ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, September 18, 2014

"သူစိမ်းဆန်ခြင်း မဟုတ်ပါ"




အစိမ်းရောင်အဝတ်စနဲ့ ထွေးပတ်ထားတဲ့
လူသားဝိဥာဉ်လေးပါပဲ
ဘယ်သူတွေ ဘယ်လိုနာမည်တပ်တပ်
သူ့မျက်စိက
"ချိန်သားမှန်"ကိုပဲ ကြည့်တတ်ခဲ့တယ်။

ဒီနေ့အထိ ...
လူပြောများတဲ့ "ဒီမိုကရေစီ"ဟာ
သူ့ခံစားခွင့် ထူးထူးခြားခြားမပါပေမယ့်
သူကာကွယ်နေရတဲ့ "ရည်မှန်းချက်"တစ်ခု။

အဓိဌာန်ပြုထားတဲ့
သူ့အသိနဲ့ သူ့အတွေးမှာ
"ကာကွယ်ရေး"ကိုသာ အမြဲဦးစားပေး
သွေးပဲထွက်ထွက်၊ ချွေးပဲထွက်ထွက်
သူချစ်တဲ့တိုင်းပြည်အတွက်
သူ့ရဲ့အသက်ကိုပေးထားတယ်။



၁။

ဆယ်တန်းဟုခေါ်ကြသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ပြီးကတည်းက သူ့အတွက်ဧည့်သည်လို ဖြစ်နေပြီဖြစ်သည့် မိဘတွေရဲ့အိမ်လေးကို လည်ပြန် လှည့်ကြည့်လိုက်သည်။ အိမ်လေးကတော့ ဟိုးအရင် သူငယ်စဉ်ကလေးဘဝတုန်းကလိုပင် ဘာမှထူးထူးခြားခြား ပြောင်းလဲလာတာမတွေ့ရ။ ခဏတဖြုတ်သာ ပြန်လာရတတ်သည့် သူ့အတွက်သာ ခံစားချက်တို့ သူစိမ်းဆန်နေတာဖြစ်သည်။ မတတ်နိုင် သူရရှိသော ခွင့်ရက်တို့ ကုန်ဆုံးပြီဖြစ်သဖြင့် အိမ်ကလေးကိုနှုတ်ဆက်ကာ တာဝန်ကျရာအရပ်ဆီ ထွက်ခွာရပေဦးမည်။ အဖေနှင့် ညီလေး၊ ညီမလေးတို့ကို နှုတ်ဆက်ရင်း ကျောပိုးအိတ်ကို လွယ်လိုက်သည်။ တဖြည်းဖြည်း ဝေးကွာကျန်ရစ်ခဲ့သော မိသားစုနေအိမ်လေးကို ငေးကြည့်နေရင်း စာဆိုစစ်သည်ကြီး ထီလာစစ်သူ၏ ကဗျာတစ်ပိုင်းတစ်စက သူ့အတွေးထဲမှာ ပေါ်၍လာတော့သည်။

"ခန္ဓာ၊ ခြေ၊ လက်၊ အသက်မက
သူ့ဘဝနှင့်ဆန္ဒအားလုံး တာဝန်ဖုံးကာ
ကိုယ်တာကိုယ်ရေး အလေးပေးခွင့်
ခါမသင့်ကြောင်း... "

သြော် ... သူစိမ်းဆန်ခြင်း မဟုတ်သည့်အကြောင်းကိုတော့ သူတို့တွေ ကောင်းကောင်း နားလည်နိုင်ပါစေဟုသာ။


