ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, December 24, 2012

အိမ်ပြန်ချိန်



ခြေချုပ်ကျနေတဲ့ အိပ်မက်တချို့ရဲ့ အတိမ်အနက်
ဘယ်ဘာသာနဲ့ ဖတ်မလဲ
တကယ်တော့ အနာဂတ်တစ်ခုလုံး ဖျားနာကိုက်ခဲ။။။

အပြောင်းအလဲကိုလိုချင်လို့
ညဉ့်နက်နက်မှာ မနက်စာစားကြည့်တယ်
မကောင်းဘူး။။။

Thursday, December 6, 2012

မြို့နက်



ဟိုးးးး အတိတ်မြို့ရိုးမှာ
အနတ္တတွေ မိုးလိုရွာတဲ့နေ့တုန်းက
သုညကို အစရှာရင်း
အဲဒီမြို့ဟာ မရှိခြင်းရဲ့အရိပ်မှာ
တိတ်တိတ်လေး အိပ်နေခဲ့ရဖူးတယ်။။

Monday, November 26, 2012

အတိတ်သို့ ၆၀ ဒီဂရီ


အဖေပေးခဲ့တဲ့ ဖိနပ်နဲ့ ဆက်ခဲ့တဲ့ခရီးမှာ
ယုံကြည်ချက်တွေ အသားမာတက်
နှလုံးသားတောင် အအေးပတ်နေပြီအဖေ။။

လိုချင်တာရရဲ့နဲ့ မပျော်တဲ့ကျွန်တော်ဟာ
တစ်ခါတလေ... မှန်မှန် မမှန်မှန်
နပိုလီယံရဲ့ အဘိဓာန်ကို
စိတ်အလိုမကျသမျှ မီးရှို့နေကျကောင်ပေါ့။။

Wednesday, November 21, 2012

ရေမချိုးတဲ့ မြို့ပြ



နတ်သမီးဝတ်စုံနဲ့ မြို့ပြရဲ့မျက်နှာမှာ
အနိဌာရုံတချို့ စီးကျ၊ ဆူပွက်
ချွေးစက်တွေ... ချွေးစက်တွေ ဖိုသီဖတ်သတ်နဲ့
အနံအသက်တွေ လှိုင်လှိုင်ထ
ညတွေက ရွံစရာကောင်းပြလာကြတယ်။။

Thursday, November 8, 2012

ကုလား... ကာ


ကျုပ်လေ....
အဖြူစင်ဆုံးကို လိုချင်လို့
မှန်ထောင်ပြီး ပြုံးကြည့်တယ်
ဒါလည်း...စိတ်ကျေနပ်မှု မရှိခဲ့ဘူး။။

Sunday, November 4, 2012

စွန့်ရဲတော့ မိငယ်


လူချင်းအတူတူ လမ်းတွေကွဲပြားတယ်
ယုံချင်ယုံ မယုံချင်နေ
ပစ္စုပ္ပန်မှာ ပုံပြင်မရှိဘူးမိငယ်။။

Thursday, November 1, 2012

ပဋိပက္ခ



ကိုယ့်အတွက် အထွဋ်အမြတ်ဆုံးအရာက
သူမအတွက် အပိုဖြစ်နေတဲ့ခဏ
ကျွန်တော့်ရင်ထဲမှာ တတိယကမ္ဘာစစ်စတယ်။။

Saturday, October 27, 2012

"အာသေဝနာစ ဗာလာနံ"


အချစ်ဆုံးရေ... အချစ်ဆုံးရေ
မသမာသူတွေဆို မင်းမုန်းရမယ်နော်။။

ကံ..ကံရဲ့အကျိုးကို ငါတို့အမျိုးတွေ
ယုံကြည်ကြပါတယ်အချစ်ရယ်...
ဒါပေမယ့်.. သူတို့ ကံတွေဆိုးခဲ့ကြတယ်
ငါတို့လည်း ငိုကြရအောင်နော်။။

