ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....
Tuesday, November 1, 2011
အမှောင်သို့ လွန်မြောက်ချိန်
နွေဦးမှာ လေရူးတွေ တဖြူးဖြူး တိုက်ခတ်နေ၏။။ ခြံထောင့်က မန်ကျီးပင်ကြီးအောက်ရှိ ကွပ်ပျစ်လေးထက်မှာ ရေနွေးကရား အဖြူရောင်တစ်လုံးနှင့် ပန်းကန်လုံးတစ်လုံးကို အဖော်ပြုပြီး ထူအမ်းအမ်း မျက်နှာနှင့် ယမကာရစ်မူးနေသည့် အသက်(၃၅)လောက်ရှိသည့် လူရွယ်တစ်ယောက်။။ သူ့ဘေးမှာတော့ အသက်(၂၅)လောက်အရွယ် လူရွယ်တစ်ယောက်က နာမည်ကြီး ယမကာပုလင်း တစ်လုံးကို ကမ်းပေးနေသည်။။
"ဟေ့ကောင် ညီညီ။။ မင်းတို့ခေတ်ကြီးက ပြောင်းလဲချင်တိုင်း ပြောင်းလဲ၊ ဖောက်ပြန် ချင်သလို ဖောက်ပြန်ပြီး ရုပ်ဝတ္တုတိုးတက် လာတာကလွဲလို့ ကိုယ်ကျင့်တရားကို ထိန်းကျောင်းခွင့် မရတော့တဲ့ ခေတ်ဆိုးကြီးပါကွ။။ အဲဒီခေတ်ဆိုးကြီးရဲ့ ထွက်ကုန်တွေကို ငါမသုံးဘူး။။ မသောက်ဘူးကွာ။။ ပြန်ယူသွား။။"
"ကိုကိုကြီးရာ အဲဒီချက်အရက်တွေက ကြာရင် ကိုကိုကြီးကို ဒုက္ခပေးလိမ့်မယ်ဗျ။။ ကျွန်တော်ပြောတာကို နားထောင်ပါဗျာ။။ ဒီအရက်မျိုး ကျွန်တော်နေ့တိုင်း ဝယ်ပေးပါ့မယ်။။ စနစ်လေးထားပြီး သောက်ပါကိုကိုကြီးရာ..နော်။။"
အဟက်ဟု လှောင်ရယ် ရယ်လိုက်ရင်း ကိုကိုကြီးက ရေနွေးကရားထဲက အရက်ဖြူကို ပန်းကန်လုံးထဲ ငှဲ့ထည့်ပြီး ဂွပ်ခနဲ တစ်ကျိုက်တည်း သောက်ချလိုက်သည်။။ ပြီးတော့မှ သတင်းစာ စက္ကူပေါ်တင်ထားသည့် ပဲကြီးလှော်ကို လှမ်းယူ ဝါးစားလိုက်ရင်း လက်ကိုသာ ကာပြနေ၏။။ ဘယ်လိုမှ ပြောမရမှာကို သိနေသော ညီညီအောင်ကတော့ ခေါင်းကိုသာ တွင်တွင်ခါရင်း အိမ်ဘက်ဆီသို့ လှမ်းလျောက် ထွက်ခွာသွားတော့သည်။။။
ခဏအကြာတွင် အိမ်ရှေ့ဆီသို့ တိုယိုတာဟိုင်းလပ် အဖြူလေးတစ်စီး ထိုးဆိုက်လာ၏။။ ကားပေါ်မှ ခေတ်ဆန်ဆန် ဝတ်စားဆင်ယင်ထားသော အသက်အစိတ်ကျော်ကျော် မိန်းမပျိုတစ်ဦး ဆင်းလာသည်။။ နေကာမျက်မှန်ကို အသာပင့်လိုက်ရင်း ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ပြီး မန်ကျီးပင်ကြီးအောက်ရှိ ကိုကိုကြီးဆီ သွက်သွက်လှမ်းလျောက် သွားလိုက်သည်။။
"ကိုကိုကြီး"
"ဟော လာပါပြီဗျာ။။ ခေတ်ကို ခါးစောင်းတင်ပြီး ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ငါ့ရဲ့ညီမတော်(၂)။။ ဆိုပါဦး အဆင်ရော ပြေရဲ့လား။။ အိမ်ကိုရော ဘာလာလုပ်တုန်းဟ။။ ဟေ့..ခင်မလတ် ဒီမှာ ခင်မလေး ရောက်တယ်ဝေ့။။"
ကိုကိုကြီးက သူ့ရှေ့ရောက်လာရင်း ခေါ်လိုက်သည့် ညီမဖြစ်သူ ခင်မမလေးကို တစ်ချက်မော့ကြည့် စကားပြောလိုက်ရင်း အိမ်ဘက်လှည့်ပြီး သူ့ညီမ အကြီးမ ခင်မမလတ်ကို လှမ်းပြောလိုက်သည်။။ ခင်မမလေး မျက်နှာက ရုတ်တရက် ပျက်သွားပြီး
"ကိုကိုကြီး မပြောပါနဲ့။။ အိမ်ထဲမှာ ညီ ရှိတယ်မလား။။ မလေး အထိုး၊အရိုက် ခံနေရပါ့မယ်။။ မလေးဘာသာပဲ သွားလိုက်ပါ့မယ်။။ ကိုကိုကြီးကို တွေ့လို့ လာနှုတ်ဆက်တာ။။ "
"အောင်မယ်လေးဟာ နင်တို့ခေတ် အထာတွေနဲ့ ငါ့ကို လာမဆက်ဆံစမ်းပါနဲ့လို့ ဘယ်နှစ်ခါပြောရမတုန်း။။ အပေါ်ယံအပြုံးနဲ့ စကားလုံးချိုချိုတွေ။။ အလကား.. ဆေးသကြားလို အပြုံးတွေ၊ များများရလေ ချောင်းဆိုးလေပဲ။။ ငါ့လည်း နှုတ်ဆက်မနေနဲ့။။ ကိုယ့်ဘာသာ ဘေးမသင့်အောင်သာ ကြည့်နေတော့။။ အကြီးဆုံးသား ဆိုပေမယ့် ငါ့မလဲ နင်တို့ကို ကာကွယ်ပေးဖို့ မတတ်နိုင်ဘူး။။"
ညီမဖြစ်သူကို ပြောရင်း လက်တစ်ခါခါဖြင့် အိမ်ဘက်သွားဖို့ ညွှန်ပြလိုက်ပေမယ့် ကိုကိုကြီး မျက်ဝန်းတွေက ရုတ်တရက် မှိုင်းမှိုင်းဝေသွားတာ သိသာလွန်းနေသည်။။ ခင်မမလေး ခေါင်းကို အသာခါလိုက်ရင်း အိမ်ဘက်ဆီ လျောက်သွားလိုက်တော့၏။။
####################
