ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, June 19, 2011

အနန္တကျေးဇူးဂုဏ်ရှင် အဖေ

 (၁)

သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီးပြန်ထွက်လာတော့ ည(၁၁)နာရီ ရှိနေလေပြီ။။။ နေ့လည်က အမေနှင့်

စကားကတောက်ကစ ဖြစ်ပြီး စိတ်ညစ်ညစ်နှင့် သူငယ်ချင်းတွေဆီ ထွက်လာခဲ့ခြင်းဖြစ်၏။။။ အပေါင်းအသင်းများ စုဆုံမိချိန်မို့ နှစ်သိမ့်ဖေးမခြင်းစကားများသည် အရက်ဆိုင်တည်းဟူသော နေရာတွင်သာ အာရွှင်တတ်ကြတာလေ။။။ အခုလည်း စိတ်ညစ်ညူးမှု အဆင်မပြေမှုများကို အရက်သောက်ရင်း ရင်ဖွင့်စကားဆိုနေကြတာ ညနက်တဲ့အထိ။။။ ဒီအချိန်ဆို အိမ်မှာလည်း အကုန်အိပ်နေကြရော့မည်။။။ အဖေရော အိပ်နေလေပြီလား။။။ ညနက်သည်ထိ အပြင်ထွက်ခြင်း၊ အရက်သောက်၊ လောင်းကစားခြင်းများသည် အဖေအလွန်ပင် ရွံမုန်းတတ်၊ တားဆီးတတ်သော အရာများ။။။
ကျွန်တော် ပုခုံးကို တွန့်လိုက်ရင်း ယိုင်ထိုးယိုင်ထိုးဖြင့် လျောက်လာခဲ့လိုက်သည်။။။ ခုမှတော့ ဘာတတ်နိုင်မည်နည်း။။။ ခြံဝသို့ရောက်ချိန်မှာတော့ ပုခုံးတွန့်ရင်းတင်းထားသော စိတ်တို့လျော့လေပြီ။။။ အဖေသာမအိပ်သေးရင် ဟူသော အတွေးတစ်စနှင့် ကျွန်တော် မူးယစ်ခြင်းတွေပင် ပြေပျောက်သွားမတတ်ဖြစ်နေ၏။။။ ခြေကိုအသာဖွနင်းရင်း အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။။။ ကျွန်တော်က အပေါ်ထပ်မှာအိပ်တာမို့ လှေကားလက်ရမ်းကို လှမ်းကိုင်ရင်း အပေါ်ထပ်ကို အသာတက်ရန် ခါးကိုကုန်း ခြေကိုဖွနင်းရင်း လှမ်းတက်လိုက်၏။။ ဖြောင်းခနဲ့ နားဘန်ကို ကျင်းထည့်လိုက်သံနှင့်အတူ ကျွန်တော့်မျက်စိထဲ ကြယ်တွေ၊ လတွေ ဖြတ်ပြေးသွားသည်။။ မင်းဒီကိုလာစမ်း အကြီးကောင် ဟူသော အဖေ့အသံနှင့်အတူ မီးထွန်းလိုက်သံကို ကြားရ၏။။။ ဇက်ပိုးကို အသာပွတ်ရင်းလှည့်ကြည့်လိုက်တော့ အဖေရော အမေရော မအိပ်ကြသေး။။။
"ဘယ်အချိန်ရှိပြီလဲ နာရီကြည့်စမ်း အကြီးကောင်။။"
အဖေ့အသံသည် တစိတ်အေးလွန်းနေ၏။။ သာမာန်အချိန်များမှာ အဖေသည် စကားနည်း၏။။ ပြောလျှင်လည်း အဖေ့အသံသည် နားထောင်၍ ကောင်းသော အသံမျိုးဖြစ်သည်။။။ စိတ်တို ဒေါသ ဖြစ်ချိန်မှာတော့ အဖေ့လေသံက အေးစက်နေပြီး တစ်လုံးချင်း မှန်မှန်ကြီး ပြောတတ်တာလေ။။ ကျွန်တော် တုန်ခနဲဖြစ်သွားရင်း နာရီကို ကြည့်လိုက်သည်။။။
"၁၁ နာရီခွဲပါ အဖေ။။"
"အေး အခုမင်း အရက်သောက်လာတယ်မလား။။။"