၂။

သူတာဝန်ထမ်းဆောင်ရမည့်နေရာကို လှမ်းမျှော်ကြည့်လိုက်သည်။ ကြခတ်ဝါးရုံတို့ ထူထပ်စွာ ပေါက်ရောက်နေသည့်ကြားမှ သွပ်အမိုးဖွေးဖွေးနှင့် အဆောက်အဦးလေးများကို ကွက်တိကွက်ကြား လှမ်းမြင်နေရ၏။ အဝင်လမ်းမကြီးဘေးတစ်ဖက်စီတွင်လည်း အကွာအဝေးညီညီ စီစီရီရီစိုက်ထားသည့် သစ်ပင်များက ဆေးသုတ်ထားသည့် သစ်သားခြံလေးများထဲတွင် လေတိုက်တိုင်း ယိမ်းနွဲ့နေကြသည်။ ၄င်းသစ်ပင်များ၏ ကြားနေရာများတွင်တော့ ဆောင်ပုဒ်များ ၊ အဓိဌာန်များ ၊ ဆောင်ရန်၊ရှောင်ရန်များကို ဆေးရောင်စိုလက်နေအောင် ရေးချယ်ထားသော ဆိုင်းဘုတ်များက ညီညီညာညာ တည်ရှိနေ၏။ သူသင်တန်းသားဘဝက ဆရာတစ်ဦးပြောသောစကားကို အမှတ်ရမိပြန်သည်။ "ဟေ့ အုတ်ခဲကိုတောင် တစ်လုံးတည်းရှိရင် ထောင်တယ်၊ နှစ်လုံးရှိရင် စီတယ်၊ သုံးလုံးရှိရင် ဆေးသုတ်တယ်ကွ" ဟူ၏။ စည်းကမ်းသေဝပ်ခြင်းနှင့် စနစ်တကျရှိခြင်းကို ထင်ရှားပြဆိုသည့်ပြယုဂ်များမို့ သူကျေနပ်စွာပြုံးလိုက်မိသည်။

၃။

ရောက်ရှိကြောင်း သတင်းပို့ပြီးနောက် သူ့အတွက်နေရာချထားပေးသည့်အခန်းတွင် ခင်းကျင်းပြင်ဆင်ပြီး ရေချိုးလိုက်သည်။ ညနေစာစားချိန် မရောက်သေးသဖြင့် သူ့အရင် ကြိုရောက်နှင့်နေသော ညီလေးက ဧရိယာတစ်ပတ် လိုက်ပြ၏။ ကြီးကဲသူများနှင့် ဝါရင့်ဆရာကြီးများကို ဂါရဝပြုနှုတ်ဆက်ခြင်း၊ ငယ်ရွယ်သည့် တပည့်များကို မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ရာ နောက်နေ့မနက် တန်းစီချိန်တွင် သူသည်လည်း ဤနေရာ၏ မိသားစုဝင်တစ်ဦးအဖြစ် သူစိမ်းဆန်သည့် အငွေ့အသက်များမရှိပဲ ပျော်ဝင်သွားတော့သည်။ အချင်းချင်း ခင်မင်ရင်းနှီး ချစ်ခင်ရာ၌ ဤနေရာလောက် မြန်ဆန်အသားကျသည့်နေရာ ရှိလိမ့်မည်ပင်မထင်ပေ။ သြော် ... လိုအပ်ပါက အချင်းချင်း အသက်ပေး စောင့်ရှောက်ကြရမည့်သူများပင် မဟုတ်ပါလား။

၎။

သူရောက်ရှိပြီး နောက်တစ်ပတ်မှာပင် ပြင်ပတာဝန်တစ်ခုက သူ့အတွက် ရောက်ရှိလာခဲ့၏။ မျက်စိသူငယ် နားသူငယ်ဖြင့် တပည့်များကို ဦးဆောင်ကာ ပဲခူးရိုးမအတွင်း သူချဉ်းနင်းဝင်ရောက်ရပြန်သည်။ အဖြူရောင် နယ်မြေဖြစ်သဖြင့် တောဆင်ရိုင်းများကို ရှောင်ရှားရခြင်းမှလွဲ၍ စိုးရိမ်စရာမရှိ။ သို့သော် ရွာနှင့်နီးမှသာ ဘုန်းတော်ကြီးကျောင်းတွင် စတည်းချရပြီး၊ ရွာနှင့်ဝေးပါက အိပ်ဖို့အတွက်ပင် အမိုးအကာမလုံ၊ မီးကမရှိ၊ တခါတရံ ရေပင်မချိုးရသည့် နေရာများတွင် စတည်းချရသည်။ မည်သူက ပျော်ရွှင်နိုင်မည်နည်း။ ထိုအချိန်တွင် ထင်ရှားသော စကားပုံတစ်ခုက သူ့ခေါင်းထဲဝင်လာပြန်သည်။ "တာဝန်ဟာ တာဝန်ပါပဲ၊ မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လုပ်ကိုလုပ်ရမှာပဲ" ဟူ၏။ 

အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းရင်း အဖိုးတန် အတွေ့အကြုံ သင်ခန်းစာတို့ကို ရရှိခဲ့ရသည်။ လူကိုလူချင်း အုပ်ချုပ်ကွပ်ကဲရသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ကြောင်း အုပ်ချုပ်မှုကိစ္စ ပေါင်းစုံဖြင့် သူလက်တွေ့သိရှိခဲ့ရသည်။ သို့သော် သင်တန်းသားဘဝက သင်ကြားပေးလိုက်သော ပညာတို့သည် လက်တွေ့နယ်ပယ်တွင် အမှန်ပင်အသုံးဝင်ခဲ့၏။ "ဦးဆောင်ပါ၊ မခိုင်းစေပါနှင့်" ဟူသည့်အတိုင်း သူကလုပ်ဆောင်ခဲ့သလို သူ့ဦးဆောင်မှုအောက်တွင် ဆန့်ကျင်၊ကာပြန်ခြင်းမရှိ နားလည်သိတတ်စွာ လိုက်ပါလုပ်ဆောင်ခဲ့ကြသည့် တပည့်များကို အထူးပင်ကျေးဇူးတင် လေးစားမိရပြန်သည်။ အတူပါလာသည့် ဝါရင့်ဆရာကြီးများ၏ ပူးပေါင်းကူညီမှုကြောင့်လည်း ဤမျှအဆင်ပြေခြင်း ဖြစ်ပေလိမ့်မည်။ တစ်နေကုန်ပင်ပန်းရသဖြင့် ညအိပ်ခါနီးတိုင်း ရမ်အရက်၂ ပက်ခန့်ကို ကိုယ်တိုင်လည်းသောက်၊ တပည့်များကိုလည်း တိုက်ရသည်။ ခရီးကိုတွက်ဆ၍ မထွက်ခွာမီကပင် အရက်မသောက်တတ်သူတို့ထံမှ ကိုယ်တာရသည့် ရမ်အရက်များကို ကြိုဝယ်လာမိခြင်းသည် အကျိုးများလှသည်မဟုတ်ပါလား။ သို့မဟုတ်ပါက ညောင်းညာ ကိုက်ခဲပြီး မည်သူမျှ အိပ်နိုင်ကြလိမ့်မည်မဟုတ်။ ရွာများတွင် စတည်းချရသည့်အခါ ညဦးပိုင်းများတွင် ဗီဒီယိုရုံဝင်ခနှင့် ဆေးလိပ်၊ကွမ်းယာဖိုးများ ထုတ်ပေးကာ အနားပေးရသည်။ တပည့်များသည်လည်း လူငယ်များပင်မို့ ပျော်ချင်ရှာကြပေမည် မဟုတ်ပါလား။ သူကအလိုက်သိသကဲ့သို့ တပည့်များကလည်း သိတတ်ကြရှာ၏။ မည်သည့်ပြဿနာမျှမရှိ၊ သတ်မှတ်ချိန်တွင် စတည်းချသည့်နေရာသို့ ပြန်ရောက်လာကြရှာသည်။ 

