ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, July 16, 2011

နှစ်ကိုယ်တူ ရည်မှန်းကြသည် ဆိုရာဝယ်...




(၁)

"မမ..ကျော့်ကို ချစ်ရဲ့သားနဲ့ ဘာလို့ ဟန်ဆောင် နေရတာလဲဟင်။။ မမ ဘာဖြစ်လို့ ကိုယ့်ရင်ထဲက ခံစားချက် အစစ်အမှန်ကို ရင်မဆိုင်ရဲတာလဲ။။ ဘာလို့ ဝန်မခံ ရဲရတာလဲ မမရယ်။။"

အားမလို အားမရ မချင့်မရဲစကားကို အံကြိတ်ရင်း ကျော်ဗညား ပြောလိုက်မိသည်။။ ပတ်ဝန်းကျင်က လူမပြတ်ပေမယ့် တိတ်ဆိတ်လို့နေ၏။။ နှစ်ဦးသား၏ သက်ပြင်းချသံက တိတ်ဆိတ်မှုထဲမှ ကျယ်လောင်သော မြည်ဟီးသံတစ်ခုလို ဖြစ်နေသည်။။ ပန်းခြံအတွင်းမှ တခြားသော စုံတွဲများဆီ မျက်လုံးအကြည့်တွေ ရောက်တော့ ကျော်ဗညား ကိုယ့်အဖြစ်ကိုကိုယ် အတော်လေး ခံပြင်းမိသည်။။ ဘယ်ကိုသွားသွား အတူတူ၊ ဘာပဲလုပ်လုပ် တိုင်ပင်ခဲ့ပေမယ့် မမက ခုထိကို အဖြေမပေးခဲ့သေး။။ ချစ်ခွင့်ပန်ခဲ့တာပင် တစ်နှစ်ပြည့်တော့မည်လေ။။ သိပ်ချစ်ရတဲ့ မမကို ချစ်သူအဖြစ် တရားဝင် လက်တွဲခွင့် ဆိုတာကလည်း ကျော်ဗညား ရင်ထဲက အသည်းအသန် တောင်းဆိုနေတဲ့ ဆန္ဒတစ်ခုဖြစ်သည်။။ ခဏကြာတော့ မမက သက်ပြင်းရှည် တစ်ခုကို ချရင်း

"ကျော်ရယ်.. အခုလိုနေတော့ရော ဘာဖြစ်လို့လဲ။။ အတူတူပဲကို။။"

ဟုပြောလာ၏။။ ဟုတ်တော့ ဟုတ်ပါသည်။။ ချစ်တယ်လို့ အဖြေမပေးသေး တာကလွဲရင် မမနဲ့ ကျော်က တကယ့်ချစ်သူတွေ ထက်ပင် တစ်ဦးကို တစ်ဦးက ကြင်နာယုယ ဂရုစိုက်မှုတွေ ပိုခဲ့ကြ၏။။ ကျော်မကြိုက်ဘူး ပြောလိုက်ပါက မမ ဘယ်တုန်းကမှ မလုပ်ခဲ့သလို မမ အလိုမကျစေမယ့် ဘယ်လို အပြုအမူကိုမှ ကျော်ကလည်း လုပ်ဖို့ မစဉ်းစားဖူးခဲ့။။ သို့ပါလျက်နှင့် မမက ဘာလို့များ ချစ်တယ်ပြောဖို့ကို တွန့်တို နေရပါလဲဆိုတာ စဉ်းစားမရ ဖြစ်နေသည်။။ ထို့ကြောင့် မမနှင့် တွေ့တိုင်း ချစ်အဖြေ ကိုသာ ထပ်တလဲလဲ တောင်းနေမိ၏။။

"မမရယ်.. ချစ်သူမျက်နှာကို မြင်နေရခြင်းနဲ့ ချစ်သူအသံ ကြားနေရခြင်းမှာ ရောင့်ရဲနိုင်တဲ့ ယောက်ျားဆိုတာ မရှိပါဘူးဗျာ။။ အဲဒီလိုပဲပေါ့ ကျော်လည်း မမဆီက ချစ်တယ်ဆိုတဲ့ စကားသံကို ရောင့်ရဲနိုင်ခြင်း မရှိပဲ ကြားချင်တာပေါ့။။ ခဏခဏ မပြောရင် ထားပါဦး။။ အခုကကျတော့ မမက လုံးဝကို မပြောသေးတာလေ။။ မမ အဖြေမပေးသေးပဲနဲ့ ကျော်တို့က ချစ်သူလို့ ပြောလို့ ဘယ်လိုလုပ် ရမလဲမမရဲ့။။"