"ဟုတ်ကဲ့ အဖေ။။ သား နည်းနည်း သောက်လာပါတယ်။။။"
အဖေ့မျက်နှာက နဂိုထက်ကို ပိုတည်သွားသည်။။။ အဖေ ဘာတွေမကြိုက်ဘူးလို့ မင်းကိုပြောထားလဲ အကြီးကောင်။။ အဖေ့ကို ပြန်ပြောပြစမ်းကွာဟု ပြောလိုက်သံကြားရ၏။။ ကျွန်တော် ခေါင်းကို ငုံ့ထားရင်း
"အရက်သောက်တာ၊ လောင်းကစားလုပ်တာ၊ ညနက်တဲ့အထိ အပြင်ထွက်တာတွေ မကြိုက်ဘူးလို့ ပြောထားပါတယ်အဖေ။။"
"မင်းစိတ်ထဲမှာ အဖေရှိနေသေးတာကိုး။။ ကဲပြောပါဦး မင်းအရက်သောက်ရတဲ့ အကြောင်းရင်းလေး။။"
"သားကျောင်းပိတ်ထားတုန်းလေး သူငယ်ချင်းတွေနဲ့ ဘုရားဖူး ထွက်ချင်တယ်အဖေ။။ အဲဒါ အမေ့ကို ပြောပြတော့ သိပ်အဆင် မပြေသေးလို့ နောက်လလောက်မှ သွားပါလားတဲ့။။ သူငယ်ချင်းတွေက သွားဖြစ်ဖို့သေချာနေပြီ။။ သားက မလိုက်ရဘူးလေ။။ အဲဒီတော့ သား စိတ်ညစ်လို့ပါအဖေ။။။"
အဖေက ခေါင်းကို ခါလိုက်ရင်း
"အမေကို ငရဲပေးပြန်ပြီ သားကြီးရယ်။။ မင်းအသက်အခုမှ ၁၅နှစ် အရက်သောက်တာနဲ့ မင်းနဲ့ဘာဆိုင်လဲ။။ မင်းအခုလို အရက်သောက် လိုက်တော့ရော မင်းသွားချင်တဲ့ ခရီးကို သွားလို့ရလား။။"
ကျွန်တော် ခေါင်းခါလိုက်ရင်း မရပါဘူးအဖေဟု ပြန်ဖြေလိုက်သည်။။။
"အဖေမွေးထားတာ သားတွေပါ အကြီးကောင်။။ ယောင်္ကျား ပီသကြစမ်းပါ။။ ပြဿနာတစ်ခုကို သေချာစနစ်တကျ အဖြေရှာကြည့်ဖို့ မကြိုးစားပဲ ထစ်ခနဲ့ရှိ စိတ်ညစ်တယ် အကြောင်းပြ အရက်သောက်။။။ သောက်လိုက်တော့ရော မင်းအခက်အခဲက ပြေလည်လား။။ အေးမှတ်ထားစမ်း သားကြီး။။ ပြဿနာတစ်ခု၊ အခက်အခဲတစ်ခုကို ရင်မဆိုင်ရဲတဲ့ သူတွေပဲ အရက်သောက်ပြီး စိတ်ကို ဖြေသိမ့်ကြတယ်။။ အဲလို စိတ်ဓာတ်အားနည်း နေမှတော့ မင်းကို ယောင်္ကျားပါလို့ အဖေဘယ်လို သတ်မှတ်ရမလဲ သားကြီး။။။"
အဖေ့စကားကြောင့် ရင်ထဲမှ မခံချင်စိတ်က ရုန်းကြွလာသည်။။ သားယောင်္ကျား စစ်စစ်ပါအဖေရ ဟုပြန်ပြောလိုက်မိ၏။။
"အေး..ယောင်္ကျားဆိုတာ စကားကို လွယ်လွယ်မပြောရသလို ကိုယ်ပြောတဲ့ စကားတိုင်းကိုလည်း တာဝန်ယူရဲရတယ်သားကြီး။။ မင်းအဖေ့ကို ကတိပေးခဲ့တုန်းက သေချာစဉ်းစားပြီးမှ၊ လုပ်နိုင်မှ ကတိပေးလို့ အဖေပြောခဲ့တာနော်။။။ မှတ်မိလား။။"
