ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, June 29, 2011

ထားသစ္စာ ခိုင်မြဲခဲ့ကြသော်လည်း



(၁)

စွပ်ကျယ်အနားစနဲ့ နဖူးကချွေးကို သုတ်လိုက်သည်။။ နေအတော်မြင့်ပြီမို့ ထမင်းစား နားလိုက်ရပေမယ့် ထွန်းကြည် စိတ်ထဲတော့ သိပ်ကျေနပ် လှတယ်မဟုတ်ခဲ့။။ လှေ့စင်ပေါ်က လှေ့ချလိုက်တဲ့ စပါးတွေက လိုတာထက် အဖျင်းတွေ များနေသည်။။ မိုးဦးက အရင်နှစ်တွေထက် နောက်ကျခဲ့ပြီး မိုးနှောင်းကလည်း စောလွန်းလှသဖြင့် သူ့စပါးပင်တွေ ထင်သလောက် မဖွံ့ဖြိုးခဲ့သလို အသီးတင်နှုန်းကလည်း အားမရခဲ့။။ အဖျင်းတွေ များလွန်းသော စပါးပုံကို ကြည့်ရင်း ထွန်းကြည် သက်ပြင်းချလိုက်မိသည်။။ ဒီနှစ်လည်း ထင်သလို မဖြစ်လာခဲ့ပါလား။။ ထွေးမြရေ ငါတို့ဒီဘဝ ညားခွင့်မှ ရပါဦးတော့မလားကွယ်။။။
လယ်စောင့်တဲ အတွင်းမှာ ထမင်းပွဲကို ပြင်နေသော ဖိုးကျော်က စပါးပုံကိုကြည့်ကာ ခေါင်းတစ်ခါခါ ဖြစ်နေသော ကိုထွန်းကြည်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။။ သူ့ဆရာသမားလည်း ဒီဘဝတော့ မထွေးမြနဲ့ အကြောင်းဆက်လို့ ပေါင်းဖက်နိုင်လေပါ့မလား။။ ဘာပဲဖြစ်ဖြစ် ထမင်းမစားလို့တော့ မဖြစ်တာမို့ လှမ်းခေါ်လိုက်သည်။။။
"ကိုကြီးထွန်း ထမင်းစားမယ်ဗျာ။။ ဘာတွေတွေးနေတုန်း။။ လာတော့ဗျ။။ ဆာလှပြီ။။"
အေးလကွာဟု ပြောပြီး လှမ်းလျောက်လာသော ထွန်းကြည် ခြေလှမ်းများက အားမပါလှ။။ ဖိုးကျော် ပြင်ထားတာက ငရုတ်သီးမှုန့် ဖြူးမထားတဲ့ ငပိရည်တစ်ခွက် လယ်ဂဏန်းကို ခပ်လွယ်လွယ်ချက်ထားတဲ့ ဟင်းတစ်ခွက်နဲ့ လယ်ကွက်ထဲ အလေ့ကျ ပေါက်တဲ့ ကန်စွန်းရွက်ပြုတ် တို့စရာတွေ။။ ထွန်းကြည် ရယ်သံတစ်ခုကို ဟက်ဟက်ပက်ပက် ထုတ်လိုက်မိသည်။။ ဖိုးကျော်ကတော့ ရယ်ခဲလှသော သူ့ဆရာသမားကို ငေးကြည့်ရင်း ခေါင်းကို ကုတ်နေမိ၏။။
"အေးကွာ ငါမိန်းမရမယ့် ကံကလည်း နည်းလွန်းတယ်ထင်ပါ့။။ စုလိုက်ရတဲ့ ပိုက်ဆံ ဘယ်တော့မှ ပြည့်တယ်ကို မရှိခဲ့ဘူး။။ စားတော့လည်း ဖြစ်သလို လုပ်လိုက်ရတာလည်း ကျွဲနဲ့ နွားနဲ့အပြိုင်။။ ဒါလည်း ငါတို့ဆုံဖို့က ခုထိကို မဖြစ်နိုင်သေးဘူးကွာ။။ ဖိုးကျော် မင်းလည်း ငါ့လို အလုပ်ရှင်ကို အတော် စိတ်ပျက် နေလောက်ရောပေါ့။။။ ငါလည်းကွာ..။။။"
စကားကို ရှေ့ပင်မဆက်နိုင်တော့သော ထွန်းကြည်ကို ကြည့်ပြီး ဖိုးကျော်က ဝါးလုံးကွဲ ရယ်ချပစ်လိုက်သည်။။ ဆရာသမားစိတ် နည်းနည်းပေါ့သွားလည်း မနည်းဘူးလေ။။
