ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....
Wednesday, November 30, 2011
ဒီဇင်ဘာ မျက်ရည်စက်များ
"အတူသွားဖူးတဲ့နေရာတွေ
အတွေးထဲမြင်ယောင်တော့
ရင်ထဲမှာပြင်းရှရှ သတိတွေရတယ်...
အတူပြောဖူးတဲ့စကားသံတွေ
ပြန်ပြန်ပြီးကြားယောင်တော့
ရင်ထဲမှာပြင်းရှရှ သတိတွေရတယ်...
ရင်အပူကိုဟန်ဆောင်ဖုံးရင်းက
မလွယ်တဲ့အဆုံးမှာ(ငါလေ)
လုံးလုံးကြီးသတိရ အရမ်းအရမ်းကို
လွမ်းရတယ် သစ္စာရေ..။။။"
****************************
(၁)
သစ္စာနွယ်
"မေမေရေ မီး ကိုကို့သူငယ်ချင်းတွေဆီ သွားလည်လိုက်ဦးမယ်နော်။။"
ဆိုင်ကယ်ကို မေမေမသိအောင် အသာတွန်းထုတ်ရင်း အိမ်ဝသို့ရောက်မှ သစ္စာ လှမ်းအော်ပြောလိုက်သည်။။
"သမီးငယ် သိပ်မကြာနေနဲ့နော် ညနေကျရင် မေမေသွားစရာ ရှိတယ်။။ ကြားလား..."
မေမေ့ရဲ့ ပွစိပွစိမှာကြားမှုကို "ဟုတ်" ဟုအကျယ်ကြီး အော်ဖြေပြီး သစ္စာ နှာခေါင်းလေးရှုံ့ကာ ထွက်လာခဲ့သည်။။ ညီအမနှစ်ယောက်တည်း ရှိသောမိသားစုမှာ မမကြီးကိုဆို ဘာမှမပြောပဲ သူမကိုဆို ကလေးလေးတစ်ယောက်လို ချုပ်ချယ်တတ်လွန်းသဖြင့် စိတ်ထဲလည်း သိပ်မကြည်လှ။။ ဆိုင်ကယ်ကို ဂရုတစိုက် မောင်းနှင်နေရင်း ကိုကိုက ဆိုင်ကယ်စီးတာ မကြိုက်ဘူးဆိုတာကို သတိရမိသည်။။ လျှာကလေးထုတ်လိုက်ရင်း သစ္စာ ကိုကို့ကို လွမ်းမိပြန်ပြီလေ။။ ကိုကိုရေ.....။။။
ကိုကိုဆိုတာ သစ္စာကို အရမ်းချစ်သလောက် အရမ်းစိုးရိမ်တတ် အရမ်းချုပ်ချယ်တတ်သူပေါ့။။ ချုပ်ချယ်တာကို မကြိုက်တဲ့ သစ္စာက ကိုကို့ကိုတော့ ရင်နင့်၊အသည်းနင့်အောင် ချစ်သည်။။ အသက်ကလေး ၂ နှစ်လောက် ကွာတာကိုတောင် အရမ်း ဆရာလုပ်လွန်းသော ကိုကို့ကို သစ္စာက အဘိုးအိုပေါက်စဟု စတတ်သည်လေ။။ ဒီလိုစတိုင်းလဲ နဖူးကို မနာအောင် ထုတတ်တဲ့ ကိုကို့ပုံစံလေးက သစ္စာ အသည်းစွဲပေါ့။။ ပြီးတော့ ကိုကိုက ခါးကိုထိလျှင် ယောင်တတ်သည်။။ ကိုကို့ကို အမြင်ကတ်လာတိုင်း ခါးကိုတို့ပြီး စတတ်တာ သတိရမိပြန်တော့ သစ္စာ၏ နှုတ်ခမ်းလေးတွေ ပြုံးလာမိပြန်သည်။။ စိုးမိုးလွန်းပါတယ် ကိုကိုရယ်...။။
