ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, April 22, 2011

မာယာ၏ကောက်ကြောင်း (၁)


"မင်းမသိဘူး ကိုမင်း။။ အရမ်းလှတယ်၊ အရမ်းဖော်ရွေတယ်၊ ပြီးတော့ အရမ်းလည်း ထက်တယ်။။။"
သွားစမ်းပါကွာဟု ကျွတ်ခတ် စုတ်သတ်လိုက်ပြီးအောင်ဇင်မင်း ကန့်ကွက်လိုက်သည်။။ မိန်းကလေးတစ်ယောက်ကို အထင်သေးသည်တော့မဟုတ်။။အလွန်ကြီး အမွမ်းတင်လွန်းသည်ဟုစိတ်က ယူဆမိလိုက်သဖြင့်ဖြစ်သည်။။ဇော်မင်းနှင့်သူ့သူငယ်ချင်းများ သန်လျင်၊ကျောက်တန်းဘက် ဘုရားဖူးထွက်ပြီးပြန်ရောက်လာတည်းက ထိုအကြောင်းအရာသည် သူတို့သူငယ်ချင်းတွေစကားဝိုင်းမှာ အတော်လေးကိုနေရာယူနေတာဖြစ်သည်။။ အဲဒီအချိန်တုန်းက ပဲခူးရှိ မိဘများက ပြန်လာဖို့ခေါ်ထားသဖြင့် သူအိမ်ခဏပြန်နေချိန်ဖြစ်သည်။။သူပါမသွားတော့ သေချာမသိခဲ့။။
ကျန်တဲ့သူငယ်ချင်းတွေကတော့ ကန့်ကွက်ခြင်းလည်းမရှိ ထောက်ခံခြင်းလည်းမပြုပဲဇော်မင်းကို လွှတ်ထားကြသည်။။အောင်ဇင်မင်းကတော့ ကိုယ်မကြုံမတွေ့ခဲ့ရတော့ လက်မခံလိုသဖြင့် ကန့်ကွက်နေမိ၏။။ ဇော်မင်းကလည်း သူ့ဇာတ်လမ်းကို အပျက်မခံ ခေါင်းတခါခါနှင့်ပင်
"အေးကွာ..ငါတို့တွေ့လိုက်တာကတော့ မာနတွေခေါင်ခိုက်နေတဲ့ မိန်းမတစ်ယောက်။။ယောက်င်္ကျားတွေကို မျက်လုံးထဲမထား ဘူးဆိုတဲ့ ပုံစံနဲ့ပဲကွ။။သန်လျင်မှာ ငါ့သူငယ်ချင်းတွေ ရှိတယ်။။ သူတို့ဆီကသေချာကို ငါစုံစမ်းလာတာ။။ အဲဒီကောင်မလေးကြောင့် အသည်းကွဲပြီး ဘဝပျက်မလိုဖြစ်နေတဲ့ ကောင်တွေ မနည်းဘူးဟ။။ ငါဖြင့်တယ်မကျေနပ်လှဘူးကွာ။။ ငါတို့တွေ တစ်ပတ်နီးပါး သန်လျင်မှာ ကဲခဲ့တာဆိုတော့ အဲဒီကောင်မလေး အကြောင်းတော်တော်ကို သိခဲ့ရတာကွ။။ အေးပေါ့ကွာပြောမယ့်သာပြောရ ငါလည်းအစွမ်းစ မရှိတော့ သူ့မျက်စိထဲထားဖို့ နေရာမတောင်းရဲပါဘူးကွာ။။"
မတောင်းရဲလည်း ပြောမနေနဲ့ကွာ ဒီမှာ ခွချက်ခံထိနေတယ်ကွ ဟုဇော်ဇော်ကဟောက်လိုက်တော့ ဇော်မင်းဇက်ကလေး ပုသွားသည်။။ ကျန်တဲ့သူငယ်ချင်းတွေကလည်း စကားများရန်ကော ဟူသော အကြည့်များ ပို့လေပြီမို့ဇော်မင်း အရှိန်သတ် လိုက်ရလေပြီ။။
"ကဲ ဖိုးဇော် မင်းပြောတဲ့ ကောင်မလေးနာမည် လိပ်စာနဲ့ ဖုန်းနံပါတ် ငါ့ကိုပေး"
