ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, July 10, 2011

ဘောလုံးပွဲ

(၁)

မိုးတစိမ့်စိမ့် အေးနေသဖြင့် အပြင်မသွားတော့ပဲ အခန်းထဲမှာပဲ ကွေးနေလိုက်သည်။။ ရာသီဥတု အရမ်းပူ နေရာကနေ မိုးရွာလာ၍ နေလို့ထိုင်လို့ အလွန်ကောင်းနေ၏။။ တစ်ယောက်တည်း သီချင်းနားထောင်ရင်း ကော်ဖီပူပူလေးကို တစိမ့်စိမ့်သောက်ပြီး အတွေးနယ်ချဲ့နေမိသည်။။ ခဏနေတော့ ခံတွင်းက ချဉ်လာ၏။။ ဆေးလိပ်ဗူးထဲမှ ဆေးလိပ်ကိုထုတ်ပြီး မီးခြစ်ကိုဆွဲကာ ဆေးလိပ်သောက်ရန် နေရာသို့ ထွက်လာခဲ့လိုက်သည်။။
"ဟေ့ယောင် ကိုမင်း။။ ဒီည ဂျာမနီနဲ့ ဂျပန်ပွဲရှိတယ်နော်။။ မင်းဘယ်ဘက်က အားပေးမှာလဲ။။"
အပေါ်ထပ် လှေကားမှ ဆင်းလာရင်း လှမ်းမေးလိုက်သော သူငယ်ချင်းဖြစ်သူ ကိုနိုင်ရဲ့ စကားကြောင့် အသာပြုံးလိုက်ရင်း
"ဂျပန်ပဲ အားပေးမှာ ပေါ့ကွ။။ ငါတို့မြန်မာ အသင်းသာ တက်လာ နိုင်ရင်တော့ မြန်မာမှ မြန်မာပဲ။။ မတက်လာ နိုင်တော့လည်း အာရှသားချင်းပဲ အားပေးရမှာပေါ့။။ ဟုတ်တယ်မလား။။"
ဒါပေါ့ကွ ဟုကိုနိုင်က ပြောသည်။။ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသော ၂၀၁၁ ခုနှစ် အမျိုးသမီး

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲအဖြစ် အင်္ဂလန်နှင့်ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်တို့ ယနေ့ည ကန်ကြပေတော့မည်။။။ အာရှမှ ကွာတားဖိုင်နယ်သို့ တက်လာနိုင်သော အသင်းဆို၍ ဂျပန်အသင်းသာ ရှိတော့တာမို့ ယနေ့ညတော့ ကျနော်တို့တွေ ဂျပန်အသင်းကို အုံးအုံးကြွက်ကြွက် အားပေးကြရပေဦးမည်။။။ ၂၀၁၀ တုန်းကတော့ အာရှဇုန် ခြေစစ်ပွဲအဖြစ် မြန်မာအမျိုးသမီး အသင်းနှင့် ဂျပန်အမျိုးသမီး အသင်းတို့ ထိပ်တိုက်တွေ့ ခဲ့ကြသည်။။ ထိုစဉ်တုန်းက မြန်မာအမျိုးသမီး အသင်းအတွက် ရင်တထိတ်ထိတ်ဖြင့် ဘယ်လိုင်းကနေ လွှင့်ပေးလေမလဲ အသည်းအသန် ရှာဖွေပြီး အားပေး ခဲ့ကြတာကို မှတ်မိနေ၏။။ သို့သော်လည်း ကစားပုံနည်းစနစ် ကျွမ်းကျင်မှု ကွာခြားလွန်း ခဲ့သဖြင့် ဂျပန်အမျိုးသမီး အသင်းက ၈ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည်။။ မြန်မာအမျိုးသမီး အသင်းအတွက် မချိသောရင်ဖြင့် ထိုနေ့ကတော့ ခိုးလိုးခုလု ခံစားခဲ့ရတာလေ။။။ ဒီနေ့ရော ဥရောပမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသော လက်ရှိချန်ပီယံ ကမ္ဘာ့ဖလားပိုင်ရှင် ဂျာမနီအသင်းကို ဂျပန်တို့ ခုခံနိုင်ကြပါ့မလား။။ ဘာပဲဖြစ်ဖြစ် အာရှသားချင်းမို့ ဂျပန်အသင်းကိုသာ အားပေးဖို့ ကျနော်တို့ ပြင်ဆင်ထား ကြတော့သည်။။။





