ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, April 16, 2011

သင်္ကြန်ကိုမုန်းတယ်

တစ်ယောက်တည်းပါပဲ
မှောင်မည်းနေတဲ့ အခန်းလေးထောင့်မှာ
အလွမ်းဆူးညှောင့်တွေ ရင်ထဲမှာပေါက်ပေါက်ကြဲသလို
ကြောက်ကြောက်လာတဲ့ အသိတွေထဲ ချစ်သူရေ နင်က ငါ့ရဲ့သရဲကြီးပေါ့။။။




အရင်လိုပါပဲ
နင်မရှိတဲ့ ဒီသင်္ကြန် အထီးကျန်ဆဲပါ
အရက်တွေသောက်ပြီး  အမှောင်ထဲမှာ ပေါက်ကွဲနေပေမယ့်
တစ်ယောက်တည်းမို့ ငါကြောက်သေးတယ် နင်ငါ့ဘေးမှာ ရှိနေပေးဦးနော်။။။
အသေအချာပါပဲ
ဘယ်သူမှမသိလည်း  ငါသိတယ်ဟာ
နင်ငါ့ဘေးမှာရှိနေတာကိုလေ  ချစ်သူရေ အထီးကျန်တယ်ဟ
နင်ခဏခဏကျိန်ခဲ့တဲ့ ကျိန်စာတွေ ငါ့ကိုထိနေပြီလေ နင်ကျေနပ်တော့နော်။။။
နင်ပြောသလိုပါပဲ
နင်မဟုတ်တဲ့ဘယ်သူနဲ့မှ ငါတစ်ယောက်
အစပ်အဟပ်မတည့်တော့ပဲ အပေါ့အငံမညီတဲ့ ဟင်းတစ်ခွက်လို
လူ့စည်းဝိုင်းအပြင်ဘက်ကို ခပ်ပြင်းပြင်းလွင့်ထွက်နေခဲ့ပြီ  နင်ရီနေမှာပေါ့နော်။။။



ငါပြောခဲ့သလိုပါပဲ
အရှုံးကြောက်တဲ့ငါ အမုန်းတွေကိုပိုက်နေရဆဲ
နောက်ဆုံးတော့လဲ မှောင်မည်းနေတဲ့ အခန်းလေးကပဲ ငါ့အဖော်
ငါ့အသည်းကျွမ်းပြီးသေလည်း အော်ရယ်နေမယ့်နင့်အတွက်တော့ ငါတာဝန်ကျေနေတယ်နော်။။။
သင်္ကြန်ကို မုန်းတယ်
ချောင်းသာကိုမုန်းတယ် ငါ့တွက်မှာ
အသုံးမကျတဲ့ ပိတောက်ဝါဝါတွေကိုမုန်းတယ်
အမုန်းတွေပိုက်ပြီး မိုက်နေတဲ့ ငါ့ကိုယ်ငါမုန်းတယ် ပြီးတော့နင့်ကိုမုန်းတယ်။။။
အရက်ကိုချစ်တယ်
အရသာကိုပျော့စေတဲ့ ရေတွေကိုမုန်းတယ်
အပြုံးတွေကိုချစ်တယ်အနှစ်မပါတဲ့ စကားလုံးတွေကိုတော့မုန်းတယ်
လူတွေကိုချစ်တယ် ငါ့တစ်ယောက်တည်းထားသွားရက်တဲ့နင့်ကိုတော့မုန်းတယ်။။။
နောက်လာမယ့်နှစ်သစ်ရေ
အရက်တွေနဲ့ရေချိုးပြီးကြိုဆိုခဲ့တဲ့ ငါ့ကို
ကံကောင်းခြင်းတွေဆောင်ယူပေးပါ ငါ့ဘဝထဲကအပြီးထွက်သွားပြီးဖြစ်တဲ့
သူမကို ငြိမ်းချမ်းခြင်းတွေပေးပါသစ္စာနဲ့ရန်ဖြစ်တတ်တဲ့ငါ့ကို ရက်စက်ခြင်းတွေပေးပါ။။။
ရင်ခုန်သံတွေရူးသွပ်နေဆဲ
လူရိုင်းကပွဲလို ညံညံစီနေတဲ့ ငါ့ရင်ဘတ်ကြီးထဲတော့
ချစ်သူရေ ရူးစေလို့နင်တမင်စီစဉ်လိုက်သလားအသွေးသားထဲကကိုခါးတယ်
အရက်နဲ့စိမ်ထားတဲ့ဒီသင်္ကြန်လည်း အထီးကျန်နေတာပဲဟာနင်ကိုကငါ့ကိုထားရက်ခဲ့တာပါ။။။
ငါလေ...ဒီသင်္ကြန်ကိုမုန်းတယ်။။။။။

5 comments:

  1. အမုန်းတွေနဲ့ ပူလောင်လွန်းလှပါလား၊ အလင်းသစ်ရေ၊ ပူလောင်းခြင်းကင်း အေးမြတဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  2. လင်းသစ်က ခံစားချက်တွေ တော်တော် ပြင်းနေတာပဲ..
    လင်းသစ်ရဲ့ဆန္ဒတွေ နှစ်သစ်မှာ ပြည့်ဝပါစေကွယ်..
    (လူကြီးစတိုင်လ်ဖြင့် ဆုပေးသွားသည်)

    ReplyDelete
  3. ခံစားချက်တွေ တစ်သီကြိးနဲ့ ဒီနှစ်သင်္ကြန် ဇိမ်ကျနေတယ် ထင်ပ :P
    ဟိဟိ ..လင်းသစ်ရေ အားပေးလျှက်ပါ။။
    မင်္ဂလာရှိသောနှစ်သစ်မှာ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေ။

    ReplyDelete
  4. တကယ်ခံစားပြီး ပေါက်ကွဲနေတာလားဗျာ စာသားတွေက ထိတယ်ဗျို့... သင်္ကြန်ကိုတော့ မုန်းရင်မုန်းပါ အလင်းသစ်ရာ အရက်ကိုတော့ မချစ်ပါနဲ့ဗျာ... အရက်ကို ကြောက်လွန်းလို့...
    နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရှေ့ဆက်ရမည့်ဘ၀ခရီးကို ဖြတ်သန်းနိုင်ပါစေ။

    ReplyDelete
  5. နောက်နှစ်သင်္ကြန်ချစ်နိုင်ပါစေ
    မင်္ဂလာနှစ်သစ်ပါ ၊
    နှစ်သစ်မှာ အစစအရာရာ ပိုပြီး တိုးတက်အောင်မြင်ပါစေ

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။