"ကိုကြီးထွန်းကလည်းဗျာ ကျနော် ကိုကြီးထွန်းဆီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလည်း။။ မသိတာလည်း မဟုတ်။။ အချင်းချင်းတွေကို မလိုတာတွေ မပြောပါနဲ့ဗျ။။ ကိုကြီးထွန်းနဲ့ မထွေးမြတို့ မင်္ဂလာဦးမှာသာ ကျနော့်ကို အရက်တိုက်ဖို့ မမေ့နဲ့။။ ကျန်တာကတော့ စိတ်ထဲကို မထားနဲ့ဗျာ။။ ဟုတ်ပြီလား။။။"
အေးကွာဟု ဖိုးကျော် ပုခုံးကို ပုတ်ပြီး ပြောလိုက်ရပေမယ့် ဖိုးကျော်ကိုလည်း အားနာလှပြီ။။ ရိုးသားပြီး အလုပ်ကြိုးစားသော ဖိုးကျော်သည် တခြားသူတွေဆီမှာ သူရင်းငှားလုပ်ပါက သူ့ဆီမှာထက် စိုစိုပြေပြေနှင့် ပိုပြီး အဆင်ပြေမှာဖြစ်လျက် သံယောဇဉ် ကြီးလွန်းစွာ သူ့ဆီမှာပဲ ခိုနေတာလေ။။ ဒါကြောင့်မို့လည်း ဖိုးကျော်ကို သူ့ညီအရင်း တစ်ယောက်လို ရင်ဖွင့်၊တိုင်ပင် ဖြစ်ခဲ့ပြီး သံယောဇဉ်လည်း ကြီးခဲ့၏။။ မိဘတွေ ဆုံးသွားပြီးကတည်းက မိဘလက်ငုတ် လယ်လုပ်ရင်းနှင့် သားချင်းမရှိသော သူ့အတွက် ဖိုးကျော်က ညီငယ်တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ရှိနေခဲ့တာဖြစ်သည်။။ သူရင်းငှားလို့ မမြင်တော့ပဲ ညီအကိုလို သဘောထားပြီး ရသမျှ အမြတ်အစွန်းထဲမှ ဖိုးကျော်ကိုလည်း ထိုက်သင့်သလောက် အမြဲခွဲပေးခဲ့၏။။ ဖိုးကျော်ကလည်း သူ့ကို အကို အရင်းတစ်ယောက်လို သဘောထားခဲ့တာ ဖြစ်သည်။။ ထွေးမြနှင့် ရည်ငံပြီး ကတည်းက လက်ထပ်ဖို့ အရေးအတွက် အမြဲမျှော်တွေးပြီး ငွေစုခဲ့ပေမယ့် ရာသီဥတုကဖျက်လိုက်၊ ပိုးမွှားတွေက ဖျက်လိုက်နှင့် သူ့လုပ်ငန်းတွေက မယ်မယ်ရရကို မစုနိုင်ခဲ့။။ လုပ်အားခကို မယူပဲ သူနှင့်အတူ ကြိုးစားပေးနေသော ဖိုးကျော်ကိုလည်း အားနာလှပြီလေ။။။
"တိုက်ရမှာပေါ့ ညီလေးရာ။။ မင်းကိုမှ မတိုက်ရင် ဘယ်သူ့ကို တိုက်ရမှာတုန်း။။ မင်းကျေးဇူးတွေလည်း အကို့အပေါ်များ လှပါပြီကွာ။။ မင်းကို အားလည်းနာလှပါပြီ။။"
"ဟာ.. ကိုကြီးထွန်းကလည်း အဲလိုတော့ မပြောပါနဲ့ဗျာ။။ ကျနော်လည်း ဥတစ်လုံး တစ်ကောင်ကြွက်။။ ကိုကြီးထွန်းလည်း အတူတူပဲလေ။။ ဒီတော့ ကျနော်တို့က ညီအကိုတွေ ပဲပေါ့။။ ကြိုးစားစမ်းပါဗျာ။။ ကိုကြီးထွန်းနဲ့ မထွေးမြတို့ ပေါင်းစုံနိုင်ရင် ကျနော် ဖိုးကျော် ကျေနပ်တယ်။။ ကျန်တာမလိုဘူး ဟုတ်ပြီလား ကိုကြီးထွန်း။။။"
ထွန်းကြည် သက်ပြင်းကို လေးလေးကြီးချလိုက်ပြီး ဖိုးကျော် ပုခုံးကို ဖျစ်ညစ်လိုက်ရင်း အေးပါကွာ ဟုသာ ပြောနိုင်ခဲ့တော့သည်။။




