ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, February 25, 2011

ချစ်ခြင်းဟုဆိုရာဝယ်


မီးပန်းများ၊မီးလုံးများထိန်ထိန်ညီးနေသောခန်းမတစ်ခု၊ အတွင်းပိုင်းမှာလည်း
ခမ်းနားထည်ဝါစွာ ပြင်ဆင်နေရာချထားသော စင်မြင့်တစ်ခုနဲ့စားပွဲဝိုင်း
များ၊ ညာဘက်ခြမ်းမှာတော့ အပျော်တမ်းတီးဝိုင်းလေးတစ်ခုကနေရာ
ယူထားသည်။။။သူရောက်လာချိန်မှာ ပြင်ဆင်ပြီးပြီမို့ လူသံသူသံတွေ
လည်းတိတ်ဆိတ်ငြိမ်သက်လို့။။။တစ်ခုမှ တစ်ခုဆီသို့အကြည့်တွေရွေ့
လျားနေရင်းမှ စင်မြင့်ဆီသို့အကြည့်အရောက်မှာတော့ သူ့ရင်ထဲမှာ
ကျဉ်ခနဲ နင့်သွားသလို၊ မျက်လုံးများလည်းဝေဝါးသွားခဲ့ရသည်။။။သြော်
မနက်ဖြန်ဆို ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲနဲ့ နင်ငါ့ကိုခွဲသွားတော့မှာပါလား
ခရေရယ်။။။စင်မြင့်ပေါ်က ရွှေရောင်နာမည်စာလုံးတွေကို မသဲမကွဲတဲ့
အငိုမျက်ဝန်းတွေနဲ့ငေးကြည့်နေရင်း။။။။။။။





 အပိုင်း(၁)


"ဟာ..ချစ်စရာကောင်းလိုက်တာ။။ချစ်စရာကြီးပဲ။။။"
အသံနဲ့အတူ ၅ နှစ်ကျော်အရွယ်ကောင်လေးက သူ့ထက်တစ်နှစ်ခန့်ကြီး
သော ကောင်မလေးကို ပြေးဖက်ပွေ့လိုက်လေသည်။။။ရုတ်တရက်မို့ မှင်သက်
မိသလိုဖြစ်နေသော သူမလေးကတော့ ကြောင်စီစီကလေးပြန်ကြည့်လို့။။။
"ဟေ့ကောင်..ငမင်း အဲဒါသားဖွားဆရာမကြီးသမီး..လွှတ်ပေးလိုက်မင်း
ရိုက်ခံရလိမ့်မယ်"
စိုးရိမ်တကြီးလှမ်းပြောလိုက်သော ရွယ်တူကောင်လေးအသံကြောင့် မင်းခန့်
အလန့်တကြားလွှတ်ပေးလိုက်မိသည်။။။သူတို့ရွာဖက်မှာကတော့ သားဖွား
ဆရာမသည်လည်း သြဇာရှိသော ရပ်မိ၊ရပ်ဖပဲလေ။။။ကလေးဆိုတော့လည်း
ကြောက်မိတာပေါ့။။။ကောင်မလေးကတော့ သူတို့ရှေ့မှ ထွက်ပြေးပျောက်ကွယ်