ကိုကိုကြီး လှမ်းပြောသော အသံကြောင့် အိမ်ထဲမှာ မီးပူတိုက်နေရာမှ ခင်မမလတ် အိမ်ရှေ့ဆီ ပြေးထွက်လာမိသည်။။ မလေးနှင့် မတွေ့ရတာ အတော်ကို ကြာပြီမဟုတ်လား။။ ညီမဖြစ်သူကို အရမ်းသတိရ နေမိတာလေ။။ သို့ပေမယ့် ညီမဖြစ်သူရဲ့ အကြောင်းတွေ အတွေးထဲဝင်လာတော့ ခြေလှမ်းတွေက ရုတ်ချည်း တန့်သွား၏။။ ပြုံးနေသော မျက်နှာကိုလည်း အမြန်ဆုံး ပြန်တည်လိုက်သည်။။ ခဏနေတော့ ဖိနပ်ချွတ်မှာ ညီမဖြစ်သူ ခင်မမလေးကို လှမ်းမြင်လိုက်ရပြီး ၊အိမ်ပေါ်တက်လာတာ တွေ့လိုက်ရသည်။။
"မလတ် အမေဘယ်မှာလဲဟင်။။ အမေ နေမကောင်းဘူးကြားလို့။။ ဒါက အမေ့အတွက်၊ ဒါက မလတ်အတွက်၊ ဒါတွေက ကိုကိုကြီးနဲ့ ညီ့ အတွက် မလေး ဝယ်လာတာ။။"
သူမကိုတွေ့တော့ အဖော်ရွေဆုံး အပြုံးတွေနှင့် အားတက်သရော စကားတွေ ပြောနေသော ညီမဖြစ်သူကို ကြည့်ရင်း ခင်မမလတ် ရင်ထဲ မချိနိုင်ဖြစ်ရသည်။။ ခပ်ဖျော့ဖျော့ အပြုံး တစ်ခုကို ပြုံးပြလိုက်ရင်း
"အမေ အထဲမှာ ရှိတယ်မလေး။။ ဒါပေမယ့် မလေး ဝယ်လာတာတွေ အမေ လက်ခံမယ် မထင်ပါဘူးကွယ်။။ မလတ်အတွက် ဝယ်လာတာတွေလည်း ပြန်ယူသွားပါ။။ အိုကွယ် ကိုကိုကြီးနဲ့ ညီ့အတွက်လည်း လုံလောက်ပါတယ်။။ ပြန်ယူသွားလိုက်ပါ။။ မလတ်ပြောသလို အခုလုပ်နေတာတွေ ရပ်ပြီး မလတ်တို့ဆီ ပြန်လာတဲ့နေ့ကျမှ မလေးဝယ်ပေးတာတွေ မလတ်တို့ လက်ခံပါရစေ။။ အခုချိန်မှာတော့ မလတ်တို့ လိပ်ပြာမသန့်ဘူး ညီမလေးရယ်။။ လက်မခံပါရစေနဲ့နော်။။"
"မလတ်ရယ် မလေးလေ..မလေး"
စကားကို မဆက်နိုင်တော့ပဲ မျက်ရည်တွေ သွန်စီးလာသည့် ညီမဖြစ်သူကို ဖေးမရင်း အမေ့ဆီ ခေါ်သွားလိုက်သည်။။ အိပ်ယာထက်မှ အမေက မျက်လုံးပေါ် လက်ကာရင်း သေချာလှမ်းကြည့်၏။။ မလေးကို မြင်တော့ အမေ့မျက်နှာ ပြုံးသွားပြီး လက်ကို ဆန့်တန်း ကြိုရှာသည်။။ ခင်မမလေး အမေ့ဆီ ပြေးသွားပြီး အမေ့ကိုဖက်ကာ အားရပါးရ ငိုပစ်လိုက်မိ၏။။ မတွေ့တာ ကြာပြီးဖြစ်သော အမေနှင့် သမီးရဲ့ တွေ့ဆုံခန်းကို ခင်မမလတ် မျက်ရည် စမ်းစမ်းနှင့် ကြည့်ရင်း အခန်းအပြင်ကို လှမ်းလှမ်းကြည့်ရသေးသည်။။ အငယ်ဆုံးဖြစ်သော ညီက အိမ်ကို မလေးလာတာ လုံးဝကိုမကြိုက်။။ သူတွေ့သွားမှာကို စိုးရသဖြင့် မလတ်က အခန်းထဲအထိ မဝင်ပဲ အပြင်ကို မြင်သာသော နေရာမှာ မတ်တပ်ရပ်နေတာ ဖြစ်သည်။။။
"သမီးလေး အမေ့သမီးလေးရယ် အမေလွမ်းလိုက်ရတာ။။ အမေ့ဆီ ပြန်လာပါတော့ သမီးလေးရယ်။။ အမေ့ဆီကို ပြန်လာခဲ့ပါတော့ အမေရင်တွေ နာလွန်းလှပါပြီကွယ်။။ ဒိထက်တော့ ပိုမမိုက်ချင်ပါနဲ့တော့နော်။။ အမေလည်း သိပ်အကြာကြီး နေရတော့မယ် မထင်တော့ပါဘူးကွယ်။။ အမေ့သမီးလေးကို ဒီလိုအဖြစ်မျိုးကြီးနဲ့ အမေမထားခဲ့ချင်ဘူး သမီးလေးရဲ့။။ အမေ့ကိုချစ်ရင် အဲဒီအလုပ်တွေ စွန့်ပြီး အမေ့ဆီ ပြန်လာခဲ့ပါတော့ကွယ်။။ ဟဲ့ မလတ် ညည်းညီမကို လာကူပြောပါဦးကွယ်။။ ဘာလုပ်နေတာတုန်း မတ်တပ်ကြီး။။"
အရင်က သူမအပေါ် အမြဲတင်းမာပြီး စကားပင် ဟဟပြောလေ့ မရှိသည့် အမေ။။ အခုတော့ မာနတွေမထားပဲ သူမအား စကားတွေ အများကြီး ပြောရုံမက၊ ခခယယ နှင့်ဖျောင်းဖြပြောဆိုနေသည်။။ အရင်က သူမနှင့် စကားလာပြောရင် မလတ်ကို ဆူလေ့ရှိသော အမေက အခုတော့ မလတ်ကိုပင် ကူပြောဖို့ လှမ်းပြောနေတာ တွေ့ရတော့ ခင်မမလေး ရင်ထဲ ကျဉ်နေအောင် နင့်နေအောင် ခံစားလိုက်ရပြီး မျက်ရည်တွေပဲ ကျလာသည်။။ စကားကတော့ တစ်လုံးမှ မပြောနိုင်တော့ပဲ အမေ့ကိုပဲ ငေးကြည့်နေမိ၏။။
"ဟုတ်တယ် မလေးရယ်။။ ညီမလေး ပြန်လာခဲ့သင့်ပြီ။။ မိဘ၊မောင်နှမရဲ့ အရိပ်ကပဲ မလေးကို ပိုပြီးလုံခြုံစေပါတယ်ကွယ်။။ အခုဆို ကိုကိုကြီးကလည်း သူ့ဘဝသူ စိတ်တိုင်းမကျတာရော၊ မိသားစုကို မစောင့်ရှောက်နိုင်ခဲ့တာ အတွက်ရော ပေါင်းပြီး အရက်သမားကြီး လုံးလုံးဖြစ်နေပြီ။။ ကိုကိုကြီး အရက်သောက်ရခြင်းမှာ မလေးကြောင့်လည်း အများကြီးပါနေတယ်။။ ညီ ဆိုရင်လည်း အခုဆို ထစ်ခနဲရှိ ရန်ဖြစ်လိုက်၊ ဒေါသကြီးနေတတ်တာ မလေးနဲ့ပဲ ပက်သက်နေတာ ညီမလေးရဲ့။။ ဒါတွေ အကုန်လုံးဟာ မလေးရဲ့ လုပ်ရပ်တွေ အကုန်လုံးကို ရပ်တန့်ပြီး အိမ်မှာ ပြန်လာနေလိုက်တာနဲ့ အဆင်ပြေသွားမယ့် အရာတွေပါကွယ်။။ မိသားစု ပျော်ပျော် ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ပြန်နေချင်လှပါပြီ မလေးရယ်။။ ဒီလိုကြီး ဖြစ်နေကြတာ မလတ်လုံးဝ စိတ်မကောင်းဘူး။။ မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည် ကြရအောင် ညီမလေးရယ်နော်။။ ကိုကိုကြီး ရတဲ့ လစာရယ်၊ မလတ်ရဲ့ အထက်တန်းပြ လစာရယ်၊ ညီ့လစာရယ် အိမ်မှာလည်း လုံလောက်ပါတယ်ကွယ်။။ မလေး ပြန်သာ ပြန်လာခဲ့ပါတော့။။"
"ဘာာ"
ကျယ်လောင် ပြင်းထန်သော အသံကြီးကြောင့် အခန်းဝကို လှည့်ကြည့်လိုက်ကြတော့ အငယ်ဆုံး ညီညီအောင်။။ မျက်မှောင်ကြုတ် အံကြိတ်ရင်း ခင်မမလေးကို ဒေါသကြီးစွာ စိုက်ကြည့်နေ၏။။
"ဒီမိန်းမပျက်မကို အိမ်ပေါ် ဘယ်သူခေါ်တင်လာတာလဲ။။ ဘယ်သူက အိမ်မှာလာနေဖို့ ခေါ်နေတာလဲ။။ ဒီကျက်သရေ မရှိတဲ့ မိန်းမ အိမ်ပေါ်ရောက်နေတာ အိမ်ပါ ကျက်သရေယုတ်တယ်။။ ဟဲ့.. ခင်မမလေး နင့်ကို ငါဘာပြောထားလဲ။။ ငါတို့အိမ်ကို အရိပ်တောင် မနင်းပါနဲ့လို့ ပြောထားတယ်မလား။။ နင့်လို မိန်းမပျက်မကို ငါ့အမအဖြစ်က၊ ငါတို့မိသားစုဝင် အဖြစ်က စွန့်ပစ်လိုက်တာ ကြာလှနေပြီ။။ နင်ခုချက်ချင်း ထွက်သွားစမ်း။။ ငါ့ဒေါသတွေ အဆုံးစွန်မရောက်ခင် နင်ထွက်သွားစမ်း။။"
လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောနေသော မောင်ဖြစ်သူကို ကြည့်ရင်း ခင်မမလေး အမေ့လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားမိသည်။။ ခင်မမလတ်က ညီမဖြစ်သူကို ကာကွယ်လိုက်ရင်း
" ညီ.. အဲလို မရိုင်းရဘူးလေ။။ မလေးက မင်းအမ။။ မင်းထက် ၃ နှစ်တောင်ကြီးတယ်။။ သူကဗွေမယူပေမယ့် မင်းငရဲကြီးမယ်ညီ။။ အဲလိုမပြောရဘူး။။"
"တော်စမ်းပါ မလတ်ရာ။။ ဒီမိန်းမပျက်မကို ပြောလို့ ငရဲကြီးမယ်ဆိုရင် ဟိုးအဝီစိငရဲမှာပဲ မလွတ်တမ်း သွားနေလိုက်မယ်။။ အခုသူ့ကြောင့် ပူနေရတဲ့ ကျွန်တော့်ရင်က အဝီစိထက် ဆိုးတယ် မလတ်ရ။။ မိန်းမပျက်မ ခုချက်ချင်း ထွက်သွားစမ်း။။"
ပြောလည်းပြော မလေးဆီသို့ ပြေးလာပြီး ထိုးကြိတ်ရန် ပြင်သော ညီညီအောင်ကြောင့် မလတ်က ညီမဖြစ်သူကို ဖက်ထားရင်း ကာကွယ်လိုက်သည်။။ မလတ်ကို ထိုးမိမည် စိုးသဖြင့် လက်ကို ပြန်ရုတ်လိုက်ပေမယ့် မလေးကို မထိုးလိုက်ရသည့် ညီက တွေ့ကရာ ကန်ကျောက်ပစ်လိုက်သဖြင့် တစ်အိမ်လုံး ဆူညံနေတော့၏။။
"တော်ကြပါတော့ဟဲ့။။ ငါမသေသေးပါဘူး။။ ငါရှိနေသေးရဲ့နဲ့ ငါ့သားသမီးတွေက ဒီလိုများဖြစ်နေရတယ်လို့။။ အောင်မယ်လေး ငါ့ကိုပဲ လာသတ်လိုက်ပါတော့လား။။ ဒီလို စိတ်မချမ်းသာစရာ အဖြစ်တွေနဲ့တော့ ငါလည်း အသက်မရှင်ပါရစေနဲ့တော့။။"
အိပ်ယာပေါ်က အမေ့အသံကြောင့် ညီညီအောင် အားမလို၊အားမရဖြင့် အိမ်တိုင်ကို တဒုန်းဒုန်း ထိုးချပစ်လိုက်သည်။။ လက်မှသွေးတွေ ထွက်လာတာ တွေ့လိုက်ရတော့ မလေး မနေနိုင်တော့။။ ထိုးကာမှ ထိုးစေရော့ မောင်ဖြစ်သူကို အတင်း ပြေးဆွဲလိုက်သည်။။
"ညီ ရဲ့ မလုပ်ပါနဲ့။။ အဲလိုတော့ မလုပ်ပါနဲ့။။ ထိုးချင်ရင် မလေးကိုပဲ ထိုးလိုက်ပါကွယ်။။ ညီ့လက်မှာ သွေးတွေထွက်နေပြီ ညီရဲ့။။ တော်ပါတော့နော်။။"
ပြောရင်း အတင်းဝင်ဖက်ပြီး ချုပ်ထားသည့် ခင်မမလေးကို ညီညီအောင်က ငါ့ကိုမထိနဲ့ဟု အော်ရင်း အတင်းဆွဲခွာကာ တဖုန်းဖုန်း ထိုးကြိတ် ကန်ကျောက်ပစ်လိုက်သည်။။
@@@@@@@@@@@@@@@
"ခွပ်"
ခွပ်ခနဲ အသံနှင့်အတူ မေးရိုးဆီမှ ပူခနဲဖြစ်သွားပြီး ညီညီအောင် တစ်ဖက်သို့ ဝုန်းခနဲ လဲကျသွားသည်။။ မော့ကြည့်လိုက်တော့ ကိုကိုကြီး။။ တစ်သက်နှင့်တစ်ကိုယ် လက်ဖျားနှင့်တောင် မထိခဲ့သည့် အကိုအကြီးဆုံး။။ ကိုကိုကြီး ညီ့ကို ထိုးတယ် ဟုဝမ်းနည်းသံဖြင့် ပြောရင်း ညီညီအောင် မျက်ရည်တွေ ကျလာသည်။။ ကိုကိုကြီးက ညီမအငယ်ဖြစ်သူ မလေးကို ထူမပေးလိုက်ပြီး ညီ့ဆီလှမ်းလာ ပွေ့ဖက်လိုက်သည်။။ ကိုကိုကြီး မျက်ဝန်းဆီမှာလည်း မျက်ရည်များနှင့်။။