"မင်းကမျက်စိထဲထားခွင့်တောင်းမလို့လား ကိုမင်း။။အဲဒါဆို ပြောပြမယ်။။ပြောမနေတော့ပါဘူးကွာ ဒါသူ့လိပ်စာကဒ်။။ရော့။။"
အောင်ဇင်မင်း လှမ်းယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။။ သံလျင်သူ ရူပဗေဒအဓိကနှင့် ကျောင်းပြီးထားသော သာမာန် မိန်းကလေးတစ်ယောက်သာ။။ သူတွေ့တာတော့ မာနတွေ ခေါင်ခိုက်နေရလောက်သော အဆင့်မဟုတ်ဟု တွေးမိလိုက်သည်။။ ဘာအတွက်ကြောင့်များ သူမလေးက ဒီလောက်မာနတွေ ကြီးနေရပါလိမ့် ဟုတွေးမိတော့ပြုံးရယ်ခဲသော သူ့နှုတ်ခမ်းတို့ တွန့်ရုံပြုံးလာသည်။။ ဘာပြုံးတာလည်းဟ ဟုမေးလာသော ဇော်မင်းကို အသာနေစမ်းကွာဟုပြောပြီး အောင်ဇင်မင်း လ္ဘက်ရည်ဆိုင်ထဲမှ လှမ်းထွက်လာခဲ့ လိုက်တော့သည်။။။



သံရှည်ဆွဲပြီးထွက်ပေါ်နေသော ဖုန်းသံကြောင့် သူဖုန်းနံပါတ် မမှားဘူးဆိုတာ သေချာလေပြီ။။ ဘာကြောင့်များ ဖုန်းမကိုင်တာ ပါလိမ့်။။ ည ၉ နာရီ သာသာလေးရှိသေးသဖြင့် တော်ရုံ ဘယ်သူမှ မအိပ်လောက်သေး ဒီအချိန် အိပ်နေတယ်ဆိုရင်ဖြင့် သူမလေးသည် ငပျင်းမလေးတစ်ယောက် သို့မဟုတ် တခြားအကြောင်းလည်း ရှိရင်ရှိနိုင်တာပဲလေ။။ အောင်ဇင်မင်း အတွေးတွေ နယ်ချဲ့နေတုန်းမှာပဲ တဖက်က ဖုန်းကိုင်လိုက်သံ ကြားရသည်။။


"ဟုတ်ကဲ့ အမိန့်ရှိပါရှင်။။ ရွှန်းလဲ့ရွှေရည် ဖုန်းလက်ခံပါတယ်။။"
အိုးး ချိုလိုက်တဲ့ အသံလေး။။အောင်ဇင်မင်း စကားပြောဖို့ပင် တွန့်သွားမိသည်။။ အသံမှာနစ်မျောနေရာမှ ကိုယ့်ကိုကိုယ်ပြန် ထိန်းလိုက်ပြီး ကြိုတင်တွေးတောထားသည့်အတိုင်း သူမကိုအသေအလဲကြွေနေသော ခပ်ငယ်ငယ်ကောင်လေး တစ်ယောက် အသံကိုရအောင်ဖမ်းပြီး
"မမရေ ကျနော်က အောင်ဇင်ပါ မမကို စွဲလမ်း ရူးသွပ်လွန်းလို့ မမဖုန်းနံပါတ်ကို ရအောင်မနည်းရှာပြီး ဆက်လိုက်ရတာပါ။။ မမဖုန်းမချလိုက်ပါနဲ့နော်။။"
ဇော်မင်းနှင့်သူငယ်ချင်းများ အပြောအရ သူမ မသိတဲ့ဖုန်းမှန်သမျှ လုံးဝစကားလက်ခံ မပြောပဲ ချချပစ်တတ်သည် ဆိုသော ထိုကလေးမကို သူတောင်းပန်စကား ပြောလိုက်၏။။ သူ့အသံနဲ့ စကားပြောဟန်မှာ စွဲအားတစ်ခုခုပါနေတယ် လို့ပြောတာ ကြားဖူးခဲ့သည်။။ သူလည်းထိုသို့သာ လက်ခံထားခဲ့တာမို့ သူမဆီသက်ရောက်မှုမရှိဆိုတာကို