Tuesday, October 23, 2012

အလွမ်းရောင် ပုံပြင်



ဖုန်းဆိုးမြေပေါ်မှာမှ ရင်ခုန်ခြင်းတချို့ကို
ကြဲချ၊ စိုက်ပျိုးလိုက်မိတယ်
ကိုယ့်ကိုယ်ကို စွမ်းလှပြီအထင်နဲ့
နားထင်ရောက်တဲ့သွေးတွေ လျှမ်းလျှမ်းကိုတောက်လို့။။
 
တကယ့်တကယ်ကျ...
မျှော်လင့်ချက်တွေ တသီကြီးပွေ့ဖက်
ကောင်းကင်ဆီ ပျံအတက်မှာမှ
ကိုယ့်ယုံကြည်ချက် အတောင်ပံတွေ မိုးမိသွားခဲ့။။

Wednesday, August 29, 2012

ရင်ခွင်ဦးမှ အပြန်...



လွမ်းလို့ဆိုပြီး ဖွင့်ဖတ်လိုက်ကာမှ
ဒုက္ခရဲ့ စာမျက်နှာဖြစ်နေတယ်
ဘဝရယ်...
နဂိုကြမ်းတဲ့လှိုင်းမို့ မုန်တိုင်းမဆန်ပါရစေနဲ့တော့။။

 အဲဒီ...
အသက်ဓာတ်မပါတဲ့ အပြုံးတစ်ခုနဲ့တင်
နှလုံးသား အတုဆိုတာ
ကမ္ဘာမြေကို သက်သေပြုရဲတယ်။။

Monday, August 6, 2012

ချစ်သူရဲ့ ချစ်သူအကြောင်း



သူမနှုတ်ခမ်းက အပြုံးတစ်ပွင့်
ကျပျောက်တဲ့နေ့မှာ
ကျွန်တော့်ရင် အိုဇုံးလွှာပေါက်တယ်။။
 
 ပြဿဒါးရက်မှာမှ
ကိုယ်တိုင်ကောက်ရတဲ့ ရွှေရုပ်လေးရေ
ယတြာမချေတော့ပါဘူး
ငါ့ကို... ကြိုက်သလိုသာ 
ခိုက်လိုက်ပါတော့။။

Friday, August 3, 2012

အလုပ်လျောက်ခြင်း



အဲဒီ...မျှော်လင့်ခြင်း ဝင်ရိုးစွန်းဆီ
ခြေတစ်လှမ်းကနေပဲ စလျှောက်ခဲ့တာပါ
ခရီးကျတော့ မပေါက်ခဲ့ဘူး။။

စာရွက်တွေနဲ့ထောက်ခံထားတဲ့ 
တတ်သိမှုတွေက
သိတတ်မှုတွေကို ခပ်သောသောကျော်ဖြတ်
သြော်....
ကျွန်တော့်အိပ်မက်ထဲမှာ ပြောပါတယ်။။

Sunday, July 29, 2012

ညတက္ကစီ




မဟူရာရောင်တချို့ သွန်းပက်
ဟော..ဟော
အနက်ရောင်တွေ ရွှန်းလက်လာပြီ။။

ပယင်းရောင်အဆိပ်ရည်နဲ့
အိပ်ငွေ့ချခံရတဲ့ ဦးနှောက်တချို့
ရို့ရို့လေးကပ်လာ
အင်း...ငှက်ရှာကြဦးမယ်ထင်ပ။။

Monday, July 23, 2012

အိပ်မက်လမ်း



အဲဒီ ပန်းခင်းလမ်းကိုလျောက်နေဆဲမှာ
ဖျတ်ခနဲ နိုးလာတိုင်း
ကိုယ့်ရင် ဘယ်ဘက်တံတိုင်းမှာ သူပုန်ထတယ်။။

ဖြစ်နိုင်ရင်...
မျှော်လင့်ခြင်းတစ်သိုက်ကို အလိုက်ပေးမယ်
အဲဒီအိပ်မက်လေး ဝယ်ချင်တယ်ကွယ်။။