ကျော့်စကားသံ အဆုံးမှာ မမရဲ့ ဟန်ပန်က အပြုံးတွေ ပျောက်ပြီး တည်သွားသည်။။ တစ်ခုခုကို အလေးအနက် စဉ်းစားတိုင်း ခပ်ကွေးကွေး ဖြစ်သွားတတ်တဲ့ မမရဲ့ မျက်ခုံးနှစ်ဖက်က ပျံနေတဲ့ ဇင်ယော်တောင်လိုလို။။ ကျော်ဗညား မမကို မြတ်နိုးမဝစွာ စိုက်ငေးကြည့် နေမိ၏။။ ခဏကြာမှ မမက

"ဒီမှာ ကျော်.. မမကို သေချာကြည့်စမ်း။။ နော်စိပလု ဆိုတဲ့ မိန်းမက မဖြစ်နိုင်မှန်း သိနေတဲ့ အရာတစ်ခု၊ ကိစ္စတစ်ခုကို ရူးရူးမိုက်မိုက် ဇွတ်တိုး လုပ်ဆောင်တတ်တဲ့သူ မဟုတ်ဘူးဆိုတာ ကျော်မသိဘူးလား။။ ဒီတိုင်းရှိနေတဲ့ အချိန်မှာ ကျော်လည်း တကယ်ပျော်ရတယ်။။ မမလည်း ပျော်ရတယ်။။ ကျော်ပြောသလို မမတို့ တကယ့်ချစ်သူတွေ ဖြစ်ပြီဆိုရင် ဒီလိုပျော်ရမယ်လို့ ထင်နေလား။။ ကျော် ပြောပါဦး။။"

ချစ်သူဖြစ်ရတာ မပျော်တဲ့ စုံတွဲ ရှိတယ်လို့ကို မကြားဖူးပါဘူး မမရယ်ဟု ကျော်ဗညား မမမျက်နှာကို စိုက်ကြည့်လျက်က တိုးတိုးလေး ပြောလိုက်မိသည်။။ နော်စိပလု က ခေါင်းကို တွင်တွင်ခါလိုက်ရင်း

"မဟုတ်သေးဘူး ကျော်ရယ်။။ အခုလို အခြေအနေမှာ မမတို့ ဘာကိုမှ တွေးပူနေဖို့ မရှိဘူးလေ။။ ချစ်သူတွေ ဖြစ်ကြပြီ ဆိုရင် ချုပ်ချယ် ကန့်သတ်မှုတွေ လာတော့မယ်။။ တစ်ယောက်ကို တစ်ယောက် ပိုင်ဆိုင်ချင်လာမယ်။။ အဲဒီထက်ဆိုးတာက ခရစ်ယာန်ဘာသာဝင် မမနဲ့ ဗုဒ္ဓဘာသာဝင် ကျော့်ကို နှစ်ဖက်မိဘတွေက ဘယ်လိုမှ သဘောတူကြမှာ မဟုတ်ဘူးကျော်။။ အဲဒါတွေကို ကျော်က မတွေးပေမယ့် အကြီးဖြစ်တဲ့ မမက တွေးရတယ်လေ။။ ကျော် နားလည်မှာပါ။။"

ကျော်နားမလည်ဘူး မမရယ်.. ကျော် မမကိုပဲ ချစ်တယ်.. မမချစ်တာကိုလည်း လိုချင်တယ် ဟုကျော်ဗညား အထပ်ထပ် စာရွတ်သလို ပြောနေလိုက်မိ၏။။ နော်စိပလုက တစ်ခုခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ခေါင်းကို ငြိမ့်လိုက်ပြီး

"ကောင်းပြီ ကျော်.. ကျော်မမကို တကယ်ချစ်တယ်ဆိုတာ မမယုံတယ်။။ အခက်အခဲတွေ အများကြီး ကြုံရမယ်ဆိုတာ မမ ကြိုသိနေတယ်။။ မဖြစ်နိုင်ဘူး ဆိုတာကိုလည်း မမကြိုသိနေတယ်။။ နော်စိပလု အချစ်အတွက် ဒီတစ်ခါတော့ မိုက်လိုက်မယ်ကျော်။။ ကျော့် စကားအတိုင်းပဲ မမရင်ဘတ်ကို မမ တကယ် မညာတော့ပဲ ဖြေမယ်။။ ကျော့်ကို မမ ချစ်တယ်။။ ဟုတ်ပြီနော်။။ ကျော် ကျေနပ်ပြီလား။။"