သွားပါပြီ။။။မင်းခန့်မျက်လုံးထဲတွင်မတော့ နဖူးပြောင်ပြောင်လေးထက်မှ ခွေလိပ်
နေသောဆံနွယ်ကောက်ကောက်လေးများနှင့် အရုပ်လေးပမာလှပနေသော ထို
ကောင်မလေးကိုမြင်ယောင်နေသလိုလို။။။
"ဖိုးအောင်..မင်းသူနဲ့သိလားဟ။။"
"အေး..သိတယ်လေ။။အဲဒါသားဖွားဆရာမကြီးနဲ့ဟိုဘက်ရွာကျောင်းက
ကျောင်းအုပ်ဆရာကြီးရဲ့သမီးလေး။။သူ့နာမည်က ခရေဖြူ တဲ့။။"
"သူသရက်သီးလာကောက်တာနဲ့တူတယ်နော်။။ငါ့ကြောင့်ထွက်ပြေးသွားပြီ။။
နောက်နေ့မှ ငါသူ့တွက်သရက်သီးကောက်ပေးထားဦးမယ်။။"
မင်းခန့်ရဲ့စကားကို လောက်လေးခွကို တင်းတင်းဆွဲကာ ပစ်လွှတ်လိုက်ရင်း  အင်း
ဟုအောင်အောင်ကဖြေသည်။။။ကလေးတို့သဘာဝ လွယ်အိတ်ကိုယ်စီဖြင့် သရက်
သီးကင်းများကောက်ကာ နို့ဆီဗူးဖြင့်ချင်တွယ်ပြီး ပြန်ရောင်းကာမုန့်ဖိုးရှာနေကြ
တာလေ။။
"ခရေဖြူလေးက ချစ်စရာလေးနော် ဖိုးအောင်"
အောင်အောင်ကတော့ သူ့လောက်လေးခွဖြင့်ကြုံရာကိုပစ်နေရရင်ပျော်နေတတ်
သူပီပီ အင်းဟုသာ ပြန်ဖြေသည်။။။မင်းခန့်ကတော့ ခရေဖြူဟုခေါ်သော သူမလေး
ကိုမှတ်မှတ်ရရဖြစ်နေတာလေ။။။ကလေးတို့သဘာဝမို့ ထိုစဉ်ကတော့ သူ၏
အချစ်သည် ပီဘိကလေးချစ်၊ဖြစ်စင်လွန်းသောအချစ်သာဖြစ်ခဲ့လေ၏။။။ဒီလိုနဲ့
သူကရွာ အနောက်ပိုင်းမှာနေတာမို့ ရွာကမူလတန်းကျောင်းမှာပဲကျောင်းတက်
ခဲ့ပြီး၊အောင်အောင်ကတော့ ရွာအရှေ့ပိုင်းနှင့်နီးသော ခရေဖြူ့အဖေကျောင်းအုပ်
လုပ်နေသောမူလတန်းကျောင်းမှာကျောင်းတက်ခဲ့ကြလေသည်။။။ကလေးတို့
ဘာသာဘာဝအဖော်အပေါင်းများနဲ့ပျော်နေကြလေတော့ ခရေဖြူကိုလည်းမှတ်
မှတ်ရရသိပ်မရှိလှတော့။။။ဒီလိုနှင့်ပင် သူနဲ့အောင်အောင် လေးတန်းအောင်ပြီး
အထက်တန်းကျောင်းသို့ပြောင်းတက်ခဲ့ရတော့သည်။။။