(၂)

စပါးကို စနစ်တကျ သေချာစွာ အာရုံစိုက် ရိတ်နေပေမယ့် ထွေးမြစိတ်တွေက တောင်ရောက်၊ မြောက်ရောက် ဖြစ်နေသည်။။ ခေါင်းပေါ်မှာ အဝိုင်းကြီးကြီး ခမောက်ကို ဆောင်းထားပေမယ့် နေပူရှိန်ကြောင့် နဖူးဆီမှ ချွေးတွေက တားမရနိုင်အောင် ကျနေ၏။။ အသားကို နေလောင်မည် စိုးသဖြင့် ထူထူလူးလာသော သီးခေါက်နှစ်တွေက ပျက်ချင်ချင်ဖြစ်နေလေပြီ။။ နေကလည်း အတော်ကို မြင့်နေပြီမို့ ဒီတစ်ငန်းပြတ်ရင်တော့ ထမင်းစားနားမှ ဖြစ်တော့မည်။။ အတွေးကိုဖြတ်ပြီး အားစိုက်ကာ ရိတ်နေလိုက်၏။။ ခဏကြာတော့
"ထွေးမြရေ ထမင်းစားမယ်ဟေ့။။ တော်လောက်ပြီ နေလည်းမြင့်လှပြီလေ။။ နင်အဲလောက် ကြိုးစားဖို့ လိုပါဘူးအေ။။ ကိုထွန်းကြည်ကြီး ဒီလောက်ကြိုးစားတာ လာတော့ ကောင်မ။။။"
သူငယ်ချင်းတွေရဲ့ အော်ခေါ်သံကြောင့် ပြီးပြီတော်တို့ရေဟု လှမ်းအော်လိုက်ရင်း သူမရိတ်နေတဲ့ တစ်ငန်းကို လက်စသတ်လိုက်သည်။။ ပြီးတော့ ကန်သင်းပေါ်တက်လာပြီး တစ်ဆင့်တည်းရှိသည့် စစ်သုံးဟန်းကောနဲ့ ထည့်လာသည့် ထမင်းကို လှမ်းယူလိုက်သည်။။ နေပူပူအောက်မှာ မိုးကာစကို တစ်ဖက်ရပ်ကာပြီး အရိပ်လုပ်လျက် ထမင်းဝိုင်းလေး ဖွဲ့လိုက်ကြ၏။။ ဟင်းတွေကတော့ မကောင်းလှ ပေမယ့် လူစုံတက်စုံမို့ စားရတာကတော့ မြိန်လှသည်။။ စားသောက်ပြီးကြတော့ ကိုယ်စီ မိုးကာလေးများ တစ်ဖက်ရပ်ကာပြီး နေပူကို အန်တုကာ ထမင်းလုံးစီရင်း နားနေကြ၏။။ ထွေးမြအတွေးတွေကတော့ တောင်ရောက် လိုက်၊မြောက်ရောက်လိုက်နှင့်။။ ထွန်းကြည်နှင့်သူမ ရည်းစားဖြစ်တာ သုံးနှစ် သုံးမိုးကြာလေပြီ။။ သူများတွေ အလျှိုလျှို မင်္ဂလာတွေ ဆောင်သွားကြပေမယ့် သူတို့ကတော့ နီးစပ်ဖို့ ဝေးနေဆဲ။။ ထွန်းကြည်စုသမျှ ငွေကလည်း မင်္ဂလာဆောင် စရိတ်ဆီ မရောက်ခဲ့။။ ပထမတစ်နှစ်က သူမရဲ့ တစ်ဦးတည်းကျန်တဲ့ မိခင် နေမကောင်းဖြစ်တာ ပြင်းထန်လှသည်မို့ ထွန်းကြည်က စုဆောင်းထားသမျှကို သူမ၏အမေအတွက် အကုန်စိုက်ထုတ် ပေးခဲ့သဖြင့် ကုန်ခဲ့ရသည်။။။ နောက်တစ်နှစ်ကျတော့ ထွန်းကြည်၏ ငှက်ဖျားရောဂါ ပြန်ထလာသဖြင့် အလုပ်မလုပ်နိုင် ဒီနှစ်ကတော့ သူမတို့ မဖြစ်မနေ မင်္ဂလာဆောင်မှ ဖြစ်တော့မည်။။ တစ်ယောက်တည်း တပည့်ဖြစ်သူ ဖိုးကျော်နှင့်အတူ ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်နေရပြီး အစားကောင်းဆိုတာ မစားရ၊ ပင်ပန်းလို့မှ ပြုစုပေးမယ့်သူမရှိတဲ့ သူမရဲ့ ချစ်သူ ထွန်းကြည်ကို သနားလှပြီလေ။။ ဒါကြောင့်မို့ သူမလည်း တတ်စွမ်းသလောက် အလုပ်ကို လုပ်ရင်း ငွေကို တစ်ဖက် တစ်လမ်းက စုနေခဲ့တာ ဖြစ်သည်။။ မိခင်ကလည်း ထွန်းကြည်နဲ့ဆို မတားသဖြင့် သူမတို့ လုံလောက်သော ငွေပမာဏကို စုမိ ဆောင်းမိပြီဆိုပါက လက်ထပ်လိုက်ရုံသာ ရှိသည်။။ အတွေးနှင့် ပျော်သွားသော ထွေးမြ ဟိဟုပင် အသံထွက်လာမိ၏။။ အသံထွက်လာပြီးမှ ဘယ်သူများ သိသွားလေမလဲ အရှက်သည်းစွာ ပါးစပ်ကို လက်နှင့်ပိတ်ရင်း ဘေးဘီကို ငေးကြည့်မိတော့ အားလုံးက ထမင်းလုံးစီရင် မှိန်းနေကြတာ တွေ့လိုက်ရသည်။။ ထွေးမြ လွတ်လပ်စွာပင် ပြုံးလိုက်မိတော့၏။။။။။




(၃)

