှာနှင့် အသံလေး၏ စိုးမိုးမှုအောက်တွင် သက်နောင် တစ်ယောက်ကတော့ ထမင်းမေ့၊ဟင်းမေ့ ယစ်မူးကျရှုံးသွား ခဲ့ရရှာပြီတည်း။။။


(၂)



စုစုက သင်တန်းတစ်ခုကို တက်ရင်း၊ အတန်းအားချိန်များတွင် Onlineသုံးသူ ဖြစ်သဖြင့် လိုအပ်သည့် စာများကို အင်တာနက်တွင် ရှာဖွေရင်း သက်နောင်နှင့် အချိန်တော်တော်များများ စကားပြောဖြစ်ကြသည်။။ သူမလေးကို အရမ်းစွဲစွဲနစ်နစ် ချစ်နေမိပြီဖြစ်ကြောင်း သက်နောင်ရင်ထဲ ဘာသာသိပေမယ့် သူမငြိုငြင်သွားမည် စိုးရိမ်စိတ်နှင့် မပြောရဲခဲ့။။ သို့သော်လည်း စုစု၏ ဟန်ပန်အမူအရာတွေက အတိုင်းအတာတစ်ခုထိ သူမရင်ထဲ သက်နောင် ဝင်ရောက်နေပြီ ဆိုတာ မပြောပဲသိစေသည်ထိ ပေါ်လွင်နေခဲ့လေပြီ။။ ကိုယ်ချစ်တာလည်း သူသိ၏။။ သူချစ်တာလည်း ကိုယ်သိ၏။။ သို့သော်လည်း သက်နောင်၏ မပြောရဲခဲ့သော စိတ်အခံကြောင့် တစ်လကျော်ခန့်ထိ အချိန်တွေ ကြာမြင့်ခဲ့ရပြန်သည်။။ တစ်လကျော်ကြာပြီး စနေနေ့လေး တစ်ခုတွင် (မှတ်မှတ်ရရ နေ့လည်နှစ်နာရီလောက်) မှာ စုစုက မေးခွန်းတစ်ချို့ မေးလာခဲ့၏။။

"ရှင်ယုံကြည်တဲ့ အချစ်ဆိုတာ ဘာလဲကိုသက်နောင်။။"

"မသိဘူးလေ"

မည်သူကမျှ ဥပဒေသဖြင့် ထုတ်ဖော်ပြခဲ့သည့် အရာမဟုတ်သဖြင့် အချစ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သက်နောင် တကယ်ကို နားမလည်တတ်ခဲ့။။ ထို့ကြောင့် အရိုးခံအတိုင်းပင် ပြန်ဖြေလိုက်သည်။။ သက်နောင်၏ အဖြေအဆုံးမှာ စုစုက

"ဒါဆို ရှင် အွန်လိုင်းအချစ် ဆိုတာကိုရော ယုံလားကိုသက်နောင်"

သက်နောင် တစ်ချက်စဉ်းစားလိုက်သည်။။ ပြီးမှ ရင်ထဲရှိတဲ့ အတိုင်းဖြေလိုက်၏။။

"ကိုယ်တစ်ဝက်တိတိ ယုံတယ်ညီမ"

စုစုမျက်လုံးလေးတွေ တစ်နေရာကို ငေးစိုက်ကြည့်ရင်း စဉ်းစားနေဟန်ဖြင့် ခေတ္တငြိမ်သွားသည်။။ လက်သည်းဖြင့် ကွန်ပျူတာတင်ထားသည့် စားပွဲကို အတန်ကြာ ခေါက်နေရင်း

"ရှင် အင်တာနက်ကိုရော ဘယ်လိုမြင်လဲ"

မဟုတ်တော့ပြီ။။ တစ်ခါမှ မပြောဖူးတာတွေ မမေးဖူးတာတွေ ထူးထူးခြားခြား မေးနေသော စုစုကိုကြည့်ရင်း သက်နောင်စိတ်ထဲ နည်းနည်းတင်းလာ၏။။ သက်နောင်ဆိုတာက တစ်ခါတလေ ဘာမှန်းမသိပဲလည်း စိတ်တိုနေတတ်သည့် လူ့ကန့်လန့်၊ လူ့ဂွစာစာရင်းဝင်တစ်ယောက်။။ ထို့ကြောင့်

"ကိုယ် ယုံကြည်တဲ့ အင်တာနက်က မုသာဝါဒ လေ့ကျင့်ရေးကွင်း မဟုတ်ဘူးညီမ"