အောင်ဇင်မင်း လုံးဝမယုံ။။ထင်သည့်အတိုင်း တွက်ဆချက်အတိုင်းပင် သူမဖုန်းမချခဲ့။။ သူ့အတွက်ပါရမီတစ်ခုလို ရှိနေတာက မိန်းကလေးများ ကျလောက်အောင် ပြောတတ်ဆိုတတ်ခြင်းလေ။။ အဲဒီနေ့က နာရီဝက်နီးပါး စကားတွေပြောခွင့် ရခဲ့ပြီးနောက်မှာတော့ အခါခွင့် သင့်လျှင်သင့်သလို အောင်ဇင်မင်း ဖုန်းဆက်ဖြစ်ခဲ့သည်။။ ကြာလာတော့လည်း သံယောဇဉ်ရဲ့ချည်နှောင်မှု အောက်မှာ သူမလည်း ဘာမှမဟုတ်တာမို့ ရုန်းမထွက်နိုင်ခဲ့။။ နေ့တိုင်းနီးပါး ဖုန်းဖြင့်စကားတွေ ပြောဖြစ်လာခြင်းမှာ သူမလည်း သာယာနေလေပြီ။။ ထို့ကြောင့် တွက်ဆထားချက်အတိုင်း အောင်ဇင်မင်း သူမကိုချစ်ခွင့်ပန်ခဲ့သည်။။ သူမအပြတ်ကြီး မငြင်းနိုင်တော့ စဉ်းစားဦးမည် ဟုသော အဖြေနှင့် နှစ်ပတ်နီးပါး စောင့်လိုက်ရသည်။။ထို့နောက်မှာတော့ လူမမြင် အသံဖြင့် ချစ်သော လေလှိုင်းချစ်သူများ အဖြစ်သို့ သူတို့ရောက်ရှိခဲ့တော့၏။။
"ကဲ..မင်းတို့ပြောတဲ့ မာနရှင် ခုတော့ မာနတွေ ကုန်ပါပြီကွ။။တွေ့ကြပြီလား။။"
"မင်းသတိထားနော် ကိုမင်း။။ သူက ရည်းစားများတယ်လို့လည်းကြားတယ်။။ မင်းကို သန်လျင်က ငါ့သူငယ်ချင်းနဲ့ မိတ်ဆက် ပေးထားမယ်။။ သူနဲ့တော့ တိုင်ပင်ဦးဟ။။ ငါတို့က ဘာမှသိတာမဟုတ်ဘူးလေ။။"
လ္ဘက်ရည် ကျကျကို အရသာခံပြီး သောက်နေရင်းမှ အောင်ဇင်မင်း လက်ကာပြလိုက်ရင်း ငါသူနဲ့ လူချင်းမတွေ့ချင်သေးဘူး ဟုပြောလိုက်သည်။။
"မင်းဟာကလည်း ချစ်သူဖြစ်ပြီဆို သူများတွေ တွေ့ချင်ကြတာကို။။ ဘယ်လိုဖြစ်တာတုန်း။။"
"ငါက ငါ့အကွက်နဲ့ ငါရွေ့တာမို့ လူချင်းတွေ့လို့မရဘူးကွာ။။ အဲဒီတော့ ငါမတွေ့ချင်သေးဘူး။။"
မင်းဟာက ဘာတွေတုန်းကွာဟု ဇော်ဇော်က စိတ်ရှုပ်ဟန်ဖြင့် ပြောပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိနေသည်။။ အောင်ဇင်မင်းက နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး ထားပါကွာ ဟုပြောကာ ဆိုင်ဘက်ထထွက်လာခဲ့သည်။။ သူတို့က သူငယ်ချင်းတွေစုပြီး ကျောက်မြောင်းမှာ တိုက်ခန်းလေးစုငှားကာ နေထိုင်ရင်း မိတ္တူ၊စာစီစာရိုက်နှင့် ဖိတ်စာလုပ်ငန်းကို တူတူ လုပ်ကိုင်နေကြခြင်းဖြစ်၏။။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ တူတူတက်ခဲ့ကြသော သူငယ်ချင်းများမို့ အကြောင်းသိတွေဖြစ်ကာပြောမနာဆိုမနာ စိတ်တူကိုယ်တူတွေမို့ပျော်ဖို့တော့ အတော်ကောင်းသော အသိုက်အမြုံလေးတစ်ခု ဖြစ်သည်။။