"ဖိုးကျော်ရေ့..ဒီနှစ်စပါးကတော့ ထင်သလောက် မပေါက်ဘူးဝေ့။။ အစိုးရဒိုင်ကို ရောင်းရမှာရယ် တို့နှစ်ယောက် ဝမ်းစာရယ် ဖယ်လိုက်ရင် ဘာမှကို မကျန်ပါလားကွာ။။။ ကံဆိုးမသွားရာ မိုးကပဲ လိုက်ရွာတယ် ပြောရမလား။။ ဆိုးလွန်းပါတယ်ကွာ။။"
စိတ်ဓာတ်ကျသော အသံနှင့် ပြောနေသော ထွန်းကြည်ကို ကြည့်ရင်း ဖိုးကျော် သက်ပြင်းကို ခိုးရှိုက်လိုက်မိ၏။။ ဟုတ်တော့လည်း ဟုတ်သည်။။ စပါးအထွက်နှုန်းက အလွန်နည်းနေတာမို့ အစိုးရဒိုင်ကိုရောင်းပြီး သူတို့စားဖို့ဝမ်းစာ ချန်လိုက်ပါက ဘာမှမကျန်တော့။။ ဒါတောင် သူက လုပ်အားခကို မယူပဲ မရှိအတူ၊ ရှိအတူ အလုပ်လုပ်နေတာမို့လေ။။သူသာ လုပ်အားခယူမည် ဆိုပါက ကိုထွန်းကြည် အတော်ကို ဒုက္ခရောက်မှာ တွေးမိတော့ သူပါစိတ်မောသွား၏။။ ပြီးမှ
"ကိုကြီးထွန်း မထွေးမြက ဒီနှစ် မဖြစ်မနေ မင်္ဂလာဆောင်မယ်လို့ ပြောထားတယ်မလား။။"
အေးလကွာဟု စိတ်ပျက်သံဖြင့် ထွန်းကြည်က ပြောလိုက်သည်။။ ဖိုးကျော်က
"စပါးကလည်း မထွက်တော့ ဒီကနေ ပိုမှာ မဟုတ်တော့ဘူး။။ ဒီတော့ကာ ကိုကြီးထွန်း ခင်ဗျားတို့ မင်္ဂလာဆောင်ဖို့ ကျနော်တို့ စွန့်စားမှ ဖြစ်တော့မယ်။။ နွားတွေလည်း အနားပေးထားတာ ကြာပြီပဲ။။ ကျနော်တို့ တောတက်ပြီး သစ်ဝယ်မယ်ဗျာ။။ ပြီးတော့ ဒီမှာပြန်ရောင်း။။ အဲဒီကထွက်တဲ့ အမြတ်နဲ့မှ ကိုကြီးထွန်းတို့ အဆင်ပြေမယ်လို့ ကျနော်တော့ ထင်တာပဲ။။"
ထွန်းကြည် ရုတ်တရက် ဖိုးကျော် လက်မောင်းကို ပစ်ထိုးလိုက်ပြီး ဟုတ်သားဟ အဲဒီလိုပဲ လုပ်မယ်ကွာဟု ပြောလိုက်သည်။။ ညဘက် ချစ်သူထွေးမြနှင့် တွေ့တော့ ငှက်ဖျားရှိသည့် သူ့ကို ထွေးမြက တောထဲ မသွားစေလိုကြောင်း ပြော၏။။ သူကတော့ ပြတ်သားစွာပဲ ပြောလိုက်သည်။။ နှစ်ကိုယ်တူ နီးဖို့အရေးမို့ သေလည်းမတတ်နိုင်။။ သွားကိုသွားမည်ဟု။။ ဒီလိုနဲ့ တပည့်ဖြစ်သူ ဖိုးကျော်နှင့် တောတက်ပြီး သစ်ဝယ်သည်။။ အစစ်အဆေးတွေကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ရှင်းပြီး ပြန်ရောက်လာချိန်မှာ အမြတ်က မနည်းလှ။။ ထို့ကြောင့် ဆရာတပည့် နှစ်ယောက် နောက်တစ်ခေါက် ထပ်သွားဖြစ်ခဲ့သည်။။ နောက်တစ်ခေါက်လည်း အဆင်ပြေသည်မို့ တတိယအကြိမ် သွားဖို့ သူတို့နှစ်ယောက် ပြင်ဆင်နေမိ၏။။ ထွန်းကြည် ထွေးမြနဲ့ တွေ့ချိန်မှာ ဝမ်းသာအားရဖြင့်
"ထွေးရေ.. ငါတို့ ဒီနှစ်တော့ တကယ်နီးပြီဟ သိလား။။ နောက်တစ်ခေါက် တောကပြန်လာရင် နင်နဲ့မင်္ဂလာဆောင်မယ်။။ နင်စောင့်နေပေတော့။။ ငါ့ဆီမှာ မင်္ဂလာဆောင်ဖို့ ငွေကလောက်နေပြီ။။ ဒီတစ်ခေါက်ကတော့ မင်္ဂလာဆောင်ပြီးရင် နင်လိုချင်တာ ဝယ်ဖို့အတွက်ပဲ။။"
အားတက်သရော ပြောနေသော ချစ်သူကို ကြည့်ပြီး ထွေးမြ သက်ပြင်းချလိုက်သည်။။ စိတ်ထဲတော့ ထွန်းကြည်ကို တောသို့ ထပ်ပြီး မဝင်စေချင်။။ သို့သော်လည်း စိတ်အားထက်သန်နေသော ချစ်သူကို သူမ မတားချင်တော့။။။ ထို့ကြောင့်
"ကိုထွန်းရေ.. ရှင့်မှာလည်း ငှက်ဖျားရောဂါ အခံကရှိတယ်နော်။။ တောထဲ တောင်ထဲမှာ သတိထားပါ။။ ကျမကတော့ ဘာမှ မမက်ပါဘူး ကိုထွန်းရယ်။။ ရှင်နဲ့ တူတူနေရဖို့ကိုပဲ စိတ်ထဲရှိတယ်။။ ကဲ ကျမသွားမယ်နော်။။"
အေးပါ ထွေးမြရဟု ကျေကျေနပ်နပ်ကြီး ပြောပြီး ထွန်းကြည် မိန့်မိန့်ကြီး ပြုံးလိုက်မိသည်။။ ဘာပဲဖြစ်ဖြစ် ဒီနှစ်တော့ ချစ်သူနှင့် နီးစပ်ဖို့ သေချာပြီမို့ သူ့ရင်ထဲမှာတော့ ကြီးစွာသော ပျော်ရွှင်ခြင်းတို့ဖြင့် မြူးကြွနေမိတော့၏။။။။




