ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, June 22, 2011

ချစ်ခဲ့မိ၍ အပြစ်ရှိသည်



သူမနာမည်က နှင်းနှင်းဦးတဲ့။။ မြန်မာနိုင်ငံ မြေလတ်မြို့လေး တစ်မြို့ကပါ။။ ဘဝရဲ့သက်တမ်း သုံးပုံတစ်ပုံ လောက်ကို သူမ ဖြတ်သန်းပြီးချိန်မှာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့မိခြင်း အတွက် ဘဝတစ်ခုလုံး ဒဏ်ရာ၊ဒဏ်ချက်တွေ ပြည့်နှက်ခဲ့ရပြီး သူမရဲ့ နှလုံးသား တစ်ခုလုံးလည်း သွေးစိမ်းရှင်ရှင်နဲ့ နာကျင်ခံစား ခဲ့ရရှာတာလေ။။
မိဘတွေက ကိုယ်ပိုင်စီးပွားရေး ကိုယ်စီနဲ့မို့ မပေါများသော်လည်း မရှားပါးသော မိသားစုက ပေါက်ဖွားခဲ့ပြီး၊ ဆယ်တန်းပြီးချိန်မှာ ရန်ကုန်ပညာရေး တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြား ခဲ့တာဖြစ်သည်။။ သူမလား။။ အရမ်းမလှပါဘူး။။ ဒါပေမယ့် ကျက်သရေ ရှိပြီး မြင်သူချစ်စဖွယ် မျက်နှာလေးကို ပိုင်ဆိုင်ထားတယ်လေ။။။ ကျောင်းတက်နေစဉ်ကာလမှာ သူမအနေနဲ့ အချစ်ဆိုတာကို ၂ကြိမ် ထိတွေ့ခွင့်ရခဲ့ပါတယ်။။ ပထမချစ်သူကတော့ ကံအကြောင်းမဆုံခဲ့လို့ နှစ်ဖက်သဘောနဲ့ လမ်းခွဲခဲ့ကြပြီး ဒုတိယချစ်သူကို တွေ့ခဲ့ရတာလေ။။။ တကယ်လို့ အဲဒီ ဒုတိယချစ်သူက သူမကို အခုလို ပြင်းထန်ထိရှတဲ့ ခံစားချက်တွေပဲ ဖြစ်စေမယ်ဆိုတာ သိခဲ့ရင် သူမ အဲဒီကတည်းက အပြတ်ကို ငြင်းချက်ထုတ်မိမှာပါ။။ အခုတော့ ယောင်္ကျားဖြစ်ရဲ့နဲ့ ယောင်္ကျားမာနမရှိ၊ သစ္စာဆိုတာ ဘာမှန်းမသိ၊ အချစ်ဆိုတာကို အကျည်းတန် စေခဲ့သူကိုမှ သူမက အရူးအမူး ချစ်ခဲ့မိတာလေ။။။ သြော် အဲဒီ သူရထက်ဆိုတဲ့ သူမရဲ့ချစ်သူက သူ့အချစ်တွေကို မိန်းမတစ်ယောက် တည်းအတွက် အကုန်မပေးချင်သူ၊ သူချစ်တယ်လို့ ပြောလိုက်တာဟာ နောက်ထပ်ဘယ် မိန်းမကိုမှ မချစ်တော့ဘူးလို့ စာချုပ်ချုပ်ပြီး ကတိပေးတာ မဟုတ်ဘူးလို့ ခံယူထားတဲ့သူလေ။။ သူကလား။။ သေချာကို ပြင်ဆင်ဝတ်စား ထားမယ်ဆိုရင် တကယ်ကို မင်းသားချော ချောတဲ့သူပေါ့။။ ရုပ်ချောသလောက် မြာပွေတဲ့ နေရာမှာလည်း စံတင်လောက်သူ။။ နှင်းနှင်းဦး တစ်ယောက် ကြုံခဲ့ရပုံက မဆန်းလှသော အကွက်တစ်ခုပေမယ့် မရိုးသော ပုံစံတစ်မျိုးမို့။။။။



(၁)