အပိုင်း(၂)


"မောင်လေးရေ..မင်းခန့်ကျောင်းသွားမယ်လေ။။လာတော့။။"
အိမ်ရှေ့မှ သူ့အမဝမ်းကွဲ မမသီတာ၏ အော်ခေါ်သံကြောင့် အလည်တန်းကျောင်း
သားပထမဆုံးနေ့အဖြစ်မင်းခန့်ကျောင်းဝတ်စုံကိုကော့နေအောင်ဝတ်ပြီးထွက်
လာခဲ့သည်။။။အိမ်ရှေ့မှာတော့ မမသီတာနှင့် သူ့သူငယ်ချင်း ၂ ယောက်စောင့်နေ
၏။။။ တိုက်ဆိုင်စွာပင် မမသီတာနှင့်ခရေဖြူတို့က တစ်ခန်းတည်းအတူတက်ရင်း
သူငယ်ချင်းတွေဖြစ်နေကြတာလေ။။။
"မောင်လေး..ဒါမမသူငယ်ချင်းတွေ သူက ခရေဖြူတဲ့၊သူက ဝေဝေလွင်၊
ဟဲ့ ..ဒါငါ့မောင်လေးလေ မျောက်မူးလဲလေးပေါ့။။မင်းခန့်တဲ့။။။"
"အမယ်..သီတာ့မောင်လေးက အချောလေးတော့."
ခရေဖြူကတော့ သူ့ကိုမှတ်မိပုံမပေါ်။။။ရယ်မောနောက်ပြောင်နေလိုက်သေး၏။။။
မင်းခန့်ရှက်ပြီးခေါင်းငုံ့ကာ သူတို့နောက်မှကုတ်ကုတ်နှင့်လိုက်သွားလိုက်သည်။။။
ကျောင်းရောက်တော့ ကျောင်းခန်းထဲမှာအောင်အောင်ကရောက်နှင့်နေပြီ။။။သူတို့
အိမ်မှ လိုက်ပို့ပေးတာဖြစ်လိမ့်မည်။။။အောင့်အောင့်အဖေနဲ့အမေက ငွေကြေး
အသင့်အတင့်ချမ်းသာကြသူများဖြစ်ကြသဖြင့် သားသမီးများကိုဂရုစိုက်ဖော်ရကြ
၏။။။မင်းခန့်တို့ကတော့ ခြံပိုင် လယ်ပိုင်ရှိပေမယ့် အဖေနဲ့အမေက ကိုယ်တိုင်လုပ်
နေကြတာမို့ သူ့ကိုဂရုမစိုက်အားနိုင်ကြပေ။။။နောက်နေ့ကျရင် ကျောင်းအတူသွား
ရန်အောင်အောင့်ကိုပြောပြီး၊ အောင်အောင်နှင့်သာသွားဖြစ်ခဲ့တော့သည်။။။
မမသီတာတို့နှင့်ကတော့ကျောင်းရောက်မှတွေ့ဖြစ်တော့၏။။။မမတို့ကစာတော်
သူများဖြစ်၍ ဆရာ၊ဆရာမ များကချစ်ကြသည်။။။သူတို့ နောက်တစ်တန်းတက်
သွားသည်နှင့်နောက်နှစ်ဆက်တက်လာမည့် မင်းခန့်ကို အပ်ပေးခဲ့သဖြင့် ကျောင်း
မှာလည်းအခက်အခဲမရှိလှ။။။သူကျောင်းနေပျော်ခဲ့သလို၊စာလည်းအသင့်အတင့်
တော်ခဲ့သည်။။။ကျောင်းတက်နေစဉ်နေ့ရက်များမှာလည်း အားလပ်ချိန်တိုင်းမမတို့
အတန်းသို့သွားပြီး ခရေဖြူ့ကိုငေးကြည့်နေတတ်တာသည် မင်းခန့်၏အစဉ်လာ
လိုဖြစ်လာခဲ့လေပြီ။။။သို့ဖြင့် သူတို့ အထက်တန်းကျောင်းသားများဖြစ်လာခဲ့လေ
တော့သည်။။။သူ့ရင်ထဲမှ ခရေဖြူ့အပေါ်ချစ်သော အချစ်သည်လည်းအရောင်
သဲ့သဲ့ဆိုးနေလေပြီဆိုတာ ကိုယ့်ဘာသာသတိထားမိနေလေပြီ။။။သို့သော်လည်း
တိတိကျကျတော့ဖြင့် မင်းခန့်အတတ်မသိ၊မရေ မရာဖြစ်နေလေ၏။။။



အပိုင်း(၃)