ကိုကို့အကြောင်းလေးများ တွေးရင်း ဆိုင်ကယ်ကို မောင်းနှင်လာတာ ကိုကိုတို့ရပ်ကွက်ထဲသို့ ဝင်ရောက်လာခဲ့သည်ကိုပင် သတိမထားမိလိုက်တဲ့အထိပါပဲ။။
"ဟဲ့..သစ္စာ ငါတို့ဒီမှာဝေ့။။ ဒီလောက် လက်ပြနေတာကိုတောင် မတွေ့ဘူးလား။။ နင်ကတော့...။။"
ချိန်းထားသော သူငယ်ချင်းများက လက်ပြနေတာကိုပင် မမြင်ပဲ ကျော်မောင်းသွားမိတာလေ။။ ရှက်လိုက်တာ။။ သစ္စာကို ဝိုင်းစကြပေဦးတော့မည်။။ ကိုကိုနဲ့ပက်သက်လို့ စတိုင်းလဲ သစ္စာ ကျေနပ်ပျော်ရွှင်ခဲ့ရတာ ပါပဲလေ။။ သစ္စာဆိုတာ ကိုကိုမရှိရင် အသက်မရှင်ချင်တဲ့သူ၊ ကိုကို့ဆီမှာ ကျရှုံးနေတဲ့သူ၊ ကိုကို့ကို အရူးအမူး စွဲလမ်းချစ်ခင် နေတဲ့သူဆိုတာ အတိအကျကို ဝန်ခံထားသူပါ။။ ဟုတ်တယ်လေ သစ္စာက ကိုကို့ကို အဲလောက်ထိကို ချစ်မိတာကိုး။။ ကိုကိုက ပြည်ပသို့ ထွက်ခွာရန်အတွက် သင်တန်းတစ်ခု သွားတက်နေချိန်ဆိုတော့ သစ္စာတစ်ယောက် မနေတတ်ဖြစ်နေရတာလေ။။ ဘယ်လိုမှ မခွဲရက်နိုင်ပေမယ့် "နှစ်ယောက် ရှေ့ရေးအတွက် ထည့်တွက်ရမယ်လေ။။ ကိုကိုလည်း မခွဲနိုင်ပါဘူး သစ္စာရယ်။။" ဆိုတဲ့ ကိုကို့စကားကို နားထောင်လို့သာ သစ္စာ ကိုကိုနဲ့ (၄)နှစ်လောက် ခွဲနေဖို့ သဘောတူ ခွင့်ပြုလိုက်ရတာပါ။။ ကိုကိုပြန်လာရင် ဘယ်တော့မှ မခွဲတော့ဘူးဆိုတော့ အမြဲတမ်းတူတူနေရဖို့ ခဏလောက်တော့ ဝေးနေရမှာပေါ့လေ။။ ကိုကို့ကို လွမ်းတိုင်း ဖုန်းဆက်လိုက်၊ ကိုကို့သူငယ်ချင်းတွေဆီ သွားလည်လိုက်နဲ့ပဲ အလွမ်းဖြေနေရတာပါ။။ အခုလည်း ကိုကို့သူငယ်ချင်းတွေနဲ့ အတူတူမုန့်လုပ်စား ကြတာလေ။။ သစ္စာ ကိုကို့ကို အရမ်းချစ်တာသိတဲ့ ကိုကို့သူငယ်ချင်း များကလည်း သစ္စာကို ဖေးမနှစ်သိမ့်ပေးကြပါတယ်။။ ပျော်ပျော်ရွှင်ရွှင် စားသောက်၊ စကားများ ဖောင်ဖွဲ့ကြပြီး အိမ်ပြန်ချိန်က မရောက်ချင်လည်း ရောက်လာခဲ့ပြန်လေပြီ။။ တစ်ယောက်တည်း အထီးကျန်တိုင်း ပိုပိုပြီး လွမ်းမိလို့ အဲဒီလို အချိန်တွေကိုလည်း ကြောက်မိနေပါပြီ ကိုကိုရယ်..။။
"သစ္စာပြန်တော့မယ်။။ ကိုဥာဏ်နဲ့ ကိုစည်သူ လိုက်ပို့ပေးနော်။။"
သစ္စာရဲ့ စကားအဆုံးမှာ ဥာဏ်လင်းနှင့် စည်သူတို့ နှစ်ယောက်က မျက်နှာကို ရှုံ့မဲ့ကာ အပျင်းကြော ဆန့်လိုက်ရင်း