၅။

ထိုခရီးသည် သူ့အတွက် ပထမဆုံးကြီးကြီးမားမား ထမ်းဆောင်ရသည့် တာဝန်ဖြစ်သကဲ့သို့ အတွေ့အကြုံပေါင်းများစွာကိုလည်း ရရှိခဲ့သည့်ခရီးဖြစ်သည်။ ရန်ကုန်ရေပေးဝေရေး စီမံကန်း အသစ်တည်ဆောက်နေသော နေရာဘက်ဆီမှ စားကျက်ပြောင်းလာသည့် တောဆင်အုပ်နှင့် ပက်ပင်း တွေ့ရသည့်နေ့ကိုတော့ ယခုချိန်ထိမမေ့နိုင်သေး။ သူက ထိုတစ်ဖွဲ့လုံး၏ ခေါင်းပေါင်းဖြစ်သဖြင့် ငယ်ထိပ်ထိတက်လာသော ကြောက်စိတ်ကို ဟန်ကိုယ့်ဖို့အနေဖြင့် မနည်းအားတင်း မြိုသိပ်လိုက်ရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မည်သူကသေချင်မည်နည်း။ ကံကောင်းသည်မှာ သူတို့ကအရင်မြင်ပြီး လေအောက်အရပ် ဖြစ်နေခြင်းပင်။ ထိုနေ့ကတော့ ကျေးဇူးရှင်ဆင်များကြောင့် တစ်နေကုန်နားလိုက်ရ၏။

ဆင်နှင့်အကျိုးပေးသည့်ခရီးဟု ဆိုရမည်လားမသိ။ သူတို့အဖွဲ့ ၃ချိုး၂ချိုးခန့် ခရီးပေါက်ပြီးသည့်နေရာတွင် ထပ်မံဆုံတွေ့ရပြန်သည်။ ထိုစဉ်က သူတို့အဖွဲ့သည် ရွာထိပ်ကုန်းပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် စတည်းချနေကြခြင်းဖြစ်၏။ ညနေရီတရောတွင် ရွာထဲမှဆူဆူညံညံအသံများ ထွက်ပေါ်လာပြီး အမျိုးသမီး အချို့နှင့်ကလေးငယ်များ ဘုန်းကြီးကျောင်းထဲ ပြေးဝင်လာကြသည်။ ဘာများဖြစ်လို့ပါလိမ့်ဟုတွေးရင်း ဘုန်းကြီးကျောင်းအပြင်ထွက်ကြည့်တော့ သူဒုတိယမ္ပိဒူးတုန်သွားပြန်၏။ ရွာလည်လမ်းပေါ်တွင် ဆင်စုံတွဲ အကြည်ဆိုက်ရင်း လမ်းလျှောက်လာနေကြသည် မဟုတ်ပါလား။  မတတ်နိုင်တော့ လိုအပ်ပါက ခြောက်လှန့် ပစ်ခတ်ရန် ထုတ်ပေးလိုက်သော သေနတ် ၂လက်ကို ယူခိုင်းလိုက်သည်။ ကျည်ထိုးပြီး မိုးပေါ်ထောင်၍ တစ်ချက်ပစ်ခိုင်းလိုက်၏။  ဆင်စုံတွဲက ဂရုပင်မစိုက်။ ၂ လက်လုံးတစ်ပြိုင်တည်း တစ်ချက်စီ ပစ်ခိုင်းလိုက်သည်။ ကုန်းပေါ်မှ အမျိုးသမီးများသာ ငယ်သံပါအောင် အော်ကြ၏ ဆင်စုံတွဲကတော့ လှည့်ပင်မကြည့်။ ရတနာတန်းဝင်များမို့ တည့်တည့်ပစ်ခွင့်ကလည်းမရှိ။ အသည်းယားလိုက်သည်မှ ကြိမ်ဖြင့် တဖြန်းဖြန်း ပြေးရိုက်ပစ်ချင်သည်ထိပင်။ သို့သော်လည်း တကယ်တမ်း မည်သူကရိုက်ရဲမည်နည်း။ ဆင်စုံတွဲကတော့ နောက်ပြန်လှည့်ဖို့အသာထား မည်သူ့ကိုမျှဂရုမစိုက်ပဲ တစ်ကောင်နှင့်တစ်ကောင် တွန်းထိုးကျီစယ်ရင်း လမ်းအတိုင်း အေးအေးလူလူပင် ထွက်ခွာသွားကြသည်။ သူ့မှာသာ ဆင်စုံတွဲ ပြန်များလာလေမလား စိုးရိမ်စိတ်ဖြင့် အိပ်ပျက်ခဲ့ရသည့် ညတစ်ညဖြစ်ခဲ့ရတော့သည်။


