ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, March 14, 2013

လောင်းရိပ်မိုးလို့ ညှိုးတဲ့ကြယ်



နှုတ်ခမ်းအညိုရောင်နဲ့ ကောင်မလေးရေ
ဘဝက ပင်လယ်ဆန်တယ်ကွဲ့
ဟော့ဒီအရပ်မှာ...
နှလုံးသားကို ဆားခပ်ဖူးသူတွေက
ပတ်မကြီးကို ထိုးခွဲတတ်ကြတယ်။။

အငွေ့မှ မပျံတတ်တော့လည်း
ကိုယ့်မှာ မိုးလုပ်ရွာဖို့ တိမ်မရှိခဲ့ဘူး
တကယ်တော့...
အဖြူသက်သက်မို့ အနက်တစ်စကထင်ရှားလွန်းခဲ့တာပါ။။

ပြောကြကြေးဆို ...
မျှတခြင်းတွေ မမျှတတဲ့နေရာမှာ
ကိုယ်က ... ကိုယ့်အလင်းကိုယ် ပြန်မြိုမိတဲ့ကြယ်
နှုတ်ခမ်းညိုမလေးရယ် ...
ကိုယ့်အတွက်တော့ မင်းမငိုပါနဲ့။။

သန်းခေါင်ချင်း အတူတူ
ကိုယ့်အလှည့်ကျမှ ပိုမှောင်တယ်
အဲဒီ ခနဲ့ပြုံးတွေအတွက်တော့
မျက်လုံးကို ဆေးခပ်မကြည့်ချင်ဘူး
ထားလိုက်ပါကွယ်...
ကိုယ်ကလည်း ဘုရားဖြစ်မယ့်အုတ်နီခဲမှမဟုတ်တာ။။

လာပါကွယ်...လာပါ
အဲ့ဒီအရပ်မှာ ဥယျာဉ်မှူးရှားတယ်
ပန်းခူးသူတွေကြားထဲတော့
မင်းကို တစ်ယောက်တည်း မထားခဲ့ရက်နိုင်ဘူး
ပွင့်လန်းခွင့် မရမယ့်အတူတူ
ကိုယ့်သဘောနဲ့ကိုယ် ကြွေကျလိုက်ကြရုံပေါ့။။

တံလျှပ်ကို ရေထင်သူတွေပဲ
နွေရာသီကို ရင်ဘတ်ထဲထည့်တတ်တယ်
နှုတ်ခမ်းညိုမလေးရေ...
မိုးရေစက်တွေအောက်မှာ ဆောင်းရာသီကိုကြိုဆိုကြမယ်
တကယ်တော့ ... ဘဝကို ယီးလေးခိုဖို့
လူ့စည်း၊ဘီလူးစည်းလေးပဲ လိုသကွဲ့။။




လေးစားလျက်
အလင်းသစ်

9 comments:

  1. နှုတ်ခမ်းညိုမလေးကြားပါစေဗျာာ


    မောင်ဘကြိုင်

    ReplyDelete
  2. လာပါကွယ်...လာပါ
    အဲ့ဒီအရပ်မှာ ဥယျာဉ်မှူးရှားတယ်
    ပန်းခူးသူတွေကြားထဲတော့
    မင်းကို တစ်ယောက်တည်း မထားခဲ့ရက်နိုင်ဘူး
    ပွင့်လန်းခွင့် မရမယ့်အတူတူ
    ကိုယ့်သဘောနဲ့ကိုယ် ကြွေကျလိုက်ကြရုံပေါ့....:)

    တပုဒ်လုံးကတော့ မိုက်စ်ပါ :)
    အဲ့အပုဒ်လေးကိုတော့ အကြိုက်ဆုံးပဲ အလင်းရေ >>>>>
    အလင်းကဗျာတွေက ဘယ်လောက်ပဲဖတ်ဖတ် ဖတ်လို့မ၀ဘူးးးးးးးး
    မရိုးဘူးရယ်...ဖတ်မိတိုင်းလဲ သိပ်နှစ်သက်မိတယ်...
    ဘာပဲရေးရေးကောင်းတဲ့သူထဲမှာလဲ အလင်းက
    ဆရာတစ်ဆူပါပဲ...အားကျမိတယ် အလင်းရေ..
    ခင်တဲ့...မိုးနတ်

    ReplyDelete
  3. ဟုတ်ပ မကြီးမိုးနတ် ပြောသလိုပဲ
    ဘယ်လောက်ပဲ ဖတ်ဖတ် ဖတ်လို့ကို မဝဘူး
    အပုဒ်တိုင်းက ကောင်းနေတယ်
    ကဗျာစာအုပ်များ ထုတ်ဖို့ မရှိဘူးလား
    ထုတ်ပစ်ခဲ့ရင်တော့ ထိပ်ဆုံးက အားပေးမဲ့သူက
    နွေလလို့သာ မှတ်ထားလိုက်ပါဗျာ

    နွေလ

    ReplyDelete
  4. ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားတယ် အလင်းသစ်ရေ...
    ပါရမီရှင်တွေရဲ့ ကဗျာလေးတွေကို လေ့လာရင်း မှတ်သားရင်းနဲ့
    တစ်ကြောင်းနှစ်ကြောင်းတော့ တတ်လာပါပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ဦးဦးအလင်းသစ်..ရေးတဲ့ကဗျာဆို ကောင်းပြီးသား ။ ။
    ဘယ်လိုကဗျာမျိုးပဲရေးရေး ကောင်းနေတာ
    မနာလိုစရာကြီးနော်. :P
    ကဗျာစာအုပ်ထုတ်ရင် လက်ဆောင်ပေးရမယ်နော်။

    ReplyDelete
  6. အားပေးလျက်ပါ ^_^

    ReplyDelete
  7. “နှုတ်ခမ်းညိုမလေးရယ် ...
    ကိုယ့်အတွက်တော့ မင်းမငိုပါနဲ့။။” ... နှုတ်ခမ်းညိုမလေးက ပြောလိုက်တယ် မငိုပါဘူးတဲ့ အစ်ကိုရေ ... :)

    ReplyDelete
  8. လှလိုက်တဲ့စာသားလေးတွေ ၊ စကားလုံးလေးတွေနဲ့ ကဗျာကောင်းတစ်ပုဒ်ကိုဖတ်ရှု ခံစားခဲ့ပါတယ် ။

    ReplyDelete
  9. အရင်နေ့တွေ ကတည်းက fb မှာ ဖတ်လိုက်ရတယ် ဗျာ့
    ဖတ်တိုင်းကောင်းတဲ့ ကဗျာ လေးမို့ ခဏခဏ ဖတ်မိတယ်။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။