(၄)

ထွန်းကြည်တို့ တောတက်သွားတာ ၁၀ ရက်လောက်ရှိလေပြီ။။ ပုံမှန်ဆို ၉ ရက်၊ ၁၀ ရက်ထက်ပိုမကြာတာမို့ ထွေးမြစိတ်ထဲ စိုးရိမ်စိတ်တွေ ဝင်နေမိ၏။။ မနက်အိပ်ယာ နိုးကတည်းကလည်း စိတ်ထဲမှာ မကြည်လင်။။ တစ်ခုခုကို သိနေသလိုလို လေးထင့် လျက်ရှိနေသည်။။ ထို့ကြောင့် မိုးလင်းတည်းက ဘုရားဆွမ်းတော် တင်ရင်း ကိုထွန်းကြည်တို့ ဘေးမသီ ရန်မခကြောင်း ဆုတောင်းရင်း ဘုရားကို အကြာကြီး ရှိခိုးနေမိ၏။။ နောက်နှစ်ရက်လောက်ဆို သူမရိတ်နေသော လယ်ရှင်၏ လယ်ဧကတွေက ကုန်လေပြီ။။။ လက်ထဲလည်း စပါးရိတ်ခငွေက အတန်စုမိပြီမို့ ထွန်းကြည်နှင့် အတူနေရမည့် အရေးကို တွေးပြီး ပျော်သလိုလို ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရ၏။။ ခဏကြာတော့ အမေက ဟဲ့..သမီးရေ ရှေ့မှာ ညည်းသူငယ်ချင်းတွေ ခေါ်နေ ကြပြီဟဲ့ ဟူသော သတိပေးသံကို ကြားလိုက်ရသည်။။ ဟုတ်ကဲ့ အမေ သမီးသွားပြီ ဟုအော်ပြောလိုက်ပြီး ကောက်ရိတ်တံဇဉ်နှင့် ထမင်းချိုင့်ကို ဆွဲပြီး အိမ်ရှေ့ ထွက်လာခဲ့လိုက်သည်။။။ ထို့နောက် သူငယ်ချင်းတွေ စနောက်ရင်း လယ်ကွင်းဆီသို့ ထွက်လာခဲ့ကြတော့၏။။ ထွေးမြစိတ်ထဲတော့ လေးနေသည်။။ အသက်ရှူရတာပင် မဝသလိုလို။။။။
ကိုယ့်စိတ်ကိုယ် ကြိုးစားဖြေရင်း စပါးရိတ်ခြင်းမှာ အာရုံစိုက်ထားလိုက်သည်။။ နေ့လည်စာစားပြီး နားနေရာမှ ညနေပိုင်းတစ်ခါ ထပ်ရိတ်ကြချိန်မှာ သူမစိတ်က သိသိသာသာကို လေးလံလာတာလေ။။။ ကိုထွန်းများ တစ်ခုခုဖြစ်လို့လား တွေးမိတော့ ဘုရား တလိုက်မိ၏။။ ကိုထွန်း ဘေးမသီ ရန်မခပါစေနဲ့။။ ခလုတ်မထိ ဆူးမညိပါစေနဲ့ ဟူသော စိတ်ထဲမှ ဆုတောင်းသံများနှင့် စပါးတစ်ဆုပ်ကို ရိတ်ဖို့ လှမ်းဆွဲယူလိုက်ပြီး တံစဉ်ကို ပြင်လိုက်စဉ် ရွှီးခနဲ နှာမှုတ်သံ၊ ဒုတ်ခနဲ လက်ဆီမှ နာကျင်မှု၊ ပြာခနဲ ဖြစ်သွားသော မျက်လုံးနှင့် အတူ ထွေးမြ ရှေ့ကို လှမ်းကြည့်လိုက်တော့ ရှောခနဲ စပါးခင်းအထဲသို့ ထွက်သွားသော လက်သီးဆုပ်ခန့် လုံးပတ်နှင့် မြွေဟောက်တစ်ကောင် ကိုတွေ့လိုက်ရ၏။။ သွားပြီ သူမကို ပိုးထိလေပြီ။။။