သက်နောင်၏ မာဆတ်ဆတ်အသံနှင့် မအီမလည်မျက်နှာကို စုစုက ပြုံးပြုံးလေး ကြည့်နေ၏။။ပြီးတော့မှ အသံတိုးတိုးဖြင့်

"ဒါဆို ရှင်ဘာလို့ညာနေတာလဲ"

စုစု၏ စကားသံအဆုံးမှာ သက်နောင် "ဟမ်" ခနဲနေအောင် ကြောင်သွားရှာသည်။။ သူပြောခဲ့ပြီးသမျှကို ပြန်တွေး ကြည့်တော့လဲ လိမ်တာ၊ညာတာ တစ်ခုမှမပါခဲ့။။

"ကိုယ်ဘာညာလို့လဲ ညီမရ။။"

"ရှင် ညီမကိုချစ်နေရဲ့နဲ့ မပြောပဲညာနေတာလေ။။"

"ဟမ်"

ဒီတစ်ခါတော့ သက်နောင် ကြက်ကြီးလည်လိမ်ထားသလို ဖြစ်သွား၏။။ ဘာပြောရမှန်းလဲ မသိတော့။။ သူစုစုကို ချစ်တာက မှန်ပေမယ့် ယခုကဲ့သို့ တည့်တည့်ကြီး ပြောလာတော့ ဘာပြောရမှန်း တကယ်ကို မသိတော့။။

"ညီမရှင့်ကို ချစ်နေတာလဲ ရှင်သိတယ် အဲဒါကိုလဲ ရှင်မသိသလို လုပ်ပြီးညာနေတယ်"

"အမ်..အဲလို မဟုတ်ဘူးလေ"

"ဒါဆိုရင်ပြော..ရှင် ညီမကိုမချစ်ဘူးလား"

"ဟာ ချစ်တာပေါ့၊၊"

မမှီလိုက်မှာ စိုးသလို သက်နောင် အသည်းအသန် ဖြေလိုက်သည်။။ ပြီးတော့မှ သူ့မျက်နှာမှာ ရှက်ရိပ်စွန်းသွား၏။။ ဘယ်လိုမှန်း သေသေချာချာ မသိရပါပဲလျက်နှင့် သက်နောင်နှင့် စုစုတို့ ချစ်သူတွေ ဖြစ်ခဲ့ကြလေပြီ။။ စုစု၏ အသံချိုချို၊ မျက်နှာလှလှလေးတွေကို မက်မောမဝစွာ တသသ ချစ်မိခဲ့ပေမယ့် သက်နောင်တစ်ယောက် စုစု၏အချစ်ကိုတော့ တစ်ဝက်တိတိသာ ယုံခဲ့၏။။ သူ့မသိစိတ်မှာက အင်တာနက်ကို တစ်ဝက်သာ ယုံခဲ့သည်မဟုတ်လား။။ ဟိုစဉ်တုန်းက ကွန်ပျူတာရှေ့မှာ ထိုင်နေရတာ အလွန်ပျင်းတတ်သည့် သက်နောင်၊ စုစုနှင့်ချစ်သူတွေ ဖြစ်မှ မထတမ်းလိုလို ဖြစ်လာသည်။။ စုစုကလည်း တစ်ခါတလေ သည်းလွန်းလှစွာ ၄ နာရီ၊ ၅ နာရီ ကြာအောင် သက်နောင်မျက်နှာကို ထိုင်ကြည့်နေတတ်၏။။ ချစ်မိကြတော့ နှစ်ယောက် စလုံးက ထိုအချင်းအရာများကို ဒုက္ခဟုပင် မသတ်မှတ်နိုင်ကြတော့။။ သူတို့တွေ ၅ လကျော် ထိုကဲ့သို့ ပျော်ရွှင်ခြင်း နေ့ရက်များကို မက်မဝစွာ ဖက်တွယ်ရင်း ပျော်ရွှင်ခဲ့ကြသည်။။




(၃ )

စုစုတစ်ယောက် Online တက်မလာတာ ၁ ပတ်ခန့် ရှိသွားလေပြီ။။ မကြာခဏဆိုသလို နေမကောင်းဖြစ်တတ် သူမို့ နေမကောင်းများ ဖြစ်လေသလား စိုးရိမ်နေမိ၏။။ စုစု Online တက်လာတတ်သည့် အချိန်တွေတင် မကတော့ပဲ သက်နောင် မကြာခဏဆိုသလို ကွန်ပျူတာဆီ အကြည့်ရောက် နေမိတော့သည်။။ သို့သော်လည်း မျှော်လင့်သူကတော့ ဘယ်ဆီမသိခဲ့။။ လွမ်းရလွန်းသည့် ရင်ဖြင့် ချစ်သူကို မျှော်လင့်လျက် နောက်တစ်နေ့မှာ သက်နောင် Gtalk ကိုဖွင့်လိုက်တော့ စုစုချန်ထားခဲ့သော စာလေးက "တုန်"ခနဲ တက်လာသည်။။ သက်နောင် အသည်းအသန် ဖတ်ကြည့်လိုက်သည်။။ ပြီးတော့ မယုံနိုင်စွာ၊ အံ့သြလွန်းစွာ ပြန်ထိုင်ကျသွား၏။။