(၂)

ဖုန်းသံကြောင့် ကောက်ကိုင်လိုက်တော့ မျိုးကိုခေါ်နေတာ တွေ့ရသည်။။ ဖုန်းလက်ခံရင်း ထူးလိုက်တော့
"ဟေ့ယောင် ကိုမင်း လာခဲ့တော့။။ ငါ့နေရာမှာ စုကြည့်မယ်။။ ကျန်တဲ့ ကောင်တွေလည်း ရောက်နေပြီ။။ လာခဲ့တော့။။"
အေးအေးဟု ပြောလိုက်ရင်း မျက်လုံးတွေကတော့ ပွဲချိန်ပြည့် ကန်ရုံတင်မက အချိန်ပိုထိ တောင့်ခံထားခဲ့ပြီးမှ ပန်နယ်တီကန်ပြီး အရှုံးနှင့် ရင်ဆိုင်လိုက်ရသော အင်္ဂလန်သူတွေရဲ့ အငိုမျက်နှာတွေကို ကြည့်နေလိုက်မိသည်။။ ပြင်သစ်မလေးတွေ ကတော့ အပျော်ဆုံး အပြုံးများနှင့် တစ်ချို့က ကျတော့လည်း ပျော်လို့ ကျသည့် မျက်ရည်များနှင့်။။ အင်္ဂလန်အမျိုးသမီး အသင်းက နိုင်လိမ့်မည်ဟု တွေးထင်ခဲ့ သော်လည်း ဘောလုံးသည် အလုံးကြီးမို့ သူတို့ ရှုံးနိမ့်သွားခဲ့ပြီး ကွာတားဖိုင်နယ်မှ လှည့်ပြန် ရလေပြီ။။ ခဏနေကန်မည့် ဂျပန်အမျိုးသမီး အသင်းသည်လည်း ဘောလုံးသည် အလုံးကြီးမို့ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီ အသင်းကို ဂျာမနီနိုင်ငံမှာ အနိုင်ကန်နိုင်ကောင်း ကန်နိုင်မှာပဲဟု တွေးလိုက်မိတော့ ဘာသာ ပြုံးလိုက်မိ၏။။။
ခဏနေတော့ ကွန်ပျုတာကို ပိတ်လိုက်ပြီး ရေချိုးလိုက်သည်။။ ပြီးတော့မှ ကော်ဖီထုပ် ဆွဲပြီး အပေါ်ထပ်သို့ တက်သွားလိုက်၏။။ စုကြည့်ဖို့ ပြင်ထားသော မျိုးကိုရဲ့ အခန်းကို ရောက်တော့ ကျန်တဲ့ကောင်တွေတောင် ရောက်နေကြလေပြီ။။ မျိုးကိုက SopCastမှ ဂျာမနီနှင့် ဂျပန်ပွဲကို ဖမ်းလိုက်သည်။။ ပွဲချိန် မရောက်သေး သဖြင့် ကြော်ငြာများ လာနေ၏။။။ ကွန်ပျုတာရှေ့ ကုတင်ပေါ်မှာ ၄ ယောက်စုထိုင်ပြီး၊ ဂျာမနီဘက်မှ အားပေးသည့် အောင်ဇော်တို့က ကုလားထိုင် ၃လုံးဖြင့် ဝိုင်းထိုင်နေကြသည်။။ စားပွဲပေါ်မှာက အရီးတောင်း လ္ဘက်သုပ်တစ်ပွဲ၊ ရေနွေးကြမ်း ခွက်များနှင့် ကော်ဖီခွက်များ။။ လ္ဘက်က မြန်မာကနေ သယ်လာပြီး ရောင်းတာမို့ အလွန်ဈေးကြီးသည်။။
"ငါတို့က ဒီလောက် သေချာပြင်ဆင်ပြီး ရှယ်အားပေးတာ မနိုင်လို့ကတော့ ဂျပန်မတွေ တိုကျိုထိသွားပြီး...."
မိုးလတ် စကားကြောင့် ကိုနိုင်က
"တိုကျိုထိ သွားပြီး မင်းက ဘာလုပ်မှာတုန်း။။ ပြောပါဦး။။"
"ဒီနှစ်မနိုင်ပေမယ့် နောက်တစ်ခါမှတော့ ငါတို့နိုင်ကို နိုင်ရမယ်ဆိုတဲ့ သီချင်းနဲ့ သွားပြီး နှစ်သိမ့် မလို့ပေါ့ဟ။။"
မိုးလတ် စကားကြောင့် တစ်ဝိုင်းလုံး ရယ်သံတို့ ညံထွက်သွားသည်။။။
အောင်ဇော်၊ ထွန်းနိုင်နှင့် ကျော်ထွန်းတို့ ကတော့ ဂျာမနီကို အားပေးသူများမို့ ကျနော်တို့ကို သနားသလို ကြည့်နေသည်။။