Saturday, July 21, 2012

ကိုယ့်မှာတမ်း




ပြောမရ ဆိုမရ 
ငါ့ရဲ့ဧဝလက်သစ်လေးရေ
ငါသာ အာဒမ်ဆိုရင် နင်လူဖြစ်ဖို့
နံရိုးတစ်ချောင်း အဆုံးမခံဘူးကွယ့်။။

Sunday, July 15, 2012

စိန့်ပီတာစဘတ်(သို့) လီနင်ဂရက်မြို့သို့အလည်တစ်ခေါက် -(၂)

တစ်နေ့ခင်းလုံး ခြေကုန်၊လက်ပမ်းကျသည်အထိ လည်ပတ်ပြီးနောက် လိုက်ပို့သည့် သူငယ်ချင်းများရော ကျွန်တော်တို့ပါ ပင်ပန်းလှပြီဖြစ်၍ အဆောင်သို့ပြန်ကာ အနားယူလိုက်ကြသည်။။ ထို့နောက် ည(၂)နာရီခွဲ အချိန်တွင် ပြုလုပ်မည့် "အဖြူရောင်ညများ" ပွဲတော်ဖွင့်ပွဲသို့ သွားရောက်ရန် အဆောင်မှ ည (၁၁) နာရီခန့်တွင် ထွက်လာခဲ့ကြ၏။။ ကျွန်တော်တို့ ကံမကောင်းတာလား (သို့တည်းမဟုတ်) ပီတာစဘတ်သားများ မိုးမင်းနှင့်မတည့်လေသလားမသိ မိုးကတဖွဲဖွဲ ရွာချနေ၏။။ ကြုံရခဲသည့် ပွဲတော်မို့သာ သွားရသည် ထီးတွေနှင့်မို့ သိပ်အဆင်မပြေလှ။။ မိုးတဖွဲဖွဲအောက်မှာ ကားရထား တစ်တန်၊ မြေအောက်ရထားတစ်တန်နှင့် ဖွင့်ပွဲကျင်းပမည့် ညက်ဘာမြစ်ကမ်းဘေးဆီသို့ ထွက်ခွာလာ ခဲ့ကြသည်။။ ရောက်သည်နှင့် တံတားကိုအလယ်မှချိုးပြီး ရွက်လှေအနီကြီး ထွက်လာသည်ကို သေချာစွာ ကြည့်နိုင်မည့် နေရာအားရွေးကာ နေရာဦးလိုက်ကြ၏။။ မိုးရွာကြီးထဲ အားထည့်ပြီး လာကြည့်ခါမှ ကံကထပ်မကောင်း။။ ရွေးထားသည့်နေရာနှင့် ရွက်လှေနီကြီးထွက်လာပြီး မီးရှူး၊မီးပန်းများ ပစ်ဖောက်မည့် နေရာက တခြားစီဖြစ်နေသည်။။ ထို့ကြောင့်ပင် မြန်မာစကားပုံ "ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ" ဆိုတာကြီး ရှိခဲ့လေသလားမသိ။။။ :D သို့ပေသိ တစ်နှစ်မှာ တစ်ခါသာနွှဲရသည့် ပွဲပေမို့ ပီတာစဘတ်မြို့ခံများသာမက ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များပါ လာရောက်ကြသည်မို့ ညက်ဘာမြစ်ကမ်း တစ်ဖက်စီမှာတော့ လူတွေက ကြိတ်ကြိတ်တိုး စည်ကားလှ၏။။

Wednesday, July 11, 2012

စိန့်ပီတာစဘတ်မြို့ (သို့) လီနင်ဂရက်မြို့သို့ အလည်တစ်ခေါက် - (၁)

