ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, June 4, 2014

"ကမ္ဘာကြီးပူနွေးလာမှုအကြောင်း"


ကမ္ဘာကြီးပူနွေးလာမှု အကြောင်းဟာ
သူ့အတ္တနဲ့ ဆိုင်တယ်လို့ပြောတဲ့နေ့က
သူနှုတ်ခမ်းဆူပြီး ခြေဆောင့်တယ်
နေပါစေလေ ...
လိပ်ပြာလုံလုံနဲ့ အိပ်စက်နိုင်ပါစေ
ကျွန်တော်ပဲ ပိုအပူလောင်ခံလိုက်တယ်။


အခုဆို ... နွေရာသီကို မြူအိုးထဲထည့်ထည့်မွှေနေရတာ
အိပ်မက်တွေကပါ ရီဝေဝေနဲ့
ဒီလိုပါပဲ ...
သဒ္ဒါမမှန်တဲ့ စာတချို့တစ်ဝက်နဲ့
ကျွန်တော်လည်း ကဗျာဆန်တတ်လာတယ်
ပြန်ပြီးတွေးမိတဲ့ အတိတ်ဆိုတာကတော့
ရိတ်သိမ်းပြီးကာစ စပါးတစ်ခင်းလိုပါပဲ
ကောက်သင်းနံ့လေးကလွဲပြီး ဘာဆိုဘာမှမရှိတော့တဲ့ပန်းချီ။

ဟောဒီလို ... နေဝင်ရီတရောမှာဆို
သူ့ဆံပင်ရှည်ရှည်တွေကို အရိုင်းဆန်ဆန်လွမ်းတယ်
တကယ့်အထီးကျန်မှုကို ...
နွားရိုင်းလို ကျုံးသွင်းသွားရက်တဲ့သနပ်ခါးပင်လေး
သူမမွှေးရတော့တဲ့ နှင်းဆီဝါဝါလေးတွေဘေးမှာ
ကလေးတစ်ယောက်လို စိတ်ကောက်နေရှာရောပေါ့
အလိုမကျတိုင်းခြေဆောင့်တတ်တဲ့
သူ့ဖနောင့်ဝါဝါလေးမှာ သွေးခြေဥတဲ့အခါ
ကမ္ဘာကြီးက ပိုပိုပြီးပူနွေးလာသလိုပါပဲ။

မောင်စိုးမင်း
4.6.2014 (WED)

1 comment:

  1. စိတ်ကောက်တဲ့ကောင်မလေးကို ရအောင်ချော့သင့်တယ်နော်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။