ထွေးမြ စိတ်ကို တင်းပေမယ့် မျက်လုံးများက ပြာလာ၏။။ ရှိသမျှ အားကိုတင်းပြီး
"ကောင်မတွေ ကျုပ်ကို ပိုးထိပြီတော့။။။ အရှည်ကောင်တော် နည်းတာမှ မဟုတ်ဘူး။။"
ထိုစကားကို ပြောပြီး ထွေးမြ လဲကျသွားသည်။။ သူငယ်ချင်းတွေရဲ့ အုတ်အုတ်ကျက်ကျက် ပြေးလာသံတွေကို နောက်ဆုံး ကြားလိုက်ရပြီး ထွေးမြရဲ့ အသိစိတ်တွေ မှောင်မဲသွားတော့၏။။ သူငယ်ချင်းများက သူမခေါင်းမှ ခမောက်ကို ဖယ်လိုက်သည်။။ ဦးခေါင်းမှာ စည်းပတ်ထားသည့် ပုဆိုးကိုလည်း ဖယ်လိုက်ပြီး လေရအောင် ခပ်ပေး၏။။ ပြီးတော့ ပိုးထိသည့် လက်ကို ဝါးခြမ်းပြားနှင့် ကျတ်စည်းပြီး အိမ်ဆီ သယ်ဖို့ ပြင်ကြတော့သည်။။ လယ်ပိုင်ရှင်နှင့် အတူ ယောက်ျားလေးများက ကိုက်သော အရှည်ကောင်ကို လိုက်ရှာကြပေမယ့် မတွေ့ကြတော့။။ ထွေးမြကတော့ အမှောင်ထဲတိုးဝင်ရင်း ချစ်သူ ထွန်းကြည်နှင့် အတူတွေ့နေသည်။။ ထွန်းကြည်တောက ပြန်ရောက်လာသည်။။ နှစ်ယောက်စု ထားသော ငွေများဖြင့် သူတို့ မင်္ဂလာဆောင်ခဲ့ကြ၏။။ တကယ်ကို သာယာကြည်နူးဖွယ် ဘဝကို သူတို့နှစ်ယောက် ပိုင်ဆိုင်ခွင့် ရခဲ့ကြတာဖြစ်သည်။။ အပြင်က တကယ်ရှိနေသော ထွေးမြရဲ့ ခန္ဓာကိုယ်ကတော့ မြွေဆိပ်ကြောင့် ပြာနှမ်းနေလေပြီ။။ ပြေးခေါ်ပင့်လာသော ကျေးလက်ဆရာဝန် ကလည်း ခေါင်းကိုသာ တွင်တွင် ခါယမ်းနေတော့၏။။ ဆေးမမှီနိုင်တော့။။။ ထွေးမြ၏ သူငယ်ချင်းများက ကိုထွန်းကြည်လာရင် ငါတို့ ဘယ်လိုပြောလိုက်ရမလဲ ထွေးမြရဲ့ ဟုအော်ပြောပြီး ငိုလိုက်သံက ဟိန်းထသွားတော့သည်။။ အသက်ဝိဥာဉ် ကင်းမဲ့နေပြီဖြစ်သော ထွေးမြ၏ မျက်နှာကတော့ ပြုံးလျက်။။။