(လက်ရှိကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအမျိုးသမီး အသင်း)







"မင်းတို့လည်း သနားစရာပဲကွာ။။ အာရှသားချင်းဆိုပြီး အားပေးတိုင်း နိုင်မလားဟ။။ ဂျာမနီက လက်ရှိ ကမ္ဘာ့ဖလားပိုင်ရှင်။။ အိမ်ရှင်အသင်း။။ ဂျပန်လောက်တော့ အေးဆေး ကစားသွားမှာ။။"
သူတို့စကားကြောင့် နည်းနည်းတော့ တင်းသွားသည်။။ သို့သော်လည်း
"ဘောလုံးက အလုံးကြီးပါကွာ။။ မင်းပွဲပြီးမှ ပြောစမ်းပါ အောင်ဇော်ရ။။ ရှုံးတော့လည်း ဘာဖြစ်လဲ။။ မြန်မာမပါလာလို့ ပါလာတဲ့ အာရှအသင်းကို အားပေးတာကွ။။ မင်းသာ အနောက်မျှော်ကောင်။။ တော်ပြီကွာ ပွဲစပြီ။။ ပါးစပ်ပိတ်တော့။။"
ကျနော် စိတ်တိုတိုနဲ့ ပြောလိုက်ပြီး ဘောလုံးပွဲဆီ အာရုံစိုက်လိုက်သည်။။ အာရှမှ တစ်သင်းတည်း တက်လာနိုင်သော ဂျပန်နှင့် ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီအမျိုးသမီး အသင်းတို့၏ ကွာတားဖိုင်နယ် ပွဲစဉ်က စတင်လေပြီတည်း။။။။




(၃)