"အကြီးရေ့...ကြီးမေ..အီးဟီးဟီး.."
"ဟဲ့ ..သမီးလေး ခရေဖြူ ..ဘာဖြစ်လို့လည်းသမီးရဲ့ ကြီးမေကိုပြောစမ်း၊
ဟိုကောင် မင်းခန့်ဘာတွေစလိုက်ပြန်ပြီလည်း။။ဟိုကောင်လေး နင်ဒီကိုလာခဲ့
စမ်း။။"
ငိုပြီးဝင်လာသော ခရေဖြူကို အမေက စိုးရိမ်တကြီးဖက်တွယ်ထားရင်း သူ့ကို
လှမ်းအော်ခေါ်လိုက်သည်။။။ခရေဖြူကတော့ အမေ့ရင်ခွင်မှာ ရှိုက်ငင်ငိုကြွေးနေ
လျက်။။။မင်းခန့်ဘောလုံးကန်ပြီးဗိုက်ဆာတာနှင့်ရေမချိုးသေးပဲပြန်ရောက်ရောက်
ချင်းမီးဖိုချောင်ဝင်ထမင်းစားနေရာမှထွက်လာခဲ့သည်။။။အမေ့ရင်ခွင်ထဲမှာ
ရှိုက်ငင်နေရင်းတတွတ်တွတ်တိုင်ကြားနေသောခရေဖြူ၏မျက်နှာလေးကိုကြည့်ရင်း
သူ့ရင်ထဲမှာ မချင့်မရဲနှင့် ပိုင်ဆိုင်ချင်စိတ်များတဖွားဖွားဖြစ်လာသလိုခံစားရ၏။။။
အမေကတော့ ထုံးစံကိုနားလည်စွာ သူ့နားရွက်ကိုလိမ်ဆွဲ၍ နောက်မစတော့ပါဘူးဟုကတိပေးခိုင်းပြီး ကျေနပ်သည်ထိချော့ရန်ပြောကာ မီးဖိုချောင်ထဲပြန်ဝင်သွားသည်။။
"ကဲ ..မယ်ခရေ..ပြော ငါဘာလုပ်လို့လည်း"
ခရေ့ဘေးနားဝင်ထိုင်ရင်း သူပြောလိုက်တော့ မျက်စောင်းတစ်ခုကဒိုင်းခနဲရောက်
လာသည်။။။ပြီးတော့ နှုတ်ခမ်းကိုဆူပြီး
"မနေ့က ငါရယ် ဝေဝေလွင်ရယ်၊ အောင်အောင်ရယ် ရုပ်ရှင်သွားကြည့်တာကို
နင်တို့မောင်နှမက ဘာလို့စတာလဲ။။။ငါမကျေနပ်ဘူး။။။"
မနေ့က သူတို့ ၃ ယောက် ရုပ်ရှင်သွားကြည့်တာကို မမသီတာက" ခရေနဲ့ ဝေဝေ
တို့ကတော့ အောင့်အောင့်ကို ဝိုင်းလုနေကြပြီနော်။။ငါ့မောင်လေးတော့ကျန်ရစ်
ဖြစ်တော့မယ်ဟေ့"ဟု စနေတာကို သူကလည်း အလိုက်အထိုက်ပြန်စမိတာကို
မကျေနပ်နေခြင်းဖြစ်သည်။။။မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ဘာကိုဝမ်းနည်း
နေမှန်းမသိသော သူမလေးကို မင်းခန့် အရမ်းကိုချစ်မိသွားတာ သေချာလေပြီ။။။
"နင်ကလည်းဟာ စတာပဲကို သိရဲ့သားနဲ့ဘာလို့ငိုနေရတာလဲ"
"မစနဲ့ဟာ..နင်တို့ကပါအဲလိုစနေရင် အကုန်လုံးက လိုက်စတော့မှာပေါ့။။။
ယောင်္ကျားကြီးဖြစ်ပြီး ပဲများတဲ့ နင့်သူငယ်ချင်းကို အမြင်ကတ်တယ်။။။"
အောင်အောင့်ပေါ်မှာ ခရေ့စိတ်တွေယိုင်နေတယ်ဆိုတာ သိနေကြသူများက
စချင်နေကြတာမို့ သူငယ်ချင်းအရင်းကြီးများဖြစ်သော သူတို့မှ မစရန် ဝမ်းနည်း
တကြီးပြောနေတာကို မင်းခန့် ငေးကြည့်နေပြီးမှ ချော့ရန်သတိရကာ သက်ပြင်းကို
ချရင်း တဖွဖွချော့မော့နေမိတော့သည်။။။





အပိုင်း(၄)



