ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, December 7, 2013

အတ္တ


ဘဝဟာ သုညဖြစ်ကြောင်း
ကိုယ့်ကို ... ပုံသေနည်းပေါင်း များစွာက
သက်သေပြကြတယ်။။

တကယ်ဆို ... ကောက်စိုက်သူ မပျော်ရွှင်တဲ့
အဲဒီ ... လယ်ကွင်းပြင်မှာမှ
ကိုယ်က ...လယ်ပိုင်ရှင်ဖြစ်ခဲ့ရတာပါ
တစ်ရာသီလုံးလုံး အရှုံးတွေပဲဝေခဲ့ပေါ့။။


အလှည့်အပြောင်းတွေ များခဲ့လို့ပဲလား
အထည်ကြီးပျက် မုဆိုးမလို
ဟိုတုန်းက အကြောင်းတွေကို မသာယာချင်တော့ဘူး။။

အမှားပြင်၊အမှားပြင်နဲ့ အမှန်တော့ မြင်ခဲ့ပါရဲ့
သတိရလို့ ထကြည့်တော့မှ
ကိုယ့်ရာဇဝင် စာမျက်နှာထက်
ဖျက်မရတဲ့ ကြက်ခြေခတ်တွေ
ဒင်းကြမ်းကို ထပ်လို့။။

ဒါပေမယ့် ...
ဝေဒနာကို ဒေသနာကြားဖို့ခက်တယ်
အဖျက်ဆိုတာ မာရ်နတ်ရယ်မှမဟုတ်ပါဘူးကွယ်
တရားနဲ့ဖြေဖို့ ကြိုးစားတိုင်းမှာ
ကိုယ့်ရဲ့ ...  မာနတွေက
ဒီရေလို ခဏခဏလှိုင်းတွေထတယ်။။



လေးစားလျက်
အလင်းသစ်
၈.၁၂.၂၀၁၃ (တနင်္ဂနွေ)

1 comment:

  1. ပက်စက်တယ်...။
    အထွက်ကြမ်းကြမ်း..နဲ့ ကဗျာလေး..။ ဘယ်လိုများတွေးထားပါလိမ့်..

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။