"ညီညီရယ် မလေးက ဘာပဲဖြစ်နေ ဖြစ်နေ ကိုကိုကြီးတို့ ညီမလေး၊ မင်းရဲ့ အမပဲလေ။။ မင်းကိုချစ်သလို ကိုကိုကြီး သူ့ကိုလည်း ချစ်တယ် ညီညီရဲ့။။ မှတ်ဥာဏ်သိပ်မကောင်းလို့ အတန်းစာကို ကောင်းကောင်းမသင်ခဲ့ရရှာတဲ့ ညီမလေးကို မင်းတို့ကို ချစ်တာထက်တောင် ကိုကိုကြီးက ပိုချစ်တယ် ညီညီရယ်။။ မင်းသူ့ကို ထိုးကြိတ် ကန်ကျောက်နေတာ ကိုကိုကြီး မကြည့်ရက်နိုင်ဘူး။။ မလုပ်ပါနဲ့ ညီညီရယ်။။ ကိုကိုကြီး မြင်နေရတယ်.. မလေးမျက်ဝန်းထဲမှာ မိသားစုနဲ့ အတူပြန်လာ နေချင်တဲ့ အရိပ်တွေကို။။ ကြိုဆိုလိုက်ပါညီညီရယ်။။ သူစိမ်းတွေကိုတောင် ကောင်းပြနိုင်သေးရင် ကိုယ့်ညီမ၊ ကိုယ့်အမ အရင်းကို ဘာလို့မကောင်းပြနိုင်ရမှာတုန်း။။ ကဲ အငယ်မ မလေး ပြောစမ်း။။ ညီမလေး စိတ်ထဲရှိတာ အကုန်ပြော။။"
"မလေး..မလေး ပြန်လာခဲ့တော့မယ် ကိုကိုကြီးရယ်။။ မလေးအရမ်းကို အထီးကျန်နေပြီ။။ စည်းစိမ်တွေ ငွေကြေးတွေက မလေးထင်သလောက် မလေးကို ပျော်ရွှင်မှု မပေးနိုင်ခဲ့ပါဘူး။။ မလတ်သိရဲ့လား.. အခုလေ မလေး နောင်တတွေ အရမ်းကို ရနေပြီ။။ မလေးရဲ့ ကိုယ်ကျင့်တရာတွေ ဂုဏ်သိက္ခာတွေနဲ့ မလေးပြန်ရလိုက်တာတွေက ယှဉ်မရအောင် ကွာလွန်းတာ မလေးတကယ်ကို သိနေပါပြီ။။ မလေးရှက်လည်း ရှက်မိပါတယ်။။ ဒါကြောင့် အိမ်ဘက်ကို လုံးဝမလာပဲနေခဲ့တာ။။ အခုတော့ မနေနိုင်လွန်းလို့ လာခဲ့တာပါ။။ ညီထိုးတာကို အရင်တုန်းက မစာနာပေးနိုင်ပေမယ့် အခုညီ့ရင်ထဲကို မလေးမြင်တတ်နေပြီမို့ ထိုးရင်လည်း ခံမယ်ဆိုပြီး လာခဲ့တာ။။ အမေ သမီးပြန်လာပါရစေနော်။။ ကိုကိုကြီး၊ မလတ် ညီမလေးပြန်လာပါရစေနော်။။ ညီ မောင်လေး မလေးကို ပြန်လာခွင့်ပေးပါ မောင်လေးရယ်။။ မလေးတကယ် နောင်တရနေပါပြီ။။"
လက်အုပ်လေး ချီပြီး ခင်မမလေး အရူးတစ်ယောက်လို တောင်းပန်နေမိသည်။။ ခါးသီးတဲ့ ဘဝတွေကို မာနနဲ့ တင်းခံဖြတ်သန်းခဲ့ပေမယ့် အခုတော့ သူမမှာ ခံနိုင်ရည် မရှိတော့။။ မိသားစုထံ ပြန်လာဖို့အတွက် ဆုံးဖြတ်ချက်နဲ့ ပြန်လာခဲ့ခြင်း ဖြစ်သည်။။ ညီညီက တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခတ်ရင်း အပြင်လှမ်းထွက်သွား တော့၏။။ ကိုကိုကြီးကတော့ မလေးကို ပြုံးကြည့်နေသည်။။ အမေ့လက်က မလေးပုခုံးဆီ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သလို မလတ်ကလည်း မလေးကို ပွေ့ဖက်လိုက်သဖြင့် ခင်မမလေး ရင်ထဲ နွေးထွေးပြီး လုံခြုံသွားတော့၏။။ သြော်.. အခုတော့ ဒီမိသားစုလေးရဲ့ ညှိမရတဲ့ ခါးသီးခြင်း နေ့ရက်တွေ အဆုံးသတ်ခဲ့ပြီလို့ ဆိုရလေတော့မလား။။။။
$$$$$$$$$$$$$$$$$$$$$
လ္ဘက်ရည်တစ်ခွက် မှာလိုက်ပြီးခွေးခြေခုံကို ဆွဲယူထိုင်ချလိုက်သည်။။ စိတ်ထဲမှာ တစ်ခုခုကို အလိုမကျဖြစ်နေသဖြင့် ညီညီအောင့် မေးကြောများက တင်းနေ၏။။ ထိန်းချုပ်ရ ခက်ခဲနေသော စိတ်ကြောင့် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာ လိုက်သည်။။ တလွင့်လွင့် တက်လာသော မီးခိုးငွေ့များကို ငေးကြည့်ရင်း တစ်ချိန်က မိသားစုစုံညီ ပျော်ရွှင်ခဲ့ကြတာကို သတိရလာ၏။။ မချမ်းသာပေမယ့် အဖေ့လုပ်စာနှင့် လောက်ငအောင် စီမံတတ်သော အမေ့ကြောင့် ၆ ယောက်သော မိသားစုသည် သုခဘုံလေး တစ်ခုပမာ ပျော်စရာများဖြင့် အတိပြီး ခဲ့ကြဖူး၏။။ မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့များ လွင့်ပျယ်သွားသလို ထိုမိသားစု ဘဝလေးကလည်း ကိုကိုကြီး စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ပြီးသည့် အချိန်မှာ စတင်ပျက်ပျယ်ခဲ့ရသည်။။ မိသားစု၏ ပင်မဒေါက်တိုင် မြင့်မိုရ်တောင်မင်း ကဲ့သို့အားထားရာ အဖေတစ်ယောက် သူချစ်သော မိသားစုနှင့် လူ့ဘဝကို စွန့်ခွာသွား ခဲ့သည်လေ။။ ထိုအချိန်ကစပြီးတော့ ဆက်တိုက် ဖြစ်ပျက်လာခဲ့သမျှက စိတ်ချမ်းသာဖွယ် တစ်ခုမှ မရှိခဲ့တော့။။ အတွေးတွေကို ရပ်လိုက်ပေမယ့် ညီညီအောင့် မျက်ဝန်းတွေက အတိတ်ဆီသို့ တရွေ့ရွေ့ ချီတက်သွား ခဲ့လေပြီတည်း။။။
