ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Tuesday, March 5, 2013

လွန်



ဘဝကိုက ရင်ခွင်ပိုက်အရွယ်ဆိုတော့လည်း
အတည်တကျဖြစ်မှုတွေက ဖရိုဖရဲ
ဒါကြောင့်ပဲနဲ့ တူပါရဲ့...
အလွမ်းရင့်ရင့်တွေ တဖွဲဖွဲရွာချလာတိုင်း
မျှော်လင့်ခြင်းမှာ ဖျက်ပိုးဝင်တယ်။။


ဟိုတုန်းကလိုပါပဲ
အရာရာဟာ အစီစဉ်တကျနဲ့လွဲမှား
အံချော်သွားတဲ့ကိုယ်ကပဲ ပြောင်းပြန်စီးတဲ့မြစ်လို
ဟုတ်တယ်... တကယ်ဆို
နိမ့်ရာကနေ မြင့်ရာကို မစီးချင်ခဲ့သင့်ဘူး။။

အခုတော့ ....
အော့မရ အန်မရ တမ်းတခြင်းတွေကြားကပဲ
ရင်ဘတ်နဲ့ ဦးခေါင်းရဲ့ ဝိဝါဒမှာ
သံယောဇဉ်တွေ
အဆီတဝင်းဝင်း ၊ သဲတရှပ်ရှပ်ဖြစ်ခဲ့ကြရ။။

တကယ်တော့...ကိုယ်က
အချစ်တွေ မြိုချမိလို့
အလွမ်းဆိပ် သင့်နေတဲ့ကောင်
သူမရဲ့.... လရောင်လို အပြုံးတစ်ချက်နဲ့တင်
အဆုံးသတ်ထိ ဖူးပွင့်ပစ်လိုက်ချင်တဲ့
ခပ်မိုက်မိုက် ဧဒင်တစ်ခုပေါ့။။

ဟိုးအဝေးက သူမရေ.... 
တဲအိုပျက်ရဲ့ ကြယ်စုံညတွေ
ရွှေနန်းထက်က မနက်ခင်းတွေနဲ့
ဟော့ဒီ ဘဝရဲ့ရင်ခွင်မှာ ...
ကိုယ့်နံရိုးကိုယ် တဲအိုပျက်မှာ စိုက်ရအောင်ထိတော့လည်း
ကိုယ့်ချစ်ခြင်းတွေ မမှောင်မိုက်ချင်ဘူးကွယ့်။။

ဒီတော့လည်း...
လွမ်းနှင့်လေဦးပေါ့ကွယ်
ရည်ရွယ်ခြင်းတွေ၊  ခိုင်မာတဲ့တစ်နေ့မှ
လောကဓံရဲ့ အရှေ့မှာ
ကိုယ်တို့အချစ်တွေ တယုတယထုပ်ပိုးကြရုံပေါ့။။။




လေးစားလျက်
အလင်းသစ် (၅.၃.၂၀၁၃ - အင်္ဂါ )

6 comments:

  1. ဟိုးအဝေးက သူမရေ....
    တဲအိုပျက်ရဲ့ ကြယ်စုံညတွေ
    ရွှေနန်းထက်က မနက်ခင်းတွေနဲ့
    ဟော့ဒီ ဘဝရဲ့ရင်ခွင်မှာ ...
    ကိုယ့်နံရိုးကိုယ် တဲအိုပျက်မှာ စိုက်ရအောင်ထိတော့လည်း
    ကိုယ့်ချစ်ခြင်းတွေ မမှောင်မိုက်ချင်ဘူးကွယ့်.....

    အဲ့နားလေးတော်တော်လှတယ်....:)
    အလင်းကဗျာတွေကို ဖတ်တိုင်း မကြိုက်မိတာ
    တစ်ပုဒ်မှကို မရှိဘူးးးးးးးးးးး
    ကဗျာကောင်းလေးတွေအတွက် အမြဲ
    ကျေးဇူးကုဋေကုဋာပါ အလင်းရေ ....:)
    ဆက်လက်ထုဆစ်နိုင်ပါစေ...
    ခင်တဲ့....မိုးနတ်

    ReplyDelete
  2. ရေးလိုက်တဲ့ ကဗျာတိုင်း ကောင်းနေတာပဲနော်..
    နှစ်ခိုက်စွာ အားပေးခဲ့ပါတယ်ဂျာ.

    ReplyDelete
  3. Super Liked!! Always love your poem :D

    ReplyDelete
  4. အခုတော့ ....
    အော့မရ အန်မရ တမ်းတခြင်းတွေကြားကပဲ
    ရင်ဘတ်နဲ့ ဦးခေါင်းရဲ့ ဝိဝါဒမှာ
    သံယောဇဉ်တွေ
    အဆီတဝင်းဝင်း ၊ သဲတရှပ်ရှပ်ဖြစ်ခဲ့ကြရ။။

    အင်း.. ဒီတစ်ပိုဒ် အတော်လေးသဘောကျမိတယ်.. :)

    ReplyDelete
  5. ကဗျာလေးတွေ အားလုံးကောင်းတယ် အလင်းသစ်ရေ...
    အားကျလို့လည်း ပါရမီရှင်တွေရဲ့ ခြေလှမ်းအရိပ်ကိုမရမကလိုက်နင်းနေတာ မှီလိုမှီငြား။
    (အရိပ်ပဲရှိသေးတာနော်... အစစ်ကိုမှီဘို့ဆိုတာတော့ မလွယ်လို့လေ :P)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. “လွမ်းနှင့်လေဦးပေါ့ကွယ်
    ရည်ရွယ်ခြင်းတွေ၊ ခိုင်မာတဲ့တစ်နေ့မှ
    လောကဓံရဲ့ အရှေ့မှာ
    ကိုယ်တို့အချစ်တွေ တယုတယထုပ်ပိုးကြရုံပေါ့။။။” ... သူမတော့ ဒီကဗျာစာကြောင်းလေးကြည့်ပြီး မျှော်လင့်ခြင်းတွေထုပ်ပိုးလို့ စောင့်မျှော်နေတော့မှာပဲ ... :)

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။