ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, April 1, 2013

"ရောင်နီလာချိန်"



နေတစ်စင်းရဲ့ ဒိုင်ယာရီဟာ
ညနေခင်းဆီမှာ အဆုံးသတ်ရတယ်တဲ့
ဖုတ်ဖတ်ခါပြီး ပြန်ရုံအတွက်ဆို
အာသီသတွေကို ရေမဆေးချင်တော့ဘူး
ဘဝကိုက ပိုးစုန်းကြူးဆန်လွန်းတယ်။။

ချစ်သူကို တင်စားဖို့ဆို
စကားလုံးတောင် မွဲတဲ့ကောင်
ဒါကြောင့်ပဲ ...
အဖြူအမည်းဘာသာနဲ့ အရောင်မဲ့ကမ္ဘာမှာ
ကိုယ့်အိပ်မက်တွေ ကာလာမပါခဲ့ဖူးဘူး။။

ကိုယ်ကလည်း တကယ့်ဂယောင်ပါ
လောင်စာကုန်သွားမှ ရပ်မယ့်ရထားတစ်စင်း
ဟော့ဒီ ... စပ်ဖျင်းဖျင်းခံစားမှုဟာ
သေရာပါမယ့်ဒဏ်ရာဆိုရင်
ဒီညမှာ မြူတွေမဆိုင်းစေချင်တော့ပါဘူးကွယ်။။

အရိုင်းအစိုင်းတွေများတဲ့ ပင်လယ်မို့
မာနနဲ့ပေးဝယ်ရတဲ့အပျော်တွေ လှိုင်းလိုထ
တကယ်တမ်းကျ ...
ပေးဆပ်ခြင်းနဲ့ ရွက်လွှင့်တဲ့လှေပေါ်ကိုမှ
တစ္ဆေဆိုးတွေ ခိုးခိုးတက်ကြတယ်
သူတို့ကိုယ်သူတို့ အတ္တလို့ ခေါ်ရမတဲ့။။

ထုပ်ရုံ ပိုးရုံအတွက်ပဲဆိုရင်
ဒီဘဝကို အရောင်မလက်စေချင်တော့ပါဘူး
တစ်ခါတစ်ခါ
သည်းခံခြင်းကို ဖိနပ်လို စီးရတာ 
ရင်ဘတ်တွေတောင် တစစ်စစ်နာတယ်
မိုးမရွာဖို့ တားရုံနဲ့တော့
ပင်လယ်ကို တုန်လှုပ်စေမှာ မဟုတ်ပါဘူးလေ။။

ကိုယ့်သိင်္ဂါရကို ကိုယ်ရှာဖွေတာပဲကွယ်
မျက်ရည်နဲ့သာ လဲရမယ်ဆို
မနက်ဖြန်ဆီကို ခဏရွှေ့ထားကြတာပေါ့
လာဟေ့ ... အချစ်ရေ 
ဒီနေ့ ကိုယ်တို့ကမ္ဘာမှာ နေသာနေတယ်။။




လေးစားလျက်
အလင်းသစ် (၁.၄.၂၀၁၃ _ တနင်္လာ)

6 comments:

  1. “သည်းခံခြင်းကို ဖိနပ်လို စီးရတာ
    ရင်ဘတ်တွေတောင် တစစ်စစ်နာတယ်
    မိုးမရွာဖို့ တားရုံနဲ့တော့
    ပင်လယ်ကို တုန်လှုပ်စေမှာ မဟုတ်ပါဘူးလေ။။” ... သည်းခံခြင်းကို ဖိနပ်လိုစီးရတာ အတော်တောင်ပါးနေပေါ့ အစ်ကိုရေ ... :)

    ReplyDelete
  2. တစ်ခါတစ်ခါ
    သည်းခံခြင်းကို ဖိနပ်လို စီးရတာ
    ရင်ဘတ်တွေတောင် တစစ်စစ်နာတယ်
    နာလွန်းလို့ တစ်ခါတစ်လေ သည်းခံချင်တော့ဘူးကွယ်.. :((
    ကဗျာကောင်းလေးတစ်ပုဒ်ကို ရင်ဘတ်စစ်စစ်ကြီးနဲ့
    အားပေးဖတ်ရှုသွားပါတယ် ဦးဦးအလင်းသစ်

    ReplyDelete
  3. ကဗျာလေး မိုက်တယ် .. မျှဝေခံစားသွားပါတယ် အလင်းသစ်။ လင့်ချိတ်ဖို့လည်း ယူသွားပါတယ်နော် .:)

    ReplyDelete
  4. ကဗျာလေး လန်းတယ် ညီ။

    ဆက်လက်ရွေ့ပစ်လိုက် ညီ။

    ReplyDelete
  5. အရမ်မိုက် တယ် အကို ကဗျာတွေ .....

    ReplyDelete
  6. အားလုံးကိုကြိုက်တယ်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။