"အေးပါဟာ.. ဝဋ်ရှိသမျှတော့ ခံရဦးမှာပေါ့။။ သူတို့ချစ်ကြတာ ကြားထဲကငါတို့ ငထွားခါးနာရတယ်။။ အောင်ကြီး မင်းပါလိုက်ခဲ့ကွာ။။"
"ကုသိုလ်ရပါတယ် ကိုစည်သူရ။။ ဟိုမှာ ကိုအောင်အောင်လည်း လိုက်မှာပဲကို.. ဟင်းဟင်း။။"
ကိုကို့ကို ဆိုးသလို ကိုကို့သူငယ်ချင်း များကိုလည်း ညီမငယ်လေးလို အမြဲဆိုးခွင့် ရနေတာက ကိုကို့ကို ချစ်မိလို့ပေါ့။။ ကိုကိုဟာ သစ္စာအတွက်တော့ ချစ်လို့ကို မဝနိုင်တဲ့ သူတစ်ယောက်ပါ ကိုကိုရယ်။။ ကိုကို့အကြောင်းကို တွေးရင်းနှင့် ဆိုင်ကယ်ကို ရှေ့ဆုံးမှ မနှေးမမြန်လေး စီးလာရင်း နောက်ဆုံးဆိုင်ကယ်မှ ကိုအောင်အောင်ရဲ့ အသံကို ကြားလိုက်ရသဖြင့် သစ္စာ ခေါင်းကိုအသာငဲ့ပြီး နောက်သို့လှည့်ကြည့် လိုက်မိသည်။။ အလယ်ဆိုင်ကယ်မှ ကိုစည်သူ၏ အထိတ်တလန့် မျက်နှာနှင့် သစ္စာ နင့်ရှေ့မှာ ဟူသောအသံ၊ စိတ်လိပ်ပြာ၏ ထိတ်ခနဲ ခုန်လန့်မှုနှင့် တကျွီကျွီမြည်သံများကြောင့် ရှေ့သို့ အမြန်ပြန်လှည့် အကြည့်....
" အားးးးးးးးးးးး... ကိုကိုရေ...။။"
ဒီဇင်ဘာလ (၂၇)ရက် ညနေ (၃)နာရီ။။။။
******************************
(၂)
မင်းခန့်ဇော်
"အားးးးးးးးးးးးးးးးးးးး"
အသံကုန် အော်ဟစ်ပြီး ကုတင်ပေါ်မှ ပြုတ်ကျ လန့်နိုးလာခဲ့သည်။။ အိပ်မက်ဆိုးကြောင့် ချွေးတို့က ရွှဲရွှဲစိုနေ၏။။ နေ့လည်ကတည်းက စိတ်တွေ နောက်ကျိနေသဖြင့် ထမင်းစားပြီး နေ့လည်အတန်း ပြန်မလိုက်တော့ပဲ သူအိပ်နေခဲ့တာ သတိရသည်။။ အပြင်မှာ မှောင်နေပြီမို့ အခန်းထဲမှာ ဘာကိုမှမမြင်သဖြင့် မီးခလုပ်ဆီ လျောက်သွားပြီး မီးဖွင့်လိုက်သည်။။ အိပ်ချင်မူးတူး မျက်လုံးများက နာရီကို သဲကွဲစွာမမြင်ရသဖြင့် စားပွဲတင် နာရီလေးကို ဆွဲယူလိုက်စဉ် စာကြည့်ရင်တောင် သူ့ရှေ့မှာ ကြည့်ရမယ်ဟု ချွဲနွဲ့တတ်သည့် ချစ်သူဓာတ်ပုံလေးကို တိုက်ချလိုက်မိသွား၏။။ မင်းခန့် မျက်လုံးများ ကျယ်သွားပြီး စားပွဲအောက်ကို တိုးဝင်ကောက်ပြီး ပြန်အထ ခေါင်းကို စာကြည့်စားပွဲနှင့် ဆောင့်မိသွားသည်။။ လက်ထဲမှ ဓာတ်ပုံမှန်ဘောင်လေးကတော့ ကွဲအက်ကြေမွလို့။။ စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားပြီး ချစ်သူအတွက် မင်းခန့် အရမ်းကို စိုးရိမ်သွားမိတာပါ။။