တကယ်တမ်း သူမနဲ့ ရင်းနှီးကျွမ်းဝင် လာချိန်မှာတော့ သူမက ဇော်မင်းတို့ပြောသလို ယောင်္ကျားလေး အတော်များများ ပြောသလို မာနတွေခေါင်ခိုက်နေသူ မဟုတ်ဘူးဆိုတာ သိလာရသည်။။ အလှရှိတဲ့ အပျိုရွယ် မိန်းကလေးတိုင်း ရှိသင့် ထားသင့်သော မာနကိုသာ သူမကထားရှိခဲ့တာဖြစ်သည်။။ ဒီလိုဆိုတော့ မရိုးသားတဲ့ ရည်ရွယ်ချက်ဖြင့် မမှန်ကန်စွာ ချဉ်းကပ်လာမိခြင်းအပေါ် အောင်ဇင်မင်း လိပ်ပြာမသန့်တော့။။ သူမနှင့် ဖုန်းပြောပြီးချိန်တိုင်း သူဘုရားမရှိခိုးရဲ၊ သီလမခံရဲတော့ မုသာဝါဒကို သူအခါခါအထပ်ထပ် ကျူးလွန်နေတာလေ။။ ကိုယ့်အပေါ်ချည်နှောင်လာတဲ့ သူမရဲ့ သံယောဇဉ်ကြိုးကလည်း အတော်လေးကို တင်းလေပြီဆိုတာ ဘာသာသိနေ၏။။ သူမလည်း ထိုနည်းနှင်နှင်နေမှာပါလေ။။ လိပ်ပြာမသန့်စွာ ချစ်နေရခြင်း ကိုသူမလိုလားစိတ်တွေနှင့်၊ ပြောပြလိုက်ချိန် မုန်းသွားမယ့် သူမရဲ့ အမုန်းကို မခံယူရဲသော စိတ်တို့လွန်ဆွဲနေကြလေပြီ။။

သို့နှင့်အောင်ဇင်မင်း တစ်ယောက်တည်းတွေဝေရင်း တစ်ပတ်ခန့်အကြာမှာတော့ သူ့ကိုယ်ပေါ်က အတုယောင်ကို ဖယ်ချလိုက်တော့သည်။။
"လဲ့လေး.. ခဏလေးနားထောင်ပေးနော်။။"
ပြောလေအောင်ရဲ့ ဟူသော သူမစကားသံနောက်မှာ သူအတော်ကြာ တိတ်ဆိတ်သွားမိသည်။။ ထို့နောက်မှာတော့ မထူးတော့ ဟုစိတ်တင်းကာ သူမထင်သလို ခပ်ငယ်ငယ်ကောင်လေးမဟုတ်ပဲ သူမထက် ၂ နှစ်ကြီးကြောင်း သူမကိုချဉ်းကပ်ခြင်းမှာလည်း သူမ၏မာနသတင်းကြီးသောကြောင့် မခံချင်စိတ်ဖြင့် ချဉ်းကပ်လာခြင်းဖြစ်ကြောင်း များကိုပင်ပန်းကြီးစွာ ပြောပြလိုက်မိတော့သည်။။ သူ့စကားသံတွေ ဆုံးသွားချိန်မှာ သူမဘက်က အတော်ကိုတိတ်ဆိတ် သွားတာသတိထားမိသည်။။ မုန်တိုင်းမလာခင် တိတ်ဆိတ် ခြင်းဆိုတာကို ဘာသာသိတော့ ပင့်သက်မောကိုသာ အောင်ဇင်မင်း ပြင်းပြင်းရှူထုတ်လိုက်မိတော့သည်။။ တစ်ဖက်မှ အင့်ဟူသော ငိုရှိုက်သံ သဲ့သဲ့ကိုကြားလိုက် ရပြီး ဖုန်းချသွားသဖြင့် ဟာတာတာရင်ဘတ်ဖြင့် ငိုင်တွေတွေကြီးကျန်ရစ်ခဲ့ရတော့၏။။