သူရထက်က နှင်းနှင်းဦးကို ပထမချစ်သူ ကျော်ရဲနှင့် အပြိုင် ပိုးပမ်းခဲ့သူဖြစ်သည်။။ သို့သော်လည်း နှင်းနှင်းဦးက သူရထက်ကို မရွေးချယ်ခဲ့ပဲ ကျော်ရဲကို ရွေးချယ်ဖြစ်ခဲ့၏။။ ကျော်ရဲဆိုတာက စစ်သင်တန်း တက်နေသော ဗိုလ်လောင်းတစ်ဦးလေ။။။ သူမတို့ ဖုန်းထဲမှာ ချစ်စကားတွေ ပြောဖြစ်ကြရင်း ကျော်ရဲ ရန်ကုန်ကို ရောက်လာချိန် များမှာ အတူတူ တွေ့ခွင့်ရခဲ့ကြ၏။။ သို့သော် သူမတို့ ချစ်ခြင်းက မခိုင်မြဲခဲ့ကြပဲ တစ်နှစ်သက်တမ်း မပြည့်ခင်မှာပင် နှစ်ဦးသဘောတူ လမ်းခွဲဖြစ်ခဲ့ကြသည်။။ ကျော်ရဲနှင့် လမ်းခွဲပြီးနောက် သူမကို ဇွဲရှိရှိဖြင့် ချစ်ခွင့်ပန်နေသော သူရထက်ကို နှင်းနှင်းဦး ရွေးချယ်ဖြစ်ခဲ့သည်။။ ချစ်စ၊ခင်စ ချစ်သူများမို့ အတော်လည်း ပျော်ခဲ့ကြ၏။။ သူရထက်ကလည်း သူမကို အတော်လေး ချစ်ခဲ့တာဖြစ်သည်။။ အပျံစား၊ အမိုက်စားများကို ချစ်လို့ရပါရက် ဗိုလ်တစ်ပတ်နွမ်းသူမကို ချစ်ရပါ့မလားဟု သူ့သူငယ်ချင်းများက စလျှင်တော့ သူရထက်က အလွန်စိတ်ဆိုး တတ်တာလေ။။။ ကျောင်းတက်နေသော အချိန်များမှ လွဲ၍ နှင်းနှင်းဦးနှင့် သူရထက်တို့ အမြဲအတူရှိနေခဲ့ကြ၏။။ စားလည်းအတူ သွားလည်းအတူ အိပ်ချိန်ကျမှသာ ခွဲခွာခဲ့ကြတာဖြစ်သည်။။ ချစ်ကြသူတွေ ဆိုတော့လည်း တစ်ဦးနှင့်တစ်ဦး တွက်ကပ်ခြင်းမရှိ သူ့ရှိတာကိုယ်သုံး ကိုယ့်ရှိတာသူသုံးရင်း ပျော်ရွှင်ခြင်း နေ့ရက်တွေနှင့်အတူ နှင်းနှင်းဦး ရင်မှာလည်း သူရထက်ကို ချစ်မြတ်နိုး မိခြင်းတွေက ဒီရေအလား တရိပ်ရိပ်တိုးပွားခဲ့၏။။ ဘုရားတွေ အတူတူသွားလို့ ဖူးခဲ့ကြသည်။။ ရှိုးပွဲတွေ အတူတူသွားလို့ မြူးခဲ့ကြသည်။။ ချစ်ခင်စ ထိုအချိန်များကတော့ သူမတို့နှစ်ဦးအတွက် အရူးအမူး နေ့ရက်များ ဖြစ်ခဲ့ကြရ၏။။ ဒီလိုနဲ့ နွေရာသီ ကျောင်းပိတ်ရက် နှင်းနှင်းဦး အိမ်ပြန်ချိန် ရောက်လာခဲ့သည်။။ မချိသောရင် မရွှင်သော နှလုံးသားများနှင့် တစ်ယောက်ကို တစ်ယောက် ဖက်ရမ်းနှုတ်ဆက် ကြရင်း ရင်ထဲက စကားတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင် ပမာ များပြားနေခဲ့ကြ၏။။ ချစ်သူကို စိတ်မချမှုနှင့် နှင်းနှင်းဦး မှာကြားစကားများ ဆိုရင်း စိတ်ထဲမှာလည်း လောကပါလနတ်မင်းများ ကိုတောင်းဆိုနေမိသည်။။ ဖြစ်နိုင်ရင် ဒီအချိန်လေးတွေကို ခဏရပ်ပေး ထားကြဖို့ပါ။။ သို့သော်လည်း အချိန်ဆိုတာက ရပ်ထားလို့ ရကောင်းသော အရာမဟုတ်သဖြင့် ချစ်သူပေးလိုက်သော ဒိုင်ယာယီ စာအုပ်လေးကို ပိုက်လို့ သူမအိမ်ပြန်လမ်းကို လှမ်းထွက်ခဲ့ရသည်။။။ သူမရင်မှာပိုက်ထားတဲ့ ဒိုင်ယာယီ စာအုပ်လေးက ချစ်သူရဲ့လက်ဆောင်၊ မတွေ့ရမယ့် ကာလများမှာ ဖတ်ရန် ရေးထားသော စာများ။။။ ချစ်တတ်လွန်းသော ချစ်သူမို့ နှင်းနှင်းဦး ရင်ထဲမှာတော့ တိုးသထက် တိုးလာသော အချစ် ဒီရေများနှင့် ထိုယောက်ျားဆီမှာ ကျရှုံးမိတော့ မှာပါဆိုတာကိုတော့ ရေးရေးလေးပင် တွေးမထင်မိ ရှိခဲ့ရတော့သည်။။။။



(၂)