အာရှသူ ဂျပန်အမျိုးသမီး များနှင့် ဥရောပသူ ဂျာမနီ အမျိုးသမီးတို့ လူကောင်ချင်းကတော့ မယှဉ်နိုင်အောင် ကွာခြားလွန်းနေသည်။ ကစားကွက်တွင် ဂျပန်အမျိုးသမီးတို့ အသာယူ နိုင်သော်လည်း လျင်မြန်မှုနှင့် တွန်းတိုက်ကစားမှုတွင် ဂျာမနီ အမျိုးသမီးတို့က သာလွန်နေ၏။။ ပွဲစဉ်တစ်လျောက် ဂျာမနီက အပိုင်ကန်သွင်းလိုက်၊ ဂျပန်က အပိုင်ကန်သွင်းလိုက်နှင့် ကြည့်ရသည်မှာ စိတ်လှုပ်ရှား စရာကောင်းနေသည်။။ ဂိုးသမားတို့ လက်စွမ်းပြ ကာကွယ် ပုံကလည်း ဟင်ခနဲ၊ ဟာခနဲ ဖြစ်စေသည်ထိ။။ ဂျာမနီ အမျိုးသမီးတို့ ကန်သွင်းလိုက်တိုင်း အောင်ဇော်တို့က လက်သီး လက်မောင်းတန်းပြီး အားပေး၏။။ ဂျပန်တို့ ဘောလုံးသယ် ပြေးတာနဲ့ ကျနော်တို့ ကလည်း လက်သီး လက်မောင်းတန်းပြီး အော်ဟစ် အားပေးကြသည်။။ ဂျပန်တို့၏ ခေါ်ရခက်သော နာမည်တို့ကို သူတို့ အင်္ကျီကျောမှာ ရေးထိုးထားသော နာမည်ကို မြန်မာမှုပြုပြီး ဆာဝါ၊ဆာဝါ ဟူ၍ တစ်ဖုံ၊ မာယူရာမာ မာယူရာမာ ဟူ၍တစ်မျိုး အသံစုံဖြင့် အော်ဟစ်နေကြ၏။။
                                              (ဂျပန်အမျိုးသမီး အသင်းမှ အသင်းခေါင်းဆောင် ဆာဝါ)