"ကိုမင်း..ဘာလုပ်နေတာလဲ။။ ထလေကွာ ခုထိအိပ်ယာမနိုးသေးတာလား။။"
"ငါ အမှန်တိုင်းပြောလိုက်ပြီ ဇော်ဇော်။။ သူငါ့ကိုမုန်းသွားဖို့သေချာပြီ။။"
အောင်ဇင်မင်း စိတ်နှင့်ကိုယ်မကပ်သလို အဆက်စပ်မဲ့ပြောလိုက်သော စကားကြောင့်ဇော်ဇော် ကြောင်တောင်တောင်ဖြစ်နေသည်။။ဟေ့ကောင်ဖိုးဇော် ဒီမှာ ငမင်းဘာဖြစ်လဲမသိဘူး လာဦးဟဟု အော်ခေါ်လိုက်သဖြင့် ဇော်မင်းက ဆိုင်ထဲမှာ အတွင်းဘက်သို့ပြန်ဝင်လာသည်။။ သူငယ်ချင်းတွေ ဝိုင်းမေးသဖြင့် သူခင်းခဲ့သောအကွက်ကို သူပြန်ပြောပြလိုက်၏။။ ရင်ထဲခံစားရသမျှကိုလည်း ဖွင့်ချနေမိသည်။။ ထိုညကတော့ သူတို့သူငယ်ချင်း ၃ယောက် အိပ်ယာထဲပင် မရောက်နိုင်ခဲ့။။ အောင်ဇင်မင်း၏ ရင်ဘတ်ကို မျှဝေခံစားရင်း ငုတ်တုတ်အိပ်ပျော်သည်ထိ မူးခဲ့ကြတာ ဖြစ်သည်။။။




အမုန်းဆိုတဲ့ ဆုံးရှုံးမှုကို တကယ်တမ်းခံစားရတော့ အောင်ဇင်မင်း ခံနိုင်ရည်မရှိခဲ့။။ မိန်းကလေးတွေ အတော်များများနှင့် ချစ်သူ ရည်းစားဖြစ်ခဲ့ဖူးပေမယ့် သူ့ရင်ထဲ စွဲလမ်းတမ်းတစိတ်တို့ ယခုကဲ့သို့ ဖြစ်ပေါ်ဖူးခြင်းမရှိတာ သတိထားမိသည်။။ ရွှန်းလဲ့နှင့် အတွေ့မှာတော့ သူတကယ်ကို ချစ်တတ်လေပြီလား။။ သူမကို စွဲလမ်းတမ်းတစိတ်ဖြင့် အိပ်ပျက်ညလည်း များခဲ့ပြီလေ။။နောက်ဆုံး မနေနိုင်သော စိတ်၏ စေ့ဆော်မှုဖြင့် ရွှန်းလဲ့ဆီ ဖုန်းဆက်လိုက်မိတော့သည်။။
"ဟုတ်ကဲ့ အမိန့်ရှိပါရှင်။။ ရွှန်းလဲ့ရွှေရည်ပါ။။"
"လဲ့လေး..ကိုယ်ပါ။။ ဖုန်းမချလိုက်ပါနဲ့နော်။။ လဲ့လေးကို ကိုယ်မေ့လို့လည်းမရဘူး။။ ကိုယ့်ရင်တွေ ပူလောင်နေပြီ သိလား။။ အရင်က မုသာဝါဒကံကြောင့် ဘုရားကိုရှိခိုးဖို့ မရဲခဲ့ဘူး။။ အခုကျတော့ ရင်ထဲမှာ ဆို့နင့်နေလို့ ဘုရားတောင်မရှိခိုးဖြစ်တဲ့ထိ ဖြစ်နေပြီ။။ လဲ့လေးလည်း ကိုယ့်လိုပဲနေမှာ ကိုယ်သိနေတယ် လဲ့လေးရယ်။။ "
"နေပါဦး အကို။။ ညီမတို့ဇာတ်လမ်းက ပြီးခဲ့ပြီလေ။။ ဘာတွေဆက်ဖို့ ရှိနေသေးလို့တုန်း အကိုရယ်။။ အကိုဖြစ်ချင်သလို ဖြစ်ခဲ့ ပြီပဲမဟုတ်လား။။ ကျေနပ်လိုက်ပါတော့နော်။။ ညီမကို ထပ်ပြီး မနှိပ်စက်ပါနဲ့တော့နော်။။"