%%%%%%%%%%%%%%%
ဘွဲ့ရပညာတတ် ဟူသောဂုဏ်ဖြင့် ကိုကိုကြီးက မိသားစုတာဝန်ကို သူသေချာပေါက် ထမ်းနိုင်လိမ့်မည်ဟု ကြွေးကြော်ကာ အားမငယ်ဖို့ နှစ်သိမ့်စကားဆိုရင်း အလုပ်ရှာခဲ့သည်။။ သို့သော်ငြား သူထင်ထားသလို အလုပ်က သူ့အတွက် အဆင်သင့် ရှိမနေခဲ့။။ ရသည့်အလုပ်ကလည်း တတ်ထားသည့် ပညာနှင့်ဘယ်လိုမှ မအပ်စပ်သဖြင့် လက်မခံနိုင် ဖြစ်နေသည်။။ ဘယ်လိုမှ အလုပ်ရှာ၍ မရသည့် အဆုံးမှာ ကိုကိုကြီး စိတ်ဓာတ်တို့ ဘုံးဘုံးကျရင်း မိသားစုတာဝန်အတွက် ရရာအလုပ်ကို ကြိတ်မှိတ် လုပ်ခဲ့ရသည်။။ သို့သော်လည်း လူဖြောင့်၊စိတ်တို ကိုကိုကြီးတစ်ယောက် မည်သည့် အလုပ်မှာမှ မမြဲခဲ့။။ ပညာတတ် တစ်ယောက်ကို ပညာတတ်လို မခိုင်းတတ်တဲ့ နေရာမှာ မလုပ်ဘူးဟူသော စိတ်ဖြင့် မကြာခဏ အလုပ်ပြောင်းခဲ့ပေမယ့် ထပ်ကြပ်မကွာ လိုက်နေသော မိသားစုတာဝန်ကြောင့် ကိုကိုကြီးတစ်ယောက် ကြုံရာကျပမ်း အလုပ်ကို အဆင်ပြေသလို လုပ်ခဲ့ရရင်း ခေတ်ရေစီးအပေါ် မကောင်းမြင်သော ဥာဉ်တစ်ခု စွဲကပ်ခဲ့ရတော့သည်။။ ထိုစဉ်တုန်းက ညီညီအောင်က ၈တန်း ကျောင်းသားဘဝ၊ မလေးက ဆယ်တန်းတက်နေပြီး၊ မလတ်က ပညာရေး တက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်နေချိန်။။ ယိုယွင်းလာသော မိသားစု အခြေအနေကို မြင်နေ၊တွေ့နေရသော်လည်း ဘာမှမတတ်နိုင်သည့် အခြေအနေမို့ ညီညီအောင် သည်လည်း ကိုယ့်ဘဝကိုယ် မကျေနပ်နိုင်သမျှ အလကားနေ စိတ်တိုနေတတ်သည့်၊ ရန်လိုနေတတ်သည့် လူငယ်တစ်ယောက် ဖြစ်ချင်းမလှ ဖြစ်လာခဲ့ရတော့သည်။။
စီးပွားရေး အခြေအနေ မကောင်းရသည့် ကြားထဲမှာ အဖေ့စိတ်ဖြင့် အမေက အိပ်ယာထဲ လဲခဲ့သည်။။ အဆင်မပြေမှုများနှင့် ကြုံဆုံရင်း ဖြေဆိုခဲ့ရသည်မို့ မလေးသည်လည်း ဆယ်တန်းစာမေးပွဲ ကျခဲ့၏။။ ဘာတွေဘယ်လိုပဲ ကြုံကြုံ စိတ်ဓာတ်မကျပဲ ကြိုးစားဖို့ မလတ်က အမြဲဆုံးမနေ၍သာ ညီညီအောင် ကျောင်းစာကို စိတ်နှစ်ကြိုးစားခဲ့တာ ဖြစ်သည်။။ မလတ် ကျောင်းပြီးတော့ အလယ်တန်းပြ လစာဖြင့် အလုပ်ရခဲ့ပေမယ့် ကိုကိုကြီးလုပ်အားခနှင့် မလတ်၏ လစာသည် မိသားစု စားဝတ်နေရေးအတွက် လောက်ငှရုံသာ ရှိခဲ့ပြီး၊ အမေ့ဆေးဖိုးနှင့် ကျောင်းသား(၂)ယောက်၏ စားရိတ်စကများကြောင့် ကြီးလေးလွန်းသော ဝန်ထုတ်၊ဝန်ပိုးကြီးတစ်ခု မိသားစုပေါ် ဖိစီးထားခဲ့တော့သည်။။
ညီညီအောင် ဆယ်တန်းတက်သည့် နှစ်မှာတော့ ဘယ်လိုဖြေဖြေ မအောင်နိုင်တော့ဟု ဆိုကာ မလေးက ဆယ်တန်းစာမေးပွဲကို လုံးဝမဖြေတော့။။ နောက်ပိုင်းမှာ မလေးတစ်ယောက် အပေါင်းအသင်းမှား ခဲ့သည်ဟု ပြောရမည်လား။။ ဝယ်လို၊ဝတ်လိုစိတ်တွေ များခဲ့သည်ဟု ဆိုရမည်လားမသိ။။ အချိန်နှင့်အမျှ ငွေလိုနေခဲ့တော့သည်။။ ငွေနောက်သို့ လိုက်ရင်း မလေးသည် ပတ်ဝန်းကျင်၏ ပြောစရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့တော့၏။။ အမေပြောလည်းမရ၊ ကိုကိုကြီးပြောလည်း မရ၊ မလတ်အိမ်ပြန်ရောက်ချိန်တိုင်း တိုးတိုးကြိတ်ကြိတ် ဆုံးမစကားတို့သည်လည်း အရာမထင်ခဲ့တော့။။ ဟိုတစ်ချိန်က ရိုးရိုးအေးအေး ညီမတစ်ယောက်က သူ့စကားကိုပင် မလေးစားခဲ့သော အခါမှာတော့ ကိုကိုကြီးတစ်ယောက် ဖြေဆည်ရာ မရသော စိတ်ကို အရက်သောက်ရင်း ဖြေဖျောက်လေတော့သည်။။
ညီညီအောင် ဆယ်တန်း အောင်ချိန်မှာတော့ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရန်အတွက် အဝေးသင်တက္ကသိုလ်ကို ရွေးချယ်ခဲ့သည်။။ (၃)ယောက် လုပ်အားကြောင့် မိသားစု စားဝတ်နေရေးက အတော်အသင့် ချောင်လည်လာခဲ့ချိန်မှာ လမ်းမှားသို့ ရောက်လုလု မလေးကို ဝိုင်းတားခဲ့ကြ၏။။ သို့သော်လည်း လွယ်လွယ်ရသော ငွေနှင့် ငွေ၏ အရေးပါပုံကို လက်တွေ့ကျကျ သိခဲ့ပြီ ဖြစ်သော မလေးကို တား၍မရတော့။။