ဂျာမနီမတို့ ခြေနှစ်လှမ်းက ဂျပန်မလေးတွေ ခြေသုံးလှမ်းလောက် လှမ်းမှ မှီသည်မို့ ဂျာမနီတို့ ဘောလုံး ဆွဲပြေးပြီဆို ဂျပန်တို့ အသည်းအသန် လိုက်လုကြရသည်။။ လူကောင်ချင်းကလည်း ကွာလွန်းသည်မို့ ပူးကပ် လုယူတိုင်း ဂျပန်တို့ လဲကျပြီး ကျန်ခဲ့ရ တာကို ကျနော်တို့တွေ ကျိတ်မနိုင် ခဲမရ အံတကြိတ်ကြိတ် ဖြစ်နေရသည်။။ ဒီကြားထံမှာ ဒိုင်လူကြီးက အိမ်ရှင် ဂျာမနီတို့ဖက်သို့ မျက်နှာလိုက်လွန်း သဖြင့် ပိုပြီးကြိတ်မနိုင် ခဲမရ ဖြစ်ရ၏။။
"ဟာကွာ... အနီကတ်ကွာ အနီကတ်။။ အဲဒီ ဒိုင်လူကြီးကို အနီကတ်ပြကွာ။။"
နှစ်ယောက်ယှဉ် လုရင်း နှစ်ယောက်လုံး လဲကျသွားလျက် ဂျပန်မလေးကို အဝါကတ်ပြပြီး ပြစ်ဒဏ်ဘော သတ်မှတ်သည့် ကွင်းလယ် ဒိုင်ကို စိတ်တိုလွန်းစွာ မျိုးကိုက ထအော်သည်။။။
"ဟယောင်.. ဒိုင်လူကြီးကို အနီကတ်ပြလို့ ရမလားကွ။။ မင်းကလည်း ကြည့်ပြောဦးဟ မင်းတို့ကောင်ကို။။"
အောင်ဇော်က လောင်သလို ပြောတော့
"ဟေ့ယောင် မင်းဒိုင်လူကြီးမ မျက်နှာလိုက်တာ သိသာနေတာပဲ။။ ဒီလူကောင်နဲ့ ဒီလူကောင် ၂ ယောက်ယဉ်လုပြီး လဲကျတာကို ဂျပန်မကိုပဲ အဝါပြတယ်ဆိုတော့။။ မပြောလိုက်ချင်ဘူး မင်းဂျာမနီမတွေ ကြီးပေါကြီးတွေ။။ ဘာစိတ်ဓာတ်မှ မရှိဘူး။။ အိမ်ရှင်ဖြစ်ပြီး ညစ်တာကလည်း တအား။။ ဒိုင်ကလည်း အိမ်ရှင်ကို အဝါကတ်ပြရင် အသတ်ခံရမှာ ကြောက်နေလားမသိဘူး။။ ဂျပန်ကိုပဲ အဝါပြနေတာ ၆ ခုလောက်ရှိပြီ။။ တင်းနေပြီနော်။။ မင်းတို့ ပါးစပ်တွေပိတ်။။ ဒါပဲ။။"
ကျနော် ပိတ်ဟောက် လိုက်တော့ အောင်ဇော်တို့ ပါးစပ် ပိတ်သွားသည်။။ ဘောလုံးပွဲက အကျိတ်အနယ် အသည်းအသန် ကန်ရင်း တဖြည်းဖြည်း အချိန်ပြည့်ရန် နီးလာလေပြီ။။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီကို ပွဲချိန်ပြည့် ရင်ဆိုင် ကစားနိုင်ခဲ့ သဖြင့် ကျနော်တို့ အားပေးရကျိုး နပ်သည်။။ တောင့်ထားကွ။။ ကန်ထားကွ နှင့်အသံတို့က အတော်လေးကို ဆူညံနေ၏။။ ပွဲချိန်ပြည့်သွားတော့ ၅ မိနစ်နားပြီး အချိန်ပို ကန်ကြသည်။။ ပထမအချိန်ပို ၁၅ မိနစ်မှာ ဂျပန်တို့ ဂျာမနီ၏ ဖိကစားတာကို အတော်လေး ခုခံကစား ကြရ၏။။ အသင်းခေါင်းဆောင် ဆာဝါ ဒဏ်ရာရတော့ အော်လိုက်ကြတာ ညံထွက်သွားသည်။။ ဘာပဲဖြစ်ဖြစ် ဂျပန်အမျိုးသမီး အသင်းကတော့ စိတ်ဓာတ်ခိုင်ခိုင်ဖြင့် အိမ်ရှင် ဂျာမနီအသင်းကို ပထမအချိန်ပို ပြီးသည်ထိ ကြံကြံခံ ကစားနိုင်ခဲ့ကြသည်။။ တစ်မိနစ်လောက် နားပြီး ဒုတိယ အချိန်ပို ၁၅ မိနစ်ကို ကန်ကြလေပြီ။။ ဒုတိယ အချိန်ပိုမှာတော့ ဂျပန်တို့ ပိုပိုပြီး ထိုးဖောက် ကစားနိုင်ခဲ့၏။။ ဂျာမနီနောက်တန်း၏ ပေါ့ဆမှုကို အသုံးချလျက် ဒုတိယ အချိန်ပို ၅ မိနစ်ခန့် အရောက်မှာတော့ ဂျပန်အသင်းမှ အသင်းခေါင်းဆောင် ဆာဝါက ထိုးပေးလိုက်သော ဘောလုံးကို နံပါတ်(၁၈) မာယူရာမာက ထောင့်ကျဉ်းမှ ဖြတ်ကန်ပြီး ဦးဆောင်ဂိုးကို သွင်းယူလိုက်သည်။။ ဂျပန်အသင်းကို အားပေးနေသော ကျနော်တို့ ကုတင်ပေါ်မှ ခုန်ထပြီး အော်လိုက်ကြသည်မှာ တစ်ဆောင်လုံးပင် ဟိန်းသွားမတတ်ပင်။။




(မာယူရာမာ ဂျာမနီအသင်း ဘက်သို့ ဂိုးသွင်းယူအပြီး ဂျပန်အသင်းအောင်ပွဲ ခံနေစဉ်)