(၅)


"ကိုကြီးထွန်း သတိထားပါဗျာ။။ ပြန်ရောက်ခါနီးပြီ။။ ရောက်တာနဲ့ ဆရာဝန်ခေါ်ပြီး ဆေးထိုးလိုက်ရင် သက်သာသွားမှာ သိလား။။ စိတ်ကိုတင်းထားနော်။။"
တောထဲမှာ သစ်မရလို့ လည်နေတုန်း ထွန်းကြည်ရဲ့ ငှက်ဖျားက ပြန်ထလာသည်။။ ဆေးမရှိသော တောတွင်းမို့ ကုသရန်က မရှိ။။ ပေလွန်းသော ထွန်းကြည်က သစ်ရမှ ပြန်မည်ဟု ဆိုကာ ဇွတ်ပင် နေနေ၏။။ ခုတော့ ဘယ်လိုမှ မရတော့။။ ကိုထွန်းကြည် ဖျားတာက သာမာန်ကို ကျော်နေလေပြီ။။ သစ်မရလည်း ပြန်မယ်ဗျာ ဟုဆိုကာ ဖိုးကျော်က လှည်းကို အပြန်လမ်းဆီ မောင်းနှင်လာခဲ့တာ ဖြစ်၏။။ တဟင်းဟင်း ညည်းတွားရင်း တုန်နေသော ကိုထွန်းကြည်က တစ်ချက်တစ်ချက်ကျ လုံးဝငြိမ်ကျသွားသည်။။ အဖျားဒဏ်ဖြင့် သတိက မရတစ်ချက် ရတစ်ချက် ဖြစ်နေတာ ဖြစ်လိမ့်မည်။။ ဖိုးကျော် ပါးစပ်က တတွတ်တွတ် သတိပေးရင်း နွားများကိုလည်း ခပ်နာနာ ကြိမ်တို့ရင်း ဖိမောင်းနေမိ၏။။
"လိုက်မှာပေါ့ ထွေးမြရဲ့။။ နေပါဦး ဒီမှာ ဖိုးကျော်ကို မင်္ဂလာဦး အရက်လေးတော့ တိုက်ဦးမယ်လေ။။ စိတ်ချပါ ထွေးမြရယ်။။ ကိုထွန်းတို့ ဘယ်တော့မှ မခွဲတော့ဘူး။။ဟုတ်ပြီလား။။"
အဖျားရှိန်ဖြင့် ကယောင်ကတမ်း ပြောနေသော ထွန်းကြည်၏ မျက်နှာက ပြုံးယောင်သမ်းနေသည်။။ သူ့မသိစိတ်ထဲမှာ မထွေးမြနဲ့ ချစ်တင်းနှောနေတယ် ထင်ပ။။ တတ်လည်းတတ်နိုင်တဲ့ ကိုကြီးထွန်း ဒီလောက်ဖြစ်နေတာတောင် ချစ်သူကို စိတ်ထဲထည့်ပြီး သတိရနိုင်သေးတယ် ဟုတွေးလိုက်ရင်း ဖိုးကျော် နွားတစ်စုံကို ခပ်သော့သော့နှင်လိုက်သည်။။ ရှေ့ဆို သူတို့ရွာသို့ ရောက်တော့မည်မို့ နွားတွေကလည်း ပိုပြီး သွက်သွက်သွားနေ၏။။ နာရီတစ်ဝက်ကျော်လောက် မောင်းပြီးတော့ ဖိုးကျော် ထွန်းကြည်ရဲ့ အိမ်ရှေ့မှာ လှည်းကို ထိုးလိုက်သည်။။ နွားနှစ်ကောင်ကို လှည်းမှဖြုတ်ပြီး စားခွက်မှာ ချည်ပေးလိုက်၏။ အနားမှာ တွေ့သည့် ကောက်ရိုးထုံးကို စားခွက်ထဲ ဖြည်ထည့်လိုက်ပြီး ခဏနေမှ မင်းတို့ အလှည့်ပေါ့ကွာဟု ပြောကာ လှည်းပေါ်မှ ထွန်းကြည်ကို အိမ်ပေါ် ပွေ့တင်လိုက်သည်။။ ထွန်းကြည်ကတော့ ပြုံးပြုံးကြီးနှင့် သတိကင်းမဲ့နေလေပြီ။။ ထွန်းကြည်ကို သေချာ နေရာချထားပေးပြီး ဖိုးကျော် ရွာထဲပြေးဝင်သွား၏။။ ရွာဆေးခန်းမှ ဆရာဝန်လေး အိမ်ကို တံခါးခေါက်ပြီး အကျိုး အကြောင်းပြောပြကာ ခေါ်တော့ ဆရာဝန်လေးက ဆေးအိပ်ဆွဲပြီး လိုက်လာသည်။။ ကိုထွန်းကြည်ကို သေချာ စမ်းသပ်ပြီး ချိန်မှာတော့ ဆရာဝန်လေးရဲ့ ဦးခေါင်းက ဒီနေ့အဖို့ ဒုတိယအကြိမ် ခါလိုက်မိပြန်၏။။ မရတော့ဘူး ဟူသော ဆရာဝန်လေးရဲ့ စကားမှာ ဖိုးကျော် အရုပ်ကြိုးပြတ် ထိုင်ကျသွားသည်။။ ကိုထွန်းကြည် လက်ကို ကိုင်လိုက်ရင်း ကိုကြီးထွန်း မထွေးမြကို ကျနော် ဘယ်လိုပြောရမှာလဲဗျ။။ ကိုကြီးထွန်း အဲလို မလုပ်ပါနဲ့ဗျာ ဟုမျက်ရည်တွေတွေ ကျရင်း ပြောလိုက်မိသည်။။
"ဖိုးကျော်..ညီလေး.. ဟိုမှာထွေးမြ လာခေါ်နေပြီကွ။။ ကိုကြီးထွန်း လိုက်သွားတော့မယ်။။ မင်္ဂလာအရက် အစား ကိုကြီးထွန်း ပိုင်သမျှကို မင်းယူလိုက်တော့ကွာ။။ ကိုကြီးထွန်းတော့ လိုက်သွားပြီ ကြားလား။။"
သူ့လက်ကို ပြန်ဆုပ်ရင်း ဗလုံးဗထွေးနဲ့ ပြောချင်ရာ ပြောပြီး ထွန်းကြည် ဇက်က လည်ကျသွားသည်။။ ကိုကြီးထွန်းဟု အသံကုန် အော်လိုက်ရင်း ဖိုးကျော် သည်းထန်စွာ ငိုကြွေးနေမိတော့၏။။ ကျေးလက် ဆရာဝန်လေးကတော့ ခေါင်းကိုသာ တွင်တွင်ကြီး ခါနေမိလေတော့သည်။။။။


(၆)