၆။

သူတို့ခရီးဆုံးသည့်နေရာအနီးမှရွာသို့ ကားဝင်၍ရသည်၊ ကားအကြိုလွှတ်လိုက်သည်ဟု သိရသဖြင့် တစ်ဖွဲ့လုံး ပျော်နေကြ၏။ သူတို့တွေ ပဲခူးရိုးမထဲမှာ ၂ပတ်ကျော် ကြာခဲ့ပြီးပြီမဟုတ်ပါလား။ ညနေ ၃ နာရီလောက်တွင် အလုပ်ကိုအပြီးသတ်လိုက်ပြီး ပြန်ဖို့ရန်အတွက် ကားကိုစောင့်မျှော်နေကြ၏။ သို့သော် ကံကထင်သလောက်မကောင်း။ ကားရောက်သည့်အချိန်မှစ၍ မိုးသည်းထန်စွာ ရွာတော့သည်။ မြေနီလမ်းဖြစ်သဖြင့် ဗွက်တွေထပြီး ကားမပြောနှင့် ဆိုင်ကယ်ပင်သွား၍ မရတော့။ မိုးတိတ်ပြီးလမ်းသာမှ ပြန်ဝင်ရန် ညွှန်ကြားချက်ရသဖြင့် မိုးတိတ်ရန်ကိုသာ ကျိတ်ပြီး ဆုတောင်းနေရတော့သည်။ မိုးကလည်း အငြှိုးနှင့်ရွာလေသလားမသိ။ တစ်ရက်မှသည် နှစ်ရက်ဖြစ်လာတော့ ၂ ပတ်စာသာ ထုတ်လာသော ရိက္ခာကပြတ်လေပြီ။ ငတ်မည့်အရေးမြင်တော့ တွေးရခက်လေပြီတည့်။ ရွာရောက်ကတည်းက ငါးခြောက်နှင့် ၂ပါးသွားနေရတာမြင်ပြီး ဘူးညွန့်တွေ လာပေးကြရှာသည့်သူများကိုလည်း အားနာလှလေပြီ။ မထူးတော့ တောထဲတွင် မှတ်၊ခြင်တို့ကိုက်ပါက ဝတ်မည်ဟု ရည်ရွယ်၍ယူလာပြီး မဝတ်ရသေးသော သူ့ပျောက်ကြားဂျာကင်ကို နှမြောတသစွာ လှမ်းကြည့်လိုက်မိတော့သည်။ ဝါနှင့်သမ္ဘာက စကားပြောသည်ဟု ဆိုရမည်ပင် သူနှင့်ပါလာသော ဆရာကြီးသည် ထိုဂျာကင်ဖြင့် သူတို့လူ၂၀နီးပါး ၂ နပ်ကျော် စားလောက်သည့် ဝက်သားများကို ဖန်တီးနိုင်ခဲ့သည်။ 