"လမ်းခွဲကြရအောင်နော်။။ စု ကြောက်လို့ပါ။။"

ဆိုသည့် စာတန်းလေးကတော့ မျက်လုံးထဲထိ တဝဲဝဲလည်လျက်။။ လမ်းခွဲရန် အကြောင်းတစ်စုံတရာ မရှိပါပဲလျက်က ဘာကိုကြောက်၍ ဘာကြောင့်လမ်းခွဲမည်ဆိုတာ သိချင်ကြောင်း သက်နောင် စာရေးချန်ထားခဲ့လိုက်သည်။။ ထိုညကတော့ သက်နောင်၏ ငရဲဆန်သော အပူညတစ်ခု ဖြစ်ခဲ့၏။။ Online အချစ်ကို တစ်ဝက်ပဲ ယုံခဲ့တာတောင် ယုံကြည်မိတဲ့ တစ်ဝက်က နှိပ်စက်ကလူ ပြုခဲ့လေပြီတည်း။။ နောက်တစ်နေ့ ညနေမှာတော့ သူမ၏ Gtalk နစ်လေး စိမ်းလာတာ တွေ့လိုက်ရသည်။။ ခဏချင်းပင် အနီရောင်သို့ ပြောင်းသွား၏။။ သက်နောင် သိချင်သည်ကို စာရိုက်ပြီး အမြန်မေးလိုက်သည်။။

"လမ်းခွဲကြမယ်နော်ကို။။ ကို့ကို ရှင်းပြချင်တာတွေ အများကြီးပဲ။။ ဒါပေမယ့် မရှင်းပြတော့ပါဘူးကို။။"

စုစုက စကားအဆုံးမှာ မမျှော်လင့်တာ တစ်ခုကို လုပ်ပြသွား၏။။ သူမ Gtalk က Profile ပုံနေရာမှာ သူမနှင့်တခြား ယောင်္ကျားလေး တစ်ယောက် တွဲလျက်ရိုက်ထားသည့် ပုံလေးကို ပြောင်းတင်လိုက်တာ ဖြစ်သည်။။ သက်နောင် ခေါင်းကို ခါယမ်းလိုက်မိသည်။။ ရင်ထဲလည်း တော်လဲသံကြီးလို ခပ်ပြင်းပြင်း လှုပ်ခတ်၏။။ ရှက်ကြောက်ခြင်း၊ မာနတရား၊ ဂုဏ်သိက္ခာ၊ ချစ်ခြင်း အရာရာ အားလုံးကို စုစုက မစာမနာ ချေနင်းလေပြီ။။ စုစုနှင့် တွေ့လျှင်ဆိုပြီး အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့တဲ့ ပုံရိပ်လေးတွေက အခုတော့ သူမဟုတ်သည့် တခြားတစ်ယောက်နှင့် စုစုကပိုင်ဆိုင်ထားပြီး ဖြစ်နေ၏။။ သက်နောင် သက်ပြင်းကိုသာ ခပ်ပြင်းပြင်း ရှူထုတ်လိုက်တော့သည်။။ ဘာမှလည်း ပြောချင်စိတ် မရှိတော့။။ ခဏကြာတော့ စုစု Sign Out လုပ်သွားသည်။။ သွားပြီ။။ သက်နောင်ရင်ထဲကပါ သူမ Sign Out လုပ်သွားခဲ့လေပြီ။။ တစ်ဝက်တိတိသာ ယုံကြည်ခဲ့သည့် Online အချစ်ဆိုတာကို သက်နောင် အယုံအကြည် ကင်းမဲ့ချင်ခဲ့ လေပြီတည်း။။




(၄)



