ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, April 13, 2011

မူကွဲနေတဲ့ရင်ခုန်သံ

အမအိန်ဂျယ်လှိုင်ရဲ့စိတ်ကူးလေးကနေ မူကွဲနေတဲ့ ရင်ခုန်သံ ဆိုတဲ့ အဆိုနဲ့
အချေ ပုံစံကဗျာမူကွဲလေးတစ်ခု      အိန်ဂျယ်လှိုင်
နဲ့  အလင်းသစ် က
ခံစားဖန်တီးလိုက်ပါပြီ။။။ ဖတ်ရှုအားပေးကြပါဦးလို့။။။







ခပ်ရေးရေးတွေး အကြင်နာစကားမဆို
မိုးတိမ်တွေငိုမှ ငါလွမ်းနေကြောင်း မပြောဖြစ်ခဲ့တာ 
ငါတွေးရင်း အတိတ်ကိုမြေဖွ နေစရာမရှိခဲ့တဲ့ နင့်ရင်ခွင်ကို 
ခပ်ရေးရေး မြင်ယောင်ရင်းအလွမ်းတွေမြေခ ငါ့သိက္ခာတွေပြာချပြီး 
မာနတွေခဝါချ အသက်ပျောက်ခဲ့တဲ့ ရင်ခုန်သံတွေအတွက် 
တိတ်တခိုး အဆွေးတွေနဲ့ ငါ့ဘဝ ပြာကျခဲ့ရတယ်ချစ်သူ။

#####
သွားစမ်းပါကွယ်.. ငါ့ခြေထောက်တွေ 
အရည်ကြည်ပေါက်တဲ့ထိ ငါ့ဘဝ တစ်လျောက် ရှာဖူးရဲ့ 
မတွေ့ခဲ့ပါဘူး နင်ပြောတဲ့အချစ်မျိုး ငါ့ရင်ဘတ်ထဲတော့ ရိုးနေပါပြီ 
ဒီစကားတွေက ရီရတယ်နော်လို့ပြောရင် နင်ထပ်ငိုဦးမယ်.. ကောင်မလေးရယ် 
နင်တို့ရင်ထဲက အချစ်ဆိုတာကို ငါမယုံပါဘူး။။။

#####
ကောင်းကင်က ကြယ်ကိုခြွေခွင့် ရမှာထက် 
နင့်ရင်က အသနားခံ ယုံကြည်ခွင့် ရဖို့ ငါဘယ်လောက်ထိ
ကြိုးစားရမှာလဲ မသိပေမယ့် နင်ပေးတဲ့ နာကျင်မှုတွေကိုပဲ ခံတပ်အဖြစ် 
ချနင်းပြီး နင့်ဆီလာဖို့ ငါကြိုးစားတိုင်း လဲကျသွားတဲ့ မျှော်လင့်ချက်တွေကို 
အကြိမ်ကြိမ် ပြန်ထူရင်း ငါ့ရဲ့ခြေလှမ်းတွေက နင်ရှိတဲ့ အရပ်ဆီသို့ပါပဲ ချစ်သူ။

 

#####

ကြယ်ခြွေမယ့် စိတ်ကူးကိုပဲ အကောင်အထည် ဖော်လိုက်ပါချစ်သူ၊
ငါ့ရင်က ယုံကြည်မှုကိုတော့ တူးဖော်မနေပါနဲ့တော့၊
နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကကို ယုံကြည်မှု ကင်းမယ့် သွားခဲ့တာမို့
ချစ်ခြင်းအပေါ် ငါအမြင်တွေ တော်တော်ကိုစောင်းသွားခဲ့ပြီ 
အချိန်၊ရာသီနဲ့ နာရီတွေက ကုစားမယ်လို့လည်း နင်မတွေးပါနဲ့တော့ 
ငါတို့ဝေးဖို့ကိုပဲလိုလားတယ်။။။

#####

လက်ခံတဲ့ ချစ်ခြင်းတွေအတွက် စွန့်ပစ်ခြင်းတရားတွေ 
ခါးခါးသီးသီး ဝင်လာပေမယ့် မခါးသီးတဲ့ ချစ်ခြင်းတွေက နင့်အတွက် 
တစ်သီးတစ်သန့် ရှိနေခဲ့တာ နင်ရဲ့ ငြင်းပယ်မှု တွေကြောင့် အကြိမ်ကြိမ် ကြေမွခဲ့တဲ့ 
ခံစားချက် အပိုင်းအစတွေ နင်လက်မခံတဲ့ အချစ်တွေအတွက် စွန့်ပစ်ခံ ချစ်ခြင်းတွေကို 
မြိုသိပ်လိုက်ရုံမှ တစ်ပါးအခြားမရှိ ဘယ်တော့မှ မဝေးတော့မဲ့ ဝေးကွာခြင်းနဲ့ တစ်နည်းအားဖြင့် 
သတိရနေခြင်း လမ်းကို ငါရွေးချယ်ခဲ့ရပေမယ့် ငါ့ရင်မှာတော့ နင်က မပြောင်းမလဲ အမြဲရှိနေမယ့်
ထာဝရ ငွေလမင်း ပါပဲ ချစ်သူ။

#####

မပြောင်းလဲတဲ့ငွေလမင်းတဲ့လား ချစ်သူ
နင်မသိတာလဲ မဟုတ်ပဲဟာ ကမ္ဘာဂြိုလ်ကလွဲလို့
ကျန်တဲ့ဂြိုလ် တွေဆီမှာ အရံလတွေ ပေါမှပေါ နင်တို့မလိုတဲ့အချိန်မှာ 
ငါဆိုတာလဲ ဒီသဘောကို သက်ရောက် စေမယ်ဆိုတာ ခံစားသိနဲ့
ငါသတိ ရှိနေတယ်၊ ဝေးကွာခြင်းကိုပဲ ပေးပါချစ်သူ သတိရခြင်းတွေ နင်အပိုင်ယူနိုင်ပါတယ်၊
ငါမယုံတဲ့ ချစ်ခြင်းတွေနဲ့ ရင်ခုန်သံတွေသေဆုံးစေတဲ့ နင့်အနားကနေ ထွက်သွားခွင့်ကိုပဲ
ငါလိုလားတယ်၊ နင့်ချစ်ခြင်းက ငါ့ကိုမပျော်စေမှတော့ ငါ့ချစ်ခြင်းကိုတမ်းတမနေပါနဲ့တော့
မယုံကြည်ခြင်း အမှောင်တွေဖုံးပြီဆိုမှတော့ မုန်းပြီလို့ငါမပြောရက်ခဲ့
နှုတ်ဆက်ခြင်းကိုပဲတို့ရွေးမယ် ဇာတ်လမ်းတွေရပ်ပေး။။။။။။။။။။။။။။။။။။။။။။
 


##################








ဖတ်ရှုအားပေးမှုကို အထူးကျေးဇူးတင်လျှက်

အလင်းသစ်<----------------------->အိန်ဂျယ်လှိုင်
(http://alinthithome.blogspot.com/)  (http://www.angelhlaing.blogspot.com/)

1 comment:

  1. အလင်းရေ အိန်ဂျယ်လှိုင်ဆီမှာ ဖတ်ခဲ့ပေမယ့် ထပ်ဖတ်သွားတယ်နော်..
    နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးပြီး ကျန်းမာ ချမ်းသာပါစေ...

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။