ပြောနေသော သူမအသံမှာ ငိုသံစွက်လာခြင်းကို ထောက်ချင့်ပြီး သူမရင်ထဲမှာ ကိုယ်ရှိနေသေးကြောင်း အောင်ဇင်မင်း ဘာသာ နားလည်လိုက်မိ၏။။ သူ့ရင်ထဲ အတော်လေး ဝမ်းမြောက်မိသည်။။ ရှင်းပြ၊တောင်းပန် စကားတွေ အထပ်ထပ်ပြောပြီး နောက်နေ့ သာကေတမှ ရွှေပုဇွန်ဆိုင်မှာ တွေ့ကြဖို့ အချိန်းအချက်ပြုလိုက်ကြတော့သည်။။ ထိုညကတော့ သူလုံးဝအိပ်လို့မရ။။ ဟိုလှိမ့် ဒီလှိမ့်ဖြင့် ကျောတွေကပူလာတော့ ဘေးမှာ သိုးနေအောင် အိပ်နေသော သူငယ်ချင်း ၂ယောက်ကို ဆောင့်ကန်ပလိုက်သည်။။
"ဟဟ သူခိုးလား၊ဓားပြလား။။ ဘာတုန်းဟ။။"
ဇော်ဇော်က မျက်မှန်ကို လိုက်စမ်းရင်း ထအော်သည်။။ ဇော်မင်းကတော့ မျက်လုံးကိုပွတ်ပြီး ဘာဖြစ်လို့တုန်း လဒရယ်ဟု စိတ်ပျက် လက်ပျက်အသံဖြင့် မေး၏။။
"ငါအိပ်လို့မပျော်ဘူးကွာ။။ ၁၆ နှစ်သားရည်းစားနဲ့ ချိန်းတွေ့ခါနီးလိုဖြစ်နေတယ်။။"
"ဟမ်..လဒ သေလေ။။ အဲမှာလဲသေ။။ ဘာများလည်းလို့ သူများအိပ်နေတာကို သာသနာဖျက်တယ်။။ အိပ်တော့ မနက်မင်းတို့ ချိန်းထားတယ်မလား။။"
ဇော်ဇော်က အအိပ်မက်သူမို့ စောင်ကို ပြန်ဆွဲခြုံရင်း အိပ်ဖို့ပြန်ပြင်သည်။။ အောင်ဇင်မင်းက ဂုတ်မှလှမ်းဆွဲပြီး ဖိထားလိုက်၏။။ မအိပ်နဲ့ကွာ ငါပြောတာနားထောင် ပေးကြဦးဟု ပြောလိုက်တော့ ဇော်မင်းက အမေ့သားတွေ ဝဋ်တွေကြီးလွန်းပါလား အမေရဲ့ ဟုအသံပြဲကြီးနှင့်အော်လိုက်သည်။။ ထိုညကတော့ သူငယ်ချင်းတွေကို သူ့ရင်ထဲရှိနေ ဖြစ်နေတာတွေ ရင်ဖွင့်ပလိုက်၏။။မနက် လင်းလုနီးမှ တဝါးဝါးသန်းနေသော သူငယ်ချင်းများကို အားနာသဖြင့် အောင်ဇင်မင်း အိပ်လိုက်ရတော့သည်။။။




သူမနက်အိပ်ယာနိုးတည်းက တကိုယ်လုံးကို အစွမ်းကုန်ဆင်လိုက်ပြီး ရွှေပုဇွန်ဘက် ထွက်လာခဲ့လိုက်သည်။။ ဘလောက်အင်္ကျီ အဝါရောင်လေးနှင့် စတော့ကင်အနက်လေး ဝတ်ထားသော သူမလေးက ကြိုရောက်နှင့်နေလေပြီ။။ အောင်ဇင်မင်းတို့ကတော့ ဘယ်အချိန်ဖြစ်ဖြစ် ချိန်းတိုင်းနောက်ကျ တတ်တာထုံးစံပဲမို့ သူပုခုံးအသာတွန့်လိုက်ရင်း သူမထိုင်နေသော စားပွဲဆီ လှမ်းသွား လိုက်တော့၏။။
"လဲ့လေး.. ရောက်နေတာကြာပြီလား။။"
