ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, June 19, 2011

နတ်မိမယ်သို့ နားတော်သွင်း















မငယ်တော့ပါဘူးကွယ် ငါနားလည်နေပါပြီ
မနူးမနပ်မဟုတ်တဲ့ ငါ့ရင်ဘတ်က
ရူးတတ်မှန်းသိရက်နဲ့ ရအောင်နမ်းချင်တာ
ပဒိုင်းပန်းကို ခင်လို့တော့မဟုတ်ဘူး
နင့်ကိုချစ်လို့ပါ အိန်ဂျယ်။။။

နာကျင်တတ်တယ် အိန်ဂျယ်ရယ်
ငါ့ရင်ဘတ်ဆိုတာလည်း စက်မှမဟုတ်တော့
ရင်လည်းခုန်တတ်တယ်လေ
နင်ပုံပြောတတ်မှန်းသိရက်နဲ့ ယုံချင်တာ
ငါပုံပြင်ကြိုက်တတ်လို့လို့ မထင်ပါနဲ့
ငါယုံရင်ပျော်တဲ့ နင့်အပြုံးအတွက်ပါ
မယုံရင်နင် ထပ်ရက်စက်ကြည့်ပေါ့အိန်ဂျယ်။။။
အခါခါသေဖူးရက်နဲ့ ပျဉ်ဖိုးနားမလည်တဲ့ငါ့အသည်း
ခဏခဏကွဲတော့ရော ဘာအရေးလဲနော
နင့်သဘောပါ အိန်ဂျယ်
လိုအပ်သလိုသာ ခြယ်လှယ်ပါတော့
ခေါင်းကိုမော့ပြီး ရင်ကော့လိုက်မယ်
အချစ်ကြောင့်သေတဲ့မသာ
ဒီကမ္ဘာမှာ ငါပထမဆုံးဖြစ်ပါစေတော့။။။
နင်လိုတော့ သကာလိုချို၊ နင်မလိုတော့တမာလိုခါး
နင်ထားရာနေ နင်စေသလိုသွား
ငါ့ကိုလည်း နည်းနည်းတော့ အားနာပါဦးအိန်ဂျယ်
တခြားသူဆို (၇)ကမ္ဘာအပူပေးထားတဲ့ ဖယောင်းသားလို
ငါ့ကိုကျတော့ စိန်သွားလိုထက်ပြီး သံမဏိထက်မာ
အိန်ဂျယ်ရာ...
နင်တကယ်မာယာများတယ် ငါမုန်းချင်ပြီကွယ်။။။
ကဗျာရေးသူရင်ဘတ်က ခံစားချက်အစစ်မထွက်ဘူးတဲ့လား
နင်ပဲသတ်မှတ်လိုက်တာပါအိန်ဂျယ်
တကယ်ဆို ကဗျာသည်ရဲ့ရင်ထဲမှာလည်း
အညှာလွယ်တဲ့ အသည်းပဲရှိတာပါ
အချစ်ဆိုတာကို ခံစားတတ်တယ်
နင်တစ်ဖက်သတ် မစွပ်စွဲပါနဲ့အိန်ဂျယ်။။။
သဘာဝကိုကာဆီး လူဖန်တီးတာတွေကိုနှစ်သက်
မြင့်သထက်မြင့်တဲ့နေရာကို အတင်းတက်
နင့်အတွက် ငါတော်တော်စိတ်ပျက်ပြီအိန်ဂျယ်
ခေတ်ထက်ရှေ့ပြေးလွန်းတာ ကောင်းတယ်ထင်လား
ဒေါင်းယောင်ဆောင်တဲ့ ကျီးက
မလှပါဘူးအိန်ဂျယ်။။။
အသစ်အသစ်သောဖြစ်တည်မှုတွေ နင်နှစ်သက်ပေမယ့်
အနှစ်သာရကိုမှ မရှာတတ်ရင်တော့
နင့်အတွက်ရင်လေးတယ် အိန်ဂျယ်
နင်နှစ်သက်တဲ့ဂုဏ်၊ပကာသနတွေအတွက်
ငါ့လက်နှစ်ဖက်မှာတော့ သုံညတွေစုနေဆဲ
ငါပြုပြင်ပေးဖို့မှ မတတ်နိုင်တဲ့နင့်စိတ်တွေအတွက်
ဒီနေ့ငါလက်လျော့ပါရစေတော့။။။
အခြေနေနဲ့ အချိန်ခါရ ထမီမဝတ်တာလက်ခံတယ်
ဒါပေမယ့် နင့်စိတ်ဓာတ်တွေဘောင်းဘီဝတ်တာတော့
ငါစိတ်နာတယ်အိန်ဂျယ်
နင့်ရင်ဘတ်မှာ အချစ်မပါဘူးတဲ့
ဟုတ်တာပေါ့ နင့်စိတ်တွေရုပ်ဝတ္ထုဆန်နေမှတော့
နင့်နှလုံးသားထက် အချစ်မကိန်းဝပ်တာ
ငါလက်ခံတယ် မနက်ဖြန်နင့်ကိုမခေါ်တော့ဘူး။။။
နင့်ပျော်ရွှင်မှုနဲ့ နင့်အတ္တကို အရောင်တင်ဖို့
ငါ့ရင်ခွင်ကိုတော့ မဆော့ပါနဲ့အိန်ဂျယ်
နင့်ကစားကွက်တွေထဲ ငါ့နှလုံးသားလည်းအသက်မဲ့တော့မယ်
နင်မပါတော့မယ် မနက်ဖြန်ကိုရင်ဆိုင်ဖို့
ဒီနေ့ကိုတော့ ငါ့အတွက်နင်ဖြူစင်ပေးပါ။။။
မငယ်တော့ပါဘူးကွယ် ငါနားလည်နေပါပြီ
မနူးမနပ်မဟုတ်တဲ့ ငါ့ရင်ဘတ်က
ရူးတတ်မှန်းသိရက်နဲ့ ရအောင်နမ်းချင်တာ
ပဒိုင်းပန်းကို ခင်လို့တော့မဟုတ်ဘူး
နင့်ကိုချစ်လို့ပါ အိန်ဂျယ်။။။