"ဟားးးးးးးးးးးးးး ဝမ်းသာလိုက်တာ မမရယ်။။ မမကို အရမ်းချစ်တာပဲဗျာ။။"

ကျော်ဗညား ဝမ်းသာလှိုက်လှဲစွာ အော်ဟစ်လိုက်ရင်း ချစ်ရတဲ့ မမကို ရင်ခွင်မှာ ထွေးပွေ့လိုက်မိသည်။။ အပျော်တွေ ဖုံးနေတဲ့ ချစ်သူရဲ့ အပြုံးမျက်နှာကို ရင်ခွင်ထဲမှ ငေးကြည့်ရင်း နော်စိပလု မျက်နှာမှာတော့ အပြုံးက တစ်ဝက်တစ်ပျက် ဖြစ်နေ၏။။။ မမြင်ရသော မနက်ဖြန်တွေကို သူမ မတွေးချင်တော့။။ ချစ်သူရင်ခွင်မှာ ခေါင်းအပ်လိုက်ရင်း အရာရာကို ခေတ္တခဏ မေ့လျော့ ထားလိုက်တော့သည်။။




(၂)

ချစ်သူတို့ ဘာသာဘာဝ ပျော်စရာ နေ့ရက်တွေက ကျော်ဗညားနဲ့ နော်စိပလု တို့ ကြားမှာ သာယာချိုမြစွာ ဖြတ်သန်း စီးဆင်းခဲ့ကြသည်။။ မတူညီမှုတွေ ရှိခဲ့ကြပေမယ့် ချစ်တဲ့စိတ်တွေနဲ့ သည်းခံနိုင် ခဲ့ကြ၏။။ ကျော်ဗညားက မိဘလက်ငုတ် ကားဝပ်ရှော့မှာ ဦးစီးလုပ်ကိုင်နေပြီး နော်စိပလု ကတော့ ကွန်ပျူတာနဲ့ ကျောင်းပြီးတာမို့ ကုမ္ပဏီတစ်ခုမှာ ပရိုဂရမ်မာအဖြစ် အလုပ်လုပ်နေကြရင်း ပျော်ရွှင်ခြင်း နေ့တွေကို ဖြတ်သန်းခဲ့ကြသည်။။ 

သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို သိနေကြသော နှစ်ဖက် မိဘတွေက လက်မခံ၊ သဘောမတူကြောင်း အရိပ်အမြွက် ပြောရုံမက အတိအလင်းပင် ထုတ်ဖော် ပြောကြားလာခဲ့ ကြလေပြီ။။ နော်စိပလု ၏ မိဘများက သူတို့နှင့် ရင်းနှီးသော မိတ်ဆွေမိသားစုမှ သားဖြစ်သူ သင်္ဘောအရာရှိနှင့် နေရာချ ထားပေးဖို့ ပြောလာကြောင်း သိရတော့ ကျော်ဗညား ရင်ထဲ ပူလောင်နေမိ၏။။ ဘာသာမတူဟူသော အချက် တစ်ခုတည်းနှင့် သူ့မိဘများကလည်း နော်စိပလု နှင့် သဘောမတူကြောင်း ပြောလာနေသည်။။ မမက စိတ်ချပါဟု မည်မျှပင် ပြောစေကာမူ ချစ်သူကို ဆုံးရှုံးမှာ ကြောက်ရွံ့စိတ်ဖြင့် ကျော်ဗညား၏ နေ့ရက်တွေက ကမောက်ကမ ဖြစ်လာနေ၏။။

ဒီနေ့တော့ ချစ်သူရဲ့ ရုံးပိတ်ရက်မို့ ကျော်ဗညားလည်း ဝပ်ရှော့ကို မသွားတော့။။ နှစ်ဦးသား လှည်းတန်းထိ လမ်းလျောက် လာပြီး တက္ကစီငှားကာ မြို့ထဲသို့ ထွက်လာခဲ့ကြသည်။။ ရွှေတိဂုံဘုရားကို သူဖူးပြီးတော့ စိမ်းလန်းမှာ နေ့လည်စာစားကြ၏။။ စားသောက်ပြီးတော့ ကန်ဘောင်မှာ လေညှင်းခံရင်း ရှေ့ဆက်မည့် ဘဝ ခရီးအတွက် တိုင်ပင် ဆွေးနွေးမိကြသည်။။