တစ်ပတ်ခန့်ကြာတဲ့ စနေတစ်နေ့မှာ စုစု ပြန်တက်လာပြန်သည်။။ မုန်းတီးမရစွာ သက်နောင်က သူမကိုနှုတ်ဆက်လိုက်မိ၏။။ ထို့နောက် မည်သည့်အကြောင်းကြောင့် ယောင်္ကျားတစ်ယောက်၏ မာနကို ရိုက်ချိုးဖို့ ကြိုးစားခဲ့သလဲ ဆိုတာ မေးမြန်းလိုက်သည်။။ ရန်ငြှိုးမရှိပါပဲလျက် ချစ်သူရှိသူက တမင်သက်သက် လှည့်စားရက်ခြင်းကို စိတ်မကောင်းဖြစ် ရကြောင်း ပြောပြလိုက်၏။။

စုစုက VZO ပြောရန် ကမ်းလှမ်းလာသဖြင့် နှစ်ယောက်သား ကင်မရာရှေ့မှာ မျက်နှာချင်းဆိုင် ဆွေးနွေးဖြစ်ခဲ့ကြသည်။။ သူ့မျက်နှာကို တမေ့တမော ငေးကြည့်ရင်း မျက်ရည်ကျလာသည့် စုစုကို သက်နောင် နားမလည်နိုင်စွာ ငေးကြည့်နေမိ၏။။ အတော်လေးကြာတော့မှ စုစုက

"ကိုရယ်.. ပြီးခဲ့တဲ့ ရက်တုန်းက ကို.. တွေ့ခဲ့တာ စုနဲ့လမ်းခွဲသွားပြီ ဖြစ်တဲ့ရည်းစားဟောင်းပါ။။ အဲဒီပုံကို တင်လိုက်ရင် စုကို ကို..ကစိတ်နာသွားမယ်၊ မုန်းသွားမယ်လို့ ယုံကြည်လို့ တင်လိုက်တာလေ။။ ဒါပေမယ့် ကိုရယ်.. စုလေ..ကို့ကို တစ်ရက်မှ သတိမရပဲ နေကြည့်လို့ မရခဲ့ဘူး။။ ကို့အမုန်းကိုလည်း မခံယူချင်ဘူးကို။။ ဒါကြောင့် အခုပြန်လာ ရှင်းပြတာပါ။။"

သက်နောင် အံ့သြမှင်သက်မိသွား ပြန်လေပြီ။။ စုစုနှင့်တွေ့မှ သူလည်းမကြာခဏ အံ့သြခြင်းဆိုတာကို ကြုံတွေ့ ခံစားနေရတာဖြစ်၏။။ အခုလည်း ဘာဆက်ပြောမလဲဆိုတာ သိချင်စိတ်ပြင်းပြစွာ မေးဆတ်ပြလိုက်မိသည်။။

"စု.. US ကိုထွက်မယ်ကို။။ လိုအပ်ရင် အဲဒီမှာ နိုင်ငံသား ခံယူမယ်။။ စု..ကို့ အမုန်းတွေနဲ့တော့ မသွားချင်ဘူးကို။။ ဒါကြောင့် စုတို့ရဲ့ လမ်းခွဲခြင်းမှာ အမုန်းမပါဖို့ ကိုက နားလည်ပေး ပါလို့ တောင်းပန်မလို့ပါ။။"

"ဘာာာာာ"

သက်နောင်၏ နှုတ်ဖျားဆီမှ အံ့သြခြင်း၊ နှမျောတသခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသ ထွက်ခြင်းများ ပေါင်းစပ်လျက် အသံကျယ်ကြီး ထွက်ပေါ်လာသ၏။။ မြန်မာနိုင်ငံသူ ဗမာအမျိုးသမီး တစ်ဦး၏ ထိုကဲ့သို့သော ဆုံးဖြတ်ချက်က သက်နောင်ကို အသားတွေ တဆတ်ဆတ် တုန်လာသည်ထိ စိတ်ဆိုးစေခဲ့သည်။။ သက်နောင် စုစု၏မျက်နှာကို သေသေချာချာ စိုက်ကြည့်ရင်း အံကို တင်းနေအောင် ကြိတ်လိုက်သည်။။ ပြီးတော့မှ


"သြော...ညီမက White Angel ရယ်လို့ ချစ်စနိုးနာမည်ပေးအပ်ခဲ့တဲ့ တစ်ပွင့်တည်းသော ကြယ်စင်ကို ပစ်ပယ်လို့ ကြယ်တွေပိုများတဲ့ အလံကို ဦးညွတ်တော့မယ်ပေါ့လေ။။ ဟုတ်လား ညီမ။။"

"လိုအပ်မှပါ..ကို"

