ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, July 21, 2012

ကိုယ့်မှာတမ်း




ပြောမရ ဆိုမရ 
ငါ့ရဲ့ဧဝလက်သစ်လေးရေ
ငါသာ အာဒမ်ဆိုရင် နင်လူဖြစ်ဖို့
နံရိုးတစ်ချောင်း အဆုံးမခံဘူးကွယ့်။။


အခုတော့
မိုးတစ်ခြမ်း၊ လေတစ်ခြမ်းနဲ့
ဘဝက ရမ်းကားလွန်းခဲ့တယ်။။

နွေဆန်တဲ့ဘဝကို ကန္တာရထဲပို့တဲ့
ငါ့ရဲ့ မအိုဇာလေးရေ...
ကွမ်းတစ်ယာ၊ရေတစ်မှုတ်နဲ့
ငါ..... နှုတ်ဆက်ပါရဲ့ကွယ်။။

မျက်ရည်မရှိတဲ့အရပ်မှာ 
သနားတတ်တဲ့စိတ်ကို ဖယ်သတ်
ငါ့ကို ရပ်တည်ခွင့်ပေးပါတော့။။

နွားနီမှုန့်တန်ခိုးနဲ့ မီးတောက်ကိုပျိုးတဲ့
ဟိုးအဝေးက ကဝေမရေ
ရေသောက်မြစ်ကို ဖြတ်ပြီးလေမှ
အကိုင်းအခက်ကို မတမ်းတနဲ့တော့ကွယ့်။။ 

အမိုးမလုံတဲ့ ရင်ခွင်တစ်ဝှမ်းမို့
ဒဏ်ရာတွေ ဒင်းကြမ်းနဲ့
ငါ့ရင်..ဘယ်ဘက်တစ်ခြမ်းကတော့ 
မီးကြွမ်းသွားခဲ့ရပြီ။။

နှုတ်ခမ်းနီဆိုးတဲ့ ဖေဖော်ဝါရီမလေးရေ
နေခဲ့ပါတော့ကွယ်...
ပယင်းရောင်စိုလက်တဲ့ နေ့ရက်တွေထဲ
ငါ့မျက်ရည်တွေ ထပ်မဝဲပါရစေနဲ့တော့။။။




လေးစားလျက်
အလင်းသစ်
၂၁.၇.၂၀၁၂(စနေ)


13 comments:

  1. ကဗျာလေးကို ခံစားချက်ပေါ်လွင်အောင်ရေးတတ်ပါ့...အရမ်းကြိုက်အိ..။

    ReplyDelete
  2. စကားလုံးတွေ မိုက်လှချေလာဗျို့
    သုံးထားတာလေးတွေလေ

    ReplyDelete
  3. ပယင်းရောင်စိုလက်တဲ့ နေ့ရက်တွေထဲ
    ငါ့မျက်ရည်တွေ ထပ်မဝဲပါရစေနဲ့တော့။။။

    ရေးသားထားတာတွေ တကယ်ကောင်းတယ်။
    အားပေးသွားတယ်။

    ReplyDelete
  4. ကဝေမလေးကိုတိတ်တခိုးစွဲလမ်းဖူးတယ်
    ကဝေမလေးတော့ တူမယ်မထင်ဖူး )


    မောင်ဘကြိုင်

    ReplyDelete
  5. ရွှေဆည်သား
    မအိုစာကွမ်မစားဘူးဗျ

    ReplyDelete
  6. အလင်းတို့ပေါက်ကွဲနေသလားကွယ်..

    ReplyDelete
  7. ဒဏ်ရာတွေဒင်းကြမ်းလို့သုံးထားတာ..
    ဖတ်မိတော့.. ဘယ်လိုတွေးမိပါလိမ့်လို့ စိတ်ထဲက လေးစားသွားတယ်အစ်ကို..
    ခုထိ အဲ့နားလေးကို ပြန်ဖတ်ကြည့်ပြီးသဘောကျနေတုန်း..။

    ReplyDelete
  8. ကောင်းလိုက်တဲ့ ကဗျာလေး
    စကားလုံးလေးတွေ သုံးထားတာလည်း သဘောကျတယ်။
    နှုတ်ခမ်းနီဆိုးတဲ့ ဖေဖော်ဝါရီမလေးက အတော်လှမယ်နော်း)

    ReplyDelete
  9. နားလည်သလို နာမလည်သလို နဲ့
    ကြိုးစားပြီးဖတ်သွားတယ် သိလား..
    ဧ၀ လက်သစ်က ဘူလေးလဲ ..ဟင်
    မအိုဇာ ကကော ဘူလေးလဲ..
    အဝေး က ကဝေမ က တော့ ပြုစားထားပြီထင်တယ်နော်..ဟိဟိ

    ReplyDelete
  10. စကားလုံးတွေကိုကြိုက်တယ်ဗျာ။ မှာတမ်းဆိုတော့လည်း ကိုယ့်ဘက်ကခံစားရတာတွေက ကြမ်းချင်လည်း ကြမ်းမှာပေါ့။ နုချင်လည်း နုမှာပေါ့။ ကိုယ်မှာတာ သူသိရင် ပြီးတာပါပဲ။

    ReplyDelete
  11. ကဗျာလေးဖတ်မိပြီး မျက်ရည်တောင် ဝဲချင်ချင် ဖြစ်သွားမိတယ်... ရေးထားတဲ့ စကားလုံးတွေက ထိမိလွန်းလှတယ်...

    ReplyDelete
  12. ရေးတတ်လိုက်တာနော

    ~ Kk ~

    ReplyDelete
  13. ဝမ်းနည်းစရာကဗျာလေးအားပေးသွားတယ် အလင်းသစ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။