၃ ရက်မြောက်အထိ မိုးကအရှင်းမတိတ်။ မပြန်လို့က မဖြစ်တော့သည်မို့ ကြံရပြန်သည်။ နောက်ဆုံး အကြံရပြီး တောထဲပြန်ဝင်ကာ မျောတိုင် ၁၆ ချောင်းခုတ်ပြီး ၄ ချောင်းစီပူးချည် တုတ်နှောင်လိုက်သည်။ ကားကရှေ့မရွေ့ပဲ ဘီးကြီးသာလည်နေပါက ကားပေါ်မှ ခုန်ဆင်း ဘီးအောက်သို့ ထို ၄ချောင်းပူးမျောတိုင်တွဲ ၄ ခုခံပြီး တွန်းရပြန်၏။ လမ်းတစ်လျောက်လုံး ဗွက်တွေသာဖြစ်နေသဖြင့် ကားပေါ် မတက်တော့ပဲ မျောတိုင်တွဲထမ်းကာ ဘေးမှ ခြေလျင်လိုက်ကြရတော့သည်။ ကားမရွေ့တော့ပါက ဘီးအောက်မျောတန်းထိုးထည့်ပြီး တွန်းရပြန်၏။ အနီရောင်မြေကြီးဖြစ်သဖြင့် ကားသမားမှလွဲ၍ တဖွဲ့လုံး ရွံ့အနီရောင်များ ဖုံးနေတော့သည်။ မနက်စာစားပြီးကတည်းက ထိုနည်းအတိုင်း ထွက်ခွာခဲ့ရာ ညနေ ၆နာရီထိုးမှ ကားလမ်းသို့ရောက်တော့၏။ ဗိုက်ဆာသည်မှာလည်း အူတွေပင်လိတ်နေလေပြီ။ အကြံကုန်၍ ဂဠုန်ဆားချက်ရတော့သည်။ ကားလမ်းဘေးမှ ဝါး၊ဓနိအရောင်းဆိုင်နှင့် ထမင်းဆိုင် တွဲဖွင့်ထားသော ဆိုင်ထဲသွားပြီး အကျိုးအကြောင်းပြောပြကာ မျောတိုင်များပေးလိုက်ပြီး ဝါးတီးပြင်ခိုင်းလိုက်ရ၏။ မျက်နှာနှင့် လက်များကိုဆေးကြောပြီး သူတို့အဖွဲ့ ထမင်းဆိုင်ထဲထိုင်တော့ ဆိုင်ရှင်က သနားသွားသည်လားမသိ ထမင်းအဝစားစေရုံသာမက မစားခင်သောက်ရန် ဘီယာပင် ၂ ယောက်တစ်လုံးနှုန်း ပေးလိုက်သေးသည်။ သူ့အတွက် အမြဲအမှတ်ရနေတော့မည့် အတွေ့အကြုံများပင် ဖြစ်တော့သည်။

၇။

ထိုခရီးမှ ပြန်ရောက်ပြီးနောက် သာမာန်ရုံးလုပ်ငန်းများလုပ်လိုက်၊ ညွှန်ကြားချက်များ လုပ်ဆောင်လိုက်၊ ရထားလမ်း လုံခြုံရေးတာဝန်ကျပါက ရထားလမ်းဘေး ကင်းတဲမှာသွားနေလိုက်ဖြင့် သူဖြတ်သန်းခဲ့ရသည်။ ထိုနေ့ရက်များအတွင်း သူ့အတွက် အမှတ်ရစရာအဖြစ်တစ်ခုက ပေါ်လာပြန်၏။ တပည့်ကျော်တစ်ယောက် မြွေဖမ်းခြင်းပင်။ လာတောင်းပါမည်ဟု ကတိပေးထားခဲ့ပြီး ထိုနေ့တွင်လူကြီးစုံရာ ဖိတ်ကြားပြီးကာမှ လာမတောင်းသဖြင့် ကောင်မလေးနှင့်သူ့အမေက ငိုကြီးချက်မနှင့် လာတိုင်ခြင်းဖြစ်သည်။ တပည့်ကျော်ကို ခေါ်မေးတော့ သူမပြောရဲသဖြင့် သတင်းမပို့တာပါဟူ၏။ မတတ်နိုင်တော့ အထက်လူကြီးကို သတင်းပို့လိုက်ရသည်။ ထို့နောက် ကောင်မလေးနှင့်သူ့အမေအား မင်္ဂလာနေ့သတ်မှတ်ပေးလိုက်ပြီး ပြန်လွှတ်လိုက်သည်။ တပည့်ကျော်မှာက ငွေကြေးမလောက်င။ ထို့ကြောင့် တောင်း/ဆောင် တခါတည်းလုပ်မှာမို့ လူကြီးစုံရာ သေချာဖိတ်ထားဖို့ မှာလိုက်ရသေးသည်။ နောက်နေ့မှာ တစ်ခါတည်း လက်ထပ်ခွင့်တင်ခိုင်းရ၏။ ထို့နောက် သူတို့လူပျိုတွေစုပြီးလက်ဖွဲ့သည့် တစ်သောင်းခွဲဖြင့် ဘုန်းကြီးကျောင်းသို့ မင်္ဂလာဆွမ်းချိုင့်ပို့ပြီး လူပုရိတ်သတ်အတွက်မူ ရိက္ခာနို့ဆီ၊သကြား၊လ္ဘက်ခြောက်တို့ဖြင့် လ္ဘက်ရည်ဖျော်ပြီး ကိတ်မုန့်နှင့် ကျွေးစေလိုက်ရသည်။ 

