ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, May 24, 2014

" စာမျက်နှာ ၂၉ "



ပြေလျော့လာတဲ့ စိတ်အစဉ်ဟာ
ထင်ရာစိုင်းဖို့ဆို မြင်းရိုင်းတစ်ကောင်လိုပဲ
စစ်ကိုင်းရောက်ရောက် ပဲခူးရောက်ရောက်နဲ့
တစ်ခါတလေမှ ရေးထိုးဖြစ်တဲ့ ဒိုင်ယာရီထဲ
ခြေစုံမြှောက်ပြီး ကကြိုးသီတယ်။

တကယ်တော့လည်း...
နာကျင်မှုနဲ့ယှက်ထိုးထားတဲ့ နတ်ဆိုးတစ်ပါးပါပဲ
လူတွေဖတ်ဖို့ရေးတဲ့ သမိုင်းမဟုတ်တော့
ကိုယ့်မှာ ရိုင်းတာတွေသိပ်များတယ်။

လက်ရှိဘဝကိုအရောင်တင်ဖို့ အိပ်မက်ထဲဝင်ခဲ့တာ
ညတွေ ဘယ်နှစ်နှစ်ပေါက်ခဲ့ပြီလဲ
အခုထိတော့ ... ကိုယ့်မှာ ...
မျှော်လင့်ချက်ကြီးလွယ်ပြီး ငယ်ငယ်ကလို
သစ်သားမြင်းကြီး
ဒက်ဂလောက် ဒက်ဂလောက်နဲ့ စီးနေမိတုန်းပဲ။

အခြေအနေတိုင်းကို ပြုံးနေဖို့ဆိုတာအထိ
ကိုယ့်မှာလည်း ပါရမီမှမရှိပဲကွယ်
အဆိုးလောကဓံကိုပဲ ချန်ချန်ထားတတ်တဲ့
အဲဒီကံကြမ္မာကြီးကို မုန်းတယ်။

စကားလုံးတွေနဲ့ပိနေတဲ့ တာဝန်ရှိမှုတွေအကြောင်း
အသင်အပြကောင်းတဲ့ဆရာနဲ့ သင်ချင်တယ်
ပြီးတော့မှ ...
ကိုယ့်ကိုကိုယ်ပီပီပြင်ပြင်မြင်ရတဲ့ မှန်တစ်ချပ်ကိုသယ်
မနက်ဖြန်တွေကို သေသေချာချာလိုက်ဝယ်မယ်။

တကယ်စိတ်ကူးတာကတော့ ...
လွယ်လွယ်မရတဲ့ သင်ခန်းစာတွေအကြောင်း
စာလုံးပေါင်းညီညီနဲ့ ရေးထည့်ချင်တာပါ
ဒါပေမယ့် ...
လက်ရေးလှလှနဲ့ မရေးဖြစ်ခဲ့တဲ့သမိုင်းဆိုတော့
လူတွေဖတ်ဖို့ရာ ရိုင်းနေလိမ့်ဦးမှာပါပဲ။






မောင်စိုးမင်း
24 MAY 2014 (SATURDAY)

1 comment:

  1. တကယ်စိတ်ကူးတာကတော့ ...
    လွယ်လွယ်မရတဲ့ သင်ခန်းစာတွေအကြောင်း
    စာလုံးပေါင်းညီညီနဲ့ ရေးထည့်ချင်တာပါ

    ကဗျာလေး အားပေးသွားတယ် အလင်း

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။