ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Tuesday, December 2, 2014

"အလွမ်းခပ်တဲ့ မှတ်စုများ (၅)"


ကိုယ့်အတွက် ဘယ်ဘက်ရင်အုံဟာ
သူ့အတွက်တော့ ညာဘက်ပါးပေါ့
အခုတော့လည်းလေ ...
သနပ်ခါးရနံ့လေး မပျယ့်တပျယ်နဲ့
ကိုယ့်ရဲ့ညနေတွေက သံသရာလည်တာကို
ငေးကြည့်နေကြရတယ်။

Monday, November 10, 2014

" သင်းကွဲ "



ထီလာရေ ...
ထီလာ ...။

ဟောဒီကမ္ဘာမှာလေ ...
ထက်ရှဖို့မလိုအပ်တဲ့အခါတွေ ကြုံလာတိုင်း
ကိုယ့်ကို သတိတရမေတ္တာပို့ပါ
အတ္တကို မြိနေအောင်သွေးနေတတ်တဲ့လူအ
မေတ္တာဓာတ်လေးတော့ ရချင်တယ်။

Thursday, September 18, 2014

"သူစိမ်းဆန်ခြင်း မဟုတ်ပါ"




အစိမ်းရောင်အဝတ်စနဲ့ ထွေးပတ်ထားတဲ့
လူသားဝိဥာဉ်လေးပါပဲ
ဘယ်သူတွေ ဘယ်လိုနာမည်တပ်တပ်
သူ့မျက်စိက
"ချိန်သားမှန်"ကိုပဲ ကြည့်တတ်ခဲ့တယ်။

ဒီနေ့အထိ ...
လူပြောများတဲ့ "ဒီမိုကရေစီ"ဟာ
သူ့ခံစားခွင့် ထူးထူးခြားခြားမပါပေမယ့်
သူကာကွယ်နေရတဲ့ "ရည်မှန်းချက်"တစ်ခု။

အဓိဌာန်ပြုထားတဲ့
သူ့အသိနဲ့ သူ့အတွေးမှာ
"ကာကွယ်ရေး"ကိုသာ အမြဲဦးစားပေး
သွေးပဲထွက်ထွက်၊ ချွေးပဲထွက်ထွက်
သူချစ်တဲ့တိုင်းပြည်အတွက်
သူ့ရဲ့အသက်ကိုပေးထားတယ်။


Sunday, June 22, 2014

" မုတ်သုန် ခိုးထားတဲ့ မြို့ "

တကယ်ဆို ...
သံယောဇဉ်ကို ချဉ်ခြင်းဖြတ်တာပဲလေ
ချစ်ခြင်း၊မုန်းခြင်းဟာ ကိုယ်နဲ့ပဲသက်ဆိုင်ရမှာပေါ့
သံသရာဟာ လက်ယာရစ်လည်သတဲ့
ချည်နှောင်ထားတဲ့ကြိုးတွေကို မေ့ပစ်ခဲ့ချင်တယ်။

Wednesday, June 4, 2014

"ကမ္ဘာကြီးပူနွေးလာမှုအကြောင်း"


ကမ္ဘာကြီးပူနွေးလာမှု အကြောင်းဟာ
သူ့အတ္တနဲ့ ဆိုင်တယ်လို့ပြောတဲ့နေ့က
သူနှုတ်ခမ်းဆူပြီး ခြေဆောင့်တယ်
နေပါစေလေ ...
လိပ်ပြာလုံလုံနဲ့ အိပ်စက်နိုင်ပါစေ
ကျွန်တော်ပဲ ပိုအပူလောင်ခံလိုက်တယ်။

Saturday, May 24, 2014

" စာမျက်နှာ ၂၉ "