"ဟေ့ကောင် ဖိုးအောင်...ခရေ မင်းကိုချစ်နေတယ်ဆိုတာသိသာတယ်နော်။။။သူက
မိန်းကလေးလေကွာ။။။မင်းက ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ။။။"
"ငါမှ မချစ်တာ ငမင်းရာ။။။အမေတို့ကလည်းသူ့ကိုသဘောမကျဘူးကွ။။။"
သူငယ်ချင်း ၂ ယောက် ကျောင်းပိတ်ရက်မို့ ရွာထိပ်မှ ချောင်းကူးတံတားသို့သွား
ကာငါးမျှားရင်း စကားပြောဖြစ်ကြတာပါ။။။အောင်အောင့်အမေကရှေးရိုးဆန်သူမို့
ခေတ်ဆန်သော ခရေတို့ကို မျက်စိစပါးမွှေးဆူးနေတာလေ။။။အောင်အောင်က
တော့သူ့ဘာသာလွတ်လွတ်လပ်လပ်နေရင်း လူငယ်သဘာဝအပျော်အပါးဘက်
စိတ်အာရုံထားသူဖြစ်သည်။။။
"မင်း ..ခရေ့ကို နည်းနည်းလေးမှ မချစ်ဘူးလားဖိုးအောင်။။"
"ငမင်းရာ..သူများမေ့ရင်မေ့နေမယ်။။။ငါတို့ငယ်ငယ်တုန်းက မင်း..ခရေ့ကို
ချစ်တယ်ဆိုပြီးပြေးဖက်တာငါမှတ်မိသေးတယ်။။။ကျောင်းမှာလည်းအားတိုင်း
သူတို့အတန်းသွားပြီးငေးနေတာ ခရေ့ကိုမင်းချစ်နေတာမဟုတ်ဘူးလား။။။"
"ဒါကတော့ကွာ.."
"ဒါကတော့ကွာမလုပ်နဲ့ ငမင်း။။ ငါ့အတွက် ကောင်းကင်အကျယ်ကြီးပါကွာ။။။
ငါကြိုက်တဲ့နေရာမှာနားမယ်။။။ဒါမယ့် ငါ့သူငယ်ချင်းချစ်နေတဲ့သူကို ချစ်ရအောင်
ထိတော့ ငါ့ကောင်းကင်ကို မင်းမချုံ့ပစ်နဲ့။။။ခရေ့ကို အပေါ်ယံကြည့်ရင်ငါ
ချစ်တယ်၊ဒါမယ့် မင်းလိုရင်ထဲကထိတော့ နက်နက်ရှိုင်းရှိုင်းမချစ်ဘူး။။။"
အောင်အောင့်စကားများကို အဝေးတစ်နေရာဆီငေးကြည့်နားထောင်နေရင်းမှ မင်းခန့်ကမဟုတ်တာကွာ၊ငါက ခရေ့ကို သူငယ်ချင်းလိုပဲချစ်တာပါဟု တိုးတိုးလေးပြောလိုက်မိသည်။။ငါသိပါတယ် ငမင်းရာ မင်းစကားမရှည်နဲ့တော့
ဟု စကားစဖြတ်ကာ အောင်အောင်က ငါးမျှားခြင်းမှာအာရုံစိုက်ထားလိုက်တော့
မင်းခန့်လည်းပါးစပ်ပိတ်သွားရတော့သည်။။။



အပိုင်း(၅)