သူ့ကိုတကယ်တွေ့တော့ သူမရင်ထဲ ရှိန်းတိန်းတိန်းနှင့် ရှက်နေပုံရသည်။။ မကြာသေးပါဘူးအကို ခုလေးတင်ပဲ ဟုဖြေ၏။။ အသံက သိသိသာသာတုန်ခတ်နေတာကိုတော့ သတိထားမိသည်။။ သူဝင်ထိုင်လိုက်ရင်း ဘာမှာထားလဲ မှာလေ လဲ့လေးဟု သတိပေးလိုက်၏။။ သူ့ရင်ထဲတော့ သူမသည် သူစိမ်းမဟုတ် ရင်ထဲမှာ ရင်းနှီးစွာ နွေးထွေးနေသလိုပင်။။ အအေးနှစ်ခွက် ရှေ့သို့ ရောက်လာချိန်မှာတော့ အောင်ဇင်မင်း သူမလေးကို ရွှန်းရွှန်းစားစား စိုက်ကြည့်နေလိုက်မိသည်။။
"အကိုကလည်း..ဘာလို့အဲလောက်ထိ ကြည့်နေရတာလဲ။။"
"လဲ့လေး..အကိုမေးတာသေချာဖြေနော်။။ လဲ့လေး အကို့ကို မမုန်းဘူး။။ဟုတ်တယ်မလား။။ အကိုလေ လဲ့လေးကို မပြောပြခင် ကလည်း ညာမိလေခြင်းဆိုတဲ့ အတွေးနဲ့ အိပ်လို့မရခဲ့ဘူး။။ ပြောပြလိုက်ပြီးတော့လည်း ဆုံးရှုံးပြီဆိုတဲ့ အတွေးနဲ့ အိပ်လို့မရ ခဲ့ဘူး။။ တကယ်ပါ အကို လဲ့လေးကို တကယ့်ကို စူးစူးနစ်နစ်ချစ်မိပြီဆိုတာ လုံးဝကိုသေချာတယ်။။ လဲ့လေး.. ပြီးခဲ့တာတွေကို အကိုတောင်းပန်ပါတယ်။။ အခု လဲ့လေးကို အကို ပြန်ပြီး ချစ်ခွင့်ပန်ပါတယ်။။ အကိုလဲ့လေးကို အရမ်းချစ်တယ်။။ ပြီးခဲ့သမျှကို နားလည်ပေးပြီး အကို့ကို ပြန်ချစ်ပေးနော်။။"
အောင်ဇင်မင်းက သူမမျက်လုံးတွေကို သေချာကြည့်ပြီး ရင်ထဲက စကားလုံးတွေကို ပြောပြလိုက်မိသည်။။ရွှန်းလဲ့ရွှေရည် ရှက်ရွံ့စွာ ခေါင်းလေးကို ငုံ့ထားလိုက်တာတွေ့ရ၏။။ တုံ့ပြန်စကားသံကတော့ တိတ်ဆိတ်နေဆဲ။။အောင်ဇင်မင်းကတော့ သူမ မျက်နှာလေးကိုသာ ခပ်စူးစူးလေး စိုက်ကြည့်နေဆဲ။။ ခဏကြာမှ
"လဲ့လေး..ပြန်ပြောဦးလေ။။"
"ဟင့်အင်း..လဲ့က အကို့ကို မချစ်ပါဘူး။။ လဲ့ချစ်တာက လဲ့ထက်ငယ်တဲ့ အောင်ဇင်ဆိုတဲ့ကောင်လေးကို။။"
"အဲဒီကောင်လေးက အကိုပဲလေ လဲ့လေးရဲ့။။ ဒါမယ့် လဲ့လေးကို အခုချစ်ခွင့်ပန်တာက အဲကောင်လေး မဟုတ်တော့ဘူး။။ အကိုဖြစ်သွားပြီလေ။။ အကို့ကိုပဲ အဖြေပေးနော်။။"
အောင်ဇင်မင်း စကားကြောင့် သူမ ခေါင်းလေးပြန်မော့လာသည်။။ သူ့ကို အတန်ကြာငေးကြည့်နေပြီးမှ
"လဲ့လေ ယောင်္ကျားလေးတွေနဲ့ ပက်သက်ရင် အရမ်းမာနထားတယ်။။ အကို လုပ်လိုက်တဲ့ အပြုအမူတစ်ခုက လဲ့သိပ်ကို နာကျည်းမုန်းတီး မိတဲ့ အပြုအမူလေ။။ ဒါပေမယ့် လဲ့ မုန်းလို့မရဘူး။။ စိတ်ထဲမှာ နာပေမယ့် မေ့လို့လည်းမရဘူး။။ အကိုရယ် အကို့ကိုသာ လဲ့က မချစ်ဘူးဆိုရင် ဒီနေရာမှာ လဲ့ရှိနေနိုင်ပါ့မလား။။သေချာလည်းတွေးပါဦးနော်။။"