"မြန်မာမှန် ပုဂံရောက်ဖူးမှ" ဟူ၍ဆိုရိုးရှိသည်နှင့်အညီ ကျွန်တော်တို့ မြန်မာလူမျိုးများအားလုံး ပုဂံမြို့ကို ချစ်မြတ်နိုးစွာ တန်ဖိုးထားခဲ့ကြသည်။။ ထို့အတူပင် ရုရှားနိုင်ငံတွင်လည်း  စိန့်ပီတာစဘတ်မြို့ကို ရောက်ပြီးမှသာ ရုရှားနိုင်ငံသို့ ရောက်ခဲ့သည်ဟု ဆိုနိုင်ကြောင်း လူပြော၊သူပြောဖြင့် မှတ်သားရဖူး၏။။ ထို့ကြောင့်ပင် စိန့်ပီတာစဘတ်မြို့ဆီသို့ အလည်သွားရောက်ရန် ကျွန်တော် စိတ်ဆန္ဒပြင်းပြခဲ့ရသည်။။ အကြောင်းမတိုက်ဆိုင်သဖြင့် အရင်နှစ်များက မသွားဖြစ်ခဲ့။။ ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင်တော့ မဖြစ်မနေကို သွားရောက်ခဲ့သည်။။ မသွား၍လည်း မဖြစ်တော့။။ စိန့်ပီတာစဘတ်မြို့ ရေကြောင်း တက္ကသိုလ်တွင် တက်ရောက်နေသည့် သူငယ်ချင်းများက သင်တန်းပြီးဆုံးပြီမို့ ပြန်ကြပေတော့မည်။။ သူတို့ပြန်သွားပြီးမှ အလည်သွားခဲ့လျှင် စားရေး၊ နေရေး၊ လိုက်ပို့ပေးမည့်သူမရှိသည့် အရေးများဖြင့် အခက်ကြုံရပေလိမ့်မည်လေ။။ ထို့ကြောင့်ပင် သူငယ်ချင်း(၃)ယောက် ဇွန်လ (၁၈)ရက်နေ့တွင် ရထားလက်မှတ် ဖြတ်ရန်ဘူတာဆီသို့ ထွက်ခဲ့ကြ၏။။
ခရီးသွားရန်ပြင်တိုင်း အဆင်မပြေတတ်သည့် ကျွန်တော့် ဇာတာအရ မော်စကိုမှ စိန့်ပီတာစဘတ်သို့ သွားမည့် ရထားများတွင် (၁၉)ရက်နေ့ ညနေ(၃)နာရီ ရထားအတွက် လက်မှတ်တစ်စောင်မှလွဲ၍ (၂၀)ရက်နေ့အထိ လက်မှတ်မရနိုင်တော့ဟု သိရ၏။။ စိန့်ပီတာစဘတ်မြို့တွင် နှစ်စဉ်ကြုံတွေ့ရသည့် "အဖြူရောင်ညများ" ဖွင့်ပွဲကို (၂၃)ရက်နေ့တွင် ကျင်းပမည်ဖြစ်သဖြင့် ခရီးသွားများ များပြားလွန်းနေခြင်း ဖြစ်သည်။။ ထို့ကြောင့်ပင် တစ်ယောက်က (၁၉)ရက်နေ့သွားနှင့်ပြီး ကျွန်တော်နှင့် နောက်တစ်ယောက်က (၂၂)ရက်နေ့ မနက်တစ်နာရီ ရထားဖြင့် မော်စကိုမြို့မှ စိန့်ပီတာစဘတ်မြို့ဆီသို့ "အဖြူရောင်ညများ" အမှီခရီးနှင်ခဲ့ကြတော့သည်။။

Saturday, March 17, 2012

ရင်နာခဲ့ရတဲ့နေ့ (မေမြို့မိုး၏ တဂ်ပို့စ်)