"ဟေ့ယောင် အောင်ဇော်။။ တွေ့လိုက်လား။။ မြင်လိုက်လား။။ ဘယ်လိုသွင်းသွားတယ်ဆိုတာ။။ မင်းဂျာမနီမတွေ ဘာတတ်နိုင်လဲကွ။ အာရှသားတွေလည်း စွမ်းတယ်ဆိုတာ မြင်ပြီလား။။ ရှင်းလားကွ။။ ဂျပန်ကွ။။ အာရှသားကွ။။ အဲမှားလို့ အာရှသူတွေကွ။။"
ကုတင်ပေါ်ပင် ပြန်မထိုင်နိုင်ပဲ အော်ဟစ်နေသော ကျနော်တို့ကို ဂျာမနီအသင်း ပရိတ်သတ် အော်ဇော်တို့ ဘာမှပြန်ပြီး မပြောနိုင် ကြတော့။။ စောင့်ကြည့်ပါဦးကွာဟု ပြောသော်လည်း နောက်ထပ် ၁၀ မိနစ်ပင် မကျန်သော ပွဲချိန်အတွက် မိနစ် ၁၁၀ ကျော် ကစားထားသော ကစားသမားတွေ ထိုးဖောက် ကစားပြီး ဂိုးသွင်းယူဖို့ စွမ်းဆောင်နိုင်ရန် မသေချာဘူးလေ။။ အောင်ဇော်တို့ အသံ တိတ်သွားကြ၏။။ ခဏနေတော့ ပွဲက ပိုကြည့်ကောင်းလာသည်။။ ဂျာမနီအမျိုးသမီးများက ချေပဂိုး ရရှိရေး အသည်းအသန် လိုက်ကစားနေသဖြင့် ဂျပန်အမျိုးသမီးတို့ မရှုမလှကို ဖျက်ထုတ် ကာကွယ်နေရ၏။။
"ကန်ပစ်လေ။။ ဘေးကန်ပစ်။။ ဝေးဝေးသာ ကန်ထုတ်ပစ်။။"
ကိုနိုင်၏ စိုးရိမ်သံဖြင့် အော်သော အသံကို ကြားလေသည်လားမသိ။။ ဂျပန်တို့ကလည်း ဘောလုံးရသည်နှင့် ဘေးသို့သာ ကန်ထုတ် ပစ်သည်။။
"ဘောလုံးကန်တာ မညစ်ရဘူးလေ။။ ဘာလို့ ဘေးကန်ခိုင်းရတာလဲ။။ ဂျာမနီကွ ဖိထား။။။ ဂိုးးးးးးးးးးး။။ ဟာကွာ။။။"
ဂျာမနီက တစ်ဖုန်းဖုန်း ကန်သွင်းသော်လည်း ဂျပန်ဂိုးသမားက စနစ်တကျကို ကာကွယ်နေလေရာ အောင်ဇော်တို့ ကြိတ်မနိုင်၊ ခဲမရ ဖြစ်ကြရပြန်လေပြီ။။ ညစ်သည်ပဲဆိုဆို အနိုင်ဂိုးသွင်းပြီးပြီမို့ ကျန်နေသော ပွဲချိန်နည်းနည်းလေး အတွင်းမှာ ဂိုးပြန်မပေးရဖို့ ဘေးသို့သာ ကန်ထုတ်ဖို့ အော်ဟစ်နေကြ၏။။ ဒုတိယအချိန်ပို အတွက် နာကျင်အချိန်ပို ၁ မိနစ်ပေးသည်။။ ထို ၁မိနစ်ကိုတော့ ကျနော်တို့ ၅၆၊၅၅၊၅၄ ဟူ၍ စက္ကန့်တွေ အော်ပြီး အားပေးခဲ့ကြ၏။။ ကျနော်တို့ ပါးစပ်မှ ၁ ဟု အော်ပြီးသည်ထိ ဂျပန်အမျိုးသမီးတို့ တောင့်ခံ ကစားနိုင်ခဲ့ကြသည်။။ ထို့အတွက်ကြောင့် အာရှမှ ဂျပန်အသင်းက လက်ရှိချန်ပီယံ ဂျာမနီကို ဂျာမနီနိုင်ငံ အိမ်ကွင်းမှာ အနိုင်ကန်ပြီး စီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့လေပြီတည်း။။။