ဟုတ်ပါသည်။။ ကျွန်တော် ရှစ်တန်းဖြေပြီးတဲ့ နွေရာသီမှာ အဖေက သူမကြိုက်တဲ့ အချက်တွေကို သေချာရှင်းပြ ပြောပြပြီး ကျွန်တော့် အနေနဲ့လိုက်နာနိုင်မလား မေးခဲ့တာဖြစ်သည်။။ အဖေက သားတွေကို ဆုံးမရာမှာ လက်ပါခဲသည်။။ လေပြည်လေး နဲ့သေချာ နားလည်အောင် ရှင်းပြပြီး ကျွန်တော်တို့ကိုယ်တိုင် နားလည်လက်ခံတာမျိုးကို လိုလားသူဖြစ်၏။။ မိဘဟူသော အရှိန်အဝါကို သုံးကာ အကြောက်တရားနှင့် ဆုံးမရတာထက်၊ သားတွေရဲ့ခေါင်းထဲ စွဲထင်လက်ခံလာသည်ထိ ရှင်းပြပြီး၊လိုက်နာ လာအောင် အသိတရားနှင့် ဆုံးမသွန်သင်တတ်သူလေ။။။
"ဟုတ်ကဲ့..သားမှတ်မိပါတယ်အဖေ။။"
"အေး..အဲဒါဆို အဖေ အဲဒီအချက်တွေကို ဘာလို့ မကြိုက်တာလို့ပြောခဲ့လဲ။။။ ပြန်ပြောပြစမ်း သားကြီး။။"
ကျွန်တော် ခေါင်းငုံ့လျက်
"အရက်သေစာ သောက်စားခြင်းဟာ အသိစိတ်ကင်းမဲ့စေလို့ ဆင်ခြင်ဥာဏ်ကို ချိနဲ့စေပါတယ်အဖေ။။ အဲဒါကြောင့် သင့်၏၊ မသင့်၏ဆိုတဲ့ ဆုံးဖြတ်နိုင်စွမ်းတွေ ကင်းမဲ့ပြီး အထိန်းအကွပ်မရှိသော စကား၊ အပြုအမူတွေကို ပြောဆို ၊ပြုလုပ်မိစေတတ်ပါတယ်။။ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့ သူတစ်ယောက်ဟာ အရက်သေစာကို မသောက်စားသင့်ပါဘူး။။ ဒုတိယအချက်အနေနဲ့ လောင်းကစားခြင်းဟာ အနိုင်ယူလိုမှု အတ္တနဲ့ မတင်းတိမ်နိုင်မှု လောဘကို အားပေးတတ်တဲ့ အရာဖြစ်ပါတယ်။။ လောင်းကစားပွဲမှာ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အဲဒီလူကို မသိမှုဆိုတဲ့ မောဟက စီးမိုးထားခြင်းကို ခံရပါတယ်။။ အဲဒီအခါမှာ ဆင်ခြင်နိုင်မှုကင်းမဲ့ပြီး စာရိတ္တ ချို့ပျက်ခြင်းဆီကို ဦးတည်စေတတ်ပါတယ်အဖေ။။ တတိယအချက်အနေနဲ့ ညနက်တဲ့အထိ အပြင်ထွက်ခြင်းဟာ စိတ်ကို လေလွင့်စေပါတယ်။။ အမှောင်ရဲ့ အားပေးမှုကြောင့် မကောင်းမှုဆီကို အာရုံညွတ်စေပါတယ်။။ မကောင်းမှု အညှီအာရုံမှာ တွယ်ကပ်တတ်တဲ့ စိတ်ရဲ့သဘောကြောင့် ပျက်စီးခြင်းကို ဆိုက်ရောက်စေတတ်ပါတယ်။။ အိပ်တန်းမမှန်တဲ့ ကြက်ဟာ အသေစောတတ်ပါတယ်။။ ဒါကြောင့် အဖေက အိမ်ပြန်မအိပ်တာ၊ ညနက်တဲ့ထိ အပြင်မှာရှိနေတာတွေကို မကြိုက်တာပါလို့ ပြောခဲ့ပါတယ်။။။"
ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေတဲ့ အဖေ့မျက်နှာကို ကျွန်တော် မော့ကြည့်လိုက်တဲ့အချိန်မှာ စိတ်မကောင်းခြင်းကြောင့် ညိုနေတဲ့ အဖေ့မျက်နှာက ပြိုတော့မယ့် မိုးလိုဖြစ်နေသည်။။ ပြီးတော့မှ သက်ပြင်းကိုချလိုက်ရင်း အဖေက