ငွေရှိရင် ဘာမဆိုဖြစ်တယ်၊ ဘယ်သူ့ကိုမှ ဂရုစိုက်ရန်မလို ဟူသောအတွေးများဖြင့် မလေးတစ်ယောက် ဆားငန်ရည်နောက် တကောက်ကောက် ပါသွားခဲ့လေပြီ။။ မိသားစု၏ ဂုဏ်သိက္ခာကို သူမမသိတော့၊ ပတ်ဝန်းကျင်၏ အပုတ်ချ ပြောစကားများက သူမနားကို မတိုးတော့။။ အကိုနှင့် မောင်၏ မျက်နှာကိုလည်း မထောက်၊ အမေနှင့် အမဖြစ်သူ၏ သိက္ခာနှင့် အရှက်တရားကိုလည်း မငဲ့ကွက်တော့ပဲ ရုပ်ဝတ္ထုပစ္စည်းများ၏ ဆွဲဆောင်မှုနောက် လိုက်ပါရင်း နစ်မွန်းပြီးရင်း၊ နစ်မွန်းခဲ့ရတော့သည်။။။
ပတ်ဝန်းကျင် တံတွေးခွက်မှာ မိန်းမပျက်တစ်ယောက်ဟု သမုတ်ခံ ပက်လက်မျောနေသော မလေးကြောင့် မိသားစုလေးက မျက်နှာမဖော်ရဲအောင် သိမ်ငယ်ချောက်ခြားဖွယ် နေ့ရက်များကို လက်ခံခဲ့ရသည်။။ ထိုစိတ်ကြောင့်ပင် အမေ့ရောဂါ ပိုဆိုးခဲ့ရ၏။။ ကိုကိုကြီးတစ်ယောက် စိတ်ဓာတ်တွေ ပိုကျခဲ့ရ၏။။ မလတ်တစ်ယောက် မျက်ရည်နှင့် ယဉ်ပါးခဲ့ရ၏။။ ရံဖန်ရံခါ အိမ်ပြန်လာတတ်သော မလေးကို ကိုကိုကြီးက ဥပေက္ခာပြုထားပြီး အမေနှင့် ညီညီအောင်က လုံးဝ ခါးခါးသည်းသည်း ငြင်းဆန်ခဲ့ကြသည်။။ အထက်အောက်ဖြစ်သော မလတ်ကတော့ ညီမအပေါ် မပြတ်နိုင်သော သံယောဇဉ်ဖြင့် အစဉ်သဖြင့် ဆုံးမစကားဆိုကာ ဖျောင်းဖျနေခဲ့၏။။ စည်းစိမ်ချမ်းသာမှာ ယစ်မူးသာယာခဲ့ပြီ ဖြစ်သော ခင်မမလေးကတော့ မိုက်တွင်းနက်နေဆဲ။။
^^^^^^^^^^^^^^^^^^^^
ထိုထိုကိစ္စများသည် လွန်ခဲ့သည့် ၅ နှစ်ကျော်က အကြောင်းများဖြစ်၏။။ အတွေးတွေ လွန်နေသော ညီညီအောင်တစ်ယောက် လက်ဆီမှ ပူခနဲ ဖြစ်သွားသဖြင့် လက်ရှိအချိန်ဆီ အသိပြန်ရောက်လာသည်။။ အစီခံထိ လောင်ကျွမ်းလာသော မီးကြောင့် သူ့လက်ကို လာပူခြင်းဖြစ်သည်။။ ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ရင်း အေးစက်နေပြီ ဖြစ်သော လ္ဘက်ရည်ကို တစ်ကျိုက်ကျိုက်လိုက်၏။။ ပြီးတော့ ခုနလေးမှ ဖြစ်ခဲ့သော ပူပူနွေးနွေး ပြဿနာဆီ အတွေးက ပြန်ရောက်သွားပြန်သည်။။ ခင်မမလေးသည် သူ့အမအရင်းတစ်ယောက်။။ သူလည်း မစိမ်းရက်နိုင်ခဲ့။။ သို့သော်လည်း မိသားစု မျက်နှာကိုမှ မထောက်မညှာ လုပ်ရက်ခဲ့သဖြင့်သာ စိတ်နာကျည်းနေမိတာ ဖြစ်သည်။။ ယခုတော့ နောင်တများဖြင့် မိသားစု ရင်ခွင်ဆီ ပြန်လည်ခိုဝင်လာခဲ့သော အမဖြစ်သူကို သူလည်း ပြန်လည်ဆီးကြိုရုံသာ ရှိတော့၏။။ လက်လွတ်စပါယ် စိမ်းကားပြခဲ့၍ အမဖြစ်သူ ဖြစ်ချင်ရာဖြစ်ဟူသော စိတ်ဖြင့် နဂိုဘဝဆီ ပြန်လည်ခြေလှမ်းသွားမှာကိုတော့ သူလည်း လုံးဝကို လက်မခံနိုင်။။။ ရင်ထဲမှာ တင်းကျပ်လာသော ပင့်သက်မောကို ခပ်ပြင်းပြင်း ရှိုက်လိုက်ရင်း ညီညီအောင် အိမ်ဘက်သို ပြန်ထွက်လာခဲ့လိုက်တော့သည်။။
###################
"ညီညီ ဟေ့ကောင် ထတော့လေကွာ။။ ဘယ်အချိန်ရှိပြီလဲ။။"
ကိုကိုကြီး၏ လှုပ်နှိုးလိုက်သံကြောင့် ညီညီအောင် မျက်လုံးကို ပွတ်သပ်ရင်း ထထိုင်လိုက်သည်။။ သူ့ရှေ့မှ ကိုကိုကြီးကို တွေ့လိုက်ရချိန်မှာတော့ အံ့သြသည့် အသွင်များက သူ့မျက်နှာမှာ ထင်ထင်ရှားရှားကြီး ပေါ်လာတော့၏။။
"ဟာ.. ကိုကိုကြီး အပီရွှိုင်းထားတာပဲ။။ ရေလည် လန်းတယ်ဗျာ။။ ကိုကိုကြီးက ဒီလိုသပ်သပ်ရပ်ရပ် ပြင်ပြင်ဆင်ဆင်နေရင် ခန့်တယ်ဆိုတာ ညီ မပြောဘူးလား။။ ဟားးးးး မိုက်တယ် ကိုကိုကြီးရာ။။ ကိုကိုကြီးကို ဒီလိုပုံစံနဲ့ ညီ မြင်ချင်နေတာ ကြာလှနေပြီ။။"
ညှပ်ထားသော ဆံပင်ကို ဆီဖြင့် သေသေသပ်သပ် ဖီးသင်ကာ မုတ်ဆိတ်၊ပါးသိုင်းမွှေးများ ကင်းစင်နေသော ကိုကိုကြီး၏ မျက်နှာက ရှပ်အင်္ကျီအဖြူလက်ရှည်၊ ယောပုဆိုး နီညိုရောင်နှင့် သန့်နေ၊ခန့်နေသည်။။ အမြဲတမ်း အရက်သောက်နေတတ်သော၊ ဖြစ်သလိုသာ နေနေတတ်သော ကိုကိုကြီး၏ ပြင်ပြင်ဆင်ဆင် ပုံစံကို ငေးကြည့်ရင်း ကိုကိုကြီး၏ လက်မောင်းနှစ်ဖက်ကို ကိုင်ကာ ညီညီအောင် ဝမ်းသာအားရ ပြောနေမိ၏။။