"သူတို့နိုင်ငံတော်သီချင်း တီးလုံးနဲ့ သူတို့ရဲ့အလံကို ဦးညွတ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ ညီမရင်ထဲ ဘယ်လိုမှ မခံစားရဘူးလား။၊ ကို တို့တွေ ကမ္ဘာမကျေဆိုတဲ့ သီချင်းနဲ့ အကြိမ်ကြိမ် ဦးညွတ်ခဲ့ကြတဲ့၊ အကြိမ်ကြိမ် ဦးညွတ်နေကြဆဲ အလံတော်နဲ့ နိုင်ငံကနေ ညီမဘာဖြစ်လို့ ထွက်ခွာချင်ရတာလဲဟင်။။"

စုစု တစ်နေရာဆီ ငေးကြည့်ရင်း ခဏငြိမ်သွားပြီး စဉ်းစားနေသည်။။ ပြီးတော့မှ ဖြည်းဖြည်း ဆက်ပြောလာ၏။။

"ညီမ နိုင်ငံခြားသင်တန်းတွေ အပါအဝင် သင်တန်းတွေ အများကြီး တက်ခဲ့တယ်..ကို။။ အဲဒီတော့ ညီမ တတ်ထားတဲ့ ပညာတွေနဲ့ ဒီမှာပေးတဲ့ လစာနှုန်းထားနဲ့ ညီမ မလုပ်နိုင်လို့ပါ။။ နိုင်ငံကို ချစ်ပါတယ်..ကို။။ ဒါပေမယ့်.. အင်းးးးးးးးး ရှင်းရှင်းပြောရရင် တွက်ချေမကိုက်လို့ပါ..ကို။။"

သက်နောင် စိတ်ပျက်ဟန်ဖြင့် ခေါင်းကို ခါယမ်းနေမိသည်။။

"လာပြန်ပြီ ဦးနှောက် ယိုစီးမှုတစ်ခု။။ စုရယ်..အဲလို ဦးနှောက်ယိုစီးမှု၊ လုပ်အားယိုစီးမှုတွေကြောင့် ကိုတို့နိုင်ငံ တိုးတက်မှုတွေ နှေးကွေးနေတာကို စဉ်းစားတတ်ဖို့ကျတော့ စု.. တတ်ထားတဲ့ ပညာရပ်တွေက မတတ်နိုင်တော့ ဘူးလားဟင်"

သက်နောင်၏ ခံပြင်းစိတ်နှင့်ပြောမိသမျှကို စုစုကလဲ ခပ်မာမာဖြင့် ပြန်လည်ဖြေရှင်း ပြောကြား လာသည်။။ သို့သော်လည်း သူမ၏ အသံမှာ ငိုရှိုက်သံတို့ အဖျားခတ် လှုပ်ရှားနေလေ၏။။

"ကိုရယ်.. မြန်မာနိုင်ငံမှာ ပညာရှင်တွေအတွက် ထိုက်တန်တဲ့ လစာနှုန်းထား မရှိဘူး။။ ပြီးတော့လေ တိုးတက်နိုင်မယ့် အနာဂတ်လည်း မရှိဘူး..ကိုရဲ့။။ အဲဒါကိုရော ကို သိရဲ့လား။။"

"သိပ်သိတာပေါ့ညီမရာ။။ ကို သိပ်သိတာပေါ့။။ လစာနည်းတယ်ဆိုပြီး တတ်သိတဲ့ ပညာရှင်တွေ၊ အသက် ၂၀ နဲ့ ၄၀ ကြား လူရွယ်တွေပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတယ်။။ အဲဒီလို ဦးနှောက်ယိုစီးမှု၊ လုပ်အားယိုစီးမှုတွေကြောင့်ပဲ ကိုတို့နိုင်ငံ တိုးတက်မှုနှေးကွေးရတယ်။။ အဲဒီလိုနှေးတဲ့အတွက် လုပ်အားခကိုလဲ ထိုက်တန်အောင်မပေးနိုင် ဖြစ်ရတယ်။။ မပေးနိုင်တော့ အပြင်ထွက်ကြပြန်ရော။။ ဒီလိုပဲ သံသရာလည်နေတာလေ။။"

သက်နောင်နှင့် စုစု၏ စကားစစ်ထိုးပွဲက အရှိန်ပါလာခဲ့လေပြီ။။ သူ့အယူအဆ၊ ကိုယ့်အယူအဆကို ပြောဆိုကြရာမှာ မာန်တွေလည်း ပါလာခဲ့ကြလေပြီတည်း။။

