ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, February 16, 2012

အချစ်ကြိုးနဲ့သီတဲ့ အနာဂတ်




"ကျေးဇူးပြု၍ နားဆင်ပါရှင်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သုဝဏ္ဏ ဘုမ္မိအပြည်ပြည် ဆိုင်ရာလေဆိပ် မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဦးတည် ပျံသန်းလာသော MAI လေယာဉ်ကြီးဟာ မကြာမီ အချိန်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်တော့ မှာဖြစ်ပါတယ်။။။ သို့ပါ၍ မိမိတို့၏ ထိုင်ခုံခါးပတ်များကို ပတ်ထားကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။။။"

ကွာလာလမ်ပူမှ ဘန်ကောက် ၊ဘန်ကောက်မှ ရန်ကုန်သို့ အပြန်ခရီးဖြစ်၍ သူစိတ်တွေ လှုပ်ရှားနေပေမယ့် ပင်ပန်းမှု ဒဏ်ကြောင့်မှေး ခနဲဖြစ်သွားခိုက် အင်္ဂလိပ်ဘာသာဖြင့် ကြေညာသံကြောင့် ဆတ်ခနဲလန့်နိုး လာသည်။။။ ထိုင်ခုံခါးပတ်ကို ဆွဲပတ်လိုက်ပြီး လေယာဉ်ပြတင်း မှအောက်သို့ လှမ်းကြည့် မိတော့ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာပြီဖြစ်သဖြင့် မြန်မာ့အငွေ့အသက်များကို ခံစားရသလိုလို ဘာသာ အင်အားတွေပြည့်လာသည်။။ မကြာမီမှာပင် ရွှေရောင်လွှမ်းသော မြန်မာနိုင်ငံ၏ ရန်ကုန်မြို့ကို လှမ်းတွေ့လိုက်ရလေပြီ။။ ဟိုဟိုဒီဒီ သေချာလိုက် ကြည့်နေရင်း အမိမြေ၏အလှကို ကောင်းကင်ပေါ်မှ ခံစားနေမိ၏။။ ကောင်းကင်ပေါ် ပျံဝဲနေရာမှ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး  ငြိမ့်ခနဲ ခံစားချက်နှင့်အတူ သူအမိမြေပေါ်သို့ ပြန်လည် ရောက်ရှိ လာခဲ့လေပြီတည်း။။ နိုင်ငံတကာနည်းတူ ခမ်းနား ထည်ဝါလှသော ရန်ကုန်လေဆိပ်ကြီးထဲ သူဝင်ရောက်လာ ချိန်မှာတော့ ကြိုနေသူတွေ၊ ပို့ဆောင်သူတွေနှင့် စည်ကားနေ တာတွေ့ရသည်။။ သူ့မှာသာ.......။။ သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်ရင်း သူပစ္စည်းများ တင်ထားသော လှည်းငယ်ကိုတွန်းပြီးဝင်လာခဲ့လိုက်သည်။။။

"ဟေ့ကောင်ကြီး.. ငါတို့ဒီဘက်မှာကွ။။"

"ဟာ..ဒေးဗစ် ၊မျိုးကြီး။။ ဟာအများကြီးပဲကွာ။။ ငါ့ကိုလာကြို ကြတာပေါ့နော်။။။"

"အေးပေါ့ဟ..လဒရဲ့ မင်းကိုမကြိုလို့ ငါတို့က ဒီလေဆိပ်ကြီးထဲ အလှူလာခံတာ ဟုတ်မလား။။"

သူငယ်ချင်းများ၏ ဆူဆူညံညံနှုတ်ဆက်သံများကြောင့် ပတ်ဝန်းကျင်က မျက်စောင်းများ ဝိုင်းထိုးလာသည် ထိပင်။။ သူ့ပြည်တော်ပြန် ခရီးကခြောက်သွေ့နေ လိမ့်မည်ဟု ထင်ထားသော မင်းညိုရင်ထဲ အပျော်များ စီးဆင်း သွားသည်။။ သြော်.....အမိမြေက သူ့ကိုအထီးကျန် အလွမ်းအဆွေးတွေနှင့် ကြိုနေလိမ့်မည် ထင်ထားတာ မမှန်ပါလား။။ လူငယ်တို့ မရှောင်နိုင်အောင် ကြုံတွေ့ကြရသော အသည်းကွဲ ဝေဒနာကြောင့် မနေပျော်တော့သော မွေးရပ်မြေမှ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရင်း၊ ရင်ဘတ်ထဲမှ ဒဏ်ရာကိုလည်း ကုစားရန် ထွက်ခွာခဲ့တာ ခုဆို ၆ နှစ်ပင်ကျော် ခဲ့လေပြီ။။ အရင်းအနှီးလည်း အတန် အသင့် စုမိပြီဖြစ်သလို၊ သူ့ရင်ထဲ မှာလည်း အချိန်က ကုစားပေး၍ဖြေသိမ့် နိုင်လေပြီမို့  ပြည်တော် ပြန်ခဲ့တာဖြစ်သည်။။။


