ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, February 7, 2014

" အလွမ်းခပ်တဲ့ မှတ်စုများ (၄) "



ရှူထုတ်လိုက်တဲ့ အသက်တစ်ရှိုက်တိုင်းက
ပျိုမျစ်မှုတွေကို တိုက်ချသွားခဲ့
ဒီလိုနဲ့ပဲ ...
ကိုယ်တို့ကစားခဲ့ဖူးတဲ့ အရုပ်ကလေးတွေတောင်
အရောင်လွင့်ခဲ့ပြီ ငယ် ...။

ဘဝကို အမြှောက်အစားမတတ်ခဲ့လို့
အသောက်အစား မပျက်တဲ့ကိုယ်
နေညိုချိန်ဆို ခဏခဏငိုရတယ်
နောင်မှ ပြန်မတမိဖို့
ငယ်ပဲ ကိုယ့်ကို ဆိုဆုံးမခဲ့တာလေ...။


နှစ်ယောက်တစ်အိပ်မက်ဆိုတာ
ဇာတ်ဝင်တေးပါငယ်ရယ် ...
ကိုယ့်အိပ်မက်ကို ထိခတ်လာရင်
ဘယ်သူ့ကဘယ်သူ့ကို ထွေးဖက်ဖူးလို့လဲ
အရာအားလုံးထက် "အတ္တ"ကကြီးတယ်ငယ်...။

ကိုယ့်ကကြိုးနဲ့ကိုယ် အဖြေခက်
ကိုယ်တို့မတွက်ဖြစ်ခဲ့တဲ့ ပုစ္ဆာတွေထဲ
အမြဲ ခိုးခိုးမျှော်ခဲ့ရတဲ့
တိုးတိုးဖော်လေးရဲ့မျက်နှာ
ကိုယ်ဘယ်မှာ ကြည့်ရဲတော့လို့လဲငယ် ...။

အတိတ်ကိုမေ့ပြီး ဆက်လျှောက်ဖို့
ငယ့်လောက် ကိုယ်မပြတ်သားခဲ့ပါဘူး
တစ်ဖက်မှာ အမှားဆို
အခြားတစ်ဖက်မှာ ကိုယ်
တကယ်ကို အရင်ကလိုပါပဲငယ် ...။

ပြန်ပြင်မရတာ့မယ့် ဆက်ထုံးတွေထဲ
ဒုက္ခကိုပြက်လုံးထုတ်ပြီး ရယ်တတ်တဲ့
ကိုယ့်ရဲ့ညနေခင်းလေးကို ပြန်လိုချင်တယ်
ဆံနွယ်ခွေတွေ လေအဝှေ့မှာ
အဲဒီပါးချိုင့်လေးကို ပြန်တွေ့ခွင့်ရချင်တယ်ငယ်...။

အခုတော့လည်းငယ်ရယ်
ရေမတင်တော့တဲ့ နတ်သမီးကျွန်းလေးအနား
သနပ်ခါးနှစ်လေးတွေက မျှော်လို့
ပေါ်မလာတော့တဲ့သူကတော့ ကမ္ဘာတွေခြား
ကိုယ်တော့လေ ...
နှင်းဆီဝါဝါလေးတွေကိုပဲ သနားတယ်ငယ်...။


လေးစားလျက်
မောင်စိုးမင်း
၈.၂.၂၀၁၄ (စနေ)

5 comments:

  1. အားကောင်းကောင်းနဲ့ရေးစပ်သီကုံးထားတာလေး
    လာအားပေးသွားပါတယ်အလင်းရေ

    ReplyDelete
  2. ဘလော့ရွာလေးကိုရောက်ခဲ့တယ် အလင်းသစ်ရေ... အလွမ်းကဗျာလေး အားပေးသွားတယ် ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  3. ကောင်းလိုက်တဲ့ ကဗျာလေးပါဘဲ ညီလေးအလင်းသစ်ရေ...
    ကိုယ့်ညီရဲ့ကဗျာလေးတွေအားလုံး အကိုကြိုက်တယ်... တွေးပုံ၊
    ရေးပုံ၊ စကားလုံးအထားအသို နဲ့ ခံစားချက် အနိမ့်အမြင့်အတက်
    အကျလေးတွေ ကိုဟန်ချက်ညီညီရေးဖွဲ့နိုင်တာကို တစ်ကယ်ဘဲချီးကြူး
    မိပါတယ်ညီလေးရေ... အားပေးလျှက်ပါညီလေးရေ....

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  4. သိပ်ကောင်းတဲ့ စာသားတွေပါလား အလင်းသစ်ရေ၊ ကဗျာဆိုတာလဲ နှလုံးသားရဲ့ စကားတွေမို့ ...နှစ်သက်စွာ ခံစားသွားပါရဲ့ အလင်းသစ်ရေ... :)

    ReplyDelete
  5. ကိုအလင်းကတော့ သိပ်နုတယ်.. သိပ်ကို နုတယ်ဗျာ..။ :)))

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။