(၄)


ဝေးးးးးးးးးး ဂျပန်ကွ ဟူသော အသံကြီးကို ကျယ်လောင်စွာ အော်ဟစ်ပြီး အောင်ပွဲခံလိုက်ကြသည်။။ အဲဒီနေရာမှာ မြန်မာအသင်း သာဆိုရင်ဟူသော အတွေး ဝင်လာတော့ မြန်မာတို့ကို ကြိုးစားစေချင်မိ၏။။ ခုတော့ ကိုယ့်လူမျိုးတွေ မစွမ်းနိုင်လို့ သူများအသင်းကို အားပေးနေရတာလေ။။ ဘာပဲပြောပြော ယနေ့ ကစားသွားသော ဂျပန်အမျိုးသမီး အသင်းသည် စိတ်ဓာတ်ခိုင်မာ၏။။ ဂျာမနီအသင်းက ပရိတ်သတ်အားဖြင့် ဖိကစားသော်လည်း တုန်လှုပ်မှုမရှိ ကစားကွက်မပျက်ပဲ တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့သည်။။ ဂျပန်တို့ ဂိုးသွင်းလိုက်ချိန်က အားပေးသော ဂျပန်ပရိတ်သတ်သည် ဘောလုံးကွင်းကြီး အတွင်းရှိ ပရိတ်သတ်၏ အပုံတစ်ရာပုံ တစ်ပုံပင် ရှိပါ့မလားမသိ။။ သို့သော် ဂျပန်အမျိုး သမီးတို့ အနိုင်ကစားနိုင်ခဲ့သည်။။ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီအမျိုးသမီးတို့ကို သူတို့နိုင်ငံကွင်းမှာ အနိုင်ကစားပြီး ကွာတားဖိုင်နယ်မှ လှည့်ပြန်စေနိုင်ခဲ့၏။။ ထိုဂျပန်အမျိုးသမီးတို့၏ စိတ်ဓာတ်မျိုးကို အားပေးနေသော ပရိတ်သတ်ကိုမှ အားမနာ ကိုယ့်ဘက် ဂိုးသွင်းခံလိုက်ရသည်နှင့် ရှုံးပြီဆိုတာ သေချာသော မြန်မာ အမျိုးသားဘောလုံး အသင်းက အတုယူသင့်သည် ထင်၏။။။ ပင်ပန်းလာသည်နှင့် ဖြစ်ချင်ရာဖြစ် လိုက်ကစားဖို့ မစဉ်းစားတော့သော မြန်မာအမျိုးသား ဘောလုံးအသင်း အတုယူကို ယူသင့်သည်။။ သူတို့က အမျိုးသမီးများမို့ အတုယူစရာ မလိုဟု စဉ်းစားဖို့ကား အကြောင်းမရှိ။။ ကိုယ့်မှာမရှိပဲ ကိုယ့်အတွက် အကျိုးရှိမည် ဆိုလျှင် မည်သည့်နေရာမှ မဆို ရအောင်ယူကို ယူနိုင်ရပေမည်။။ မြန်မာဘောလုံးအသင်းသည် တစ်ချိန်က အရှေ့တောင် အာရှမှာ နာမည်ကြီး အသင်းဖြစ်ခဲ့၏။။ တစ်ချိန်က အောင်ကျော်ကျော်၊ မောင်မောင်ဦး၊ ဝင်းအောင်၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင် ၊မင်းသူ စသဖြင့် ကျနော်တို့ ကလေးအရွယ်ကပင် နာမည်များကို မှတ်မိနေသည်ထိ နာမည်ကြီးခဲ့ကြသည်။။ မြန်မာပရိတ်သတ်တို့ မြန်မာအသင်း စီမီးဖိုင်နယ်ထိ မရောက်တာကို တစ်ခါမှ မမြင်ခဲ့ကြရ။။ ယခုတော့ ဒီလိုမဟုတ်တော့ပြီ။။ ထို့ကြောင့် ဘောလုံးပွဲဟေ့ ဆိုလျှင် ကိုယ့်နိုင်ငံအသင်းကို အားပေးချင်လွန်းလှ၍ မြန်မာအသင်းတွေ ကြိုးစားစေချင်မိသည်။။ မြန်မာအသင်းကို ချစ်သော မြန်မာ ပရိတ်သတ်တွေ အတွက် မြန်မာအားကစားသမားတို့ ကြိုးစားသင့်သည်ဟု တွေးနေတုန်း တံခါးခေါက်သံ ကြားလိုက်ရ၏။။ အခန်းတံခါးကို ဖွင့်ပေးလိုက်တော့ အပြင်မှာ ရပ်နေတာက အဆောင်မှ တာဝန်ကျ။။ ကျနော်တို့ သဘောပေါက်လိုက်ပြီ။။ အခန်းမှ အိပ်ချိန်မှာ အရမ်းဆူနေသဖြင့် တက်လာခြင်းဖြစ်သည်။။ ထို့ကြောင့် အခန်းပိုင်ရှင် ဖြစ်သော မျိုးကိုနှင့် ကိုနိုင်တို့ အဆောင်တက် ကဒ်လေးတွေ ပေးလိုက်ကြရ၏။။ ချက်ချင်း လူစုခွဲပါ ဆိုသဖြင့် ကျနော်တို့လည်း ကိုယ့်အခန်းသို့ ကိုယ်ပြန်ခဲ့ ကြရတော့သည်။။ ဂျပန်အမျိုးသမီးတို့ ပျော်၍ ငိုခဲ့ကြသည်။။ ဂျာမနီ အမျိုးသမီးတို့ ဝမ်းနည်း၍ ငိုခဲ့ကြသည်။။ မျိုးကိုနှင့် ကိုနိုင်တို့ကတော့ မနက်ဖြန် အဆောင်မှူးရုံးသို့ တက်ကြရပေတော့မည်တည်း။။။။