"ဟေ့ကောင် ..ငမင်းအခု အိမ်တန်းပြန်မယ်။။ ပြီးမှ အပြင်တစ်ခေါက် ထပ်ထွက်ကြတာပေါ့။။ အိုကေတယ် မလား။။။"

"ဘာလို့မကေရမှာလည်းကွာ။။ မင်းတို့သဘော၊ ငါ့ကိုခုလိုလာကြို ကြမယ်လို့ထင်ကို မထင်ထားတာကွ။။ ငါအရမ်းပျော်တယ်။။။"

"မင်းမိဘတွေမှ လာမကြိုနိုင်တာကွာ။။ အဲဒီတော့ မင်းဦးလေးက ငါတို့ကို လှမ်းပြောထဲက ငါတို့တိုင်ပင်ပြီး ဒီနေ့ ငါတို့ အကုန်စုပြီး လာကြိုကြတာ။။။"
သူတို့ သူငယ်ချင်းတစ်စု လေဆိပ်အပြင်ရောက်တော့ အောင်အောင်က ကားကို ပတ်ကင်မှ မောင်းထွက် လာတာတွေ့ရသည်။။ ဖိုးအောင်က ကားတွေဘာတွေ စီးနေပြီလားဟဟု သူက အံ့သြသလို မေးလိုက်တော့ ငှားလာတာပါကွာ ဘယ်ကစီးနိုင်မှာလဲဟု ဒေးဗစ်က ပြန်ဖြေသည်။။ ကားပေါ် ပစ္စည်းတွေတင်ပြီး သူတို့သူငယ်ချင်းတတွေ ထွက်လာခဲ့တော့ အမိမြေ၏ သန့်ရှင်းသော လေထုအောက်မှ ခေတ်မှီမြို့ကြီးက ဆီးကြိုနေလေသည်။။ မင်းညို ရင်ထဲမှာတော့ ကြည်နူးသလိုလို၊ လွမ်းသလိုလို ခံစားချက်များနှင့်။။






********************************



"သားရေ..ဟဲ့ကောင်လေး မထသေးဘူးလား။။။"

အခန်းတံခါးကို ထုရင်းအော်ပြောလိုက်သော အမေ့အသံကြောင့် ထပြီအမေရေ့ဟု ပြန်ပြောရင်း မင်းညို အိပ်ယာပေါ် ထထိုင်လိုက်သည်။။ နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီတိတိ ရှိလေပြီ။။ ကပျာကသီ အိပ်ယာသိမ်းပြီး အိမ်ရှေ့ အုတ်ကန်သို့ ပြေးထွက်လိုက်တော့ သွားတိုက်ဆေး တင်ထားသော သွားတိုက် တံလေးက အဆင်သင့်။။ မျက်နှာသစ်ပြီး သူမီးဖိုချောင်ထဲ ဝင်သွားတော့ အဖေနှင့်အမေက ထမင်းစားဖို့ စောင့်နေတာ တွေ့ရသည်။။ စားနှင့်တာ မဟုတ်ဘူး အမေတို့ကလည်းဟု ရီရင်းပြောကာ ခုံမှာသူဝင်ထိုင်တော့ အမေကထမင်းထည့်ပေး၏။။။

"ကောင်လေးနော်.. မင်းရောက်တာလည်း တစ်လလောက်ရှိပြီ။။ အိမ်ကိုမကပ်ဘူး။။ မနက်စာမှီတာ ဘယ်နှရက် ရှိပြီလည်း တွက်ကြည့်စမ်း။။။"

အမေကလည်း ဟုပြောရင်း သူရီနေလိုက်သည်။။ အဖေကသူ့ကို မျက်မှောင်ကုတ်ကြည့်ရင်း ဟေ့ကောင် ဟုခေါ်တော့ ဗျဟုသူထူးလိုက်မိ၏။။ အဖေ့ကိုတော့ သူမနောက်ရဲပါ။။ အဖေက စကားနည်းသလောက် မျက်နှာတည်ပြီး လိုမှသာ စကားကိုပြောတတ်သူမို့ သူအသာနား စိုက်ထောင်နေလိုက်သည်။။