ရွာပြင် သင်္ချိုင်းထဲမှ မြေပုံ မို့မို့လေး နှစ်ခုရှေ့မှာ ဖိုးကျော် ရပ်နေမိသည်။။ တစ်နေ့တည်းမှာ နှစ်ယောက်လုံး ဆုံးခဲ့တာမို့ ရွာ၏ထုံးစံအရ မထွေးမြကို သုံးရက်နှင့် သင်္ဂြိုလ်လိုက်ပြီး ကိုထွန်းကြည်ကိုတော့ ငါးရက်ထားခဲ့၏။။ အရမ်းအချစ်ကြီးခဲ့ပြီး အတူနီးဖို့ ကြိုးစားနေလေသော ချစ်သူနှစ်ဦးကိုမှ ရက်စက်လွန်းလှသော ကံကြမ္မာကို ဖိုးကျော် စိတ်ထဲ တော်တော်ကို တင်းနေမိသည်။။ တောက်ဟု ကျယ်လောင်စွာ ဖွင့်ချလိုက်ပေမယ့် မျက်ရည်များနှင့် သူ့မျက်နှာမှာ မေးကြောကြီးကတော့ ထောင်နေ၏။။ အသက်ရှင်စဉ်မှာ အတူနေခွင့် မရခဲ့ပေမယ့် သေဆုံးချိန်မှာ တူယှဉ်တွဲပြီး နေစေဖို့ကို မတ်စေ့မြှောက်ပြီး သင်္ချိုင်းမြေဝယ်သော ရွာ၏ အစဉ်အလာအား သူအတော်ဖျက်ခဲ့ရသည်။။ အရက်ကို မူးအောင်သောက်ပြီး ငှက်ကြီးတောင် ဓားဆွဲကာ ကိုထွန်းကြည်နှင့် မထွေးမြကို နေရာခွဲပြီး မြေမြှုပ်ရင် မြှုပ်တဲ့သူကို သတ်မယ်လို့ ဓားကြိမ်းကြိမ်း လွန်းသောကြောင့်သာ ဒီမြေပုံနှစ်ခုက ခုလိုယှဉ်တွဲ ရှိနေခွင့်ရခဲ့တာလေ။။ ကိုကြီးထွန်းနဲ့ မထွေးမြတို့ရေ ခင်ဗျားတို့ကို ရှင်နေတုန်းမှာ ပေါင်းဖက်ဖို့ ဖိုးကျော် မကူညီနိုင်ခဲ့၊ မတတ်နိုင်ခဲ့ပေမယ့် သေဆုံးသွားချိန်မှာ အတူရှိနေဖို့ကိုတော့ ကျနော် တတ်နိုင်သလောက် စွမ်းဆောင်ပေးခဲ့ပါပြီဗျာ။။ တမလွန်ဘဝမှာ ခင်ဗျားတို့ ပေါင်းဖက် ဆုံဆည်းနေမယ်ဆိုတာ ကျနော် ယုံပါတယ်။။ ဒီဘဝအတွက် ဖိုးကျော် ဒီလောက်ပဲ လုပ်ပေးနိုင်ခဲ့တာကို နားလည်ပေးကြပါတော့ဗျာ။။ မျက်ရည် တွေတွေကျရင်း စိတ်ထဲမှ ဖိုးကျော် တိုင်တည်ရင်းပြောနေမိတော့သည်။။ ကိုထွန်းကြည်ရဲ့ အသုဘပို့ကို လိုက်လာကြသော ဧည့်သည်များက တဖွဲဖွဲ ပြန်သွားကြလေပြီ။။ ခဏနေတော့ ဖိုးကျော်နားသို့ ထွေးမြ၏ သူငယ်ချင်းများ ကပ်လာကြ၏။။
"ကဲ..ဖိုးကျော် ကံကြမ္မာက သူတို့နှစ်ယောက်ကို ရှင်ရက်နဲ့ ပေါင်းဖက်ခွင့် မပေးခဲ့ဘူးလေ။။ နင်က ကိုထွန်းကြည်ကို အကိုလို ခင်သလိုပဲ၊ ငါတို့ကလည်း ထွေးမြကို ညီမလိုပဲ ချစ်ပါတယ်ဟယ်။။ ဘာပဲဖြစ်ဖြစ် မသေခင်လေးမှာ သူတို့နှစ်ယောက် တွေ့သွားကြတယ်ဆိုတာ သေချာပါတယ်။။ ပြီးတော့ နင်လည်း ခုလို သူတို့နှစ်ယောက်ကို ယှဉ်တွဲလျက် ရှိနေအောင် လုပ်ပေးနိုင်ခဲ့တာပဲလေ။။ စိတ်ကို လျော့လိုက်တော့နော်။။ ငါတို့ပြန်ကြရအောင်။။။"
ဖိုးကျော် ဘာမှပြန်မပြောပဲ အံကို တင်းတင်းကြိတ်လျက် လှည့်ထွက်လာ ခဲ့လိုက်တော့သည်။။ ဖိုးကျော်နောက်မှ ထွေးမြ၏ သူငယ်ချင်းများကလည်း တိတ်ဆိတ်စွာ လိုက်ပါလာကြ၏။။ သူတို့ကသာ ပူဆွေးနေမိကြတာ တမလွန်မှ ကိုထွန်းကြည်နှင့် မထွေးမြတို့က သိမှသိပါလေရဲ့လား။။ နှစ်ယောက်သား မိုးမမြင် လေမမြင် ပျော်ရွှင်နေကြလေမလား။။ အားလုံးရဲ့ ရင်ထဲမှာတော့ ဘယ်တော့မှ မမေ့အောင် စွဲထင် ကျန်နေမယ့် ဇာတ်လမ်းလေး တစ်ပုဒ်ကို ပိုက်ရင်း အမျှ၊အမျှဟုသာ စိတ်ထဲမှ ပေးဝေမျှလိုက်ကြလေတော့သည်။။။။။။။




လေးစားလျက်
အလင်းသစ်

4 comments:

  1. ကျေးလက် ဓလေ့တွေနဲ့ ရသမြောက်တဲ့ စာတစ်ပုဒ်ပါလား လင်းသစ်ရေ..
    အားကျထှာနော်..:):) ဇတ်လမ်းလေးက သနားစရာလေး
    ခံစားအားပေးလျှက်ပါ .....လင်းသစ်။

    ReplyDelete
  2. ဖတ်ပြီးမျက်ရည်ဝဲသွားခဲ့တယ်..
    သူများလဲ..သူများအချစ်နဲ့ဝေးနေရတာကို..း(
    အဲလိုကြီး..ဘာလို့ဇာတ်ကိုအဆုံးသတ်တာလဲ..အကိုရ
    ပေးညားလိုက်လဲရတဲ့ဟာကို...

    ခင်တဲ့
    ချစ်ခြင်းအလကာင်္

    ReplyDelete
  3. သားကြီး.......နာလာဖတ်သွားတယ်ဟေ့.....

    ReplyDelete
  4. ၀မ်းနည်းလိုက်တာနော် ..
    အဟင့်
    ဇာတ်သိမ်းလေးပေါင်းပေးလိုက်ရင် ကောင်းမှာ :(((

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။