ညီလေး မေမြို့မိုး  က အကိုရေတဂ်လေး ရေးပေးပါဦးလို့ ပြောလို့ရေးလိုက်ပါပြီ။။ ကျွန်တော့်အနေနဲ့ နိုင်ငံရေးနှင့် ပက်သက်၍၄င်း၊ ဘာသာရေးနှင့် ပက်သက်၍၄င်း ဤစာမျက်နှာ များပေါ်တွင် လုံးဝမရေးပါဟု ဆုံးဖြတ်ထားခဲ့ပါတယ်။။ အခုကတော့ ကျွန်တော့် စိတ်ထဲမှာ အရမ်းခံပြင်းမိလို့ ရေးလိုက်တာပါ။။ အဲဒီနေ့က ကျွန်တော်အရမ်းကို ယူကျုံးမရဖြစ်ရပါတယ်။။ တစ်နေကုန် တခြားဘာဆို ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့အောင် ဖြစ်သွားပါတယ်။။ မတ်လ (၁၄)ရက်နေ့ကို တစ်သက်မမေ့အောင် စိတ်ထဲမှာ စွဲထင်သွားခဲ့ပါပြီ။။ မနက်ပိုင်းမှာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာကို (၃၀၀၀၀)တိတိ အပိုထပ်ဆောင်း တိုးပေးတယ်ဆိုလို့ အပျော်တဝက်နဲ့ ကုန်ဈေးနှုန်းတွေ လိုက်မတက်ပါစေနဲ့လို့ ဟာသအတွေးနဲ့ ဆုတောင်းမိ ပါသေးတယ်။။ နောက်ပြီးမှ ထပ်သိရတာက ပြည်ပမှာ ပညာသင်နေသူများ ပညာသင်ကြားနေစဉ် ကာလအတွင်း ထပ်ဆောင်းငွေ ခံစားခွင့်မရှိစေရတဲ့။။ ဒါကိုလည်း ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရပဲလေဆိုပြီး ပြည်တွင်းက တိုးပြီးရသူတွေ အတွက် မုဒိတာ ပွားနေနိုင် ပါသေးတယ်။။

Thursday, March 8, 2012

ရေသေအိုင်



လောကဓံကိုစိန်ခေါ်၊ ကိုယ်တိုင်ပုံဖော်တဲ့ စိတ်ကူးနဲ့
ရူးရူးမူးမူး ကူးခတ်၊ ယုံကြည်တဲ့ အနာဂတ်ဆီ
တစ်နေ့မှာ၊ ကမ်းကပ်မယ်ပေါ့။။

မျှော်လင့်ချက်တွေ သိဒ္ဓိတင်ဖို့
ဘဝကိုရင်ခွဲကြည့်မိတယ်
ဟောဒီကမ္ဘာမှာ သစ္စာတရားသေသွားတာ ကြာပြီပဲ။။

Wednesday, February 29, 2012

"ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်" (တဂ်ပို့စ်)



ကျွန်တော်လည်း ဒီတလော စာတွေများနေလို့ ဘလော့ဂ်ဘက် မလှည့်ဖြစ်တာကြာပါပြီ။။ သတင်းတွေ အဆက်မပြတ်အောင် FACEBOOK ပေါ်တက်တက်ပြီး ကြည့်ဖြစ်တာကလွဲလို့ ဘာမှကို မလုပ်ဖြစ်ပါဘူး။။ ဒီနေ့တော့ ကိုသက်တန့်က "ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်" ဆိုပြီး တဂ်ပို့စ်တစ်ခု တဂ်ထားတာ တွေ့လိုက်ရပါတယ်။။ ဒါကြောင့် စာလုပ်ပြီးတာနဲ့ ဒီပို့စ်ကို တန်းရေးလိုက်တာပါ။။ အာရုံတစ်ခု အပြောင်းအလဲ ဖြစ်သွားအောင် တဂ်ပို့စ်လေး တဂ်ပေးတဲ့ ကိုသက်တန့်ချို ကိုကျေးဇူးအများကြီး တင်ပါတယ်ဗျာ။။ :P ။။

Sunday, February 19, 2012

ပုံရိပ်ယောင်




သံသယနဲ့ လှော်ခတ်ခံလိုက်ရတဲ့နောက် 
ဆိုက်ကပ်ဖို့ ကမ်းပျောက်သွားခဲ့ 
ငါ့ဘဝရဲ့ ဒီလှေငယ်ကျမှ 
ယုံကြည်မှုနယ်ပယ်က ကျဉ်းမြောင်းလိုက်တာ။။ 