"ငါ့လုပ်စာနဲ့ တစ်မိသားစု စားလောက်ရဲ့နဲ့ မင်းကိုပြည်ပထွက်ဖို့ ခွင့်ပြုခဲ့ပြီးပြီ။။ ဒီတစ်ခါ ငါတို့ဖြစ်ချင် တာကို မင်းပြန်လုပ်ပေးတော့။။ ဘယ်နှယ့်ကွာ မိဘကိုပြစ်ထားပြီး  ဒီလောက်နှစ်ရှည်လများ နေ နေနိုင်လွန်း
တယ်။။ ငါ့လခွေး။။"

"အို..တော်ကလည်း။ စကားပြောရင် တုတ်ထိုးအိုးပေါက်ပဲ။ သာသာပြောလဲ ဒီစကားပါပဲ။ ကျွန်မပြော ပါ့မယ်။။ တော်..အသာနေ။"

အမေကဝင်ပြောတော့  အဖေဘာမှ မပြောပဲငြိမ်သွားသည်။။ ဘာများတုန်းအမေရဲ့ ဟုသူကမေးလိုက်တော့
"ဒီလိုသားရေ.. မင်းထွက်သွားလိုက်တာလည်း ၆ နှစ်ကျော်ပြီ ဆိုတော့အရွယ်တွေလည်း လွန်လှပြီ။။ ခုလောက်ရှိ မင်းလည်း သေသောသူကြာရင်မေ့ ဆိုသလို ဖြေသာပြီလို့လည်း အမေတို့ထင်တယ်။။ အဲဒါမို့ မင်းကိုနေရာ ချထားပေးကြမလို့ကွယ့်။။။"

"ဟာ..အမေကလည်း"
"ဟေ့ကောင် .. မင်းညို အမေကလည်း လုပ်မနေနဲ့။။ ငါစီစဉ်တာကွ။။ ဘယ့်နှယ့် မြင်းကမလှုပ်၊ ခုံကလှုပ်။။ မိန်းကလေး ဘက်ကတောင် လက်ခံနေပြီ မင်းကဘာအီစီကလီ လုပ်နေတာလဲ။။ မင်းဘာမှ ငြင်းမနေနဲ့။။ တစ်သက်လုံး မင်းလုပ်ချင်တာ လုပ်လာပြီးပြီ။။ ဒီတစ်ခါ ငါလုပ်ချင်ရာ လုပ်မယ်။။ ဒါပဲ။။။"

ဒေါခွီးပြီး ထထွက်သွားသော အဖေ့ကို ဟုတ်ကဲ့ဟု  ပြောရင်း သူဇက်ကိုပုကာ ကျန်နေခဲ့ရသည်။။ အမေ့ယောင်္ကျားကြီး ကလည်းဗျာ ဟုပြောလိုက်တော့ အမေက ဘာဖြစ်တုန်း ဟုပြန်မေး၏။။ သူရီလိုက်ရင်း သားအဖေပေါ့ အမေရဟု ပြန်ပြောလိုက်တော့ အမေကသူ့ခေါင်းကို မနာအောင်ခေါက်လိုက်သည်။။။

"ကဲ..အမေရေ့  သားပြေးလိုက်ဦးမယ်။။ သားအပြင်ထွက်နေတာက ဆယ်မိုင်ကုန်း နားမှာမြေကွက် ဝယ်နေတာလေ။။ အဲဒီမှာ သူငယ်ချင်းတွေစုပြီး စိုက်ပျိုးရေးခြံလေး လုပ်မလို့ အမေရ။။ အပင်ပေါက်လေးတွေ၊ မျိုးစေ့တွေရောင်းမယ်။။ ခြံထဲမှာလည်း နှစ်တို၊နှစ်ရှည်ပင်တွေ စိုက်မယ်။။ ပြီးရင် မွေးမြူရေးပါ တွဲလုပ်မယ်လို့ စိတ်ကူးထားတယ်အမေ။။။"

"အေးပါ သားရယ်။။ ဟုတ်ပါပြီ။။  စီးပွားရေးလည်း ရှိနေပြီဆိုတော့ ကြင်ယာကတော့ မိဘတွေကပဲ စီစဉ်ပေး ရတော့မှာပေါ့။။  နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ နှင်းပွင့်လေးတို့ အိမ်ကိုသွားမယ်။။ အလုပ်ရှိ တာတွေကို သေချာရှင်းထားဦး။။။"
ဟုတ်ကဲ့ အမေဟုပြောရင်း သူမီးဖိုခန်းမှ ထွက်လာခဲ့လိုက်သည်။။ မငယ်တော့သော အရွယ်မို့ အိမ်ထောင်ပြုဖို့ ကိုလည်း သူ့ရင်ထဲ လှုပ်ခတ်ခြင်းမရှိတော့။။ ခံစားချက်တို့က သွေးအေးငြိမ် သက်နေခဲ့ တာလည်း ကြာခဲ့ပြီလေ။။။