"ဘာတွေများ ဖြစ်နေလဲ သစ္စာရေ။။ ကိုကိုစိတ်ပူလိုက်တာကွာ။။"
ကလေးဆန်လွန်းသော ချစ်သူ၊ ဆိုးနွဲ့လွန်းတတ်သော ချစ်သူ၊ သူ့အသက်လိုချစ်သော၊ သူ့ဘဝဟု သတ်မှတ်နိုင်သော ချစ်သူ၊ မင်းခန့်ရင်ထဲတွင် ပူလောင်စိုးရိမ်စိတ်များနှင့် ထိုင်ခုံမှာထိုင်ကာ ငိုင်တွေနေမိသည်။။ ချစ်သူဓာတ်ပုံလေးကို ကြည့်ရင်း သူမ ချက်သောဟင်းနှင့်သာ ထမင်းစားစေချင်သော၊ အပင်ပန်းခံကာ ထမင်းစားချိန်တိုင်း ချိုင့်လေးဆွဲကာ လာပို့ပေးတတ်သော ပုံရိပ်လေးများကို ပြန်လည်မြင်ယောင် လာမိ၏။။ "ခိုးလုပ်ရတဲ့ အရသာကပိုမိုက်တာ ကိုကိုရ" ဟုလျှာကလေးထုတ်၊ မျက်လုံးကလေးမှိတ်ကာ သူမကို ကန့်သတ်တာမှန်သမျှ မသိအောင် ဖောက်ဖျက်တတ်သော သူမလေးကို မင်းခန့်က အရမ်းကို ချစ်မိတာလေ။။ အတူတူလျောက်လည် ပျော်ရွှင်ခဲ့တာတွေ သတိရမိပြန်တော့ ရင်ထဲဆို့ဆို့နင့်နင့် လွမ်းမိသည်။။ မတတ်သာသောကြောင့်  နှစ်ယောက်ဘဝ လှပဖို့ဟုနှစ်သိမ့်ကာ တာဝန်အတွက်  ပြည်ပထွက်ရန် အားတင်းဆုံးဖြတ်ခဲ့ ရပေမယ့် မင်းခန့်ရင်ထဲမှာတော့ မချိလှ။။
"ကိုမင်း.. ဘာဖြစ်တာတုန်းဗျ။။ ခုန အော်သံလည်းကြားတယ်။။ တိုက်မိသံ၊ ပြုတ်ကျသံတွေနဲ့။။ ခုလည်း ငုတ်တုတ်ကြီးပါလား။။"
"ဟုတ်တယ်ညီလေးရေ။။ အိပ်မက်တွေ၊ နမိတ်တွေ မကောင်းလို့ကွာ။။" ဟုပြန်ဖြေရင်း အခန်းတံခါးကို ထဖွင့်ပေးလိုက်တော့ ဘေးခန်းမှ ညီလေးတိုးဝေက ဆေးလိပ်ကို ကမ်းပေးသည်။။ ထိုင်ကွာဟု ထိုင်ခုံကို ညွှန်ပြလိုက်ပြီး မန်းခန့် ကုတင်ပေါ်ထိုင်ကာ ဆေးလိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။။ စိတ်ညစ်စရာ ကြုံတိုင်း ရင်ဖွင့်ဖက် ညီအကိုတွေလို ခင်မင်ကြသူတွေမို့ နှစ်ယောက်သား စကားစမြည်ပြောဆိုကြပြီး တိုးဝေ ပြန်သွားတော့ သူအခန်းတံခါးကို ပိတ်လိုက်သည်။။ အိပ်မရမှာ သိနေသဖြင့် မီးမပိတ်တော့ပဲ ကုတင်ပေါ် အသာလှဲလိုက်တော့ စိတ်အတွေးတွေက တောင်ရောက်လိုက် ၊ မြောက်ရောက်လိုက် ဖြစ်နေသည်။။ နာရီကို ကြည့်လိုက်တော့ ည(၁၂)နာရီတိတိကို ညွှန်ပြနေလေပြီတည်း။။
ဒီဇင်ဘာလ (၂၇)ရက် ည (၁၂) နာရီ။။
(၃)
"..ကိုကို ဖုန်းလာနေတယ်.. ကိုကို ဖုန်းလာနေတယ်လို့..."
