ကိုယ့်အတွက် ဘယ်ဘက်ရင်အုံဟာ
သူ့အတွက်တော့ ညာဘက်ပါးပေါ့
အခုတော့လည်းလေ ...
သနပ်ခါးရနံ့လေး မပျယ့်တပျယ်နဲ့
ကိုယ့်ရဲ့ညနေတွေက သံသရာလည်တာကို
ငေးကြည့်နေကြရတယ်။
သူကလေ ...
ရွှေဘိုသူဖြစ်ချင်လှသတဲ့
ပန်းနုရောင် မှတ်ပုံတင်ကဒ်မှာတော့
ကိုယ်စီပေးထားတဲ့နာမည်အပြောင်အပျက်လေးတွေ မပါခဲ့ဘူး
သိပ်ရူးတဲ့ကလေးမပေါ့ ...
တစ်နေ့ကျရင် ပညတ်တွေကိုထားခဲ့ပြီး
သံသရာလည်ဖို့ သွားရဦးမတဲ့လေ။
မှတ်မှတ်ရရပါပဲ
သူနှုတ်ဆက်တဲ့ညက ငွေနှင်းမှုန်မှုန်တွေဖြာလို့
ပြန်တာစောရှာတော့ ... ကိုယ့်မှာ
သူသွားလည်တဲ့ သံသရာတကြော
နှင်းဆီဝါဝါတွေ ပေါစေကြောင်းကိုပဲ
သနပ်ခါးပင်လေးစိုက်ပြီး ဆုတောင်းခဲ့ရတယ်။
မငိုတတ်တာကလွဲရင်
ကိုယ့်မှာလည်း မျက်ရည်ဝဲစရာတွေများတယ်
တကယ်တော့ ...
မျက်တောင်တစ်ခတ်လေးပါပဲထီလာ
ကိုယ်တို့သံသရာတစ်ပတ်စာ ဝေးသွားခဲ့တယ်။
မောင်စိုးမင်း
2.12.2014 (TUE)
No comments:
Post a Comment
စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။