"ကျော့် မိဘတွေကလည်း မမိုက်ပါဘူး မမရာ။။ ကျော်ယူမယ့် မိန်းမကို ကျော့်ဘာသာပဲ ရွေးမှာပေါ့။။ သူတို့နဲ့ ပေါင်းမှာကျနေ တာပဲ။။ တကယ်စိတ်ကုန်တယ်။။"

ကလေးတစ်ယောက်လို ပြောနေသော ချစ်သူကို ကြည့်ရင်း နော်စိပလု သက်ပြင်းတိုကို ချပြီး ပြုံးလိုက်သည်။။ ပြီးတော့မှ ချစ်သူ ပုခုံးထက် ခေါင်းမှီလိုက်ရင်း

"ကလေးတွေးတွေ မတွေးပါနဲ့ကျော်ရယ်။။ မမတို့တွေ မငယ်တော့ဘူးလေ။။ သူတို့ပြောတာ ကလည်း မှန်နေတာဆိုတော့ မမတို့ မငြင်းမှမငြင်းနိုင်တာ။။ မမတို့ဘက်ကလည်း ကိုယ်ချစ်တာ ကိုယ်ပဲသိတာလေ ကျော်ရဲ့။။ ဟုတ်တယ်မလား။။"

"မမ စကားက မိဘတွေ စကားကို လက်ခံမယ်ဆိုတဲ့ ဘက်ကို ပါနေတာလား။။ ကျော် လက်မခံဘူးနော် မမ။။ မမနဲ့ ကျော် ဘယ်လိုနည်းနဲ့မှ အဝေးမခံနိုင်ဘူး။။ ကလေးဆန်တယ် ပြောပြော၊ မိုက်တယ်ပဲ ပြောပြော ကျော်ကတော့ မမနဲ့ မဝေးရဖို့ အတွက်ဆို ဘယ်လိုမှတ်ချက် ကိုမဆို ရင်ဆိုင်ရဲတယ်။။ မမကို ကျော် အရမ်းချစ်တာကို ရင်ထဲကနေ မှတ်ထားပေးနော်မမ။။"

အေးပါ ကျော်ရယ်။။ ရှဉ့်လည်း လျောက်သာ၊ ပျားလည်း စွဲသာမယ့် နည်းကို မမစဉ်းစားနေတာပါ။။ မမလည်း ကျော့်ကို ချစ်တာပေါ့ဟု နော်စိပလု တိုးတိုးလေး ပြောလိုက်၏။။ ကျော်ဗညားက ခေါင်းကို ခပ်ပြင်းပြင်း ခါယမ်းလိုက်သည်။။ မမပြောတဲ့ ထိုနည်းက ရှိနိုင်မယ် မထင်တော့။။ ဒါပေမယ့် မမဘာဆက် ပြောမလဲဆိုတာ နားစိုက် ထောင်နေလိုက်၏။။

"မမအခု စဉ်းစားမိတာကတော့ ကျော်နဲ့မမ လက်ထပ်ရင် လူကြီးတွေက သဘောမတူတဲ့ အတွက် ကိုယ့်ဘဝကို ကိုယ်တည်ဆောက် ကြရမှာမို့ ငွေစုဖို့ လိုမယ်ကျော်။။ ဒါကြောင့် မမ အကို ရှိနေတဲ့ သြစတေးလျ ကို မမ ၂ နှစ်လောက် အလုပ်သွားလုပ်မယ်။။ ကျော်လည်း ဒီမှာ ပိုက်ဆံ စုနိုင်သလောက် စုထားပေါ့။။ မမပြန်လာရင် ကျော်နဲ့ မမ လက်ထပ်ကြမယ်လေ..နော်။။"

၂ နှစ်ဆိုသော စကားကြောင့် ကျော် ခါးခါးသီးသီးကို ငြင်းဆန်လိုက်မိသည်။။ မခွဲနိုင်။။ ချစ်သော မမနဲ့ ဒီလောက် အကြာကြီး ဘယ်လိုမှ မခွဲနိုင်။။ ထို့ကြောင့် မမ ပြည်ပထွက်မှာကို ကျော်က အကြောက်အကန်ကို ငြင်းဆန်လိုက်၏။။ အကြောင်းပြချက်မလို ဘာဆိုဘာမှမလိုတော့ ချစ်တာတစ်ခုတည်းနဲ့ ကျော် လုံးဝကို ငြင်းပယ်နေမိတော့သည်။။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှု ကငြင်းခုန်ရင်း အဆင်မပြေလှစွာ ကုန်ဆုံးခဲ့ရ တော့သည်။။။



