ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, November 7, 2011

ဒီဆောင်းတစ်ည




ဘယ်သူပြောတာလဲကွယ် ဆောင်းမနက်ခင်းတဲ့
ရင်ဘတ်ထဲက ဟိုးတစ်နေရာမှာတော့
ကိုယ့်နံရိုးက ကိုယ့်ပြန်ထိုးသတ်တာခံလိုက်ရ
နှင်းစက်တွေ အက်စစ်ပြောင်းပြီး
ငါ့ရင်ဘတ်ပေါ်များ လောင်းချလိုက်လေသလား
နှလုံးသားထဲမှာ ခါးးးးးတယ်...။။


ဆောင်းနတ်သမီးရဲ့ အဖြူရောင်ဝတ်ရုံလွှာကို
ခပ်သာသာ ခါချလိုက်တာ
မနက်ခင်းမှာငွေ့ရည်မဖွဲ့ပဲ
ဘယ်လိုကြောင့်များ ငါ့မျက်ဝန်းဆီရွေ့လာခဲ့ပါလိမ့်
မျက်ခင်းတစ်ပြင်လုံး ရွဲရွဲကိုစိုလို့...။။

တကယ်တော့
တံလျှပ်ထတဲ့မြေပြင်၊ အရွက်မဲ့သစ်ပင်ထက်မှာမှ
ဥသြငှက်ရဲ့အသံကသာတာပါ...။။

အပူရှိန်ကိုပဲ ကြည့်တတ်တဲ့မျက်စိနဲ့
နွေကကြိုးရဲ့ ပဉ္စလက်ကကွက်ကိုမသိဘူး
တစ်ဦးတစ်ယောက် ငြိုငြင်ပြရုံနဲ့တော့
နွေသဘာဝကလည်း မပြောင်းပါဘူးလေ...။။

တကယ်တမ်းကျ
နွေသဘာဝနဲ့ ငါ့နေ့ရက်တွေ
မချစ်တတ်သူက မနှစ်သက်တာမဆန်းပါဘူး
မတူမှန်းသိမှတော့ တန်းမညှိတော့ပါဘူးကွယ်
နောက်ထပ်ရောက်လာမယ့် ဆောင်းဦးတွေကိုတော့
ကြောက်တယ်...။။

အချိန်တန်ရင်ပြောင်းတတ်တဲ့ ဟေမာန်ဆောင်းဦး
အပြောင်းအလဲအထူးမရှိပါပဲ၊ ငါ့ရဲ့ဒီဆောင်းဦးကျမှ
ဘာလို့များ ပူလောင်နေရပါလိမ့်
မိုးနေထက်ပူတဲ့၊ ဆောင်းတွင်း
နွေနေ့ခင်းတွေတောင် မျက်လွှာချထားရတဲ့အထိ...။။

အပြုံးတစ်ချက်နဲ့တင် အသက်ဝိဥာဉ် ကင်းပြတ်သွားတဲ့ည၊
မာရ်နတ်ကိုဆက်သလိုက်ရတဲ့ အနက်ရင့်ရောင်ည၊
ငါ့ကောင်းကင် မြောက်အရပ်မှာ
ဓူဝံကြယ်မထွက်တော့တဲ့ည၊
အသက်ငွေ့ပျယ်သွားတဲ့ နင့်အချစ်တွေ
အေးစက်သွားတဲ့ည၊
တစ်သက်တာအတွက် ထပ်မလိုတော့မယ့်ည၊
အဖြူရောင်နှင်းစက်တွေ ငါ့ရင်ဘတ်ကိုလောင်ကျွမ်းကြတဲ့
အပူလောင်ဆုံး ဆောင်းးးးည...။။

သောင်းသောင်းဖျဖျ အားပေးနေကြတဲ့နှင်းစက်တွေ
ကောင်းကင်တစ်ပြင်လုံးမှာ ဝေလို့..
လေပြေတစ်သုတ်နဲ့ နှင်းတစ်အုပ်ကိုထားခဲ့ပြီး
ခပ်သုတ်သုတ် ဝင်သွားတဲ့နေမင်းကသာ
ဂေါယာဆီမဆင်းပဲ
ငါ့ရင်ထဲ ချဉ်းနင်းဝင်ရောက်လာခဲ့
ကောင်မလေးရယ်..
လမ်းခွဲဆိုတော့လည်း ဝမ်းနည်းတယ်ကွယ့်...။။