"မှန်တယ်.. ကို။။ အဲဒီသံသရာကို ဖောက်ထွက်ဖို့ အနစ်နာခံမယ့် မျိုးဆက်တစ်ခု လိုအပ်တယ်။။ ဒါပေမယ့် အဲဒီထဲမှာ ညီမပါချင်မှပါနိုင်မယ် ကို။။ ညီမမိဘတွေကို တပြန်တလှည့် လုပ်ကျွေးဖို့ လိုအပ်နေလို့ပါ၊။။"

စုစု၏ ထိုစကား တစ်ခွန်းမှာ သက်နောင် ပါးစပ်ပိတ်ရလေပြီ။။ သူက ဘာကိုဆက်ပြော၍ ရနိုင်တော့မည်နည်း။။ စုစုကြုံနေရတာက တကယ့်လက်တွေ့ ဘဝတစ်ခုမို့၊ အတွေးတွေနဲ့ ကြီးကြီးကျယ်ကျယ် ပြောနေသော သက်နောင် ပါးစပ်ကို ပိတ်လိုက်ရလေပြီ။။ အကယ်၍သာ စုစုက "ညီမ မိဘတွေရဲ့ အိုစာ မင်းစာကို ..ကိုက လုံလောက်အောင် ထောက်ပံ့ပေးနိုင် မလား" ဟုသာ မေးလာခဲ့ပါက သက်နောင်အတွက် စကားလုံးတွေ ပျောက်ရှရလေပြီတည်း။။ သူကိုယ်တိုင်ကလည်း တစ်ယောက်တည်းတောင် လုံလောက်အောင် ကျားကန်ကြိုးစားနေရသူ မဟုတ်ပါလား။။ သို့သော်လည်း ကိုယ်ချစ်ခဲ့ဖူးသူ တစ်ယောက် သူများနိုင်ငံသားအဖြစ် ခံယူမှာကိုတော့ သက်နောင်လက်မခံချင်။။ ထို့ကြောင့် တတ်စွမ်းနိုင်သမျှတော့ ရအောင် တားဖို့ ဆုံးဖြတ်လိုက်သည်။။

"ညီမရယ် ညီမကြုံနေရတာက တကယ့်လက်တွေ့ ဘဝတစ်ခုဆိုတော့ ကို ဘာမှမပြော လိုတော့ပါဘူး။။ ဒါပေမယ့် ညီမရာ နိုင်ငံသားခံယူမယ် ဆိုတာကိုတော့ ပြန်စဉ်းစားပေးပါ။။ ကိုတို့ အထက်တန်းကျောင်းတုန်းက သင်ခဲ့ရတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေး ညီမမှတ်မိတယ်မလား။။"


"မှတ်မိပါတယ်..ကို။။ အဲဒီကဗျာလေးကို ညီမ အရမ်းနှစ်သက်ခဲ့တာပါ။။

သင်သေသွားသော်၊
သင်ဖွားသောမြေ၊
သင်၏ မြေသည်၊
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။။

ဆိုတဲ့အပိုဒ်လေးကိုဆို ညီမ ကြက်သီးထသည်ထိ ကြည်နူးမဝစွာ ရွတ်ဆိုခဲ့ဖူးတာပါ။။"

စုစု၏ ဆတ်ဆတ်ထိမခံ ပြန်ပြောဟန်လေးကို သက်နောင်က ပြုံးကြည့်ရင်း


"ဟုတ်ပါတယ်ညီမ။။ အခုဆို အချိန်တွေရွေ့လျားလို့ ကိုတို့၊ညီမတို့ ထမ်းဆောင်ရမယ့် ခေတ် အခါကို ရောက်လာပြီလေ။။ ဒါကြောင့် တတ်သိတဲ့ ပညာရှင်တွေ၊ သိတတ်တဲ့ သား၊သမီးတွေကို လိုအပ်နေတဲ့ ကိုတို့ နိုင်ငံအတွက် ညီမရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ ကြိုးစားကြည့်ပါဦးလားကွာ။။"

သက်နောင်နှင့် စုစု စကားတွေ အကြာကြီး ဆက်ပြောဖြစ်ခဲ့ကြသည်။။ နောက်ဆုံးမှာတော့ ၅ နှစ်လောက် အလုပ်သွား လုပ်ပြီးပိုက်ဆံစုကာ ပြန်လာမည်။။ ခိုင်မာသေချာသည့် စီးပွားရေးလုပ်ငန်း တစ်ခုကို အခြေချပြီး လုပ်ဆောင်မည် ဟူ၍ သဘောတူညီချက် တစ်ရပ် ထွက်ပေါ် လာခဲ့တော့သည်။။