(စာရေးချင်သော်လည်း အလုပ်များနေသဖြင့် တခြားအကြောင်း မရေးနိုင်သေးပဲ ကြည့်ရှုအားပေးခဲ့ရသော ဘောလုံးပွဲလေးကို မျှဝေခံစားပေးလိုက်ရပါသည်။။ နောက်ဆုံးသိရသမျှ ဂျပန်အမျိုးသမီးတို့ ကွာတားဖိုင်နယ်တွင် သြစတေးလျအမျိုးသမီး အသင်းကို ၃-၁ ဖြင့်အနိုင်ယူခဲ့သော ဆွီဒင်အမျိုးသမီး အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဟု သိခဲ့ရပါသည်။။။)


လေးစားလျက်
အလင်းသစ်

1 comment:

  1. အတော်ပဲ မီးပျက်နေလို့ ဘောလုံးပွဲမကြည့်ရတာရယ် ဂျာနယ်လည်း ၀ယ်မဖတ်ဖြစ်တာရယ်နဲ့ ပွဲအဖြေသိရတာ အဆင်သင့်သွားတယ်...ဒါပေမယ့် ဂျာမနီရှုံးသွားတော့ စိတ်မကောင်းဘူး...(ကိုယ့်အကြိုက်နဲ့ကိုယ်ကိုး) မြန်မသအသင်းအကြောင်းတော့ ယုန်ကလေးနှာစေးနေပါ၏...

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။