"မောင်လေး..နင်ဘာလုပ်နေလဲ..ခရေကသူများနောက်ပါတော့မယ်နော်။။။"
မမသီတာရဲ့အားမလိုအားမရ အသံကြောင့်မင်းခန့်အသာငဲ့ကြည့်လိုက်သည်။။။
မောင်နှမချင်းမို့ သူ့ရင်ထဲကို မမသီတာသိနေတာကိုတော့ သူမအံ့သြမိ။။။
"အမရာ ..ခရေက အောင်အောင့်ကိုချစ်နေတယ်ဆိုတာ ငါသိနေတယ်ဟ။။။ငါ
ပြောလိုက်ရင်လည်း သူငါ့ကိုပြန်ချစ်မှာမဟုတ်ပါဘူးဟာ။။။ အဖြေသိနေရဲ့နဲ့
သူငယ်ချင်းတွေမျက်နှာပျက်မယ့်အဖြစ်ကို ငါမလုပ်ချင်ပါဘူးဟာ။။။"
"ဟဲ့ ..နင်ယောင်္ကျားလေးပဲ ကိုယ်ချစ်နေတာကို ချစ်တယ်လို့တောင်မပြောရဲ
ဘူးလား။။ငါလဲ ကူပြောပေးမှာပေါ့။။။ဘာသတ္တိနည်းနေရတာတုန်း။။။"
မမသီတာရဲ့စကားကို ခေါင်းအသာခါရင်း နင်မသိပါဘူး အမရယ်ဟု မင်းခန့်
ညည်းပြောလေးပြောလိုက်မိသည်။။။မမသီတာကတော့ နောက်ကျမှ နင်နောင်တ
မရနဲ့နော်ဟုပြောကာ သူ့ဘေးမှ ထထွက်သွားခဲ့တော့၏။။။
"အမရာ..ငါတို့အတွက် ကောင်းကင်က အကျယ်ကြီးပါဟာ။။။ဒါပေမယ့်ငါက
အဲဒီကောင်းကင်ကျယ်ကြီးထဲကမှ တစ်ခုတည်းသောနေရာမှာနားချင်ခဲ့တာလေ။။။
အဲနေရာကိုမှ မရရင်ငါအတော်ခံစားရမှာမို့ပါဟာ။။။ငါမစွန့်စားပါရစေနဲ့တော့။။။"
စိတ်ထဲမှတီးတိုးပြောရင်းမင်းခန့်အဝေးကိုငေးကြည့် တွေးဆွေးနေမိသည်။။။
ဒီလိုနဲ့ပဲ နေ့ရက်တွေကိုခက်ခဲစွာဖြတ်သန်းရင်းခရေတို့တောင် စီးပွားရေးတက္ကသိုလ်ပထမနှစ်သို့တက်ရောက်ပြီး မင်းခန့်နှင့်အောင်အောင်တို့
ဆယ်တန်းသို့ရောက်လာခဲ့လေပြီ။။။ခရေကလည်း အောင်အောင့်ကို စိတ်ညွတ်နေ
တာကိုကြိုးစားထိန်းသိမ်းရင်း၊ရင်ထဲမှာတစ်ခုခုခံစားရတိုင်းမင်းခန့်ကိုရင်ဖွင့်၊
မင်းခန့်ကလည်း ခရေ့ကို ချစ်နေတာကိုကြိုးစားထိန်းချုပ်ရင်း ခရေပြောသမျှကို
နားထောင်ပေးခဲ့သည်။။။ အောင်အောင်ကတော့ သူနားလည်သလို ဘဝကို ပျော်ပျော်ဖြတ်သန်းနေရင်းဆယ်တန်းကိုလည်းအောင်မြင်ခဲ့ကြ၏။။။