Thursday, February 16, 2012

အချစ်ကြိုးနဲ့သီတဲ့ အနာဂတ်




"ကျေးဇူးပြု၍ နားဆင်ပါရှင်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သုဝဏ္ဏ ဘုမ္မိအပြည်ပြည် ဆိုင်ရာလေဆိပ် မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဦးတည် ပျံသန်းလာသော MAI လေယာဉ်ကြီးဟာ မကြာမီ အချိန်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်တော့ မှာဖြစ်ပါတယ်။။။ သို့ပါ၍ မိမိတို့၏ ထိုင်ခုံခါးပတ်များကို ပတ်ထားကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။။။"

Friday, February 10, 2012

ဖိုးကျော်




သူ့နာမည်က ကျော်ကျော်။။ အားလုံးကတော့ ဖိုးကျော်ဟုသာ နှုတ်ကျိုးနေပြီမို့ ဖိုးကျော်ဟု အမည်တွင်နေပြီဖြစ်သည်။။ သူမွေးဖွားကြီးပြင်းခဲ့ရာ အရပ်ဒေသက မြို့ပြနှင့် အတန်ငယ် အလှမ်းဝေးသော ကျေးရွာလေးတစ်ခုမှာ ဖြစ်၏။။ မိဘများကလည်း တောသူတောင်သား လယ်သမား မိသားစုများ ဖြစ်ကြသဖြင့် သူ့အသက် (၃)နှစ်လောက်ကတည်းက ဆွမ်းတစ်အုပ်နှင့် ရွာဦးကျောင်းမှာ အပ်ခဲ့ကြသည်။။ ထို့ကြောင့် သူသည် လက်ဦးဆရာ ရွာဦးကျောင်း ဆရာတော်၏ အဆုံးအမများဖြင့် ကြီးပြင်းလာခဲ့ရပြီး မူလတန်းကျောင်း မရောက်မီကပင် သင်ပုန်းကြီးကျေ ခဲ့လေ၏။။ ကျောင်းတက်ရမည့် အရွယ်ရောက်တော့ ရွာမှမူလတန်းကျောင်းမှာပင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။။

Monday, February 6, 2012

ကျွန်တော့်ဘဝ၏ အမှတ်တရ နေ့စွဲများ (Tag Post)



ဒီနှစ်မှာ ဆောင်းတွင်းက မစာမနာ အရင်နှစ်တွေထက်ကို သာသာကဲကဲ ထူးပြီး နှိပ်စက်နေလို့ သွေးကိုနွှေးနွှေးပေး နေရတာတွေရယ်၊ ရက်ရှည်ကျောင်း ပိတ်ရက်ကြောင့် အကျင့်တွေ ပျက်ပြီး ဇီးကွက်ဖြစ်နေ တာတွေကြောင့် စာရေးတဲ့ဖက်ကို ဘယ်လိုမှ စိတ်မရောက်နိုင် ဖြစ်နေတာ ကြာပါပြီ။။ ရေးချင်တာလေး ပေါ်လာလိုက် ရေးရမှာ ပျင်းသွားလိုက်နဲ့ လုံးချာလည်နေတုန်း ညီလေး ကျူးပစ် က "အကိုရေ.. တဂ်ထားတယ်ဗျာ" ဆိုပြီး Offline Message လေးပို့ထားတာ တွေ့လိုက်ရပါတယ်။။ ဒါနဲ့သူဘာတဂ်ထားတာတုန်း သွားကြည့်တော့ "ဘဝရဲ့အမှတ်တရ နေ့စွဲများ" ဆိုတဲ့ခေါင်းစဉ်နဲ့ ငယ်စဉ်ကနေ ကနေ့အထိ အမှတ်တရ နေ့ရက်တွေ အကြောင်း ရေးထားကြတာ ဖြစ်နေပါတယ်။။ တော်တော် များများလည်း ရေးပြီးကြပြီမို့ လိုက်ဖတ်ကြည့်တော့ ညီမလေး သမီးစံ ကလည်း တဂ်ထားတာ ဆက်တွေ့လိုက်ပါတယ်။။ ဒီတော့လည်း ပျင်းပျင်းရှိလို့ Facebook မှာဟိုနားစပ်စပ်၊ ဒီနားစပ်စပ် လုပ်နေရာကနေ အခုလို ထပြီးရေးလိုက်ပါပြီဗျာ။။