ရွှန်းလဲ့ရွှေ့ရည် စကားဆုံးသွားချိန်မှာ ခေါင်းလေးကို ငုံ့ပလိုက်သည်။။ သူ့ရင်ထဲ အရမ်းကိုပျော်သွားမိ၏။။ ရွှန်းလဲ့သည် အောင်ဇင်မင်းရဲ့ အမှန်ကန် အလိမ်အညာမပါသော ချစ်သူဖြစ်လေပြီ။။ အပျော်ဆုံးသော စိတ်တွေဖြင့် ချစ်သူ၏ လက်ကို သူဆုပ်ကိုင်လိုက်ရင်း
"ဒါဆို လဲ့ကလည်း အကို့ကို ချစ်တယ်ပေါ့နော်။။ အကိုတို့ ချစ်သူတွေပေါ့နော်။။"
"အကိုရယ်..လဲ့တို့က အရင်တည်းက ချစ်သူတွေပဲလေ။။ အရင်တုန်းကမောင်လေး အခုတော့ ကိုကိုပေါ့။။ ဒါပဲကွာတာပါ။။ လဲ့ အကို့ကို အရမ်းချစ်တယ်။။"
အောင်ဇင်မင်း မြောက်တက်သွားမတတ် ပျော်သွားမိသည်။။ ထိုနေ့က သူတို့စုံတွဲ ရန်ကုန်မြို့ထဲမှာ အတော်လေးကို ပျော်ခဲ့ကြ လည်ပတ်ခဲ့ကြတာဖြစ်သည်။။ ညနေစောင်းမှ တာမွေမှ သန်လျင်သို့ ပြန်မည့် ကားဂိတ်မှာ သူမကို လိုက်ပို့ကားစောင့်ပေးပြီး အောင်ဇင်မင်း ပျော်ရွင်ခြင်းတွေဖြင့် ကျောက်မြောင်းမှ တိုက်ခန်းသို့ ပြန်လာခဲ့လိုက်တော့သည်။။ ပျော်ရွှင်ခြင်း အထိမ်းအမှတ် အဖြစ်နှင့် ပွဲလေးတစ်ခုတော့ လုပ်ဖြစ်မှာမို့ သူဆိုင်တစ်ခုတွင်းဝင်လိုက်ပြီး ဂျော်နီဝါကား အနီ တစ်တောင့် နှင့်လိုအပ်တာများ ဝယ်ယူလိုက်သည်။။ ဒီလိုပျော်ဖို့ကောင်းသော နေ့ရက်မှာ ဒီအရက်လောက်မှ မတိုက်ရင်တော့ သူ့ဘော်ဒါများ ကျေနပ်မည် မဟုတ်ဘူးဆိုတာသိနေတာလေ။။ အရမ်းကို ပျော်ရပါလား ကမ္ဘာလောကကြီးရယ်။။။။




လေးစားလျက်
အလင်းသစ်

3 comments:

  1. ကိုင်း... အလည်ရောက်တယ်... ဖတ်လည်း ဖတ်သွားတယ်နော်...

    ReplyDelete
  2. လင်းသစ်ရေ အရေးသားတွေ အရမ်းကောင်းလို့
    ဘာပြောရမှန်းတောင်သိဘူး....".ဖြေးဖြေး လုပ်ပါအကို...
    မလိုက်နိုင်ပဲ ဖြစ်နေမှာဆိုးလို့." ..:P:P:P:P
    အားပေးလျှက်ပါ လင်းသစ်ရေ..
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  3. အရေားအသားတွေကောင်းလွန်းလို့ခံစားသွားပါတယ်ရှင်။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။