အပိုင်း(၆)

"မင်းခန့်...ငါလက်ထပ်တော့မယ်။။။"
"ဘာာာာာာာာာ။။။ခရေ..နင်ဘာပြောတာ။။။"
ဝါသနာပါရာ သစ်တောတက္ကသိုလ်(ပျဉ်းမနား)တွင်တက်ရောက်နေရင်း
တတိယနှစ်ပြီးမြောက်၍ခွင့်ပြန်လာချိန်တွင် ခရေ  မှ ထိုကဲ့သို့ပြောကြားလာသဖြင့်
မင်းခန့်အလန့်တကြားမေးမြန်းလိုက်မိခြင်းဖြစ်သည်။။။
"ဟုတ်တယ်မင်းခန့်..ငါအောင်အောင့်ကို ချစ်ခဲ့တာ နင်သိပါတယ်။။။ဟုတ်တယ်
ငါသူ့ကိုအရမ်းချစ်ခဲ့တယ်။။။ငါ့နေ့ရက်တွေကို သူ့စိတ်နဲ့အသက်ဆက်နေခဲ့တဲ့ထိ
ပါဟာ။။။ဒါပေမယ့်မင်းခန့်ရာ။။။။"
ပြောနေရင်းမှ ခရေ မျက်ရည်များကျဆင်းလာသည်။။။တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့က
 အပြင်မှာ မိုးဖွဲဖွဲလေးရွာနေ၏။။။ မင်းခန့်ရင်ထဲမှာလည်းထိုနည်းနှင်နှင်ပါလေ။။။
အချစ်ဆုံးချစ်သူမှ သူဘယ်သူ့ကိုချစ်၍ ဘယ်သူနဲ့လက်ထပ်
မည်ဆိုတာကိုပြောပြနေခြင်းသည် သူ့ရင်နှလုံးသားကို သံချွန်နှင့်ထိုးဆွနေသလိုလို။။။မင်းခန့် ..ခရေ့ကို ရီဝေဝေမျက်ဝန်းများနှင့်ငေးကြည့်
နေရင်းအသံတွေတိတ်နေမိသည်။။။ရင်ထဲမှာတော့ ခရေ နင့်ကိုငါအရမ်းချစ်တယ်၊
ငါ့ရင်အသည်း ၊အသက်နဲ့ထပ်တူချစ်တာပါဟာဟုပဲ့တင်ထပ်မျှအော်ဟစ်ပြောဆို
နေမိတာလေ။။။မိန်းကလေးတို့တတ်အပ်သော အတတ်ပညာများအရ ခရေလည်း
သူချစ်နေတာကိုသိနေမှာပါ။။။ဒါကိုတောင်မှ တမင်များပြောရက်လေသလားခရေ
ရယ်ဟု ရင်ထဲမှာဘာသာညည်းညူမိသည်။။။
"ထွန်းဝေဦး ကငါ့ကို ဆယ်တန်းပြီးထဲက ပရိုပို့စ်လုပ်ထားတာ။။။ သူ့မှာငြင်းလောက်
စရာဘာမှမရှိဘူးလေ။။။ငါ့မိဘတွေကလည်းသဘောတူတယ်။။။ ငါကသာ
အောင်အောင်ငါ့ကို ဖွင့်ပြောလာနိုးစောင့်ရင်း သူ့ကိုဇွတ်ငြင်းလာခဲ့တာ။။။ခုတော့
ငါနားလည်လိုက်ပါပြီဟာ။။။ငါမျှော်လင့်ပေမယ့် ရမလာမယ့်အရာတွေကိုတမ်းတ
နေမယ့်အစား  ငါ့ဘေးနားက ငါ့ကိုနားအလည်ပေးနိုင်ဆုံးသူကိုပဲရွေးချယ်လိုက်
တော့မယ်။။။ဒီလကုန်ရင် ငါတို့မင်္ဂလာဆောင်တော့မယ်။။။အောင်အောင့်ကိုတော့ ငါ့ဘဝတစ်လျောက်လုံး သတိရချစ်နေဦးမှာပါဟာ။။။"
အိပ်မက်ယောင်သူလို သူယောင်နနဖြင့် အေးပါဟာဟုသာတီးတိုးပြောလိုက်နိုင်
တော့သည်။။။အိမ်ပြန်ရောက်သွားတော့လည်း မမသီတာ၏ ငါပြောထားရက်နဲ့
နင်သတ္တိနည်းတာမို့ငါလည်းမတတ်နိုင်ဘူးဟုပြောနေသယောင်မျက်နှာနှင့်ပုခုံး
တွန့်ပြတာကို သူယောင်တောင်တောင် ၊ကြောင်နနဖြင့်ရင်ဆိုင်နေရသည်။။။
မင်းခန့်ရင်ထဲ သွေးပျက်၊ချောက်ခြားခြင်းများနှင့် နေ့ရက်တို့ကိုဖြတ်သန်းရင်း
အိပ်မက်ဆိုးညများကိုဆက်တိုက်ရင်ဆိုင်ရင်းဖြင့် ။။။။။။။။။။။။






အပိုင်း(၇)



