ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, June 27, 2011

ချစ်ခြင်းနဲ့တွဲမယ့်လက်တစ်စုံ



ကဲ...
ဘယ်သူသိမှာလဲကွယ်...
အဲဒီအပြုံးတစ်ခုရဲ့ ဆွဲအားမှာ
ငါအလဲအကွဲ ကျဆုံးခဲ့လိမ့်မယ်လို့
အရောင်တစ်ခုခုဖုံးနေမယ်ဆိုရင်တောင်
အဲဒီအပြုံးအတွက်
ငါ့ဘက်ကအသိဥာဏ်တွေ အမှောင်ဖုံးလိုက်မယ်
ငါအရမ်းချစ်တယ်ချစ်သူ။။။


တမာချိုမှ မိုးပြိုမှဆိုတဲ့
ငယ်ငယ်ကပုံပြင်တွေ နင်ယုံချင်ရင်တောင်
ငါမပြောဘူး ရင်ခွင်ဦးကို
နင်ဝင်ကြည့်ဖူးမှ ငါချစ်တာကို
နင်သိရမယ်ချစ်သူ
ပြောပြမှသိမယ်ဆို ငါတို့လူအတွေဖြစ်ကုန်မှာပေါ့။။။

ချစ်သူရေ
ငါ့ဘဝညအမှောင်မှာ နင်ကလရောင်လေ
မော့ကြည့်မိတဲ့ကောင်းကင်မှာ လရောင်မရှိခဲ့တောင်
ကြယ်ရောင်လင်းနေပေမယ့်
နင်မရှိတဲ့ငါ့ကောင်းကင်မှာ ကြယ်ရောင်ဆိုတာ
ဘယ်သောခါမှမလင်းဘူး
နင်ကငါ့ရဲ့ တစ်ဦးတည်းသောလမင်းလေးပေါ့။။။

ငါနင့်ကိုချစ်တယ်၊ နင်ငါ့ကိုချစ်တယ်
တကယ်အပြစ်တွေပယ်လို့
အချစ်နယ်ဆီအတူကူးခဲ့ပေမယ့်
မတူဘူးချစ်သူ၊ ငါတို့ဘဝတွေတကယ်မတူခဲ့ပါဘူး။။။

နှလုံးသားချင်းတံတားထိုး အမျိုးမျိုးသောသစ္စာနဲ့
ချစ်တာကိုတိုင်တည်ခဲ့ပေမယ့်
ထပ်တူကျတဲ့ဘဝအတွက် ငါတို့အိပ်မက်တွေ
ဘယ်လောက်ထိဆက်မက်နေရဦးမလဲ
တကယ့်ဘဝထဲကိုသွားချင်တယ်ချစ်သူ။။။

လက်တွေ့ဆန်တဲ့ဘဝအတွက်
ငါတို့တကယ်လိုအပ်တာ သတ္တိပါကွယ်
မျက်စိမပါတဲ့အချစ်နဲ့ တွေ့နေမှပဲလေ
အခက်အခဲဆိုတာတွေအတွက် သွေးပျက်နေကြဦးမလား
မတွေးတတ်တဲ့ အဖြေခက်ပုစ္ဆာအတွက်
ဖြေရှင်းဖို့မှ ငါတို့မတတ်တာ
ဘာကိုတွေဝေလို့ ဘယ်သူ့အတွက်
ရောက်တဲ့နေရာမှာ မတ်တပ်ရပ်နေကြမှာလဲ
ရှေ့ကိုပဲ ဆက်ရဲစမ်းပါချစ်သူရယ်။။။

တွဲဆက်ထားတဲ့လက်တွေ မြဲနေဖို့အတွက်
နင့်ရင်ဘတ်ကို မညာပါနဲ့
နင်မပါတဲ့ ဘယ်အောင်မြင်မှုကမှ
ငါ့အတွက်ချိုမြိန်ခြင်းကိုမပေးပါဘူး
ငါမရှိတဲ့ နင့်ရင်ခုန်ခြင်းကလည်း
ပျော်ရွှင်ခြင်းတွေမဲ့၊
မျက်ရည်နဲ့နေ့တွေဆိုတာ နင်ပြောဖို့မလိုပါဘူးကွယ်
ငါတကယ်ကို သိပါတယ်။။။