ပြေလျော့လာတဲ့ စိတ်အစဉ်ဟာ
ထင်ရာစိုင်းဖို့ဆို မြင်းရိုင်းတစ်ကောင်လိုပဲ
စစ်ကိုင်းရောက်ရောက် ပဲခူးရောက်ရောက်နဲ့
တစ်ခါတလေမှ ရေးထိုးဖြစ်တဲ့ ဒိုင်ယာရီထဲ
ခြေစုံမြှောက်ပြီး ကကြိုးသီတယ်။

တကယ်တော့လည်း...
နာကျင်မှုနဲ့ယှက်ထိုးထားတဲ့ နတ်ဆိုးတစ်ပါးပါပဲ
လူတွေဖတ်ဖို့ရေးတဲ့ သမိုင်းမဟုတ်တော့
ကိုယ့်မှာ ရိုင်းတာတွေသိပ်များတယ်။

Wednesday, May 14, 2014

" ရုန်းထချိန် "



ကမ္ဘာကြီးကိုမှ လိုချင်သတဲ့လား
ယူလိုက်ပေါ့ကွာ
ဘယ်သူမဆို ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ကြယ်တွေနဲ့ ကစားတတ်တဲ့အကျင့်ကိုတော့
ဖျောက်ရမယ်ကွ
အရင်ကလောက် အချိန်မပိုဘူးလေ
အိပ်ယာထနောက်ကျတော့ သိပ်ကသီတယ်
လှောင်ရယ်သံတွေ အဆုံးသတ်တဲ့နေ့ကျမှပဲ
ကြိုက်တဲ့အိပ်မက်ကို အကြာကြီးမက်ကြတာပေါ့။

Friday, February 7, 2014

" အလွမ်းခပ်တဲ့ မှတ်စုများ (၄) "



ရှူထုတ်လိုက်တဲ့ အသက်တစ်ရှိုက်တိုင်းက
ပျိုမျစ်မှုတွေကို တိုက်ချသွားခဲ့
ဒီလိုနဲ့ပဲ ...
ကိုယ်တို့ကစားခဲ့ဖူးတဲ့ အရုပ်ကလေးတွေတောင်
အရောင်လွင့်ခဲ့ပြီ ငယ် ...။

ဘဝကို အမြှောက်အစားမတတ်ခဲ့လို့
အသောက်အစား မပျက်တဲ့ကိုယ်
နေညိုချိန်ဆို ခဏခဏငိုရတယ်
နောင်မှ ပြန်မတမိဖို့
ငယ်ပဲ ကိုယ့်ကို ဆိုဆုံးမခဲ့တာလေ...။

Wednesday, January 8, 2014

လမ်း


ခုတလောမှာ
အိပ်မက်တွေ မရိုးသားတော့လို့
ကိုယ်နိုးနိုးကြားကြား အိပ်နေရတယ်။

တကယ်တော့
သမုဒ္ဒရာနဲ့ စီးချင်းထိုးပြီးမှ
မိုးအဖြစ်ရွာချခွင့် ရခဲ့တာပါကွယ်။

Saturday, December 14, 2013

" သံယောဇဉ်ဒဏ်ရာ "


ရင်ဘတ်ချင်း ထူးခတ်တဲ့ အဲဒီကြိုးကို
အချစ်လို့ မခေါ်ချင်ဘူးမေမေ
ရမ္မက်တွေနဲ့ မှောင်သွားမှာစိုးတယ်။။

Saturday, December 7, 2013

အတ္တ


ဘဝဟာ သုညဖြစ်ကြောင်း
ကိုယ့်ကို ... ပုံသေနည်းပေါင်း များစွာက
သက်သေပြကြတယ်။။

တကယ်ဆို ... ကောက်စိုက်သူ မပျော်ရွှင်တဲ့
အဲဒီ ... လယ်ကွင်းပြင်မှာမှ
ကိုယ်က ...လယ်ပိုင်ရှင်ဖြစ်ခဲ့ရတာပါ
တစ်ရာသီလုံးလုံး အရှုံးတွေပဲဝေခဲ့ပေါ့။။