***********************************




"ဟာ..ကိုမြင့်ဝေတို့  မရီရီတို့  လာကြဗျာ။။ လာလာ..မောင်မင်းညိုလည်း လာကွ။။။"

"ကိုဘတင့်တို့  မနှင်းမြတို့  နေကောင်းကြရဲ့နော်ဗျ။။"

"ကောင်းကြပါ့ဗျာ။။ လာကြပါ ထိုင်ကြပါ။။ အဝင်းရေ ညည်းမမလေးကို ခေါ်လိုက်ပါဦးကွယ့်။။ ဒီမှာ ဧည့်သည်တွေ ရောက်လာကြပြီလို့။။။"

တကယ်တမ်း ရောက်လာတော့လည်း သူမတည်ငြိမ်နိုင်သေး။။ ခြေဖျား၊လက်ဖျားတွေအေးပြီး အဖေနှင့် အမေ့နောက်မှ ကုပ်ကုပ်လေး လိုက်လာပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။။ နှစ်ဖက်မိဘများကတော့ သိဟောင်း၊ ကျွမ်းဟောင်းများမို့ စကားတွေ ဖောင်ဖွဲ့နေကြလေပြီ။။ သူ့မှာသာ လာချပေးသော ကော်ဖီကို သောက်ရမလိုလို၊ မုန့်ကိုပဲကောက်စားရမလိုလိုနှင့် ဂဂျိုးဂဂျောင် လိုက်ကြည့်နေမိ၏။။ ရုတ်တရက် သူ့မြင်ကွင်းထဲသို့ ခရမ်းရောင် အရိပ်လေးတစ်ခု ဝင်ရောက်လာလေသည်။။ ဆံပင်ရှည်ကြီးများကို ကျစ်ဆံမြီး ၂ ချောင်းခွဲပြီး ဘယ်ညာချထားသည့် မျက်ဝန်းလှလှနှင့် အလှကြီး မဟုတ်သော်လည်း ယဉ်လွန်းလှသည့် ပုံရိပ်လေး။။

ခရမ်းရောင် ချည်ထည်ချိတ်လေးနှင့် သူမကိုငေးကြည့်မိရင်း သူ့ရင်မှာ တဒိတ်ဒိတ် ခုန်လာသည်။။ သူမကတော့ မျက်လွှာလေး ချရင်း သူနှင့်မျက်စောင်းထိုးရှိ အမေ့ဘေးက ခုံမှာဝင်ထိုင်လိုက်၏။။ အမေက သူမကို ပွေ့ဖက်လိုက်ရင်း ချစ်စရာကောင်းလိုက်တာ သမီးလေးရယ် ဟုပြောရင်း ပွေ့ဖက် နမ်းရှုံ့လိုက်သည်။။ သူ့အကြည့် များကတော့ သူမလေးဆီမှ မခွာနိုင်သေး။။။

"သမီးလေးရေ  ဒါ အန်တီ့သား  မင်းညိုလေ။။ သား... ဒါမင်းနဲ့ လက်ထပ်မယ့် နှင်းပွင့်လေးလေ။။"

ဟုတ်ကဲ့ဟု သူပြန်ဖြေရင်း သူမကိုပြုံးပြလိုက်တော့ ပြန်လည်ပြုံးပြသည့် သူမအပြုံးလေးက သူ့ရင်ကို တကယ်ပဲငြိမ်းချမ်း စေနိုင်ကြောင်း ခံစားမိရ၏။။။

"နှစ်ဖက်မိဘတွေ ကလည်း ပြောစရာမရှိ။။ မင်းတို့ လူငယ်တွေကလည်း သဘောတူပြီဆိုတော့ လက်ထပ်မယ့် ရက်ကိုတော့ မင်းတို့ပဲရွေးကြပေါ့ကွာ။။ တို့လူကြီးတွေ ကတော့ အမြန်ဆုံး ဖြစ်စေ ချင်တယ်ကွ။။ အချိန်တွေ သိပ်မဆွဲကြနဲ့တော့ဝေ့။။"

နှင်းပွင့်အဖေ ဦးဘတင့်၏ စကားကြောင့် သူဟုတ်ကဲ့ဟု အယောင်ယောင်၊ အမှားမှားဖြေလိုက်သလို သူမကလည်း အရှက်သည်းစွာ ခေါင်းငုံ့လိုက်ရင်း အိုအဖေကလည်းဟု တိုးတိုးပြောသည်။။။ ခဏအကြာတွင် ထမင်းစားသောက်ကြပြီး၊ မိဘများကစကားတွေ ပြောမဆုံးနိုင် ဖြစ်နေကြသဖြင့် သူတို့ ၂ ယောက်သာ ဘာပြောရမှန်းမသိ ထိုင်နေကြရသည်။။ ဒါကို သတိထားမိသော နှင်းပွင့်အမေ ဒေါ်နှင်းမြက

