ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, January 16, 2013

=== အလွမ်းခပ်တဲ့ မှတ်စုများ (၂) ===



လွမ်းတယ်....
တရှိုက်မက်မက် ကွန့်မြူးထားရတဲ့
စိတ်ကူးထဲက ပင်လယ်ကို။။

ကိုယ်ကအပြုံးတွေစုတတ်သူ ဆိုကာမှ
သူမမျက်ဝန်းမှာပုလဲတွေ ခဏခဏဥတယ်
လွမ်းလို့တဲ့.....။။

ဟုတ်ပါတယ်... ကိုယ့်ရဲ့
သူမလက်ကိုတွဲလျောက်မယ့် မျှော်လင့်ချက်ကလည်း
မြောက်ပြန်လေပြင်းပြင်းထဲ
အခုထက်ထိကို
ဆောင်းတွင်းကြီးလို အေးခဲနေတုန်းပဲလေ။။

ရင်ဘတ်နှစ်ခုစာ အကွာအဝေးဆိုပေမယ့်
အပူအအေးမမျှတဲ့ ကမ္ဘာထဲ
မျှော်လင့်ခြင်းက နေလိုမှ မသာသေးတော့လဲ
ကိုယ့်တို့အချစ်တွေ အစာမကြေဖြစ်
ရင်ပြည့်နေတဲ့အလွမ်းတွေ တနင့်နင့်နဲ့ပေါ့။။

ချစ်သူနှုတ်ခမ်းပေါ်မှာ အိပ်မက်တည်ဖို့
ကိုယ့်ကောင်းကင်မှာ နက္ခတ်မှမစုံသေးတာ
ဒါကြောင့်များ....
လွမ်းဆွတ်ခြင်းတွေ တဖွဲဖွဲကြွေကျ
ဟော့ဒီညတွေမှာ ဘယ်ကြယ်မှ လှမနေကြလေသလား။။

ကမ္ဘာ့ဆွဲအားသာမရှိရင် 
သူမအနားမှာပျံဝဲ မျှော်လင့်ခြင်းတွေဖြန့်ကျဲပစ်ချင်တယ်
နှစ်ယောက်တစ်အိပ်မက်ထဲမှာ
ပျောက်သွားတဲ့ ကိုယ့်နံရိုးလို သူမကိုပဲမြတ်နိုးချင်လို့။။

ခလုပ်၊ကန်သင်းများတဲ့ ဘဝဆိုတော့လဲ
ချစ်သူနဖူးပေါ် စိတ်ကူးနဲ့ လေပြေဖြတ်သန်းရတာ
ရင်မောတယ်
တကယ်တမ်းကျတော့...
သူမနှုတ်ခမ်းမှာ ကိုယ့်အတွက် နေတစ်ခါမှမထွက်ဖူးသေးဘူးလေ။။





လေးစားလျက်
အလင်းသစ်  (၁၆.၁.၂၀၁၂)

11 comments:

  1. ဟား...တကယ်တော်တဲ့ အလင်းပဲ..
    စကားလုံးတွေရော အသုံးအနှုန်းရော ရေးဖွဲ့ထားပုံပါ အရမ်းခိုက်တယ်.
    တပုဒ်ဆို ဆိုသလောက်လောက် ကောင်းလိုက်ပါဘိ အလင်းရယ်..
    ခုတော့ အလင်းပြောတာကို မိုးနတ်သဘောပေါက်ပါပြီ
    ကဗျာဆိုတာက ရင်ဘတ်ထဲက စကားလုံးတွေ ထွက်ကျမလာသရွေ့
    ဆိုတဲ့ အဓိပ္ပါယ်ကိုလေ...right ပါအလင်းရေ..
    ကဗျာလေးကို အလင်းခွင့်ပြုပြုမပြုပြု မိုးနတ်စိတ်ရှိသလောက်ကို
    ဖတ်ခဲ့တယ်...အရမ်းကြိုက်လို့ပါဟယ်....:)
    ခင်တဲ့....မိုးနတ်

    ReplyDelete
  2. ကြေကွဲစရာလေးပါလား အလင်းရယ်
    အလွမ်းတွေ ပြည့်နေသူမို့
    မျက်ရည်များတောင် ၀ဲမိပါတယ်

    ReplyDelete
  3. စကားလုံးအားကောင်းမှုတွေနဲ့

    လှပနေတဲ့ ကဗျာလေးကို

    မျှဝေခံစားခဲ့ပါတယ် ညီ ။

    ReplyDelete
  4. ခလုပ်၊ကန်သင်းများတဲ့ ဘဝဆိုတော့လဲ
    ချစ်သူနဖူးပေါ် စိတ်ကူးနဲ့ လေပြေဖြတ်သန်းရတာ
    ရင်မောတယ် အလင်းရေ ကဗျာလေးခံစားသွာ၏

    ReplyDelete
  5. လှလိုက်တဲ့အရေး
    တခါတလေသံသယောင်ဝင်တယ်
    ..............မှဟုတ်ရဲ့လားလို့
    ကဗျာဆရာဘဲလုပ်ပါတော့ငါ့မောင်ရယ်း)

    ReplyDelete
  6. ခေါင်းစဉ်လေးရွေးတာလှပါ့ အလင်းသစ်ရေ။
    နှလုံးသားနုနုလေးနဲ့ဖွဲ့ဆိုထားတဲ့ အလွမ်းခပ်တဲ့မှတ်စု
    ကဗျာလေးတွေအားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ခံစားချက်ကို စီချယ်တဲ့နေရာမှာ..
    အရမ်းမိုက်တယ်..
    စကားလုံးတွေ ရွေးထားတာ လန်ထွက်နေတာပဲ..။

    ReplyDelete
  8. အလွမ်းခပ်တဲ့မှတ်စုသုံးခုမှာ . . ဒီတစ်ခုခပ်တာ အကြိုက်ဆုံးပါပဲ :)
    အလွမ်း . . အလွမ်းးး . . အလွမ်းက အလန်းကြီးရှိသေးတယ် :)

်မိငြိဏ်းခက်

    ReplyDelete
  9. အကူအညီလေးတောင်းချင်လိုပါ ဒီsite လေးဝင်ကြည့်ပေးပါလားmmmaungthu.blogspot.com

    ReplyDelete
  10. မပြောင်းလဲတဲ့
    ဖြစ်ပျက်တွေက မြန်နေလား
    ငါ့ကဘဲ သတိမထားမိတာလား
    ညင်းသက်သက် သက်ပြင်းအကြိမ်ကြိမ်
    အနက်ရောင်စိတ်ကူးတွေ
    ရုတ်တရက်အငွေ့ပျံလို့
    ကိုယ်မှာတော့
    မပြောင်းလဲတဲ့ အနာဟောင်း
    မပြောင်းလဲတဲ့ အနမ်း
    မပြောင်းလဲတဲ့ လမ်းကလေး
    မပြောင်းလဲတဲ့ သစ်ပင်အို
    မပြောင်းလဲတဲ့ … မပြောင်းလဲ့တဲ့
    အလွမ်းတွေနဲ့ပေါ့ကွယ်…
    အချစ်ရယ်
    ဘာရယ်မဟုတ်ဘဲ
    အိမ်ပြင်ဘက်မှာ သစ်ရွက်တွေတောင်ကြွေလို့

    ကျွန်တော်ကဗျာလေး ဖတ်ပေးပါလား

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။