ကျောင်းပိတ်ရက်များက ရှည်လျားလွန်းနေသလို ထင်မိသည်။။ တစ်ယောက်တည်း ဧည့်ခန်းမှာထိုင်ပြီး ချစ်သူအကြောင်းများ စဉ်းစားနေသော နှင်းနှင်းဦး ဖုန်းသံကြောင့် ဆတ်ခနဲ လန့်သွား၏။။ ကိုထက်ဆီက များလားဟူသော အတွေးနှင့် အပြေးလေး ဖုန်းကိုင်လိုက်မိသည်။။ တစ်ဖက်က ဖုန်းဆက်လာတာက သူမရဲ့ အတန်းဖော် သူငယ်ချင်းများ ဖြစ်နေ၏။။။
"ဟဲ့ မိဦး နင်သေချာ နားထောင်စမ်း။။ ငါတို့ မနေ့က လှည်းတန်းမှာ နင့်ဘဲကို ကောင်မလေး တစ်ယောက်နဲ့ တစ်နေကုန် အတူတူရှိနေတာ တွေ့ခဲ့တယ်။။ ငါတို့ သည်းမခံ နိုင်လွန်းလို့ နင့်ဆီ ဖုန်းလှမ်းဆက်လိုက်တာ။။။"
သူငယ်ချင်း ဖြစ်သူရဲ့ စကားကြောင့် နှင်းနှင်းဦး ကြောင်သွားသည်။။ အရင်က နာမည်ကြီးသော သူရထက်သည် သူမနှင့် ချစ်သူသက်တမ်း တလျောက်လုံးမှာ ဖောက်ပြန်ခဲ့ခြင်း မရှိသဖြင့် မယုံချင်မိခဲ့။။။
"ဟုတ်လို့လား သက်မာရယ်။။ ကိုထက်က အဲလိုတော့ မလုပ်လောက်ပါဘူး။။။ နင်မျက်စိမှားတာလား။။ ဒါမှမဟုတ် သူ့ရဲ့ သူငယ်ချင်း တစ်ယောက်ယောက်များ ဖြစ်နေမလား။။"
နှင်းနှင်းဦးရဲ့ စကားကြောင့် တစ်ဖက်မှ သူငယ်ချင်းက ဒေါပွသွားသည်။။ နောက်တစ်ယောက် ပြောင်းကိုင်ကာ လက်ကိုကိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ကြည်နူးနေကြတာ သူငယ်ချင်း ဖြစ်မလား မိဦးရဲ့ဟု စိတ်ဆိုးမာန်ဆိုး အားမလို အားမရစွာ ဝင်ပြောလာ၏။။ နှင်းနှင်းဦး မယုံရဲစွာ မျက်ရည်များ စီးကျလာခဲ့သည်။။
" ကျောင်းဖွင့်ဖို့ကလည်း ၂ ပတ်လောက်ပဲ လိုတော့တာပါ။။ ငါ ကိုထက်ကို သေချာ မေးကြည့်ပါဦးမယ်ဟာ။။"
ဟု တိုးတိုးပြောလိုက်တော့ သူငယ်ချင်းများက နင်ကိုယ်တိုင် တွေ့မှယုံမယ် ဆိုရင်လည်း နင့်သဘောပဲ မိဦး။။ ငါတို့ကတော့ ငါတို့ ဝတ္တရားရှိတဲ့ အတိုင်း နင့်ကို ပြောပြပြီးပြီ။။ သူများအတွဲကြား ဝင်ခွဲလိုတဲ့ စိတ်နဲ့ ပြောနေတာတော့မဟုတ်ဘူးဆိုတာ နင်သိပေးပါ။။ နင်က ငါတို့သူငယ်ချင်းပါ မိဦးဟု ပြောကြ၏။။ ငါနားလည်ပါတယ် သူငယ်ချင်းတို့ရယ် ဟုညည်းတွားရင်း သူမ တစ်ကိုယ်လုံး အားအင် ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။။။ ကိုထက်ဆီမှ ဖုန်းဆက်လာမလား မျှော်နေပေမယ့် ဖုန်းဆက်မလာခဲ့။။ သူမဖုန်းဆက်တိုင်းလည်း ကိုထက်ကို မတွေ့ရနှင့် ကျောင်းပိတ်ရက် ၂ ပတ်လုံးဟာ နှင်းနှင်းဦး အတွက် ငရဲတစ်မျိုးဖြစ်နေခဲ့ရတော့သည်။။။




(၃)

