ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, December 14, 2013

" သံယောဇဉ်ဒဏ်ရာ "


ရင်ဘတ်ချင်း ထူးခတ်တဲ့ အဲဒီကြိုးကို
အချစ်လို့ မခေါ်ချင်ဘူးမေမေ
ရမ္မက်တွေနဲ့ မှောင်သွားမှာစိုးတယ်။။

Saturday, December 7, 2013

အတ္တ


ဘဝဟာ သုညဖြစ်ကြောင်း
ကိုယ့်ကို ... ပုံသေနည်းပေါင်း များစွာက
သက်သေပြကြတယ်။။

တကယ်ဆို ... ကောက်စိုက်သူ မပျော်ရွှင်တဲ့
အဲဒီ ... လယ်ကွင်းပြင်မှာမှ
ကိုယ်က ...လယ်ပိုင်ရှင်ဖြစ်ခဲ့ရတာပါ
တစ်ရာသီလုံးလုံး အရှုံးတွေပဲဝေခဲ့ပေါ့။။

Sunday, June 23, 2013

" အိပ်မက် ထောင့်ချိုး "



ဖျတ်ခနဲ့ ကွေးသွားတဲ့
သုဘဒ္ဒါရဲ့ နှုတ်ခမ်းဖျားဟာ
ဘယ်အမှားရဲ့ သင်္ကေတပါလိမ့်ကွယ်
ရင်ဘတ်နှစ်ခုစာ တဖြည်းဖြည်း
ဝေးကွာခဲ့ကြရ ။။

တရှိုက်မက်မက် တမ်းတမိတဲ့
အဲဒီ... နှုတ်ခမ်းလေးကပဲ
ရိုမီယိုကို ဓားရိုးကမ်းတဲ့အကြောင်း
မျက်စိမပါလို့
ကိုယ်ကောင်းကောင်းမသိခဲ့ပါဘူး ။။

Monday, April 22, 2013

" လည်ပြန် "





ခဏခဏ မာန်ဖီပြနေတဲ့ ပင်လယ်ဟာ
အငွေ့ပျံလွယ်ကြောင်းကို
သူတို့ကောင်းကောင်းမသိခဲ့ကြဘူး။။

မျှားဦးရဲ့လားရာကို ဂရုထားရလွန်းတော့
လေးညှို့အတွက် အားလျော့ခဲ့တယ်
ကိုယ့်ရဲ့ ဒီခရီးဟာ ...
ထင်သလောက် မပေါက်ခဲ့ဘူးကွယ်။။

Monday, April 1, 2013

"ရောင်နီလာချိန်"



နေတစ်စင်းရဲ့ ဒိုင်ယာရီဟာ
ညနေခင်းဆီမှာ အဆုံးသတ်ရတယ်တဲ့
ဖုတ်ဖတ်ခါပြီး ပြန်ရုံအတွက်ဆို
အာသီသတွေကို ရေမဆေးချင်တော့ဘူး
ဘဝကိုက ပိုးစုန်းကြူးဆန်လွန်းတယ်။။

Saturday, March 30, 2013

“ အခု တလောမှာ ”


၁။)တွေးနေမိတာက ----- ရိုကျိုးရသည်ဖြစ်စေ၊ ရိုကျိုးခံရသည်ဖြစ်စေ ... မည်သို့မျှ မထူးခြားကြောင်း သေသေချာချာသိရှိနိုင်မယ့် မာနတို့ပျက်သုဉ်းချိန်အကြောင်း။။

Thursday, March 14, 2013

လောင်းရိပ်မိုးလို့ ညှိုးတဲ့ကြယ်



နှုတ်ခမ်းအညိုရောင်နဲ့ ကောင်မလေးရေ
ဘဝက ပင်လယ်ဆန်တယ်ကွဲ့
ဟော့ဒီအရပ်မှာ...
နှလုံးသားကို ဆားခပ်ဖူးသူတွေက
ပတ်မကြီးကို ထိုးခွဲတတ်ကြတယ်။။

Tuesday, March 5, 2013

လွန်



ဘဝကိုက ရင်ခွင်ပိုက်အရွယ်ဆိုတော့လည်း
အတည်တကျဖြစ်မှုတွေက ဖရိုဖရဲ
ဒါကြောင့်ပဲနဲ့ တူပါရဲ့...
အလွမ်းရင့်ရင့်တွေ တဖွဲဖွဲရွာချလာတိုင်း
မျှော်လင့်ခြင်းမှာ ဖျက်ပိုးဝင်တယ်။။

Friday, February 15, 2013

=== အလွမ်းခပ်တဲ့ မှတ်စုများ (၃) ===



ကိုယ်တိုင်က အညတရဆိုမှတော့
သူမက တော်ဝင်ဖို့မလိုလှပါဘူး
ကိုယ်တို့တွေ...
တစ်ယောက်ကိုတစ်ယောက် လိုအပ်ခြင်းနဲ့
အဲဒီ...မြက်ခင်းစိမ်းကြီးကို ဖြတ်သန်းချင်တယ်။။

အလွမ်းပေါက်ပင် ကိုင်းကာမှ
ကိုယ့်ရဲ့ဗျိုင်းမလေးက အိပ်တန်းတက်တော့
လှုပ်လှုပ်ခတ်ခတ်ကို လွမ်းတယ်...။။

Saturday, February 2, 2013

သံစဉ်ပြိုတဲ့ တေးသွားအသစ်



တစစ်စစ်ကိုက်ခဲတဲ့ အနာနဲ့
မတည့်ဘူးဆိုတာ သိပါတယ်မေမေ
ဒါပေမယ့်...
ကျွန်တော် အလွမ်းတွေပဲ ဝယ်နေမိခဲ့တယ်။။

လူငယ်တစ်ယောက်ရဲ့ ကောင်းကင်မှာ
ကြိုးညှိဖို့တောင် ဂစ်တာမရှိခဲ့ပါဘူး
ဟောဒီ...ပုံစံကျနေတဲ့ မျက်နှာပေါ်မှာ
ကဗျာတွေ မရိုးမရွ ကခုန်ကြတယ်
ကျွန်တော် သူမကိုချစ်မိခဲ့တယ်မေမေ။။

Wednesday, January 16, 2013

=== အလွမ်းခပ်တဲ့ မှတ်စုများ (၂) ===



လွမ်းတယ်....
တရှိုက်မက်မက် ကွန့်မြူးထားရတဲ့
စိတ်ကူးထဲက ပင်လယ်ကို။။

ကိုယ်ကအပြုံးတွေစုတတ်သူ ဆိုကာမှ
သူမမျက်ဝန်းမှာပုလဲတွေ ခဏခဏဥတယ်
လွမ်းလို့တဲ့.....။။

Saturday, January 5, 2013

=== အလွမ်းခပ်တဲ့ မှတ်စုများ ===



ကိုယ်တိုင် ကဗျာဖြစ်သွားတဲ့အခါ
ရင်ဘတ်က ဆားမပါသလို
ခံစားချက်တွေကို စားမြိန်စာမဖြစ်စေခဲ့ပြန်ဘူး။။

ကျွန်တော်ကလည်း ကျွန်တော်ပါ
တစ်ခါတစ်ခါဆို
ဆရာ မောင်ချောနွယ်လို
ညီမလေးမမမြင့်ကို နင့်နေအောင်ချစ်တယ်။။