"ကဲ..ညီညီ မင်းလည်းထ။။ ရေမိုးချိုးပြီး မင်းဘဝမှာ အသားနားဆုံးဆိုတဲ့ ပုံစံကို ရအောင်ပြင်တော့။။ ဒီနေ့ ကိုကိုကြီးတို့ မိသားစု စုံစုံညီညီနဲ့ ရှေ့ကိုပျော်ပျော်ကြီး ဆက်သွားနိုင်ဖို့အတွက် နားလည်မှုတွေ ယူကြမယ်။။ အားလုံးပြင်ပြီးရင် အမေ့ အခန်းကို လာခဲ့လိုက် ဟုတ်ပြီလား။။"
ဟုတ်ကဲ့ ကိုကိုကြီးဟု ပြောရင်း ညီညီအောင် အိပ်ယာမှ လူးလဲထလိုက်သည်။။ ပြီးတော့ ရေမိုးချိုးပြီး ကိုကိုကြီးလိုပဲ ပြင်ဆင်လိုက်၏။။ ပြီးတော့ အမေ့အခန်းဘက်ဆီ ထွက်လာခဲ့လိုက်သည်။။ အမေ့အခန်းထဲမှာတော့ ကိုကိုကြီး၊ မလတ်နှင့် မလေးတို့က ရောက်နှင့်နေလေပြီ။။ မြန်မာဆန်ဆန် ဝတ်စားထားသော မလေး၏ အသွင်အပြင်က ပူလောင်သော ဝတ်စားဆင်ယင်ပုံများနှင့် လားလားမှမဆိုင်အောင် ကျက်သရေရှိနေသည်။။ အိပ်ယာထဲမှာ လဲနေသော အမေသည်ပင် ဒီနေ့ပြင်ပြင်ဆင်ဆင်နှင့် ထူထူထောင်ထောင်ဖြစ်နေ၏။။ သူရောက်လာတော့ မလေးက ယို့ယို့လေး ထရပ်ရင်း
"ညီ..လာလေ။။ ဒီမှာလာထိုင်။။ မနက်စာ တစ်ခုခု အရင်စားမလား။။ မလေးပြင်ပေးမယ်လေ။။"
အကိုကြီးဖြစ်သော ကိုကိုကြီးထက်ပင် မောင်ဖြစ်သည့် ညီညီ့ကို မလေးက ပိုကြောက်ရသည် မဟုတ်လား။။ အစဉ်သဖြင့် တင်းနေသော သူ့မျက်နှာကြောင့် ရှိန်နေသည့် အမဖြစ်သူကို ညီညီအောင် သနားသွားမိသည်။။
"နေပါစေ မလေးရ။။ ပြီးတော့မှ အားလုံး စုံစုံညီညီ စားကြဖို့ ပြင်ထားတယ်ဆို။။ အကြီးတွေတောင် မစားသေးပဲ ညီလည်း မစားသေးပါဘူး။။ မလေးလည်း ထိုင်လေ။။ မောင်နှမ အချင်းချင်း ညီ့ကို ဘာလို့ရှိန်နေတာတုန်း။။"
ထင်မှတ်မထားသော ညီညီ့စကားကြောင့် ခင်မမလေး ရုတ်တရက် ဆွံသွားသည်။။ ပြီးတော့ မျက်ရည်တွေ စီးကျလာရင်း ညီညီ့လက်မောင်းကို ပြေးပြီး ဆုပ်ကိုင်လိုက်၏။။ အမေ့နှင့် ကိုကိုကြီး၏ မျက်နှာတို့က ပြုံးလျက်။။ မလတ်ကတော့ ဝေ့ကျလာသော မျက်ရည်ကို လက်ဖမိုးဖြင့် တို့သုတ်နေသည်။။
"ဝမ်းသာလိုက်တာ မောင်လေးရယ်။။ မလေးကို စိတ်မဆိုးတော့ ဘူးပေါ့နော်။။ မလေးလေ အမှားတွေ ဆက်တိုက် လုပ်နေတုန်းကတော့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရင်း မိဘ၊မောင်နှမတွေရဲ့ ရင်ထဲကို မမြင်၊မကြည့်တတ်ခဲ့မိဘူး။။ အခုချိန် ပြန်တွေးတော့ မလေး လုပ်ရပ်တွေအတွက် ညီတို့တွေ ဘယ်လောက်ထိ ခံစားခဲ့ရမယ်ဆိုတာ သိခဲ့ပါပြီ။။ မလေးအရမ်းကို မှားခဲ့တာပဲ ညီရယ်။။"
ပြောရင်း ငိုနေသော အမဖြစ်သူကို ညီညီအောင် ဘာမှ မပြောဖြစ်။။ သူ့မျက်ဝန်းဆီမှာလည်း မျက်ရည်တို့ ဝေ့သီလာရင်း အမဖြစ်သူ၏ လက်မောင်းနှစ်ဖက်ကိုသာ ခပ်တင်းတင်းလေး ဆုပ်ကိုင်ထားမိတော့သည်။။
"ကဲကဲ..အမှားကို သိလို့ အမှန်ပြင်ခြင်းဟာ မင်္ဂလာပဲပေါ့။။ ကိုကိုကြီးဆိုလည်း အကြီးဖြစ်ရဲ့နဲ့ ကိုယ့်စိတ်ကို ကိုယ်မထိန်းချုပ်နိုင်ခဲ့ဘူး။။ ကိုယ့်မိသားစု အပေါ်မှာ မှန်ကန်တဲ့ လမ်းကြောင်းကို ချမပေးနိုင်ခဲ့လို့ စိတ်ဓာတ်တွေကျပြီး လောကကြီးကို အစဉ်သဖြင့် မကောင်းတဲ့ဘက်ကပဲ မြင်နေတတ်ခဲ့တာ။။ တကယ်တော့ လောကကြီးက မကောင်းတာ မဟုတ်ပါဘူး။။ လူတွေကပဲ လောကကြီးကို အရောင်ဆိုးခဲ့ကြတာ။။ ခေတ်ကြီးက မကောင်းတာ မဟုတ်ပါဘူးလေ။။ လူတွေကပဲ အဲဒီခေတ်ကို အရောင်ဆိုးခဲ့ကြတာပါ။။ ကိုယ်ဆိုးလိုက်တဲ့ အရောင်အတိုင်း ကိုယ်ပြန်မြင်ကြတာပါပဲ။။ တကယ်တော့ ကိုယ်ကောင်းနေဖို့ပဲ လိုတာပါကွာ။။ ကဲကဲ.. လာကြတော့ အမေ့ကို ကန်တော့ကြမယ်။။ ပြီးရင် တို့မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ထမင်းလက်စုံစားမယ်။။ ဒီနေ့ကို စိတ်ညစ်စရာတွေ လုံးဝမရှိအောင် နေကြမယ်။။ ဟုတ်ပြီလား။။"