ညကအိပ်မပျော်သဖြင့် ခေါင်းတွေမကြည်သောကြောင့် စောစောထပြီး ရေချိုးပစ်လိုက်သည်။။ ရေချိုးပြီး ခေါင်းတွေ သုတ်နေချိန် ဖုန်းဝင်လာကြောင်း မြည်သံပေးနေသည့် လက်ကိုင်ဖုန်းကြောင့် မင်းခန့်အံ့သြသွားမိ၏။။ မနက်စောစော ဘယ်သူများ ဖုန်းဆက်ပါလိမ့်ဟူသော အတွေးနှင့် ဖုန်းကိုကိုင်လိုက်သည်။။ တစ်ဘက်မှ သူငယ်ချင်း စည်သူ၏ အသံကြောင့် စိတ်ထဲမှာ ထင့်ခနဲဖြစ်သွား၏။။ စည်သူက တော်ရုံနှင့် ဖုန်းဆက်လေ့ရှိသူမဟုတ်။။ သူစိတ်တထင့်ထင့်နှင့်ပင်
"ဖိုးစည်.. ဘာဖြစ်လို့လည်း။။"
စည်သူ့ထံမှ ဘာစကားမှ မကြားရသေးခင် သက်ပြင်းချပြီး၊ တံတွေးမြိုချလိုက်သံကို ကြားလိုက်ရသည်။။ ပြီးမှ
"အေး ငမင်း.. စိတ်အေးအေးထား နားထောင်ကွာ။။ ငါလည်း မပြောချင်ဘူး။။ ဒါပေမယ့်ကွာ..."
"ဘာာာာ.. မင်းပြောတာတွေ တကယ်ပဲလား... တကယ်ပဲလား ဖိုးစည်ရာ။။"
မင်းခန့် အရုပ်ကြိုးပြတ် ထိုင်ကျသွားသည်။။ နားထဲတွင်တော့ စည်သူပြောပြ သွားခဲ့သော အချစ်ရဆုံး ချစ်သူရဲ့ နောက်ဆုံးအချိန်များ အကြောင်း ပြန်လည်ကြားယောင်ရင်း မြင်ကွင်းကို မြင်ယောင်လာမိ၏။။ ဆိုင်ကယ်(၃)စီး ရှေ့နောက်စဉ် မောင်းလာရင်း နောက်ဆုံးဆိုင်ကယ်မှ ဖိုးအောင်က ကွမ်းဝယ်ဦးမယ်ဟေ့ဟု အော်ပြောသံကြောင့် နောက်သို့ လှည့်ကြည့်လိုက်တဲ့ သစ္စာ။။ ရုတ်တရက်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အထိတ်တလန့် အော်ဟစ်သတိပေးလိုက်သည့် စည်သူ။။ တစ်ဖက်ယာဉ်ကြောမှ ဘရိတ်ပေါက်ပြီး ပြေးဝင်လာသော ခရီးသည်တင် ဟိုင်းလတ်ကား။။ ချိန်သားကိုက်ထားသလို ဒုန်းခနဲအသံနဲ့ မြောက်တက်သွားတဲ့ ချစ်သူလေး။။ မင်းခန့်မျက်ဝန်းဆီမှ မျက်ရည်ပူများကို သတိထားမိလိုက်သည်။။ အဲဒီနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားရှာတယ် သူငယ်ချင်းရာဆိုတဲ့ ငိုသံပါနဲ့ စည်သူ့ရဲ့အသံ၊ နောက်ဆုံးထွက်သက်အထိ ကိုကိုရေဆိုပြီး မင်းကို တမ်းတသွားရှာတာပါဆိုသော စကား........