လေးစားလျက်
အလင်းသစ်


4 comments:

  1. ထိထိ မိမိနဲ့ အရသာရှိလိုက်တာဗျာ....
    တကယ်ကောင်းတဲ့ ကဗျာလေးတွေ
    ဖတ်ခွင့်ရလို့ကျေးဇူးပါ။

    ReplyDelete
  2. သဘာဝကိုကာဆီး လူဖန်တီးတာတွေကိုနှစ်သက်
    မြင့်သထက်မြင့်တဲ့နေရာကို အတင်းတက်
    နင့်အတွက် ငါတော်တော်စိတ်ပျက်ပြီအိန်ဂျယ်
    ခေတ်ထက်ရှေ့ပြေးလွန်းတာ ကောင်းတယ်ထင်လား
    ဒေါင်းယောင်ဆောင်တဲ့ ကျီးက
    မလှပါဘူးအိန်ဂျယ်။။။
    အသစ်အသစ်သောဖြစ်တည်မှုတွေ နင်နှစ်သက်ပေမယ့်
    အနှစ်သာရကိုမှ မရှာတတ်ရင်တော့
    နင့်အတွက်ရင်လေးတယ် အိန်ဂျယ်
    နင်နှစ်သက်တဲ့ဂုဏ်၊ပကာသနတွေအတွက်
    ငါ့လက်နှစ်ဖက်မှာတော့ သုံညတွေစုနေဆဲ
    ငါပြုပြင်ပေးဖို့မှ မတတ်နိုင်တဲ့နင့်စိတ်တွေအတွက်
    ဒီနေ့ငါလက်လျော့ပါရစေတော့။။။
    အခြေနေနဲ့ အချိန်ခါရ ထမီမဝတ်တာလက်ခံတယ်
    ဒါပေမယ့် နင့်စိတ်ဓာတ်တွေဘောင်းဘီဝတ်တာတော့
    ငါစိတ်နာတယ်အိန်ဂျယ်
    နင့်ရင်ဘတ်မှာ အချစ်မပါဘူးတဲ့
    ဟုတ်တာပေါ့ နင့်စိတ်တွေရုပ်ဝတ္ထုဆန်နေမှတော့
    နင့်နှလုံးသားထက် အချစ်မကိန်းဝပ်တာ
    ငါလက်ခံတယ် မနက်ဖြန်နင့်ကိုမခေါ်တော့ဘူး။။။

    ကဗျာတစ်ပုဒ်လုံး ကောင်းတယ်
    ဒါပေမယ့် အဲဒီစာလုံးလေးတွေက ပိုထိမိတယ်လို့
    ထင်တယ် လင်းသစ်..
    လာရောက် အားပေးသွားပါတယ်လို့...

    ReplyDelete
  3. တကယ်ဆို ကဗျာသည်ရဲ့ရင်ထဲမှာလည်း
    အညှာလွယ်တဲ့ အသည်းပဲရှိတာပါ

    ထိတယ် ညီလေးရေ ...

    ReplyDelete
  4. အလင်းသစ်ရဲ့ အိန်ဂျယ်လေး ..
    ကောင်း၏..

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။