ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, June 2, 2011

အကြွေပန်းရဲ့ လျောက်လဲသံ


မောင်...
အကြည့်ချင်းအစုံမှာ ဓာတ်လိုက်သလိုတုန်တက်
ရင်ခုန်သံတွေ ဖျတ်ခနဲရပ်သွားတဲ့ကျွန်မကို
လျှပ်ပေါ်၊လော်လီတယ်လို့
မောင်တွေးပြီး ရီနေဦးမလား
ကျွန်မ မရှက်တော့ပါဘူး..မောင်။။။
မထီသလို မျက်နှာထားနဲ့
တစ်ဝက်ပြုံး တစ်ဝက်မဲ့
(ကျွန်မ အရမ်းစွဲမက်သွားတဲ့)
မောင့်နှုတ်ခမ်းဖျားက အပြုံးမှာ
ကျွန်မနှလုံးသား ကပ်ပါသွားတာကို
ရှက်စရာလို့လည်း သတ်မှတ်လို့မရခဲ့ပါဘူး။။။
ဖြည်းဖြည်းချင်းပြောပြီး တိုးတိုးလေးကြားရတဲ့မောင့်အသံကိုမှ
ကျွန်မနှလုံးသားက တမ်းချင်းတွေသီခဲ့ပြီမို့
မောင်ရေ...
ကျွန်မ ရှင့်ကို ချစ်မိပြီကွယ်။။။
မောင်ရယ်..
ရီလိုက်တိုင်း တွန့်သွားတတ်တဲ့
ရှင့်ပါးနှစ်ဖက်ကို ကျွန်မနှစ်သက်တယ်
ပြီးတော့လေ
ကျွန်မကိုမြင်တာနဲ့ ကုတ်သွားတတ်တဲ့
ရှင့်မျက်မှောင်ကို ခဏလောက်ဖြန့်ထားစမ်းပါကွယ်
နက်မှောင်ထူထဲတဲ့ ရှင့်မျက်ခုံးတွေကိုလည်း
ကျွန်မ... ချစ်တယ်မောင်။။။
တစ်ခုတော့သိထားပါမောင်
ကျွန်မအချစ်မှာ ဟန်ဆောင်မှုမပါသလို
ပကာသနကို မက်မောမှုဆိုတာလည်းမပါပါဘူး
ကျွန်မရှင့်ကိုပဲ ရူးရူးမူးမူးချစ်တယ်မောင်။။။
မောင်ရေ
တယူသန်ရှင့်အတွေးတွေနဲ့
တစ်ဖက်သတ် ရှင့်စွဲချက်တွေ
ခဏလောက်တော့ ရပ်ထားပေးပါကွယ်
ရှင့်ရဲ့ စိမ်းကားရက်စက်မှုမှာ
သေဆုံးသွားတဲ့ ကျွန်မနှလုံးသားရဲ့
အသုဘပွဲလေး ကျင်းပနေလို့ပါ။။။
ဘာတဲ့..မောင်
ငါ့လက်တွေက ပန်းအကြွေမကောက်ဘူးတဲ့လား..
ငယ်ရွယ်သူအတွေးနဲ့ မှန်၊မှားကို မတွေးနိုင်ခင်ခဏမှာ
အလည်လွန်လို့ နယ်ကျွံမိတဲ့
ပိုးကိုက်ပန်းကျွန်မအဖြစ်က အချစ်စစ်ဆိုတာနဲ့
နောက်ထပ်တဖန် မထိုက်တန်တော့ဘူးလား
မောင့်စကားတွေ ရက်စက်လွန်းပါတယ်။။။
မောင်ရေ...
အပြုံးတွေမပေးချင်နေပါ
ရှင့်အမုန်းတွေနဲ့တော့ဝေးနေပါရစေ
ကျွန်မကရှင်သတ်မှတ်သလို
မိန်းမပျက်တစ်ယောက် မဟုတ်ပါဘူးကွယ်
ရှင့်စိတ်ဓာတ်တွေ သိပ်ရက်စက်တယ်မောင်။။။
အချစ်နဲ့ သံယောဇဉ်ကိုမခွဲတတ်ခင်ခဏ
ကျွန်မတို့ မှားတတ်ကြပါတယ်မောင်
အဲဒီခဏလေးမှာပဲ
သနားတတ်တဲ့စိတ်အခံကို အသုံးချ
အသွေးအသားကိုဝါးမြိုကြတာလည်း
ရှင်တို့ယောင်္ကျားတွေပါလေ
တစ်ဖက်စောင်းနေတဲ့ ရှင့်အမြင်တွေကို
ပြောင်းလိုက်ပါတော့ကွယ်
စောင်းလွန်းရင်လည်း မှောက်တတ်ပါတယ်မောင်။။။
မောင်ရေ..
ကျွန်မ ရှင့်ကိုချစ်တယ်
မဖောက်မလွဲ မပျက်မသုဉ်းမယ့်
သက်ဆုံးတိုင်သစ္စာနဲ့ ကျွန်မရှင့်ကိုချစ်ပါတယ်ကွယ်
အဖြူဆုံးမေတ္တာ အသန့်ဆုံးချစ်ခြင်းတွေနဲ့
ကျွန်မရဲ့
ရင်တွင်းကို ရှင်မြင်တတ်တဲ့တစ်နေ့
ကျွန်မတို့ချစ်ခြင်းတွေ ပေါင်းစည်းခွင့်ရပါရစေမောင်။။။
တကယ့်အချစ်ဆိုတာကို
ရှင်နားလည်တဲ့နေ့ အကြွေပန်းကျွန်မဆီ
မသွေတမ်း လှမ်းလာခဲ့ပါ
အလှဆုံးအပြုံးနဲ့(ကျွန်မလေ)
တစ်သက်လုံးအတွက် ကြိုနေပါ့မယ်မောင်။။။။



(သူများရဲ့  ခံစားချက်ကို ကဗျာအသက်  သွင်းပေးခြင်းမှာ ကျွန်တော် တော်တော် ညံ့မယ်လို့ ထင်ပါတယ်။။။)
လေးစားလျက်
အလင်းသစ်

3 comments:

  1. လင်းသစ်က ဒါမျိုးလဲ ရတာပဲနော်...
    တော်ချက်... ဖတ်နေရင်း ဘဝများ ပြောင်းသွား ပြီးလားလို့
    အဟိးးး:) နောက်တာနော် စိတ်ဆိုးရဘူးနော်...
    အောက်ဆုံးက မှတ်ချက်တွေ့မှ ဘယ်ဆိုးလို့လဲ အသက်သွင်းလဲ
    ဖြစ်တာပဲလို့...:)
    ခံစားအားပေးလျှက်ပါ လင်းသစ်

    ReplyDelete
  2. ခံစားချက်ချင်းတူနေပြီ

    ReplyDelete
  3. သူငယ်ချင်းတစ်ယောက်ကပြောပြမယ်ထင်တယ်
    သူ့ရင်ထဲကခံစားချက်ကိုလေ....
    အဲတာနဲ့ရေးဖြစ်သွားတာဖြစ်ရမယ်..

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။