Wednesday, February 1, 2012

ရေခဲရိုက် သံယောဇဉ်




နှလုံးသားချင်း နားမလည်ခဲ့ကြဘူးထင်ရဲ့
တွဲထားတဲ့ လက်နှစ်ဖက်က
အေးစက်နေလိုက်တာ။။

ထွေးဖက်ထားရင်းနဲ့ မနီးစပ်ခဲ့ကြတာ
ချည်နှောင်တဲ့ ကြိုးတွေမှားခဲ့လို့လား။။

Saturday, January 28, 2012

လူလည်



မပြည့်တဲ့အိုးမို့ ဘောင်ဘင်ခတ်ရအောင်လည်း
ပင်လယ်အကြောင်း
ငါကောင်းကောင်းသိတယ်။။

Tuesday, January 24, 2012

ခေတ်ခါး



တွေ့ရဲ့လား အချစ်ရေ...
ဟိုးးးမှာ အိုဇုန်းလွှာ မပေါက်ခင်
လူ့နှုတ်ခမ်းက အပြုံးတွေပျောက်ခဲ့ရပြီ။။

အသိဥာဏ်တွေ ရောင်နီမလာသေးလို့
သုညကို အခွံခွာကြတာ
ခွင့်လွှတ်လိုက်ပါ အချစ်ရယ်...
ငါတို့တွေ "စာ" တတ်နေပြီပဲ။။

Friday, January 13, 2012

ချစ်ခြင်းဟုဆိုရာဝယ်



"အချစ်ဆိုတာ ဖွင့်ပြောမှ နင်သိမယ်ဆိုရင်လေ
ငါချစ်တာကို ဒီဘဝ
နင်မသိစေရတော့ပါဘူး ခရေရယ်...။။"

မီးလုံးများ၊ မီးပန်းများနှင့် ထိန်ထိန်ညီးနေသော ခန်းမတစ်ခု၊ အတွင်းပိုင်းမှာလည်း ခမ်းနား ထည်ဝါ စွာ ပြင်ဆင်နေရာ ချထားသော စင်မြင့်တစ်ခုနှင့် စားပွဲဝိုင်းများ၊ ညာဘက်ခြမ်းမှာတော့ အပျော်တမ်း တီးဝိုင်းလေး တစ်ခုက နေရာယူထားသည်။။

Wednesday, January 11, 2012

ရင်လှိုင်းခတ်သံ


ဘာတွေနောက်ဆံ တင်းနေတာလဲအချစ်ရယ်
အဲဒီလူတွေက မေတ္တာမဝလို့၊ လိပ်ပြာမလှတာပါ
သူတို့အတွက်နဲ့တော့ ကမ္ဘာကြီးရဲ့သိက္ခာ
ထပ်မကျတော့ပါဘူး...လာပါကွယ်
အချိန်ရဲ့ ငါတို့အပေါ်လွှမ်းမိုးခြင်းကို လျော့ချကြစို့။။

Sunday, January 8, 2012

ကျွန်တော့်ရဲ့ တစ်နေ့တာ (တဂ်ပို့စ်)