"အားးးးးးးးးးးးးးးး"
****************************
(၄)
သင်တန်းကလည်း စာမေးပွဲများ ဖြေဆိုနေချိန်ဖြစ်သဖြင့် ခွင့်အဖြစ် ပြန်ရန်ခွင့်မပြုပေးခဲ့။။ တစ်သက်တာအတွက် လက်တွဲဖို့ ရည်မှတ်ထားခဲ့သော အသက်တမျှချစ်ရသူ၏ နောက်ဆုံးအချိန်၊ နောက်ဆုံးခရီးကိုပင် မင်းခန့်ပို့ဆောင်၊ နှုတ်ဆက်ခွင့် မရနိုင်ခဲ့တော့။။ ရင်ထဲမှာမချိမဆန့်သော ဝေဒနာ၊ခံစားချက်များဖြင့် မင်းခန့်၏ ဒီဇင်ဘာနှောင်းညများက မျက်ရည်များဖြင့် ဝေဝါးခဲ့ရတော့သည်။။ စိတ်နှင့်မကပ်တော့သော ခန္ဓာကိုယ်ဖြင့် သင်တန်းသားဘဝ၏ နေ့၊ညများကို အားတင်းဖြတ်သန်းရင်း ပြည်ပသို့မထွက်ခွာမီ ပြင်ဆင်ဆောင်ရွက်စရာများ ဆောင်ရွက်ရန် ခွင့်ပေးခဲ့သော နေ့ရက်များဆီသို့ ရောက်ရှိလာခဲ့၏။။ ချစ်သူအတွက် ရည်စူးသော အလှူဒါနများ ပြုလုပ်ကာ အမျှပေးဝေရင်း၊ ချစ်သူလဲလျောင်း နားခိုရာ အုတ်ဂူလေးဆီသို့ သူမကြိုက်နှစ်သက်သည့် နှင်းဆီပန်းအဝါလေးများကို နေ့စဉ်ပို့ပေးရင်း၊ ချစ်ခြင်းကိုတိုင်တည်၊ လွမ်းမိတာတွေကို ပြောပြရင်း မျက်ရည်စများဖြင့် ပြင်ဆင်ချိန်ခွင့်ရက်များ ကုန်ဆုံးချိန်မှာတော့ မင်းခန့်တစ်ယောက် သူ့ရဲ့ပျော်ရွှင်ခြင်းများကို ချစ်သူနှင့်အတူ ထားရစ်ခဲ့ရင်း ပြည်ပသို့ ထွက်ခွာလာခဲ့လိုက်တော့သည်။။
သြော်...သတိရတိုင်း မွမ်းကျပ်လွန်းလှပါလား ဒီဇင်ဘာရယ်။။။။
"ဒီလိုနဲ့ပဲ.......
နေ့ရက်တွေထဲ ချစ်ရက်နဲ့ခွဲသွားတဲ့
ချစ်သူကို.....
လှစ်ပြလို့မရတဲ့ လွမ်းချင်းတွေဖွဲ့ဖွဲ့ပြီး
ငါ့နှလုံးသားလည်းယဲ့ယဲ့ပဲကျန်ရစ်
အချစ်ဆိုတာ
ဒီလိုခါးသက်သက်ပါလားလို့။။။"
*****************************
လေးစားလျက်
အလင်းသစ်
15 comments:
  1. လာဖတ်တယ်ဟေး..
    ဒီနေ့မှ သူ့မှာ စပြီး ဒီဇင်ဘာမယ် လုပ်တယ်..
    ဒီဘလော့ဂါက ဒီဇင်ဘာကို မွန်းကျပ်တယ် လုပ်ပစ်ပြီ..
    ဒီဇင်ဘာလည်း မနေရ.. ဒွတ်ခ ဒွတ်ခ.. :D
    ReplyDelete
  2. အဖြူရောင်နတ်သမီးDecember 1, 2011 at 2:00 AM
    အဝါရောင်နှင်းဆီပွင့်များနှင့်ဒီဇင်ဘာ...