ထိုအထိကား အဆင်ပြေသေး၏။ သတို့သား၊သတို့သမီးတို့ လူကြီးမိဘကို ကန်တော့ကြသည့်အခါ သတို့သားဘက်မှ ပါလာသူများတွင် သူကအကြီးဆုံးဖြစ်နေသည်။ ပါလာသည့် ဆရာကြီးများကို ကန်တော့ခံရန် ပြောသော်လည်း ကြီးကဲသူပါသဖြင့် ထိုသို့သောထုံးစံကမရှိ။ ထို့ကြောင့်ပင် သူကိုယ်တိုင်ပဲ ကန်တော့ခံလိုက်ပြီး ဆုတွေဘာတွေ ပေးလိုက်ရသည်။ ပြီးတော့မှ မေးကြည့်တော့ ကန်တော့သည့် သတို့သားက သူ့ထက် အသက်ကြီးသည်ဟူ၏။

၈။

အနေကြာပါက သံယောဇဉ်တွယ်ကြသည်မှာ လောကထုံးစံပင်ဖြစ်သည်။ ထိုနေရာတွင် သူသိပ်ကြာကြာ မနေလိုက်ရသော်လည်း အားလုံးနှင့် ခင်မင်၊သံယောဇဉ်ဖြစ်မိ၏။ သို့သော်လည်း ပျော်ရာမှာမနေရ ၊ တော်ရမှာနေရဟူသည့် လူတိုင်းလိုလိုကြုံဖူးကြသည့် အဖြစ်များအတိုင်းပင် တစ်ဆင့်မြင့်ပညာများ ဆက်လက်တက်ရောက် သင်ယူရန်အတွက် စေလွှတ်ရာနေရာများဆီ သူထွက်ခွာခဲ့ရပြန်သည်။ ထိုစဉ်တုန်းက လိုက်လံနှုတ်ဆက်ကြစဉ်ကလည်း ကျန်ရစ်ခဲ့သူများ မျက်နှာမကောင်းရှာကြ။ လက်ပြနှုတ်ဆက်ရင်း ကျန်ခဲ့ကြသူများကို ငေးမောကြည့်နေရင်းမှ စာဆိုစစ်သည်ကြီး ထီလာစစ်သူ၏ ကဗျာတစ်ပိုင်းတစ်စက သူ့အတွေးထဲမှာ ပေါ်၍လာပြန်ရတော့သည်။

"ခန္ဓာ၊ ခြေ၊ လက်၊ အသက်မက
သူ့ဘဝနှင့်ဆန္ဒအားလုံး တာဝန်ဖုံးကာ
ကိုယ်တာကိုယ်ရေး အလေးပေးခွင့်
ခါမသင့်ကြောင်း... "

သြော် ... သူစိမ်းဆန်ခြင်း မဟုတ်သည့်အကြောင်းကိုတော့ သူတို့တွေ ကောင်းကောင်း နားလည်နိုင်ပါစေဟုသာ။



လေးစားလျက်
အလင်းသစ်
18.9.2014


No comments:

Post a Comment

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။