ကျောင်းပိတ်ရက် ကုန်ဆုံးပြီး နယ်မှပြန်ရောက်တာနဲ့ အထုပ်အပိုးတွေ ချထားပြီး နှင်းနှင်းဦး ချစ်သူဆီသို့ အပြေးတစ်ပိုင်း ထွက်လာခဲ့မိသည်။။ သူရထက်က နှင်းနှင်းဦးနေသော တိုက်ခန်းနှင့် တစ်လမ်းကျော်မှာ နေတာလေ။။ ချစ်သူဆီ ရောက်တော့ သူနှင့်အတူနေ အကိုကြီး တစ်ယောက်က ဝမ်းသာသွားသော မျက်နှာနှင့်
"ညီမရောက်လာတာ အတော်ပဲကွာ။။ ဒီကောင်ဖျားနေတာ ၂ ရက်ရှိပြီ။။ ဒီနားက ဆရာဝန်နဲ့ ပြတာလည်း မသက်သာဘူး။။။ အကိုတို့ဆီလည်း အာတကေက ခမ်းနေတော့။။။"
အကိုကြီးက စကားဆက်မပြော တော့ပေမယ့် သူမနားလည်းလိုက်ပါသည်။။ ချစ်သူကို ကြည့်လိုက်တော့လည်း ဝေဒနာကြောင့် ပိန်ကျသွားတာ မှတ်တောင် မမှတ်မိချင်။။ စိုးရိမ်စိတ်နှင့် သူမ ချက်ချင်းပင် အာရှတော်ဝင် ဆေးခန်းသို့ တင်ပို့ခဲ့လိုက်၏။။။ မိဘများက ကျောင်းတက်စဉ် ဝတ်ရန်အတွက် အဝတ်အစားနှင့် လိုအပ်သည်များ ဝယ်ရန် ထည့်ပေးလိုက်သော ပိုက်ဆံများက သူရထက်၏ ဆေးရုံစရိတ်များ ဖြစ်ခဲ့ရတော့သည်။။ သို့သော်လည်း နှင်းနှင်းဦး ညည်းညူခြင်းမရှိ။။ ကျောင်းက ကိစ္စများကို သူငယ်ချင်းများနှင့် လွှဲထားပြီး ချစ်သူကို ပြုစုပေးနေခဲ့၏။။ သူငယ်ချင်းများကတော့ သူရထက်ကို သိပ်မကြည်လင်ကြတော့။။ မှန်ကန်သော ဆေးကုသမှုနှင့် ဂရုတစိုက် ပြုစုပေးမှု တို့ကြောင့် သူရထက် ကျန်းမာလာပြီး ဆေးရုံမှ ဆင်းခဲ့၏။။ နှင်းနှင်းဦး မလာသေးခင်က စုတ်ပြတ်နေသော သူ့ပုံစံတို့သည် မိမိကိုယ်ထက် ချစ်သူကို ဦးစားပေးသော နှင်းနှင်းဦးရဲ့ ဂရုစိုက်မှုအောက် မှာလူလူသူသူ ပြန်ဖြစ်လာခဲ့တော့သည်။။ သူငယ်ချင်းများ ဖုန်းဆက်ပြောသော မိန်းကလေး အကြောင်းကို မေးတော့ သူရထက်က ဘာမှမဟုတ်သလို ဖြေရှင်းပြခဲ့သဖြင့် ချစ်သူစကားမှာ နှင်းနှင်းဦး ယုံစားခဲ့မိပြန်၏။။ သို့နှင့် နယူးရီးယားကာလ၊ ချစ်သူများနေ့ ကာလများမှာ ချစ်သူနှင့်အတူ ဖြတ်သန်းရင်း နှင်းနှင်းဦး တစ်ယောက် သူငယ်ချင်းများနှင့် ပတ်ဝန်းကျင်မှ စကားတို့ကို ဥပေက္ခာပြုထား ခဲ့တော့သည်။။။။
နှစ်ယောက်အတူ ပျော်ရွှင်နေကြ စဉ်မှာပင် သူရထက်က တစ်ချက်တစ်ချက် ထထဖောက်လာသည်။။ နှင်းနှင်းဦးမပါပဲ ရှိုးပွဲများသို့ မိန်းကလေးတစ်ယောက်နှင့် အတူသွားတာ ပြန်ကြားလာ၏။။။ ပြီးတော့ ထိုမိန်းကလေးက မော်ဒယ်တစ်ဦးလို လှပတဲ့သူလေ။။ သူရထက်ကိုလည်း အတည်တွဲတာ မဟုတ်ပဲ မရှိသုံးတွဲတာ ဖြစ်ကြောင်း ဘေးစကားများ ကလည်းစုံနေအောင် ကြားလာရ၏။။ ပြီးတော့ ပိုပိုပြီး သိသာလာတာက နှစ်ယောက်အတူ ရှိနေချိန်တိုင်းမှာလည်း အသုံးစရိတ် မှန်သမျှက နှင်းနှင်းဦး ကသာ စိုက်ထုတ်ရှင်းပေး နေရပြီး သူရထက်ကတော့ အကြောင်းပြချက် အမျိုးမျိုးနှင့် ညည်းတွားပြ လာတတ်တာဖြစ်သည်။။။ ချစ်သူကို အချစ်မျက်စိဖြင့်သာ ကြည့်သူမို့ နှင်းနှင်းဦးကတော့ အပြစ်ဆိုတာ မမြင်ရက်ခဲ့။။ သူမအတွက် ချစ်သူနှင့် လမ်းခွဲပြီး အိမ်ပြန်ချိန်တိုင်းမှာ တာဝန်တစ်ခု ပိုလာတာက နှုတ်ဆက်အနမ်း နှင့်အတူ ချပ်နေအောင် သိမ်းထားသော ငွေစက္ကူများကို ချစ်သူရဲ့ ဘောင်းဘီနောက်အိတ်ထဲ ထည့်ပေးရတာဖြစ်သည်။။ ပေါ်တင်ပေးပါက ချစ်သူ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးသဖြင့် ထိုကဲ့သို့ လုပ်ဆောင်ပေးတာ ဖြစ်၏။။ သူရထက်ကတော့ ဖာသိဖာသာပင်။။ ကျေးဇူးတင်သည့် အကြောင်းပင် ပြောခြင်းမရှိခဲ့။။ သူငယ်ချင်းများကတော့ သူမနှင့် သူရထက်ကို လုံးဝသဘောမမျှကြတော့။။ အတူနေအကိုကလည်း မိန်းမဖြစ်ရက် နင်နွားကျ စရာလားဟုဆိုကာ အိမ်ကိုပြန်တိုင် အကြောင်းကြားလိုက်သည်။။။ နှင်းနှင်းဦးကတော့ ချစ်မိသူအဖြစ် အပြစ်ရှိလဲ ခံယူယုံမှတပါး ဘာမှမတတ်နိုင်တော့သလို ရုန်းထွက်နိုင်ခြင်းမရှိခဲ့တော့။။ ဒီလိုနှင့်ပဲ နောက်ဆုံးနှစ် စာမေးပွဲကြီးပြီး၍ အိမ်ပြန်ချိန်ကို ရောက်လာ ခဲ့တော့သည်။။။။





(၄)