"ဟေ့ကောင်..ငမင်း။။"
နောက်မှ အောင်အောင်၏ ခေါ်သံကြောင့် အသိပြန်ဝင်လာသည်။။။မျက်ဝန်းဆီမှ
မျက်ရည်များကိုအသာပွတ်သုတ်ရင်းနောက်ကိုလှည့်ကြည့်မိ၏။။။အားပေးပြုံးဖြင့်
လျောက်လာရင်း အောင်အောင်ကပုခုံးကိုလာဖက်သည်။။။
"လာကွာ...ဆိုင်သွားရအောင်။။။"
သူဘာမှမပြောမိ။။။ မင်္ဂလာခန်းမအပြင်သို့အတူလှမ်းထွက်လာခဲ့လိုက်သည်။။။
သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်ဖြင့် "ကမ္ဘာကျော်" စားသောက်ဆိုင်လေးဆီ
ရောက်လာခဲ့ကြလေပြီ။။။မင်းခန့်ကတော့ အသိစိတ်မဲ့နေသလိုလို၊ခံစားချက်တို့
ဝေသီကင်းမဲ့နေ၏။။။
"လာကွာ..ငမင်း ဘယ်သူမှ မသိ၊မမြင်ပေမယ့် မင်းရင်ထဲကိုငါကြည့်တတ်၊
မြင်တတ်ပါတယ်။။ပြီးသွားပါပြီကွာ။။။ထားလိုက်ပါတော့။။။
ပြင်လို့လည်းမရတော့ပါဘူး။။။။ခုတော့ မင်းရင်ဘတ်ကို
ကုစားဖို့အပျော့နဲ့ မရတော့ဘူး။။။ငါအပြင်းပဲမှာလိုက်တော့မယ်။။။"
အောင်အောင့်စကားကိုခေါင်းငြိမ့်ပြလိုက်ရင်း စားပွဲတစ်လုံးမှာသူဝင်ထိုင်လိုက်
သည်။။။သူငယ်ချင်း ၂ ယောက် အရက်နှင့်အမြည်းများရောက်လာသည်ထိ စကား
လည်းမပြောဖြစ်။။။အတွေးကိုယ်စီနှင့် သောက်ကြပြီး တိတ်ဆိတ်စွာပင် အိမ်ပြန်
လာခဲ့ကြတော့သည်။။။အိမ်ရောက်တော့ အောင်အောင်က သူ့ပုခုံးကိုပုတ်ပြီး
"မနက်ဖြန်တစ်ရက်တော့မင်းသည်းခံလိုက်ဦးပေါ့ကွာ။။။ နောက်ကြာလာတော့လဲ
မင်းမေ့နိုင်သွားမှာပါ။။။"
ဟုပြောကာ ဆိုင်ကယ်ကိုမောင်းထွက်သွားတော့သည်။။။သူအိမ်ပေါ်တက်လာတော့
အမေနှင့်အဖေလည်းအိပ်နေလေပြီ။။။အိပ်ယာထဲအသာဝင်လှဲလိုက်တော့ မင်းခန့်
အတွေးတွေကဝေဝေဝါးဝါးနှင့်။။။
"တကယ်ကို ပြီးဆုံးသွားခဲ့ပြီပေါ့ခရေရယ်။။။အများထင်သလို ဒီ ၃ယောက်ထဲက
တစ်တွဲတော့ထွက်လာမှာပါဆိုတာလည်းမဟုတ်ခဲ့တော့ဘူးပေါ့။။။
ငါ့အတွက်ကောင်းကင်အကျယ်ကြီးပါဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းရယ်၊
ငါသူ့အတွက် အသက်ဆက်နေတာပါဆိုတဲ့ လူ့စည်းကမ်းကခွင့်မပြုတာကို
ရူးရူးမိုက်မိုက်ဖက်တွယ်ထားဦးမယ့် တစ်ဖက်သတ်ချစ်ရတဲ့ သူငယ်ချင်းရယ်၊
ကောင်းကင်အကျယ်ကြီးထဲက ခိုနားချင်တဲ့ နေရာတစ်ခုကို ဆုံးရှုံးမှာကြောက်လို့
တွေဝေရင်း ရင်ကွဲခံသွားရတဲ့ ငါလိုငပေါတစ်ကောင်ရယ်၊
ခရေရယ် ဝတ္ထုဆိုရင်တောင် ငါ့နေရာဇာတ်နာလွန်းပါတယ်ဟာ။။။
ဘာပဲဖြစ်ဖြစ် ဒီလိုသူငယ်ချင်း ၃ ယောက်ရဲ့ ၃ ပွင့်ဆိုင်အီလည်လည်ဇာတ်လမ်းလေး
တစ်ခန်းရပ်ခဲ့ပြီမို့ ငါတို့ ၂ ယောက်ကိုလည်း နင်မေ့လိုက်ပါတော့။။။
နင့်ဘဝမှာ ဝမ်းနည်းမှုတစ်ခုထပ်မတိုးလာဖို့ ငါချစ်ခဲ့တာကိုလည်းဒီဘဝ
နင်မသိပါနဲ့တော့ ။။။နင်မသိပါနဲ့တော့ဟာ။။။"
မျက်ရည်များကြားမှ သက်ပြင်းရှည်ကိုချရင်း မင်းခန့်တစ်ယောက်ခဏအကြာတွင်
အိပ်ပျော်သွားလေတော့သည်။။။။။။








လေးစားလျက်
အလင်းသစ်
24.2.2011

2 comments:

  1. အသဲကွဲဇတ်တွေမှကြိုက်တယ်ဆိုရင် အကြိုက်ချင်းတူနေပြီထင်တယ်။ဖတ်လို့အရမ်းကောင်းတယ်အလင်းသစ်ရေ...
    အားပေးလျှက်..

    ReplyDelete
  2. အားပေးတွားပါတယ်နော် (ဆေးပါကုပေးရမယ်) :P

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။