"မောင်မင်းညိုလည်း ပြည်ပရောက်နေတာ ၆ နှစ်ကျော်ပြီ ဆိုတော့သမီးက မြို့ကို လိုက်ပြလိုက်ပါကွယ်။။ သူလည်း ကြည့်ချင်ရှာမှာပေါ့။။ သွားသွား။။"

ဟုပြောလာသဖြင့် ဟုတ်ကဲ့ဟုပြောရင်း သူတို့ ၂ ယောက် ထွက်လာခဲ့လိုက်၏။။ အိမ်အပြင်ရောက်တော့ ဆိုင်ကယ်လေး ဘေးမှာရပ်ရင်း အကိုဘယ်သွားချင်လဲ ဟုနှင်းပွင့်က တိုးတိုးမေးသည်။။။

"နှင်းပွင့်နဲ့ အကို အေးအေးဆေးဆေး စကားပြောချင်တယ်။။။"

"ဒါဆို လိပ်ပြာကန်ကိုပဲ သွားမယ်လေ အကို။။။"

ကောင်းသားပဲ ဟုပြောတော့ သူ့လက်ထဲ ဆိုင်ကယ်သော့လေး ထိုးပေး၏။။ နှင်းပွင့်တို့ အိမ်က ဘုရားလမ်းထဲမှာမို့ သူဆိုင်ကယ်ကို အသာမောင်းထွက်ရင်း လိပ်ပြာကန်ဘက်သို့ ဦးတည်လိုက်သည်။။ လိပ်ပြာကန်ရောက်တော့ ငါးစာထုပ် ဝယ်ပြီး ရှင်ဥပဂုတ္တ ကျောင်းဆောင်လေးရှေ့မှာ ငါးစာအတူ ကျွေးရင်း စကားတွေ ပြောဖြစ်သည်။။ သူ့ရင်ထဲမှာ အတော် ကြည်ကြည်နူးနူး ရှိနေရတာ ကိုတော့ ဘာသာသတိထားမိ၏။။။

"အကို့ အကြောင်းတွေတော့ နှင်းပွင့် အကုန်သိပြီးပြီလို့ ထင်တယ်။။ နှင်းပွင့်အကြောင်း အကို့ကို ပြောပြပါလား။။။"

"ဟုတ်ကဲ့အကို။။ နှင်းပွင့်နာမည်က ချစ်နှင်းပွင့်ပါ။။ တောင်ငူတက္ကသိုလ်ကနေ ရူပဗေဒ အထူးပြုနဲ့ ဘွဲ့ရထား ပါတယ်။။ အခု ပဲခူးမြို့မဈေးကြီးထဲမှာ အထည်ဆိုင် ဖွင့်ထားပါတယ်။။ နှင်းပွင့် အသက် ၂၃  နှစ်ပြည့်ပြီးပါပြီ။။ တခြား ထွေထွေ၊ ထူးထူးတော့ မရှိပါဘူးအကို။။"

"ဒါဆိုနှင်းပွင့်က အကို့ထက် ၅ နှစ်လောက် ငယ်တာပေါ့နော်။။ အကို့ကို လက်ထပ်ဖို့ နှင်းပွင့် တကယ်စိတ်ထဲကရော သဘောတူရဲ့လား။။"

"နှင်းပွင့်ခုချိန်ထိ ချစ်သူဆိုတာ မရှိခဲ့သလို မိဘစကား နားထောင်ရင် တစ်သက်လုံး အပူပင်ကင်းရတယ် ဆိုတာကိုယုံလို့ လက်ခံခဲ့တာပါအကို။။"

"ဟိုလေ.. အကို့မှာအရင်က.."

"တော်ပါတော့အကို.. အန်တီရီရီပြောပြလို့  နှင်းပွင့်အကုန် သိထားပြီးသားပါ။။ စိတ်မကောင်းစရာ အတိတ်ကို ပြန်အစ မဖော်ပါနဲ့တော့။။ နှင်းပွင့် နားလည်ပါတယ်။။။"

သူ့စကားကိုဖြတ်၍ ပြောလာသော သူမလေးမျက်နှာကို ငေးကြည့်ရင်း သူ့ရင်ထဲ အမည်မဖော်တတ်သော ခံစားချက်လေး ဖြစ်တည်လာလေသည်။။ သြော်..ရင်ခုန်သံကြောင့် ဖြစ်တည်လာသော ချစ်ခြင်း ခံစားချက်လေး တစ်ခုပါလား။။။