ပညာစုံပြီမို့ မိဘများက အိမ်၏စီးပွားရေး လုပ်ငန်းများတွင် ဦးစီးရန် ပြောလာ၏။။ နှင်းနှင်းဦး ခါးခါးသီးသီးကို ငြင်းဆန်မိသည်။။ သူမရန်ကုန်ကို ပြန်ရမည်။။ ချစ်သူနှင့် ဘယ်လိုမှ မခွဲနိုင်။။ ထို့ကြောင့်
"သမီး ရန်ကုန်ကို ပြန်ပြီး အလုပ်လုပ်ချင်တယ် ဖေဖေနဲ့ မေမေ။။ သမီးသင်ထားတာတွေနဲ့ အသုံးပြုပြီး အလုပ်လုပ်ကြည့် ချင်သေးတယ်။။ ခွင့်ပြုပါနော်။။။"
နှင်းနှင်းဦးရဲ့ တောင်းပန်တိုးလျှိုးသံကို မိဘများက လုံးဝလက်မခံခဲ့
"တော်စမ်း မိဦး။။ ရန်ကုန်မှာ ညည်းအကောင်နဲ့ ညည်းအကြောင်း မကြားချင်အဆုံး ငါတို့ကြားပြီးပြီ။။ ညည်းအကိုကလည်း ညည်းကို ပြန်မလွှတ်နဲ့လို့ လှမ်းပြောထားတယ်။။ မသွားရဘူး။။ အိမ်က အလုပ်တွေကိုပဲ ဦးစီးပြီး လုပ်ဖို့ စဉ်းစားထား။။ဒါပဲ။။"
မိဘတွေရဲ့ ဆန္ဒကို နှင်းနှင်းဦး ဘယ်လိုမှ လက်မခံနိုင်ခဲ့တော့။။ သူမရင်ထဲမှာ ချစ်သူနဲ့ ဝေးရမှာကို သေမလောက် ထိတ်လန့် နေခဲ့မိပြီမို့ ဇွတ်မှိတ် ငြင်းဆန်နေခဲ့သည်။။ အရိုက်အနှက်ခံပြီး ငိုယိုဆန္ဒပြခဲ့သဖြင့် တစ်လကျော် အကြာမှာတော့ သူမကို ရန်ကုန်သွားဖို့ မိဘများက ခွင့်ပြုခဲ့ရတော့၏။။ ဆွေမျိုး အသိုင်းအဝိုင်းကြားမှာတော့ နှင်းနှင်းဦး နာမည်အတော် ပျက်ခဲ့ရတော့သည်။။ ချစ်မိသူမို့ အပြစ်ရှိသော သူမကတော့ ရိုင်းရိုင်းစကားနှင့် ပြောရလျှင် ချီးကျွေးတာတောင် လိုက်ပွဲနဲ့ စားမိမယ့်သူမို့ ဘာကိုမှ ဂရုမထားတော့ပဲ ရန်ကုန်မြေသို့ ပြန်ဖြစ်ခဲ့တော့သည်။။။ သူမရန်ကုန် ပြန်ရောက်ချိန်မှာ မောင်နှမလို ခင်သော သူငယ်ချင်းများနှင့် ကျောက်မြောင်းမှာ အတူနေဖြစ်ခဲ့၏။။။ ချစ်သူနှင့်ကတော့ နီးနေတုန်းကနှင့်မခြား နေ့တိုင်းသွား နီးပါး သွားတွေ့ဖြစ်ခဲ့သည်။။ သူရထက်ကတော့ သူမဆီ ရောက်လာခဲ၏။။ ပိုက်ဆံလိုချိန်မှသာ ဖုန်းဆက်ပြီး သူမဆီမှ ချေးငှား တတ်တာလေ။။ မိဘကို ဆန့်ကျင်ပြီး လာခဲ့သူမို့ မိဘ၏ ထောက်ပံ့ပေးမှုက မရှိတော့သဖြင့် ကိုယ့်လစာလေးနှင့် ကျပ်ကျပ်တည်းတည်း သုံးနေရဆဲ ကာလမှာပင် နှင်းနှင်းဦးကတော့ ချစ်သူအတွက် အမြဲအသင့် ဖြစ်နေခဲ့တော့သည်။။။ နေ့စဉ်မပျက် တာဝန်တစ်ခုလို သူ့အဝတ်အစားတွေ မညီးမညူ လျော်ပေးခဲ့၏။။ ယောင်္ကျားလေးမို့ ထမင်းဟင်းချက် ပျင်းသောချစ်သူအတွက် ထမင်း၊ဟင်းကို နေ့စဉ်မပျက် ချက်ပေးခဲ့သည်။။ သူငွေလိုတိုင်း လက်ဝတ်လက်စားများကို ပေါင်နှံပြီး အဆင်သင့် အဆင်ပြေစေခဲ့၏။။ ချစ်သူရဲ့ မိဘများကိုလည်း ကိုယ့်မိဘကိုပင် အလိုက်သိဖူးခြင်း မရှိသော အလိုက်သိခြင်းဖြင့် အမြဲဂရုစိုက်ပေးခဲ့သည်။။ သူမကထိုသို့ အဖက်ဖက်မှ အကောင်းဆုံး ဖြစ်စေခဲ့ချိန်မှာ သူရထက်ကတော့ ပြောင်းပြန် တွေလုပ်နေခဲ့၏။။ အလုပ်တစ်ဖက်နှင့်မို့ ချစ်သူကို အရင်လို အချိန်ပြည့် ဂရုမစိုက်နိုင်ချိန်မှာ သူရထက်၏ ခြေလှမ်းများက သိသိသာသာ ပျက်လာခဲ့သည်။။ သူမဆီမှ ပိုက်ဆံချေးပြီး တခြားမိန်းကလေးနှင့် ရုပ်ရှင်ကြည့်တာတွေ မကြာခဏဆိုသလို ဖြစ်လာပေမယ့် သူမကတော့ ချစ်သူရဲ့ စကားတစ်ခွန်းမှာသာ ယုံကြည်ခဲ့မိ၏။။ သူငယ်ချင်းများနှင့် မိတ်ဆွေများရဲ့ တားမြစ်မှုကိုတော့ ခုထိလည်း သူမနားမဝင်နိုင်သေးဘူးလေ။။။ ချစ်သူရဲမွေးနေ့မှာ သူမဆီပိုက်ဆံ ရှားပါးလွန်းနေသည့် ကြားမှ ချစ်သူက လိုချင်သည်ဆိုသည့် Sony Ericsson အမျိုးအစား ဖုန်းလေးကို သူငယ်ချင်းများထံ အောက်ကျခံ ချေးငှားပြီး ဝယ်ပေးခဲ့၏။။ သူငယ်ချင်းများကတော့ မိဦးရယ် နင်လည်း ကိုယ့်ဘာသာ ဝယ်ဝတ်မယ်ဆို လှလှပပလေး ဖြစ်ရက်နဲ့ ဒီကောင်တစ်ယောက်ကို ချစ်ပြီးတည်းက လုံးပါးပါးပြီး လူရုပ်တောင် မထွက်ချင်တော့ဘူး။။။ ဟိုကောင်ကတော့ နင့်ကို လိုသလို အသုံးချပြီး သူ့ကောင်မနဲ့ ကြည်နူးနေလိုက်တာ ဟုနှမြောတသစွာ ညည်းတွားပြောဆိုကြသည်။။။
ပတ်ဝန်းကျင်စကားများကို ဂရုမထားပေးမယ့် ချစ်သူရဲ့ မူမမှန်သော ပုံစံများကြားမှာ သူရထက်နှင့် နှင်းနှင်းဦးတို့ ပြဿနာတွေ မကြာခဏဆိုသလို ဖြစ်လာကြသည်။။ ချစ်သူရဲ့ အေးစက်စက် ဖြေရှင်းချက်များ ကြားမှာ နှင်းနှင်းဦး အသည်းတွေ နာကျင် ခဲ့ရ၏။။ ဖြစ်ပြီးသမျှ ခွင့်လွှတ်မည် နောက်မဖြစ် ပါစေနှင့်ဟု ပြောသော သူမရဲ့ စကားများကိုပင် သူရထက်က မဲ့ပြုံးဖြင့် တုန့်ပြန်လာခဲ့သည်။။ အရွဲ့တိုက်သလို တခြားကောင်မလေးနှင့် ပေါ်တင် တွဲပြတာတွေပါ ပြုလုပ်လာခဲ့၏။။။ နှင်းနှင်းဦးကတော့ မျက်ရည်များကို ဖက်တွယ်ရင်း နေ့စဉ် ဖြတ်သန်းခဲ့ရတော့၏။။။