စာမေးပွဲအတွက် လုံးပမ်းရင်း (အမှန်ကတော့ EXAM ကိုငါးပိသံနဲ့ဖတ်ရင် အိပ်စမ်းလို့ အသံထွက်တဲ့အတွက် အများအားဖြင့် စကားနားထောင်တဲ့အနေနဲ့ အိပ်နေတာပါပဲ..:P:P) သူတို့ဆီမှာက နှစ်ကူးကို အတော်အလေးအနက် ထားကြတာဆိုတော့ အတန်းလည်းမတက်ရ ပျော်ပွဲတွေကလည်း များမှများ (ကိုယ်တွေကလည်း စိတ်ညစ်စရာကိုသာ နေပါစေဆိုပြီး မျှဝေမခံစားရင်နေမယ်၊ ပျော်စရာဆိုလို့ကတော့ လာထားပဲ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ကူပျော်တတ်တဲ့ အမျိုးကိုးဗျ.. :D:D) ဆိုတော့ကာ စာလည်းမရေးဖြစ် ဘလော့လည်တာတောင် အကုန်ရောက်ရဲ့လားမသိ ဖြစ်ဖြစ်နေတယ်ဗျာ။။ ဟိုနေ့ကတော့ စိတ်ထဲပေါက်ပေါက်နဲ့ လတ်တလော ဖြစ်နေတာလေးတွေအကြောင်း ဇာတ်အိမ်လေးဆင်ပြီး တစ်ပုဒ်ရေးတင်လိုက်တယ်။။ အဲဒါပြီးတော့ ငါတော့ ရေးပြီးပဟဆိုပြီး ဒန်တန့်တန် လုပ်မလို့ကြံခါရှိသေး ညီလေး မောင်(စွယ်စုံကျမ်း)က တဂ်ထားပါတယ် ခင်ဗျာတဲ့။။ ဒါနဲ့ပဲ သူများရေးထားတာလေးတွေ လိုက်ဖတ်ပြီး ရေးဖို့ပြင်လိုက်တယ် (ထူးခြားတာက ဒီတစ်ခါလည်း အမ BLACKROSEရဲ့ တဂ်ပို့စ်လေးပဲ ဖြစ်နေတာပါပဲ။။ သူကစလိုက်ပြီး ကျွန်တော့်ဆီပါ လည်လာတာလေ ..:P:P)။။

ကဲ... ဖြေလိုက်ပါပြီဗျာ။။။

Saturday, January 7, 2012

ဆောင်းလေညှင်းရဲ့ သက်ပြင်းရှိုက်သံ



ဆောင်းလေအေးက ဝေ့ခနဲ တိုက်ခတ် လာသည်။။ စစ်ဆွယ်တာ အပေါ်မှ ခြုံလွှမ်းထားသော နီညိုရောင် အညာစောင်ထူကို ခပ်တင်းတင်း ဖြစ်အောင် ပြင်ပြီး ပတ်ခြုံလိုက်ရင်း အေးနိုင်တစ်ယောက် လက်ထဲမှ ဘီလီပတ်ကို ခပ်ပြင်းပြင်း ရှိုက်ဖွာလိုက်၏။။ ဟူးခနဲ မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့များကို လိုက်ကြည့်ရင်း အာရုဏ်တက်စ အလင်းဖျော့ဖျော့နှင့် နှင်းစက်တွေ တဖွဲဖွဲ ကျဆင်းနေသော လယ်ကွင်းပြင်ကြီးကိုပါ ငေးကြည့်နေမိသည်။။ ခဏနေရင် စပါးရိတ်သမများ၊ စပါးနယ်လှေ့ သူများနှင့် ဒီလယ်ကွင်းကြီးက ညံညံစီ လာပေဦးတော့မည်။။ အတွေးစတို့ကို ဖြတ်ရင်း လယ်စောင့်တဲ၏ အလယ်ရှိ မီးဖိုကို မီးမွှေးရင်း ရေနွေးအိုး တစ်အိုးတည်လိုက်သည်။။ ပြီးတော့မှ ညသိပ်ထားသော နွားနှစ်ကောင်ကို ကြိုးဖြုတ်ပြီး တဲအပြင်သို့ အညောင်းအညာပြေသဘော ခဏ လွှတ်ပေးလိုက်၏။။ တဆက်တည်း နွားချေးကျုံး၊ တဲအတွင်း တံမျက်စည်း လှည်းပြီး သန့်ရှင်းရေး လုပ်လိုက်သည်။။ အေးနိုင် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး နာရီကြည့် လိုက်တော့ မနက် ၅ နာရီခွဲလုပြီ။။