ဘယ်သူပြောတာလဲကွယ် ဆောင်းမနက်ခင်းတဲ့
ရင်ဘတ်ထဲက ဟိုးတစ်နေရာမှာတော့
ကိုယ့်နံရိုးက ကိုယ့်ပြန်ထိုးသတ်တာခံလိုက်ရ
နှင်းစက်တွေ အက်စစ်ပြောင်းပြီး
ငါ့ရင်ဘတ်ပေါ်များ လောင်းချလိုက်လေသလား
နှလုံးသားထဲမှာ ခါးးးးးတယ်...။။





လေးစားလျက်
အလင်းသစ်

11 comments:

  1. ရာသီ ဆိုတာ ပြောင်းလို့ရရိုးလားကွယ် မပူနဲ့
    အချိန်တန်ရင် နွေပဲဖြစ်စေ မိုးပဲဖြစ်စေ ဆောင်းပဲ ဖြစ်စေ
    ပုံမှန်ရောက်လာအုံးမှာပါကွယ်....
    ဆုတောင်းမနေနဲ့...နော်..
    "မပြည့်လေသော ကိုယ့်ဆုတောင်း" ဆိုပြီး ကဗျာတစ်ပုဒ်လောက်
    ရေးရင်ကောင်းမလားလို့..စိတ်ကူးတောင် ရသွားတယ် :P:P

    ReplyDelete
  2. လမ်းခွဲမှာ ၀မ်းနဲပြီး
    တစ်ကယ်ပဲ နှလုံးသားထဲခါးနေပြီလား
    မောင်လေး အလင်းသစ်ရေ....
    အမတော် မကြီးဂျက်

    ReplyDelete
  3. အကိုရေ အမြဲအားပေးလျှက်ပါနော်

    ReplyDelete
  4. မခါးကြပါနဲ့လေ အသဲနုသူမို့ ခံစားရလွယ်ကြောင်းပါး)

    ReplyDelete
  5. အခုမှ ဆောင်းဝင်မလို့ ရှိသေး...
    အလွမ်းကဗျာတွေ အံကျလာပြီးလား အလင်းသစ်ရေ..

    ReplyDelete
  6. ကဗျာလေးကောင်းလိုက်တာ တော်တယ် ဒီလောက်ရေးတတ်တာ အားကျစရာပဲ...။

    ReplyDelete
  7. ပြောင်းလဲမှုတွေရဲ့နိဂုံးမှာ တည်ငြိမ်မှုလေးတွေနဲ့အဆုံးသတ်နိုင်ပါစေ အလင်းသစ်ရေ။ ကဗျာလေးခံစားရင်းအားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. နှင်းစက်တွေ အက်စစ်ပြောင်းပြီး
    ငါ့ရင်ဘတ်ပေါ်များ လောင်းချလိုက်လေသလား
    နှလုံးသားထဲမှာ ခါးးးးးတယ်...။။

    စာသားလေး အရမ်းလှတယ်.. ကူးယူဖော်ပြခွင့်ပြုပါ..

    ReplyDelete
  9. မငိုချင်ဘူး..ဒီဆောင်းတစ်ညတော့
    မငိုချင်ဘူးကွယ်..(ဆိုင်းထီးဆိုင်.တချင်းလိုဖြစ်နေပီ)း)
    လွမ်းတာရှိရင်..နာတာလေးနဲ့ဖြေသိမ့်လိုက်ပါးP
    ခင်မင်စွာဖြင့်
    မိစံ

    ReplyDelete
  10. ခါးနေတဲ့ နှလုံးသားများ ပျားသကာလို အမြန်ဆုံးချိုပါစေ။ ကြည်လင်အေးချမ်းသော နေ့ရက်များမှာ နှင်းစက်မျက်ရည်များ ခန်းခြောက်ပါစေကွယ်... လို့...

    ReplyDelete
  11. I would like to invite you all to come and listen Myanmar Music Online. I have a lot Myanmar Songs and Myanmar Mp3 collected on my site.

    Myanmar Online Music: http://www.myanmaronlinemusic.com/

    Thanks a lot!!

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။