(၅)

ဒီနေ့တော့ နှင်းနှင်းဦးအတွက် ကံအဆိုးဆုံးနေ့ရက် တစ်ရက် ဖြစ်ခဲ့ရလေပြီ။။ သူမ နေမကောင်း ဖြစ်သဖြင့် သူရထက်ဆီ ဖုန်းဆက်ပြီး ဆေးခန်းပို့ပေးဖို့ ပြောခဲ့တာကို သူကလုံးဝကို အရေးမလုပ်ခဲ့။။။ သောက်ပိုတွေလုပ်မနေနဲ့ ရိုးနေပြီ ဟူသော အရိုင်းစိုင်းဆုံး စကားနဲ့ တုံ့ပြန်ခဲ့သည်။။ သူမဝမ်းနည်း ကြေကွဲလွန်းမက ရင်ကွဲမတတ်ပင် ခံစားခဲ့ရ၏။။ သူငယ်ချင်းများရဲ့ ဂရုစိုက်မှုကြောင့်သာ သူမနေကောင်းလာခဲ့တာ ဖြစ်သည်။။။ နာလန်ထကာစ သူမ တစ်ယောက်တည်း ငိုင်နေခိုက် ဖုန်းဝင်လာသံ ကြားလိုက်ရသည်။။။
"ဟဲလို အမိန့်ရှိပါရှင်။။။"
"မိဦးလား..ငါသက်မာ။။ နင့်ကို ပြောစရာရှိလို့။။"
သူငယ်ချင်းဖြစ်သူ သက်မာအသံကြောင့် အေးပြောလေဟု နှင်းနှင်းဦး ပြောလိုက်သည်။။ ဘာအကြောင်း ပေါ်လာပြန်ပြီမသိ။။။ သက်မာတို့ သူငယ်ချင်းများက သူရထက်နှင့် ပက်သက်ပြီး နှင်းနှင်းဦးကို ခပ်တန်းတန်း ဆက်ဆံခဲ့ကြသူများမို့ ခုလို တခုတ်တရ ဖုန်းဆက်လာခြင်းသည် သာမာန်ကိစ္စ တစ်ခုတော့ မဖြစ်နိုင်တော့။။။ သူမအသာနားစွင့်နေလိုက်မိသည်။။။
"နင့်ဘဲ သူ့တိုက်ခန်းမှာ ကောင်မလေး တစ်ယောက်နဲ့ ရှိနေတာ ၂ ရက်ရှိပြီလို့ပြောတယ်။။။ မိဦး နင်အဲဒီလောက်ထိတော့ မိန်းမဈေး မချပါနဲ့ဟာ။။ ယောင်္ကျား အဲလောက်မရှားပါဘူး။။ နင်ဘာဖြစ်လို့ အဲလောက်ထိ နွားကျနေရတာလဲ။။ ငါအဲဒါ ပြောချင်လို့ ဖုန်းဆက်လိုက်တာ။။ ဒါပဲ မိဦး။။"
ပြောချင်ရာကို ပြောပြီး သက်မာက ဖုန်းချ သွားသည်။။ နှင်းနှင်းဦး ရင်ထဲမှာတော့ သည်းခံနိုင်မှုတို့ ကုန်ဆုံးခဲ့လေပြီ။။ ခံပြင်း စိတ်ဖြင့် သူရထက် နေထိုင်ရာ တိုက်ခန်းသို့ ထွက်လာခဲ့၏။။ သူရထက် နေထိုင်ရာ တိုက်ခန်းရောက်တော့ တံခါးကို အတွင်းမှ ပိတ်ထားတာ တွေ့ရသည်။။ ဒေါသစိတ်ဖြင့် မထွက်လာမချင်း တဒုန်းဒုန်း တံခါးကို ထုရိုက်နေမိ၏။။ ခဏနေတော့ ဝရံတာမှ သူရထက် ထွက်လာပြီး
"နှင်း ကိုထက် တောင်းပန်ပါတယ်။။ ခဏပြန်လိုက်ပါနော်။။ ပြီးမှ ကိုထက်လာခဲ့မယ်။။"
သူ့ရဲ့ အပြုံးနဲ့ ချိုသာတဲ့ စကားသံမှာ အရင်လို ကျရှုံးလိမ့်ဦးမယ် အထင်နှင့် ပြောလာသော သူရထက်ကို နှင်းနှင်းဦး ရွံရှာစွာ ကြည့်လိုက်ပြီး
"နင် အခုတံခါးဖွင့် မလား၊မဖွင့်ဘူးလား။။ သူရထက်။။"
"မဖွင့်နိုင်ဘူး နှင်း။။"
နှင်းနှင်းဦး နာကျင်စွာ တစ်ချက် ရယ်မောလိုက်ပြီး
"ရတယ်လေ တိုက်ခန်းပိုင်ရှင်က ငါ့အသိပဲ။။ ငါအခု ဖုန်းဆက်ခေါ်လိုက်မယ်။။ နင်ထွက်မလာရင် နေလေ။။"
သူရထက် ဒေါသအကြီးအကျယ် ထွက်လာပြီး အခန်းထဲပြန်ဝင်ကာ တံခါးကို ဖွင့်လိုက်၏။။ ပြီးမှ နှင်းနှင်းဦးကို ရင်ဘတ်မှ ဆွဲယူလိုက်ပြီး တွန်းထုတ်လိုက်သည်။။ နှင်းနှင်းဦး နာကျင်မှုကို ဂရုမစိုက်ပဲ တွေတွေကြီး ကြည့်နေသော ကောင်မလေးကို သူရထက်နှင့် သူမ၏ ပက်သက်မှုကို အကုန်ပြောပြလိုက်၏။။။ ရင်နာသည်ထက် နာကျင်စေသော အကြောင်းတရားက သူမရဲ့ ချစ်သူ၊ ဘဝတစ်ခုလုံးနှင့် ထပ်ပြီး ချစ်ခဲ့ရသူက သူမကို သူနှင့်ဘာမှ မပက်သက်တော့သော သူကဖြတ်ထားခဲ့ပြီးသော အဆက်ဟောင်း တစ်ယောက်လို အော်ကြီး ဟစ်ကျယ်ပြောနေတာလေ။။။ နှင်းနှင်းဦး မျက်လုံးအကြောင်သားနှင့် ကြည့်နေစဉ်မှာ သူက ကောင်မလေးရဲ့ လက်ကိုဆွဲပြီး ထွက်သွားဖို့ ပြင်သည်။။ နှင်းနှင်းဦး တံခါးဝမှာ ပိတ်ကာထားလိုက်တော့ သူရထက်က ရင်ဘတ်ကို ဆောင့်ဆွဲပြီး တွန်းထုတ်လိုက်၏။။ လဲကျသွားပြီး ခုံစောင်းနှင့် ရိုက်မိသဖြင့် နှဖူးဆီမှ နာကျင်မှုနှင့် အတူ မျက်ရည်များ စီးကျလာ၏။။ သူရထက်က နောက် တစ်နာရီလောက်ကြာရင် ပြန်လာခဲ့မယ် စောင့်နေဟု ပြောကာ ထွက်သွားတော့သည်။။ နှင်းနှင်းဦး ပြတ်သားသော ဆုံးဖြတ်ချက် ကိုချလိုက်ပြီး အကိုကြီးနှင့် အတူနေသော သူငယ်ချင်းဆီ ဖုန်းခေါ်လိုက်သည်။။။