***************************************




"ဟဲလို  အမိန့်ရှိပါရှင်။။"

"နှင်းပွင့် အကိုပါ ။။ မင်းညို။။"

သူအလုပ်လုပ်နေရင်း နှင်းပွင့်ကို သတိရလာသဖြင့် ဖုန်းဆက်လိုက် မိခြင်းပါ။။ နှင်းပွင့်တို့ အိမ်က ပြန်လာပြီးတည်းက အဖြစ်သည်းနေသော သူ့ကို သူငယ်ချင်းများကပင် အမြင်ကတ်နေလေပြီ။။ ကတ်လည်း မတတ်နိုင်တော့။။ ချစ်သူဆုံးပါးခဲ့သဖြင့် သေဆုံးသွားပြီ ထင်ခဲ့သော သူ့ရင်ခုန်သံတို့ တဖန်မွေးဖွား ရှင်သန်လာနေပြီ မဟုတ်လားလေ။။ သူ့အချစ်တို့က ချစ်နှင်းပွင့်ကြောင့်  ပြန်လည်နိုးထ လာခဲ့လေပြီတည်း။။။

"ဟုတ်ကဲ့အကို ပြောလေ။။။"

"နှင်းပွင့်ကို  အရမ်းသတိရနေလို့။။ အဲဒါညနေအားလား။။ အကိုလာခဲ့ချင်တယ်။။။"

"ဟုတ်ပါပြီ အကိုရယ်။။ လာခဲ့ပါ။။ နှင်းပွင့် ဒီနေ့ ဆိုင်စောစော သိမ်းလိုက်ပါ့မယ်။။"

"အိုကေ နှင်းပွင့်။။ အဲဒါဆို ညနေ  ၆ နာရီလောက်  "တောင်ထိပ်ပန်း" မှာ အကိုစောင့်နေမယ်နော်။။"

ဟုတ်ကဲ့ပါဟုပြောရင်း နှုတ်ဆက်ကာ ဖုန်းချသွားတော့ သူ ယိခနဲ ထအော်သည်။။ ဒေးဗစ်နှင့် မျိုးကြီးက ဒီရောဂါတော့ ကုမရတော့ဘူး ဖိုးအောင်ရေဟု အပင်ပေါက်များကို နေရာချနေသော အောင့်အောင့်ကို လှမ်းအော်ပြောကြသည်။။ တတ်နိုင်ဘူးကွာ လစ်ပီဟု အော်ပြောရင်း သူတို့သူငယ်ချင်းများ၏ စုပေါင်းစိုက်ပျိုးရေးခြံလေးထဲမှ ဆိုင်ကယ်ကို မောင်းထွက်လာခဲ့လိုက်သည်။။ ဆယ်မိုင်ကုန်းနှင့် ပဲခူးက မဝေးလှပေမယ့် ဆိုင်ကယ်နှင့်ပင် တစ်နာရီနီးပါး မောင်းရတာမို့ နီးသည်လည်း မဆိုသာပေ။။။

"နှင်းပွင့်  အကိုတို့ လက်ထပ်ကြ ရတော့အောင်နော်။။။"

"ဟင်.. ဘယ်လိုဖြစ်တာလဲ  အကိုရဲ့။။  ဗြုန်းစားကြီး။။ အိမ်ကို လာသွားတာမှ ၂ လမပြည့်သေးဘူး။။။"

"လူကြီးတွေကလည်း မြန်နိုင်သမျှ မြန်မြန် လက်ထပ်ပါလို့ ပြောနေကြတာလေ။။ ပြီးတော့ အကိုလည်း နှင်းပွင့်နဲ့ ခွဲမနေ ချင်တော့ဘူး။။"

ဘာဖြစ်လို့တုန်း အကိုရဲ့ဟု  လ္ဘက်ရည်ခွက်ကို မွှေနေရင်းမှ တိုးတိုးမေးတော့ သူ နှင်းပွင့် မျက်နှာကို သေချာစိုက်ကြည့်ပြီး  နှင်းပွင့်ကို ချစ်လို့ပေါ့ ဟုဖြေလိုက်သည်။။။ အို..ဟု အာမေဋိတ်သံပြုရင်း သူမခေါင်းငုံ့သွား၏။။။