စုစု ပြန်သွားတော့ သက်နောင်၏ အတွေးတွေ ဟိုဟို၊ဒီဒီ ဖြန့်ကျက်နေမိသည်။။ တိုးတက်လွန်းသော ခေတ်ကို လက်ခံမိပေမယ့် Globalization ဆိုတာကြီးကိုတော့ သက်နောင် မကျေနပ်ဖြစ်မိ၏။။ ထို Globalization ဆိုတာ ကြီးကြောင့်ပင် မြန်မာ့သမီးပျိုတွေ အတုမခိုးသင့်တာ အတုခိုးကြရင်း ယနေ့ခေတ်မှာတော့ လမ်းမပေါ်မရှောင်၊ လူမြင်ကွင်းမှာ နှုတ်ခမ်းချင်းလည်း နမ်းရဲနေကြလေပြီ။။ ခြေမျက်စိ ပေါ်လျှင်ပင် အရှက်ကြီးခဲ့ကြသည့် မြန်မာ့သမီးပျိုတို့ ယနေ့ခေတ်မှာတော့ ဘယ်ကဖော်ရင် ကောင်းမလဲ အတွေးတွေနဲ့ ဖရိုဖရဲ ဖြစ်နေကြလေပြီ။။ တစ်ချို့သော ဝတ်စုံများ ဆိုလျှင် မချုပ်ပဲ ပတ်များထားလေသလား ထင်ရလောက်သည်ထိ။။ ၄င်း Globalization ကြောင့်ပင်လျှင် ဝယ်လို ၊ဝတ်လို၊ စားလို၊ သုံးစွဲလို စိတ်တွေနှင့် အကျင့်စာရိတ္တတွေ ပျက်ယွင်းချို့တဲ့ လာခဲ့ကြလေပြီ။။ Globalization ကြောင့် မြန်မာ့ဦးနှောက်၊ မြန်မာ့လုပ်အားတွေနှင့် တခြားနိုင်ငံတွေ တိုးတက်လာချိန်မှာ မြန်မာပြည်က ငုတ်တုတ်ကျန်နေခဲ့ရပြီ။။ ထို့ထက် ထို့ထက် ပိုဆိုးသော အကြောင်းအရာများက ရှိနေပေလိမ့်ဦးမည်။။ သက်နောင် ဥာဏ်မှီသလောက် အတွေးမှာပင် ဤမျှပေးဆပ်ရသည့် အံ့မခန်း တိုးတက်မှုကြီးပါတကား။။ ခုတော့ဖြင့် သူနှင့်တိုက်ရိုက်ကို တွေ့ကြလေပြီ။။ အရမ်းချစ်ရသည့် ချစ်သူက ခေတ်ရေစီးမှာ လိုက်ပါရင်း သူများနိုင်ငံသားအဖြစ်ပင် ခံယူဖို့ စိတ်ကူးခဲ့ပါသတဲ့။။ သက်နောင် သက်ပြင်းရှည်ကို ချရင်း တောက်တစ်ချက် ခပ်ပြင်းပြင်းလေး ခေါက်လိုက်မိသည်။။ ထို့ထက်တော့ သူလည်းမတတ်နိုင်ခဲ့။။ အားမှမတန်တော့လည်း မာန်ကိုလျော့ရင်း သက်နောင်တစ်ယောက် စုစုနောက်ဆုံး ပြောသွားတဲ့ စကားလေးကို စွဲကိုင် ယုံကြည်ရင်း လွမ်းနေရတော့မည်လေ။။ အပြင်မှာ မမြင်မတွေ့ခဲ့ဖူးပေမယ့် ရင်ထဲထိ စူးနစ်ချစ်ခဲ့တာမို့ သက်နောင် အားမလျော့၊ စိတ်ဓာတ်မကျပဲ စုစုကို စောင့်စားနေရတော့မည် မဟုတ်ပါလား။။ တစ်ဝက်တိတိ ယုံကြည်ခဲ့သော ချစ်ခြင်းတို့ အသက်ဝင် ရှင်သန်ချိန် မဝေးတော့ဘူးဆိုတာကိုတော့ သက်နောင် သေသေချာချာကြီး ယုံကြည်မိနေလေတော့သည်။။


"ကိုရေ.. ညီမ ချစ်တာကို.. ကိုက.တစ်ဝက်တိတိယုံတယ်။။ ကို ချစ်တာကိုလဲ ညီမက တစ်ဝက်တိတိ ယုံတယ်။။ ညီမပြန်ရောက်လာလို့ လက်ထပ်ဖြစ်တဲ့နေ့ကို ရောက်ရင်တော့ ညီမတို့ အပြည့်ယုံကြည်လိုက် ကြတာပေါ့နော်။။ ကို့ကို အရမ်းချစ်တယ် ကိုရယ်။။"