"မင်းအကုန်သိနေ မှတ်မိနေတာပဲသားကြီး။။ မင်းက အိမ်မှာ အကြီးဆုံးသားဖြစ်လို့ အဆင်ပြေနေတယ်၊ မပြေနေဘူးဆိုတာ မင်းအသိဆုံးပဲလေ။။ မိဘဆိုတာ သားသမီးဖြစ်စေချင်တာကို မလိုက်လျောပေးတဲ့သူ မရှိဘူးအကြီးကောင်။။ သားသမီးပျော်ဖို့ဆို ကိုယ်ပျော်နေတာကိုတောင် စွန့်လွှတ်ပေးချင်ကြတာ မိဘတိုင်းပါ။။ မင်းအမေက မင်းပျော်နေမှာကို မမြင်ချင်ဘူးလို့ မင်းက ထင်နေလို့လား။။ အမေပြောတာကို စိတ်ညစ်လို့ အရက်သောက်တယ်ဆိုတာ အမေကို မကျေနပ်ကြောင်းပြတာ။။ အမေ့စေတနာကို မင်းစော်ကားလိုက်တာပဲ သားကြီး။။ ပြီးတော့ အဖေကိုယ်တိုင် မကြိုက်ပါဘူး ပြောခဲ့သလို၊ မင်းကိုယ်တိုင် လိုက်နာပါ့မယ်လို့ ကတိပေးခဲ့တာတွေကို မင်းဖောက်ဖျက်တယ်။။ ပြောစမ်းပါ သားကြီး အဖေမကြိုက်ဘူးပြောခဲ့တဲ့ ဘယ်အချက်ကို အဖေလုပ်တာ မင်းတွေ့ဖူးလဲ။။ အဖေ့သားတွေကို ယောင်္ကျားကောင်း မဖြစ်ရင်တောင် ယောင်္ကျားကောင်းတို့ လမ်းစဉ်ကို ဖယ်ခွာနေတဲ့သူတွေ မဖြစ်စေချင်တာ အဖေ့ဆန္ဒပါ။။ အခုမင်းက အရက်သောက်ပြီး သန်းခေါင်လောက် အိမ်ကို ပြန်လာတယ်ဆိုတော့ အဖေ့စကားကို ဂရုစိုက်စရာမလိုဘူးလို့ သဘောထားလိုက်တာလား။။ ဒါမှမဟုတ် မင်းတို့ လေးစားထိုက်တဲ့ အနေအထားမှာ အဖေမရှိတော့လို့လား။။ ပြောစမ်းပါ သားကြီးရ။။။"
ပြောနေရင်း လှိုက်တုန်လာတဲ့ အဖေ့ အသံကြောင့် ကျွန်တော် အရမ်းဝမ်းနည်းသွားမိသည်။။ ကျခဲသော မျက်ရည်တို့ မျက်လုံးဆီမှ စီးကျလာ၏။။ ကျွန်တော် လက်အုပ်ချီ ဒူးထောက်လိုက်ရင်း အဖေ့ခြေအစုံကို အကြိမ်ကြိမ် ဦးချကန်တော့နေမိသည်။။ အမေ့ကိုလည်း ဦးချကန်တော့ရင်း
"သား အဲလိုသဘောမဟုတ်ပါဘူး အဖေရ။။ အမေ အဖေ့ကို ကူပြောပေးပါဦးဗျာ။။"
အထပ်ထပ် အကြိမ်ကြိမ်ပြောရင်း မျက်ရည်တွေတွေကျကာ ဦးချ ကန်တော့နေမိသည်။။ အမေက
"နင့်အဖေကလည်း သားကြီးက အဲလို သဘောမဟုတ်လောက်ပါဘူး။။ သူ့သူငယ်ချင်းတွေနဲ့ တွေ့လို့ သောက်မိ၊စားမိပြီး၊ အပြန်နောက်ကျတာ နေမှာပါ။။ တော်တော့ ညလည်းနက်နေပြီ။။ သားကြီးကလည်း နောက်တစ်ခါ အဲလိုမဖြစ်စေနဲ့။။ သွားသွား..တက်အိပ်တော့။။"
ဟုပြောလိုက်သည်။။ ကျွန်တော်လည်း သားကတိပေးပါတယ်အဖေ။။ နောက်ဘယ်တော့မှ မဖြစ်စေရပါဘူးဟု ကတိတွေ ပေးရင်း အပေါ်ထပ်သို့ တက်လာခဲ့လိုက်၏။။ ထိုနေ့၏ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ညီအကိုတွေ အဖေမကြိုက်သော ထို(၃)ချက်ကို မည်သူ့တိုက်တွန်းချက်မှ မပါပဲ တိတိကျကျ လိုက်နာခဲ့ကြ၏။။ အဖေက ထိုကဲ့သို့ အသိပညာပေးရင်း မိသားစုကို ဦးဆောင် အုပ်ချုပ်တတ်သည့် ချစ်၊ကြောက်၊ရိုသေ လေးစားထိုက်သူ တစ်ဦးပဲဖြစ်သည်။။။