"ဟုတ်တယ်နှင်းပွင့်.. အကိုအရင်ကလည်း ချစ်ခဲ့ဖူးတယ်။။ အကိုမညာပါဘူး။။ သူသေဆုံးသွားတော့ အကို အရမ်းခံစားခဲ့ရတယ်။။ အကို့ရင်ခုန်သံတွေပါ သေဆုံးပြီး  အချစ်တွေပါ ဆိတ်သုဉ်းသွားခဲ့ပြီလို့ ထင်ထားခဲ့တာ။။ ဒါပေမယ့် နှင်းပွင့်ကို စတွေ့လိုက်တဲ့နေ့ကတော့ အကို့အချစ်တွေ၊ ရင်ခုန်သံတွေ တဖန်ပြန်လည် ရှင်သန်လာပြီဆိုတာ နားလည်လိုက်တယ်။။ နှင်းပွင့်ကို အကို အရမ်းချစ်တယ်။။ အကို့ အချစ်ဦးမဟုတ်ခဲ့ပေမယ့် နှင်းပွင့်က အကို့ရဲ့ အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါပဲ။။။"

သူ့စကားတွေကို ခေါင်းလေးငုံ့ နားထောင်နေရင်း သူမလက်သည်းလေးတွေက စားပွဲခုံကို အကြောင်းမဲ့ ခြစ်နေတာ တွေ့ရသည်။။ သူမချင့်မရဲဖြင့် သူမလက်လေးကို ဆုပ်ကိုင်လိုက်ရင်း အကို့ကို တစ်ခုခု ပြန်ပြောပါလားနှင်းပွင့်ရယ် ဟုတိုးတိုးပြောလိုက်မိသည်။။

"အကို မလေးရှားမှာ ရှိနေတုန်းတည်းက မေမေတို့နဲ့ အကိုတို့အိမ်ကို နှင်းပွင့် အလည်ရောက်ခဲ့တယ်။။ အကို့ဓာတ်ပုံကို အန်တီရီရီပြလို့ နှင်းပွင့် အကိုနဲ့ရင်းနှီးနေတာ ကြာပါပြီ။။ အန်တီပြောပြတဲ့ အကို့ အကြောင်းတွေ သိရတော့ နှင်းပွင့်အကို့ကို အရမ်းသနားတာပဲ။။ အကိုရယ်.. အကိုကနှင်းပွင့်ကို မသိခင်ထဲက နှင်းပွင့်စိတ်ထဲမှာ အကိုရောက်နေတာပါ။။။"

သူမရဲ့ တိုးတိုးစကားသံလေး အဆုံးမှာ သူ့တစ်ကိုယ်လုံး မြောက်တက်သွားသလို ခံစားလိုက်ရသည်။။ ဒါဆို  နှင်းပွင့်လည်း အကို့ကို ချစ်တယ်ပေါ့နော် ဟုအလောတကြီး မေးလိုက်သော သူ့အသံအဆုံးမှာ သူမက ရှက်ပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်သည်။။ အိုးးးးးးးးးးးးပျော်လိုက်သည့် ဖြစ်ခြင်း။။ ဘဝတစ်လျောက် သောက်ခဲ့ဖူးသော လ္ဘက်ရည်များထဲ ထိုညနေက သောက်လိုက်ရသည့် လ္ဘက်ရည်က အရသာအရှိဆုံးဟု သူသတ်မှတ် လိုက်လေတော့သည်။။။







****************************************





"ကိုကို ဒီလကုန်ရင်  နှင်းပွင့်တို့  လက်ထပ်တော့မှာနော်။။ ကိုကို ဘယ်လိုခံစားရလဲ။။"

"ပျော်တာပေါ့ နှင်းပွင့်ရယ်။။ ကိုကိုအရမ်းကို ပျော်တာပေါ့။။ ပြောမပြ တတ်အောင်ကို ပျော်တာတွေ ဟောဒီ ရွှေမော်ဓော ဘုရားကြီး သက်သေ ထားရဲပါရဲ့။။။"

ကိုကိုကတော့ပိုပြီ ဟုပြောရင်း ရွှေမော်ဓောဘုရားကြီး၏ ငလျင်ကြောင့်မြေခခဲ့ရသော ထီးတော်ဟောင်းနေရာတွင် အမွှေးတိုင် ထွန်းညှိပူဇော်ထားသော အကျန်အတိုလေးများကို သေချာထိုးစိုက် ပူဇော်ရင်း တတွတ်တွတ် ဆုတောင်းနေသည်။။ သူကြည်နူးစွာဖြင့် ချစ်သူမျက်နှာကို တစိမ့်စိမ့်ငေး ကြည့်နေမိတော့ ကိုကိုလည်းပူဇော်လေ၊ ဆုတောင်း တကယ်ပြည့်တယ် ကိုကိုရဟု လှည့်ပြော၏။။ အေးပါ၊အေးပါ ဟုပြောရင်းသူလည်း သူမလုပ်သလို လိုက်လုပ်ရင်း ဒီတစ်သက် ချစ်ရသောနှင်းပွင့်နှင့် ခဏလေးပင် မခွဲရစေကြောင်း ဆုတွေတောင်းနေလိုက်မိသည်။။ လက်ထပ်မည့်ရက်ကို သတ်မှတ်ပြီးဖြစ်၍၊ ပြင်ဆင်စရာများကို မမောနိုင်၊မပမ်းနိုင် အတူပြင်ဆင်နေခဲ့ ကြတာဖြစ်သည်။။ အားလပ်ရက်တိုင်းလည်း ပဲခူးမြို့ထဲလိုက်လည်လိုက်၊ စိုက်ပျိုးရေးခြံသို့ လိုက်လည်လိုက်ဖြင့် အပျော်ကြီးပျော်နေကြသော သူတို့စုံတွဲအား လိုက်လည်းလိုက်တဲ့ကောင်တွေ ကွာဟု ပြောရင်း ထပ်တူလိုက်ပျော်ပေးနေသော သူငယ်ချင်းများကိုလည်း မင်းညို တစ်ဝိုင်းလုပ်ပေးဖို့ စီစဉ်ထား၏။။။