သြော်.. ချစ်သူပြောတဲ့ ထိုစကားစုလေးက နားနဲ့ကြားပြီး၊ နှလုံးသားနဲ့ ခံစားခဲ့တာကြောင့် သက်နောင်ရင်ထဲမှာတော့ နင့်နင့်နဲနဲ အလွမ်းတွေနှင့်အတူ ကြည်နူးမှုတွေ တလွင့်လွင့်လေး ပျံဝဲလျက်.....။။။။




လေးစားလျက်
အလင်းသစ်

13 comments:

  1. အင်း....တစ်ဝက်ပဲ ယုံတယ်တဲ့...
    ယုံကြည်မှုဆိုတာ လုပ်ယူလို့မရဘူးလေ...
    ရင်ထဲက အလိုလို ခံစားသိနေတာမျိုး....မို့
    နှလုံးသားအပြင်...တခြားတခြားသော တွေးတော စရာများဖြင့်သာလို့..!!!
    ခံစားအားပေးရင်း...

    ReplyDelete
  2. တစ်ဝက်တောင် များတယ်..တစိတ်ပဲယုံ..:D

    ReplyDelete
  3. ကိုရင်ပြောတာ ထောက်ခံပါတယ်..

    ReplyDelete
  4. တ၀က်ပဲယုံတဲ့သူနဲ့တစ်စိတ်ပဲယုံတဲ့သူနဲ့ ထောက်ခံတဲ့သူနဲ့
    ကဲ ဘာမှမလုပ်နဲ့ ထမင်းမြန်မြန်ဖြစ်အောင် ဆန်မြန်မြန်ထည့်သာချက်ကြ နော်

    ReplyDelete
  5. အွန်လိုင်းချစ်သူကိစ္စတွေ မကြာခန ကြားဘူးဖတ်ဘူးတယ် အလင်းသစ်ရေ။
    အပြင်မှာဖြစ်စေ အွန်လိုင်းမှာဖြစ်စေ ဘယ်လောက်ချစ်ချစ်
    'ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင်မယုံနဲ့'တဲ့နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. အွန်လိုင်းအချစ်ကို လုံးဝ မယုံကြည်ဘူးဗျာ...။
    တစ်ဝက်တိတိယုံတယ်တဲ့လား.... တကယ်လက်တွေ့တွေ့ကြုံပြီးမှ ယုံတာကောင်းပါတယ်လေ..ဒါတောင် သူ့အကြောင်းကိုယ့်အကြောင်း သိအောင် တော်တော်လေး အချိန်ယူရဦးမှာ...

    ခင်လျက်
    Junemoe

    ReplyDelete
  7. တစ်ဝက်ကယ် တစ်စိတ်ရယ်ကြားက
    အချစ်ဆိုတာ ယုံကြည်လို့ ရလားဟင်

    ReplyDelete
  8. အိုး............တကယ်ကောင်းတယ်ဗျာ...ရင်ထဲထိရောက်တယ်...အားပေးနေမယ်အကို...

    ဂျော်ကာညီလေး...

    ReplyDelete
  9. ဟုတ်တယ် .. တကယ်တော့ ဒီလို ဇာတ်လမ်းတွေက လက်ထပ်ဖြစ်မှပဲ အပြည့်ယုံရတော့မှာပါပဲ။ ကိုယ် အပါအဝင်ပေါ့လေ။

    ReplyDelete
  10. အွန်လိုင်းချစ်သူကိစ္စတွေ မကြာခန ကြားဘူးဖတ်ဘူးတယ်
    တစ်ကယ်ချစ်ကြတဲ့သူတွေလဲရှိကြတယ်နော် အပျော်သက်သက်ကများနေတယ်

    ReplyDelete
  11. ဘယ်မှာဖြစ်ဖြစ် စိတ်သာအဓိက အချစ်သည်သာ ပထမပါပဲ
    ချစ်တတ်ဖို့လိုပါတယ်

    ReplyDelete
  12. အကို က တစ်ဝက်
    ညီမ က တစ်ဝက်

    အနော်က အပြည့် နဲ့ဒိုင်းစားသွားပါကြောင်းး )p
    အားပေးခဲ့တယ် ကိုလင်းရေ..
    ခင်မင်လေးစားလျှက်
    (ဒုတိယ)

    ReplyDelete
  13. အွန်လိုင်းဇတ်လမ်းတွေက ရင်နင့်စရာခပ်များများပါပဲဗျာာ

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။