(၂)


အဖေ့ရဲ့ သွန်သင်ဆုံးမမှုများနှင့်အတူ ကျွန်တော်ဆယ်တန်းအောင်မြင်ခဲ့သည်။။ အမေဖြစ်စေချင်သော အင်ဂျင်နီယာတစ်ယောက်၊ အဖေဖြစ်စေချင်သော ယောင်္ကျားကောင်းတစ်ယောက် ဖြစ်ဖို့ ကျွန်တော့ ရွေးချယ်မှုနှင့်အတူ အဖေတို့နဲ့ အဝေးကြီးမှာ
တစ်ယောက်တည်း ကျောင်းတက်ခဲ့စဉ် တစ်လျောက်မှာလည်း ကျွန်တော် အဖေ့ဆုံးမစကားများကို တသွေမတိမ်း တလေးတစား လိုက်နာခဲ့၏။။ အဖေကလည်း လေးစားထိုက်သော အနေအထားကို ဘယ်တုန်းကမှ အပျက်မခံခဲ့။။ ကျွန်တော် ကျောင်းမပြီးခင် မှာပင် အမေဆုံးပါးခဲ့သည်။။ ကျွန်တော့်အောက် အငယ်နှစ်ယောက်နှင့် အဖေ အတော်လေးကို ကသီခဲ့၏။။ အမေရှိစဉ်က နှစ်ယောက်ရုန်းကန်ခဲ့သမျှကို သူတစ်ယောက်တည်း ရုန်းကန်ခဲ့သည်။။ တစ်နှစ်မှ တစ်လသာ ပြန်ခွင့်ရသော ကျွန်တော်သည် အဖေ့အတွက် အကူအညီမပေးနိုင်ခဲ့သလို၊ ကျောင်းတက်နေဆဲ ညီနှစ်ယောက်ကလည်း ဘာအကူအညီမှ မပေးနိုင်ခဲ့ကြ။။ သို့သော်လည်း အဖေ ညည်းညူခြင်း တစ်စက်မျှ မရှိခဲ့။။ သုံးယောက်လုံးသော သားတွေကိုလည်း မျက်နှာငယ် စေခြင်းမရှိခဲ့။။ လိုအပ်သမျှကို ဖြည့်ဆည်းပေးခဲ့သည်။။ ယောင်္ကျားလေးတွေသာ ရှိတော့သော ကျွန်တော်တို့ အိမ်တွင် မီးဖိုချောင် ကိစ္စသည် ဧရာမအခက်အခဲကြီးဖြစ်ခဲ့၏။။ ထို့ကြောင့် ကျွန်တော် အိမ်ပြန်ရောက်သည့် အချိန်တိုင်းတွင် အဖေ့အား တပင်လဲ၍ တပင်ထူမည်ဆိုပါက အပြစ်တင်မည် မဟုတ်ကြောင်း ပြောပြခဲ့သည်။။ အမေဆုံးစဉ်က အဖေ့အသက် ၄၃ နှစ်ပဲ ရှိသေးတာလေ။။ သို့သော်လည်း အဖေက
"အဖေ ကျောပူပဲခံမယ် သားကြီးရေ။။။ နားပူတော့ မခံနိုင်ဘူးကွာ။။ မင်းညီတွေ အကြောင်းအဖေသိတယ်။။ ပြီးတော့ တို့မိသားစု ကြားထဲကို တစိမ်းဝင်လာရင် အရင်လို စည်းလုံးမှုကို ပြန်ရဖို့ မလွယ်ဘူး။။ နေပါစေကွာ။။"
ဟုပြောပြီး အမြဲငြင်းပယ်ခဲ့သည်။။ သူ့ဘာသာ အိမ်၏လုပ်ငန်းများကို ဦးစီးလုပ်ကိုင်နေသလို၊ မီးဖိုချောင်ကိုလည်း သူပဲဝင်ခဲ့သည်။။ ကျောင်းအားရက်များမှာ ညီနှစ်ယောက်က မီးဖိုချောင်ကို ကူဝင်ပေးပေမယ့် အဖေ့အတွက်တော့ မသက်သာလှ။။ ထိုသို့သော အခြေအနေ၊ အခက်အခဲများကြားမှပင် ဖခင်ဟူသော စိတ်၊တာဝန်ကို ရဲရဲဝံ့ဝံ့ယူပြီး ကျွန်တော်တို့ အားလုံးရှေ့မှာ အမြဲ မားမားကြီးရပ်ပေးနေသော အဖေ့ကို ကျွန်တော်တို့ ပိုပိုပြီး လေးစားခဲ့သလို၊ ပိုပိုပြီးလည်းချစ်ခဲ့ကြတာ မဆန်းလှပါဘူးလေ။။
