ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, June 17, 2011

ဝမ်းမနည်းတဲ့ လမ်းခွဲခြင်း



ဆစ်ကနဲ ကျဉ်တက်သွားတဲ့ ငါ့ရင်ဘတ်ထဲ
နင်ပက်လိုက်တာ ဘာအက်စစ်ပါလိမ့်
ချဉ်တူးတူးနဲ့ခါးတယ်
သေချာတာကတော့ ရီဝေမူးပြီး
ငါ ရူးသွားခဲ့ရတယ် နင်တော်တယ်ကောင်မလေး။။။

ဘာ...လမ်းခွဲမယ် ဝမ်းမနည်းနဲ့ဟုတ်လား
သွားစမ်းပါကွယ်
လမ်းခွဲတာ ဝမ်းနည်းစရာလား
နင့်အနားမှာမလိုအပ်မှတော့ ငါအခုပဲထွက်သွားမယ်
ထာဝရအတွက် နှုတ်ဆက်တယ်ကောင်မလေးရေ။။။
ဆိုရိုးစကားတွေနဲ့ သတ်မှတ်ချက်တွေကြား
ကြိုးရှုပ်နေရတဲ့ နင့်ဘဝကိုတော့သနားတယ်
ဒါပေမယ့်..ရှေးလူကြီးစကားဆိုတာတွေနဲ့တော့
ငါ့ကိုလာလာကိုင်မပေါက်နဲ့
အသက်ရှင်နေတဲ့လူတွေရဲ့ဘဝကို
သေသွားပြီးဖြစ်တဲ့လူတွေက ဆုံးဖြတ်တာ
ငါလက်မခံဘူး
နင်အမြဲဦးစားပေးတဲ့ ပညတ်ချက်နဲ့စည်းကမ်းတွေထဲ
နင်ပဲနေခဲ့လိုက်တော့ကောင်မလေးရေ
တိုက်ဆိုင်တိုင်းသတိရအောင် တစ်ခုတော့ပြောပြမယ်
နင့်ကိုငါ ခွင့်မလွှတ်ဘူး။။။
အုတ်မြစ်မရှိတဲ့ အိမ်တစ်လုံး
ဝုန်းခနဲပြိုကျမှုမှာ တရားခံရှာမနေတော့ပါဘူး
ငါ့ရင်ဘတ်ကိုက စည်းမထားခဲ့လို့
နင့်ရင်ဘတ်နဲ့ နီးစပ်ခဲ့တာလေ
ကောင်မလေးရေ စိတ်ကူးထဲကအိမ်မက်တွေအတွက်
နင့်ကိုရင်ဘတ်ထဲကနေ မုန်းတယ်။။။
ဂုဏ်၊ဓနနဲ့ အရေအတွက်ကိုနှစ်သက်တတ်ရဲ့နဲ့
မခုတ်တတ်တဲ့ကြောင်တစ်ကောင်လို
နင်မို့ဟန်ဆောင်ရက်တယ်
ဟေ့..ဝမရှိတဲ့ငါကတော့ ထဆင်ထူးပြောင်းပြန်လှန်ပြီး
ဝိမလုပ်ဘူး နင်စိတ်ကူးမယဉ်စမ်းနဲ့ကောင်မလေး။။။
နှစ်ဖက်တင်းလို့ပြတ်တယ်ပြောရအောင်
သားရေကွင်းမှမဟုတ်တာ
အသွင်မတူလို့လမ်းခွဲခြင်းကို ရဲရဲတင်းတင်းရင်ဆိုင်မယ်
နင်မြတ်နိုးတဲ့ ပန်ဒိုရာကိုလည်းခေါ်သွားပါ
အဲဒီမျှော်လင့်ခြင်းဆိုတာတွေလည်း ငါမုန်းတယ်
အသုံးမကျတဲ့ချစ်ခြင်းကိုဖန်တီးတဲ့ထဲ
တစ်စုံတစ်ခုကို မျှော်လင့်ခြင်းဆိုတာလည်းပါတယ်
ကောင်မလေးရယ် နင့်အချစ်တွေကမဖြူခဲ့ပါဘူး။။။
အက်ဆစ်မှန်းသိရက်နဲ့ လက်ခံခဲ့မိမှတော့
ငါ့နှလုံးသားမှာ ဆားပေါက်တာမထူးဆန်းဘူး
ရူးသွပ်စဉ်ကအတွေးလို ငါ့အချစ်တွေကလည်း
ရေမဆန်ခဲ့တော့ နင့်ဂုဏ်သတ္တိကို မလျော့ချနိုင်ခဲ့ဘူးလေ
ကောင်မလေးရေ နင့်အချစ်ကစားလိုက်တဲ့
ငါ့အနာဂတ်အတွက်လည်း နင့်ကိုမုန်းတယ်။။။
နောက်ဆုံးတော့လည်း မနိုင်ခဲ့တဲ့ဒီပွဲမှာ
ငါကပဲ ပကာသနကသတ်ခြင်းခံလိုက်ရတဲ့
ဇာတ်ပျက်သမား အနာဂတ်တွေပါမဲ့သွားခဲ့
အေးပေါ့..တိုက်ပွဲတစ်ခုမှာတော့ အနိုင်ရသူကဘုရင်
ရှုံးသွားသူက ဓားပြတဲ့
နင်ရီမောပြီးအောင်ပွဲခံလိုက်စမ်းပါ
ကောင်မလေးရေ..ငါကလည်း မှောင်မည်းတဲ့အနာဂတ်ထဲ
ဥဒါန်းမကျေတဲ့အမုန်းကိုပိုက်
နင့်ကို ခပ်မိုက်မိုက်မုန်းမယ်။။။
ဆစ်ကနဲ ကျဉ်တက်သွားတဲ့ ငါ့ရင်ဘတ်ထဲ
နင်ပက်လိုက်တာ ဘာအက်စစ်ပါလိမ့်
ချဉ်တူးတူးနဲ့ခါးတယ်
သေချာတာကတော့ ရီဝေမူးပြီး
ငါ ရူးသွားခဲ့ရတယ် နင်တော်တယ်ကောင်မလေး။။။


လေးစားလျက်
အလင်းသစ်

4 comments:

  1. ဆရာ.... ပြင်းထန်နေတဲ့ ပေါက်ကွဲ သံစဉ်တွေဆိုတော့.. ဘာမှတောင် ပြောရဲတော့ဘူး.... မလှိုင်မပါဘူးနော်..
    သြော် မပါဘူးဆိုမှ ဘေးမှာပဲ နေတာပါလို့...:):)

    ReplyDelete
  2. လာလည်သွားတယ်ဗျာ။ ပေါက်ကွဲမှု့တွေ ဖြစ်နေပြီထင်တယ်။ အင်း သူများတွေပေါက်ကွဲနေတာကြည့်ပြီး အခုလို တစ်ယောက်ထဲလေး နေရတာက ကောင်းမယ်ထင့်ပါဗျာ။ စတာနော်...

    ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  3. ခံစားချက်တွေ ..ပြင်းထန်နေပါလားးး

    ReplyDelete
  4. ငါ့ရင်ဘတ်ကိုက စည်းမထားခဲ့လို့
    နင့်ရင်ဘတ်နဲ့ နီးစပ်ခဲ့တာလေ ... <<< အဲ့ဒီ့စာသားလေးကိုကြိုက်တယ်..

    WL

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။