"ကိုနိုင် သမီးကို သူရထက်ရဲ့ တိုက်ခန်းမှာ လာခေါ်ပေးပါ။။ သူအပြင်က တံခါးသော့ ခတ်ခဲ့လားမသိဘူး။။ ကိုကြီးကိုတော့ မသိပါစေနဲ့နော်။။ ကိုနိုင် အခုလာခဲ့ပါ။။။"
"အေးအေး..မိဦး ငါအခုလာခဲ့မယ်။။။ ဘာမှ ကြောက်မနေနဲ့။။ သော့မရှိရင်လည်း နင့်ဘဲကို ဖုန်းဆက်ပြီး ငါလိုက်ယူပေးမယ်။။ ကြားလား။။"
ဟုတ်ကဲ့ဟု ပြောရင်းဖုန်းကို ချလိုက်ချိန်မှာ သူရထက်ဆီက ဖုန်းပြန်ဝင်လာသည်။။ သူအခု ပြန်လာနေပြီ ခဏစောင့်နော် ဟူသောအချိုသာဆုံး အသံကို ကြားလိုက်ရ၏။။ အခုချိန်ထိကို ငါးရံ့နှစ်ကောင်ဖမ်းမယ့် နင့်အကြံကို မလျော့သေးဘူးလား သူရထက်ရယ်ဟု စိတ်ထဲမှ ပြောလိုက်ရင်း ဖုန်းကိုချလိုက်သည်။။ သူရထက် တွန်းလိုက်သဖြင့် လဲကျပြီး ခိုက်မိထားသော နဖူးဆီမှ သွေးထွက်လာ၏။။ ဒဏ်ရာမှ နာကျင်မှု၊ နှလုံးသားဆီမှ နာကျင်မှုတွေနှင့် ကြောင်ကြောင်လေး ထိုင်နေခိုက် ဖုန်းဆက် ခေါ်ထားသော ကိုနိုင် ရောက်လာသည်။။။
"ကဲ..မိဦး သွားမယ်။။ သော့ခတ်မထားဘူး။။ နင်သွေးတွေ ထွက်နေတယ်။။ အရိုက်ခံထားရတာလား။။ ကဲ သူနဲ့ပက်သက်ပြီး နင်ဘာ လုပ်ချင်လဲ ပြောမိဦး။။"
ကိုနိုင်ရဲ့ ဂရုဏာ ဒေါသောအသံကို ဘာမှမလုပ်ချင် တော့ပါဘူးကိုနိုင်ရယ် ဟု ငိုရင်းပြောလိုက်မိ၏။။။
"မိဦးကို ကိုကြီးနေတဲ့ တိုက်ခန်းကိုပဲ ပြန်ပို့ပေးပါ။။ ကိုကြီးကို ပြောပြီး မိဦး နယ်ပြန်တော့မယ် ကိုနိုင်။။။"
နှင်းနှင်းဦးရဲ့ ရှိုက်ငိုနေတဲ့ ပုံစံကို ကြည့်ပြီး ကိုနိုင်က စိတ်မကောင်းသံနှင့်
"အေး..မိဦး နင် ကိုနိုင့်ကို ကတိတစ်ခု ပေးစမ်းကွာ။။ နင့်အတွက် စိတ်ဆင်းရဲ နေကြရတဲ့ နင့်မိသားစုတွေ အတွက်ရော၊ နင့်သူငယ်ချင်းတွေ အတွက်ပါ ဒီကောင့်ကို နောက်ဘယ်တော့မှ မပက်သက်တော့ပါဘူးဆိုတဲ့ ကတိ ငါ့ကို ပေးစမ်းပါ။။။ နင့်အတွက် မဟုတ်ဘူး။။ ငါတို့တွေ အတွက် နင်ဒီကတိကို ပေးစမ်းပါ မိဦးရာ။။"
ဟုပြောလိုက်၏။။ နှင်းနှင်းဦး ရှိုက်လိုက်ရင်း
"မိဦး ကတိပေးပါတယ် ကိုနိုင်။။ ညီမ ကိုကြီးကို ပြောပြီး နယ်ကို ပြန်တော့မယ်။။ ဒီမှာဆက်နေရင် သူပြောတဲ့ စကားချိုချိုကို ညီမ ခံနိုင်ရည်ရှိမှာမဟုတ်ပဲ ပြန်ပါသွားလိမ့်မယ်။။ ဒါကြောင့် ညီမ ဒီနှဖူးက ဒဏ်ရာနဲ့ ရင်ဘတ်ထဲက နာကျင်မှုကို သေရာပါ အဖြစ်ယူသွားပြီး သူ့ကို ထာဝရအတွက် မေ့လိုက်ပါတော့မယ်။။"
ကိုနိုင်၏ ဖေးမမှုဖြင့် သူရထက်၏ တိုက်ခန်းမှ အကိုဖြစ်သူ၏ တိုက်ခန်းသို့ ပြန်လာခဲ့လိုက်သည်။။ အကိုဖြစ်သူက ဂရုဏာဒေါသောဖြင့် တောက်ခေါက်သော်လည်း သူမကို မဆူခဲ့ ကျောက်မြောင်းမှ ပစ္စည်းတွေကို ကိုနိုင့်ကို ခေါ်ပြီး သွားယူလိုက်၏။။ နှင်းနှင်းဦးကတော့ ချစ်မိသမျှ အပြစ်ရှိခဲ့သူ ဖြစ်ပြီမို့ ငိုရှိုက်ခြင်းကို အဖော်ပြုရင်း နယ်ပြန်မည့် နေ့ရက်ကို ကြိုစောင့်ကာ ချစ်ခဲ့သမျှကို နာကျင်မှုဖြင့် ချေဖျက်နေမိတော့သည်။။ ချစ်မိသူအဖြစ် သူမ အပြစ်ရှိခဲ့ပါသည်။။ သူရထက်ကို ချစ်ခဲ့မိခြင်း အတွက် သူမ တကယ်ကို အပြစ်ရှိခဲ့သည် မဟုတ်ပါလား။။။။။