မမေ့နိုင်လွန်းသော အချိန်တွေထဲက တစ်ခုကို ပြောပါဆိုရင် ကျွန်တော် တတိယနှစ်ပြီး၍ အိမ်သို့ပြန်နေသော အချိန်များကို ပြောရပေလိမ့်မည်။။ ကျွန်တော် ကျောင်းမှာရှိနေစဉ်တည်းက ဖြစ်ခဲ့တာဖြစ်ပြီး ကျွန်တော် မသိခဲ့ရသော အကြောင်းတစ်ခုကို အဒေါ်တွေက ပြောပြခဲ့သည်။။ ကျွန်တော် အိမ်ပြန်မလာခင် ၄ လလောက် တစ်နေ့တွင် အဖေ လယ်ထဲမှ ပြန်လာစဉ် လမ်းမှာ ပိုးထိခဲ့တာဖြစ်သည်။။ အဖေက သူ့ကိုကိုက်လိုက်သော မြွေကို မိအောင် ဖမ်းယူခဲ့ပြီး အနီးနားရွာမှ သူ့သူငယ်ချင်း ကရင်အမျိုးသားကြီးဆီ သွားခဲ့၏။။ ကရင်အမျိုးသားကြီးက ဂါထာများဖြင့် မန်းမှုတ်ပြီး မြွေဆိပ်ကို ထိန်းချုပ်ပေးကာ အိမ်သို့အကြောင်းကြားပြီး ဆေးရုံတင်ခဲ့ကြသည်။။ ဆေးရုံမှ မြွေဆိပ်ဖြေဆေးကို အချိန်မှီ ထိုးပေးပြီး ကုသနိုင်ခဲ့ သဖြင့်သာ အဖေဘာမှ မဖြစ်ခဲ့ခြင်းဖြစ်သည်။။ ထိုအကြောင်းကို အဖေ့ထံမေးမြန်းကြည့်တော့
"အဲဒီတုန်းက အဖေလည်း တော်တော်လန့်သွားတာပေါ့ သားကြီးရ။။ ဒါပေမယ့် အဖေတစ်ခုခုသာ ဖြစ်သွားရင် အဖေ့သားတွေ ဘယ်လိုဖြစ်ကျန်ခဲ့မလဲ ဆိုတဲ့ အတွေးဝင်လာချိန်မှာ လုပ်သင့်လုပ်ထိုက်တာ အားလုံးကို အဖေ စနစ်တကျ လုပ်နိုင်ခဲ့တယ်လေ။။ သားတွေ လူလားမြောက်အောင် လူရာဝင်အောင် မြေတောင် မမြှောက်ပေးနိုင် သေးပဲနဲ့တော့ အဖေ ဘာမှမဖြစ်နိုင်ပါဘူး သားကြီးရ။။ စိတ်ချစမ်းပါ။။"
ကျွန်တော့် ပုခုံးကို ဖျစ်ညှစ်ရင်း ပြောလိုက်တဲ့ အဖေ့စကားက ကျွန်တော့်ကို ကြက်သီးမွှေးညှင်းတွေပါ ထသွားစေခဲ့သည်။။ မိဘတွေ သားသမီးကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ သက်သေမလိုတော့သော၊ ပုံသေနည်း မလိုတော့ပဲ အဖြေထွက်နေသည့် ပုစ္ဆာတစ်ခုဖြစ်ခဲ့လေပြီတည်း။။။ အမေက အသက်နဲ့ရင်းပြီး မွှေးခဲ့သလို၊ အဖေကလည်း အသက်နဲ့ရင်းပြီး ကျွေးမွေးစောင့်ရှောက် လူလားမြောက်စေခဲ့တာလေ။။ အဖေ့လက်ကို ပြန်ဆုပ်ကိုင်ရင်း ကျွန်တော်ခေါင်းငြိမ့် ပြုံးပြလိုက်တော့ အဖေပြန်ပြုံးပြသော အပြုံးသည် ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်မှာ အလှဆုံး အပြုံးတစ်ခု ဖြစ်ခဲ့တော့သည်။။။