အသိခက်တဲ့ မနက်ဖြန်တွေအတွက်
ငါ့မှာ နှိုးစက်မလိုတော့ပါဘူး
တစ်ယောက်အပြုံး တစ်ယောက်ကြည့်ရင်း
ယုံကြည်ခြင်းနေ့ရက်တွေအတွက်
မျက်နှာသစ်လို့ ကြိုကြမယ်
ကဲ..အခက်အခဲဆိုတာအကုန်မေ့တော့ချစ်သူ။။။

ဘယ်သူသိမှာလဲကွယ်...
အဲဒီအပြုံးတစ်ခုရဲ့ ဆွဲအားမှာ
ငါအလဲအကွဲ ကျဆုံးခဲ့လိမ့်မယ်လို့
အရောင်တစ်ခုခုဖုံးနေမယ်ဆိုရင်တောင်
အဲဒီအပြုံးအတွက်
ငါ့ဘက်ကအသိဥာဏ်တွေ အမှောင်ဖုံးလိုက်မယ်
ငါအရမ်းချစ်တယ်ချစ်သူရယ်။။။
နင့်ရဲ့အပြုံး အဖြူစင်ဆုံး ဖြစ်စေကြောင်းကိုတော့....။။။။။။


လေးစားလျက်
အလင်းသစ်


7 comments:

  1. ရင်ဘတ်ချင်းတူတဲ့ သူတွေမှ ခံစားပေးပါဆိုလို့
    မတူတူအောင် ညှိပြီး ခံစားသွားတယ်...
    အားပေးလျှက်ပါ လင်းသစ်ရေ..

    ReplyDelete
  2. “ချစ်သူရေ
    ငါ့ဘဝညအမှောင်မှာ နင်ကလရောင်လေ
    မော့ကြည့်မိတဲ့ကောင်းကင်မှာ လရောင်မရှိခဲ့တောင်
    ကြယ်ရောင်လင်းနေပေမယ့်
    နင်မရှိတဲ့ငါ့ကောင်းကင်မှာ ကြယ်ရောင်ဆိုတာ
    ဘယ်သောခါမှမလင်းဘူး
    နင်ကငါ့ရဲ့ တစ်ဦးတည်းသောလမင်းလေးပေါ့”

    စာသားလေးကို သဘောကျမိတယ်...။ လမင်းလုပ်မယ့်သူ မရှိတာက ခက်တယ် အလင်းသစ်ရေ...:):):)။

    ပျော်ရွှင်ပါစေဗျာ...။

    ReplyDelete
  3. ဒီကနေ့မနက် အိမ်လည်တာ ကဗျာကောင်းလေးတွေ အများကြီး ဖတ်ရတယ်။ စာသားလေးတွေ ပြောင်မြောက်တယ် ခံစားမှုရပ်ဝန်းက ကဗျာလေးတွေကို စိတ်ဓာတ်ကြည်လင် အေးချမ်းစွာဖြင့် များများရေးနိုင်ပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဆွေလေးမွန်June 28, 2011 at 5:17 AM

    လက်တွေ့ဆန်တဲ့ဘဝအတွက်
    ငါတို့တကယ်လိုအပ်တာ သတ္တိပါကွယ်
    မျက်စိမပါတဲ့အချစ်နဲ့ တွေ့နေမှပဲလေ
    အခက်အခဲဆိုတာတွေအတွက် သွေးပျက်နေကြဦးမလား

    ဒီစာသားလေးကိုနစ်သက်မိတယ်။ ဒါပေမယ့် အကြိုက်ဆုံးလို့ပြောရင် ပိုမှန်တယိ။

    ReplyDelete
  5. ကလောင် ထက်လို့လား...
    ရင်ဘက် ထူထူ ကိုတောင်
    ဖောက်ထွက်သွားတယ်.......
    အောက်ဆုံးရဲ့ အပေါ်က
    အပိုဒ် ကိုပိုကြုက်တယ်။

    ReplyDelete
  6. ကောင်းလိုက်တဲ့ကဗျာလေး။ ထပ်ဖတ်မိတယ်။ အထပ်ထပ်အခါခါ ဖတ်မိတယ်။

    ခင်မင်လေးစားလျက်

    ReplyDelete
  7. သိတ်ချစ်တတ်တဲ့  မောင်...... ပေါ့
    ကောင်း`၏..ကဗျာလေးက

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။