လေးစားလျက်
အလင်းသစ်



5 comments:

  1. အချစ်မှာ မျက်စိမရှိဘူး ဆိုပေမဲ့ အဲဒီလောက်အထိတော့ မိုက်မဲရူးသွပ်တာတော့ မကောင်းဘူးပေါ့လေ
    အချိန်မှီ နောက်ဆုတ်လိုက်တော့ ကောင်းပါတယ်

    ReplyDelete
  2. လူတိုင်းက ချစ်မိရင်အရူးအမူးပဲ ဆိုတာ နှင်းနှင်းဦးလို အချစ်မျိုး ထင်ပါ့ဗျာ။ ဖတ်ရတာ ဆွဲဆောင်မှု့ရှိတယ် အလင်းသစ်ရေ။ ပျော်ရွှင်ပါစေဗျာ...။

    ReplyDelete
  3. များသောအားဖြင့်တော့ အသက်အရွယ်အားဖြင့် ငယ်ရွယ်တဲ့သူတွေမှာ အချစ်မှတစ်ပါး အခြားမရှိပြီ ဆိုသလို အချစ်ရဲ့ ကျေးကျွန်တွေဖြစ်သွားကြတာ သဘာဝတရားပဲလေ

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဖတ်ပီးစိတ်ကိုမောသွားတာပဲ...

    ReplyDelete
  5. ချစ်ခဲ့မိ၍ အပြစ်ရှိသည်....
    စာတွေဆက်လက်ရေးအားကောင်းပါစေ။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။