(၃)

အခုဆို ကျွန်တော်လည်း ကျောင်းပြီးခဲ့ပြီ။။ ကျွန်တော် ကျောင်းပြီး ဘွဲ့ယူစဉ်က အဖေ့အပြုံးအတွက်လည်း ကျွန်တော် ကျေနပ်ခဲ့ပါသည်။။ အဖေ့အပြုံးတွင် သူ့ကိုယ်သူ ကျေနပ်ဂုဏ်ယူမှုများ ပါဝင်နေ၏။။ အခက်အခဲ၊ ဒုက္ခပေါင်းစုံ အကြားမှ သူ့သားတစ်ယောက်ကို လူ့ဘောင်အတွင်း လူရာဝင်အောင် တွန်းတင်လိုက်နိုင်ခဲ့ပြီ မဟုတ်လား။။ ကျောင်းပြီး၍ အိမ်တွင် နားခွင့်ရသော တစ်လတာအတွင်း ကျွန်တော်အဖေ့အား အရမ်းပင်ပန်းသော အလုပ်များ မလုပ်တော့ရန် တားမိသည်။။ ကျွန်တော် တစ်ခါတစ်လေ ခဏတဖြုတ် ကူညီခွင့်ရခဲ့သော အဖေ့အလုပ်များသည် အလွန်ပင်ပန်းသော အလုပ်များဖြစ်၏။။ ခဏလုပ်ရသော ကျွန်တော်ပင် ဒီလောက်ပင်ပန်းလျှင် တစ်သက်လုံး ဒီအလုပ်ကို လုပ်ကိုင်ရင်း ကျွန်တော်တို့ကို လူလားမြောက်စေခဲ့သော အဖေသည် ဘယ်လောက်ထိ ပင်ပန်းရှာလိမ့်မည်လဲ။။ သို့သော်လည်း အဖေက လက်မခံခဲ့။။