ကိုကိုကြီး၏ ဆော်သြစကားသံကြောင့် မလေးနှင့် ညီညီက မလတ်ဘေးမှာ ဝင်ထိုင်လိုက်ကြသည်။။ ပြီးတော့ အမေ့ကို ရိုရိုသေသေ ကန်တော့လိုက်ကြ၏။။ အမေ၏ မျက်နှာသည် ပြုံးနေ၏။။ အမေ့မျက်လုံးမှာတော့ မျက်ရည်များဖြင့် ဖုံးလွှမ်းနေလေသည်။။ ပျော်၍ ကျသော မျက်ရည်များဆိုတာကိုတော့ အားလုံးရင်ထဲ ဘာသာသိနေကြ၏။။
"အေးကွယ်.. အမေ့တစ်သက် ဒီလိုနေ့ရက်မျိုး မကြုံရတော့ဘူးလို့ ထင်ထားမိတာ။။ အခုလိုရက်လေး ကြုံလိုက်ရတော့ အမေဖြင့် သေပျော်ပါပြီကွယ်။။ အမေ့ သား၊သမီးတွေ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ကြပါစေကွယ်၊ စိတ်အလိုလိုက်လို့ အမိုက်ဖက်ကို မကူးကြပါစေနဲ့၊ အမှောင်နဲ့အလင်းကို ထင်ထင်လင်းလင်းသိမြင်ပြီး လူ့ဘောင်၊ လူ့လောကမှာ တန်ဖိုးရှိတဲ့ ရတနာများအဖြစ် ရပ်တည်နိုင်ကြပါစေကွယ်။။"
အမေ့ကို ကန်တော့ပြီးကြချိန်မှာတော့ မိသားစု စုံညီထမင်းဝိုင်းလေးကို ပျော်ပျော်ကြီး ဝိုင်းဖွဲ့စားလိုက်ကြသည်။။ ပျော်နေကြသဖြင့် အရင်နေ့တွေထက် ပို၍ပင် စားလို့ကောင်းနေ၏။။ စားသောက်ပြီးချိန်မှာတော့ မိသားစုဝိုင်းဖွဲ့ပြီး စကားတွေ ဖောင်ဖွဲ့နေကြသည်မှာ အလုအယက်ပင် ဖြစ်နေတော့သည်။။ သြော်..ဟိုးယခင်က မိသားစုပုံစံမျိုးလေး ယနေ့တော့ တကယ်ကို ပြန်ရခဲ့လေပြီတည်း။။ ကြုံခဲ့၊ဆုံခဲ့ရသော ပွေလီ၊ရှုပ်ထွေးလွန်းသည့် ဘဝအခြေကို ပြန်တွေးမိတော့ ယခုအချိန်ကာလနှင့် ဘာမျှ မသက်ဆိုင်တော့သလိုလို။။ ကြည်နူးပျော်မွေ့သော အပြုံးနှင့် ညီညီအောင့်မျက်နှာက ကျေနပ်မှုတွေ အထင်းသား ပေါ်လွင်နေလေတော့၏။။။
@@@@@@@@@@@@@@@@@
လေးစားလျက်
အလင်းသစ်
11 comments:
  1. ရသရယ်၊ဘဝရယ်....ပေါင်းစပ်ထားတာလေးမို့ သဘာဝကျကျ လှပါ၏... အသွင်တစ်မျိုးနဲ့ စိတ်ဝင်စားအောင် ရေးတက်ပ...
    ဇတ်သိမ်းလေးလှတော့.....ဖတ်ရတာ စိတ်ချမ်းသာတယ်..
    အမှားသိလို့ အမှန်ပြင်တဲ့ လူကို နွေးထွေးစွာ ကြိုဆိုသင့်ပါတယ်လေ...
    ခံစားအားပေးလျှက်ပါလို့...
    ReplyDelete
  2. မိသားစုဘ၀လေးကိုရေးသွားလိုက်တာများ
    တကယ်ကိုစီးမျောသွားတယ် အလင်းရေ
    တကယ်မိသားစုဘ၀လေးကို ပေါ်လွင်ထင်ဟပ်လာအောင်
    ဆွဲဆောင်မှု့ရှိတယ် .
    အားပေးလျှက်
    အမ
    မဒိုးကန်
    ReplyDelete
  3. အရေးအသားတွေ စေးပိုင်နေတာပဲ...။
    မိသားစုတစ်ခုရဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘ၀ကို မိသားစုဝင်တွေကပဲ ဖန်တီးယူလို့ရတယ်။
    နောက်ဆုံးခန်းမှာ မလေးကျတဲ့ မျက်ရည်က တန်ဘိုးရှိတယ်။ စာဖတ်သူကိုပါ ခြူယူသွားတယ်..။
    ရသ၀တ္တုကောင်းလေးတစ်ပုဒ်လို့ ခံစားရတယ်..။
    ReplyDelete
  4. ဂယ်ပဲ ဂယ်ပဲ...
    တူညားဝမ်းနဲအောင်ရေးတတ်တယ်..
    တကယ်ကောင်းတဲဇတ်လမ်းလေးပါ....
    ဇတ်သိမ်းလေးရောပဲ
    ပြောစရာမရှိပါ....ကောင်းပါတီ
    ReplyDelete
  5. ဇာတ်အိမ်ဖွဲ့တာလေး ကောင်းတယ်။ ဖတ်ရင်းမျောသွားတယ် အလင်းသစ်ရေ။ အမေ့ရဲ့ ဆုတောင်းလေးအတိုင်း ပြည့်ဝပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  6. ၀ါးးးးးးးးးးး ဖတ်လို့လည်းကောင်းမျက်စေ့လည်းညောင်း ပဲ ကိုလင်းရေ
    အနော် ကတော့ လက်တူ ထုမီထားလို့ စာကောင်းကောင်းမရေးနိုင်သေးဘူး
    ဗျာ(ဆင်ချေ) ကိုလင်းရေ ဖြစ်နိုင်ရင် လက်တစ်ဖက်လောက်ငှားပါ့လား.း)p
    ခင်မင်လေးစားလျှက်
    (ဒုတိယ)
    ReplyDelete
  7. အပျော်လေးနဲ့ဇာတ်သိမ်းထားတာ ကြည်နူးစရာ...
    ReplyDelete
  8. ဇာတ်လမ်းလေးကြိုက်တယ်ဗျာ အတုယူမယ်နော်
    စိတ်ဆိုးရဘူး ဂယ်ကျောတာ
    ReplyDelete
  9. ဖတ်လိုက်ပြီးစိတ်လဲမကောင်းဘူး
    ဇာတ်သိမ်းလေးကအတော်ကိုလှတယ်
    ReplyDelete
  10. ရို့ စ်ရဲ့  ကာရန်ပျို ဖတ်ပြီး ကျေနပ်နေတုန်း ဒီပို့ စ်လေးကို ဖတ်ရတော့ ပိုကျေနပ်သွားတယ်...
    ReplyDelete
စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။