    သစ္စာ ဆိုသည့်မိန်းခလေးနှင့် ဒီဇင်ဘာ...
    မင်းခန့် ဆိုသူ၏ အလွမ်းများနှင့် ဒီဇင်ဘာ....
    ရောက်ခဲ့ပြန်ပြီ ဒီဇင်ဘာဆီ....
    ReplyDelete
  3. ဒီဇင်ဘာက နှင်းတွေနဲ့ အတူ ပိုလွမ်းစေပါတယ်
    ReplyDelete
  4. ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်
    တကယ်ရင်ထဲကိုထိတယ်
    အရေးအသားတွေအရမ်းကောင်းလာတယ်
    ဆွဲဆောင်မှု့ပိုရှိလာတယ်
    ကြားယို ကြားယို (ကြောင်မယိုနဲ့နော်း)
    ReplyDelete
  5. အားပေးလေးစားလျှက်ပါ (လွမ်းပိုင်ရှင်)
    ReplyDelete
  6. အလင်းသစ်ရေ အရေးအသားကတော့ ကောင်းပြီးသားမို့ ဇာတ်လမ်းလေးကို ပဲ ခံစားလိုက်တယ် . . ဒီဇင်ဘာနဲ့ အတူ ဆွေးခဲ့ပါတယ်
    ReplyDelete
  7. ဒီဇင်ဘာရဲ့ ပထမရက်မှာအလွမ်းများနဲ့ ဒီဇင်ဘာက အရာရာတိုင်းကိုပိုပြီးသတိရစေတယ်။
    ReplyDelete
  8. သြော်..ဒီဇင်ဘာ 1 ရက်နေ့မှာမှ ဖတ်မိတယ်...တိုက်တိုက်ဆိုင်ဆိုင်...
    ReplyDelete
  9. အရေးအသားကကောင်းလွန်းလို့ တော်တော် စိတ်မကောင်းဖြစ်သွားတယ်ဗျာ။ ပြန်ရော်ပေးဗျာ အခုဏကြည်နေတဲ့ စိတ်တွေကို။ :P
    ReplyDelete
  10. ဒီဇင်ဘာမျက်ရည်စက်များကို ဒီဇင်ဘာအလွမ်းလေးနဲ့အတူ အားပေးသွားတယ် အလင်းသစ်ရေ။
    Wishing you 'Happy December'
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  11. လုံးလုံးကြီးသတိရ အရမ်းအရမ်းကို
    လွမ်းရတယ် သစ္စာရေ----
    လွမ်းတာကိုတော့ကိုယ်ချင်းစာပေးပါတယ်ကိုယ်တိုင်လဲလွမ်းတတ်လို့ပါ
    အဲဒီ လုံးလုံးကြီး ကဘာတုန်းအမမောင်ရဲ့ လုပ်ပါအုန်းဟယ်
    လန့်သွားတာပဲ---ဘာမှန်းမသ်ညာမှန်းမသိနဲ့
    လုံးလုံးကြီး တဲ့လေ
    ၁၂ လထဲမှာ ဒီဇင်ဘာကိုအချစ်ဆုံးပဲ
    ReplyDelete
  12. အရေးအသားက ကောင်းလွန်းတော့ လွမ်းသွားတယ်ကွာ..
    ခင်လျက်
    Junemoe
    ReplyDelete
  13. ဒီဇင်ဘာရောက်တိုင်း လွမ်းဆွတ်နာကျင်နေရတော့မှာ....။
    ReplyDelete
  14. ကိုလင်းရေ စက်လေး ရွေးပြီးပြီးချင်း အပြေးလိုက်လာတာ..း(
    စိတ်မကောင်းစရာ နဲ့ တန်းထု လွတ်လိုက်တယ်ပေါ့..းp
    .
    ခင်မင်လေးစားလျှက်
    (ဒုတိယ)
    ReplyDelete
  15. ရင်ထဲကိုတိုက်ရိုက်မှန်တယ်..
    ကိုယ်ချစ်တဲ့သူရဲ့ နောက်ဆုံးခရီးကိုတောင် ပို့ ဆောင်ခွင့်မရတာ
    ReplyDelete
စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။