"ဟကောင် အကြီးကောင်ရ အဖေက မွေးတည်းက တောင်သူလုပ်လာတာ။။ တခြားလည်း မလုပ်တတ်ပါဘူးကွာ။။ မိရိုးဖလာ ဒီအလုပ်နဲ့ပဲ အသက်မွေးတတ်တယ်။။ နားလို့လည်း မဖြစ်သေးဘူးကွ။။ မင်းက ဘွဲ့ရပြီ၊ အလုပ်ရှိပြီ ဆိုပေမယ့် အငယ်ကောင် နှစ်ယောက်ကရှိသေးတယ်။။ မင်းက အကိုကြီး အဖရာ ဆိုတဲ့အတိုင်း အလိုက်သိရင်တော့ အတိုင်းထက်အလွန် ပေါ့သားကြီးရာ။။ ဒါပေမယ့် အလုပ်မလုပ်ပဲ နားဖို့တော့ မဖြစ်သေးဘူးကွ။။ အဖေလည်း အလုပ်မရှိ မနေတတ်ပါဘူးကွာ။။။"
သားလည်း ကြည့်မှာပါ အဖေရဟု ကျွန်တော် ရီမောရင်း ပြောလိုက်မိပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်လည်း လောက်လောက်လားလား ထောက်ပံ့ပေးနိုင်ခြင်း မရှိခဲ့။။ အဖေကတော့ သူ့တာဝန်ကို သူကျေပွန်အောင် အဖေဟူသော စိတ်တစ်ခုတည်းဖြင့် အခက်အခဲပေါင်းစုံကို အန်တု အနိုင်ယူနေဆဲ။။ ကျွန်တော့်ကိုလည်း ပိုမိုမြင့်မားသော ပညာရေး ခရီးအတွက် အားပေးထောက်ခံနေဆဲ။။ ကျွန်တော် ကန်တော့မည့် ငွေစက္ကူချပ်တွေထက် တစ်လတစ်ခါပြန်ချိန်တိုင်း ကန်တော့သည့် စားသောက်စရာလေးများကို ပိုတန်ဖိုးထားဆဲ။။ ညီလေးတွေ အပြင်ကအပြန် ဝယ်လာတတ်သော ဆိုင်ဖျော် လ္ဘက်ရည်ကို နှစ်သက်စွာ သောက်နေတတ်ဆဲ။။ ညစဉ် အိပ်ယာဝင်တိုင်း ရှိခိုးဦးချ ကန်တော့မိပေမယ့် ကျွန်တော်က မိဘအရိပ် မိဘမေတ္တာတို့ လွှမ်းခြုံထားသော နေရာမှာ နေဖို့ကံမပါခဲ့။။ အနယ်နယ် အရပ်ရပ် ခရီးဆက်ရင်း အခုဆို တစ်နှစ်နေလို့ တစ်လပင် ပြန်ရန် အခွင့်မသာသော ပြည်ပတစ်နေရာမှာမို့ အဖေများနေ့မှာ အနန္တကျေးဇူးရှင် အဖေ့ကို မှန်းဆ၊တမ်းတ လက်အုပ်ချီ ဂါရဝပြုရုံကလွဲလို့ တခြားဘာမှ မတတ်နိုင်သေးပါလား။။။။


(အဖေများနေ့မှာ အနန္တကျေးဇူးရှင် အဖေ့ကို ယခုပို့စ်နှင့် ဦးချကန်တော့ရင်း အဖေနှင့်တကွ တစ်ကမ္ဘာလုံးမှ အဖေများအားလုံး ကျန်းမာ၊ပျော်ရွင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။။)

လေးစားလျက်
အလင်းသစ်

3 comments:

  1. ကိုယ်တွေ့ဇာတ်လမ်းလေးလား
    ဖခင်မေတ္တာကို ခံစားမှိပြီး ပီတိဖြစ်ရတယ်

    ReplyDelete
  2. အဖေများအားလုံး ကျန်းမာ၊ပျော်ရွင်ကြပါစေ...။။

    ReplyDelete
  3. သဘောကျလို့ရှယ်သွားတယ်နော်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။