ဘာပဲဖြစ်ဖြစ် သူလည်း အတိတ်ကိုမေ့၍ မွေးရပ်မြေမှာ အပျော်ကြီးပျော်နေလေပြီ။။ အချစ်ဆိုတာ ဇာမဏီငှက်မျိုးလို သေဆုံးသွားပြီးမှလည်း ပြန်လည်ရှင်သန် နိုးထ လာတတ်ကြောင်း သူလက်ခံနေပြီဖြစ်သည်။။ ချစ်သူကို အိမ်ပြန် လိုက်ပို့ပေးပြီး လူကြီးတွေအလစ် ပါးလေးကို ခိုးနမ်းလိုက်တော့ ကိုကိုနော်ဟု ရှက်ပြုံးလေးနှင့် ရင်ဘတ်ကိုထုသည်။။ ပြီးမှ ဆိုင်ကယ်ကိုသေချာစီးနော် မင်္ဂလာဆောင်ခါနီး ဆိုတော့  အဖျက် ဝင်တတ်တယ်ကိုကိုရဟု စိုးရိမ်တကြီးမှာနေ၏။။ စိတ်ချပါနှင်းပွင့်ရ၊ ကိုကိုသွားတော့မယ်နော် ဟုပြောရင်း သူဆိုင်ကယ်ကို မောင်းထွက် လာခဲ့လိုက်သည်။။ ရှေ့တည့်တည့်မှ တိုက်ခတ်လာသော လေပြည်ကို တဝကြီးရှူရှိုက်ရင်း လှပကောင်းမွန်လာတော့မည့် သူ့အနာဂတ်ကိုမျှော်တွေး ရင်ခုန်ရင်းဖြင့် မင်းညိုမျက်နှာကြီးက ပြုံးဖြီးဖြီးကြီးဖြစ်လာ ခဲ့လေတော့သည်။။ အချစ်ဖြင့် မွမ်းမံ၊ထုံမွမ်းအပ်သော ကျေနပ်ဖွယ် အနာဂတ်တစ်ခုကို ပိုင်ဆိုင်ခွင့် ရတော့မည် မဟုတ်ပါလား။။။
 
 ***************************************
 
 
 
 
လေးစားလျက်
အလင်းသစ်


5 comments:

  1. ပျောက်ချက်ကောင်းနေတာ စာကောင်းတွေရေးနေတာကို
    မင်းညှိလိုပဲမြန်မာပြည်ပြန်ချင်လိုက်တာ:P

    ReplyDelete
  2. ကိုကြီးရေ
    ဝတ္ထုတိုလေးဖတ်သွားတယ်
    အဲဒီအထဲကလိုအချစ်ဖြင့် မွမ်းမံ၊ထုံမွမ်းအပ်သော
    ကျေနပ်ဖွယ် အနာဂတ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရပါစေဗျို့...:D

    ReplyDelete
  3. ဟန်ကြည်February 17, 2012 at 5:10 AM

    အရေးအသားပိုင်း ချောမွေ့တာ သဘောကျမိပါရဲ့...ဒီဇာတ်လမ်းမှာတော့ ဇာတ်မသိမ်းခင်မှာ နဲနဲတင်လိုက်သင့်တယ်လို့ ယူဆမိတယ်...အတက်ပိုင်းသိပ်မရောက်ခင်မှာ ဆွဲချသွားသလို ဖြစ်နေသလားလို့...

    အလွယ်တကူ ရှာလို့ရအောင် လင့်ခ်ချိတ်ထားလိုက်ပါတယ်...

    ReplyDelete
  4. လူမသေရွှေ့အချစ်လဲမသေပါဘူးနော်
    စာအကြွေးတွေဆပ်နေတာလေ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  5. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။