(၃)


"ကျော်ကြီး မင်းဘာဖြစ်နေတာလဲ။။ လဒမှိုင် မှိုင်မနေနဲ့ကွာ။။ အခက်အခဲ ရှိရင်လည်း ဖွင့်ပြောပေါ့။။ ငါတို့က ဘာကိုကူညီ ရမယ်ဆိုတာ မသိပဲ မှိုင်နေတဲ့ လဒကြီးကို ထိုင်ကြည့်နေ ရတယ်။။"

ကျော်ဗညားတို့ သူငယ်ချင်းတွေ ပေါက်တောဝက အအေးဆိုင်မှာ ထိုင်နေကြတာ ဖြစ်သည်။။ သူငယ်ချင်းတွေကို ရင်ဖွင့် တိုင်ပင်ချင် သော်လည်း ဘာကိုမှန်းမသိ စိတ်က အလိုမကျ ဖြစ်နေ၏။။ ဒီတစ်လောထဲ မမစကားတွေက အော်စီသွားဖို့ကို ခဏခဏ ပြောလာနေသည်။။ တစ်သက်လုံးလည်း မခွဲနိုင်။။ ခဏလေး ခွဲဖို့ကိုလည်း လက်မခံနိုင်။။ နှစ်ယောက် ဘဝအတွက် ကြိုးစားဖို့ ကျော်ကရော ဘာအစွမ်းအစမှ မရှိတဲ့ကောင်လား။။ မမ ဒါကို ထည့်တွေးဟန်မတူ။။ မမစိတ်ထဲ ကျော့်ကို ကလေးလေးတစ်ယောက် လို့ပဲ သဘောထားနေ၏။။
 ကျော်ဗညား မကျေနပ်မှုကို ဖြေမထုတ်နိုင်တိုင်း မျက်နှာက မှိုင်မှိုင်ကျသွား တာဖြစ်သည်။။ နောက်ဆုံး သူငယ်ချင်းတွေကို ဖြစ်နေသမျှ ရင်ဖွင့် တိုင်ပင်လိုက်၏။။ ကျော့်စကား ဆုံးတော့ နိုင်ထွန်းက
"အဲဒီတော့ မင်းဘာလုပ်ချင်လဲ ကျော်ကြီး။။ ပြောကွာ။။ သူ့အိမ်က ပေးစားတဲ့သူကို မယူဘူး ဆိုတည်းက မင်းကို သူချစ်လို့ ပဲပေါ့။။ အော်စီမှာ အလုပ်သွား လုပ်မယ်ဆိုတာလည်း မင်းနဲ့ အတူနေရဖို့။။ ဒီတော့ မင်းတို့ရဲ့ နောက်ဆုံး ရည်မှန်းချက်က အတူတူ နေဖို့ပဲ။။ ဆိုတော့ကာ မင်းမဆုံးဖြတ် နိုင်ရင် ငါဆုံးဖြတ် ပေးမယ် ကျော်ကြီး။။ မခွဲနိုင်ရင် ခိုးပြေးကွာ။။"
ဟုပြောလာ၏။။ ကျော်ဗညား မျက်နှာ ဝင်းခနဲ ဖြစ်သွားသည်။။ ဟုတ်တာပဲ။။ သူကသာ အတင်း ကားတင်ပြေးရင် မမစိတ်ဆိုးလဲ ခဏပေါ့။။ နောက်ဆို စိတ်ပြေသွား လိမ့်မည်။။ ဒီလိုဆို သူတို့မခွဲရတော့။။ ဘယ်သူကမှလည်း ခွဲလို့ မရတော့။။ လက်ဖျောက်ကို ဝမ်းသာအားရ တီးလိုက်သည်။။

"ကဲ ကျော်ကြီး..မင်းဘက်က သေချာပြီ ဆိုရင်တော့ ငါကားစီစဉ်လိုက်မယ်။။ လှည်းကူးအလွန်က ဝါးနက်ကုန်းမှာ ဝင်းကျော်တို့ အိမ်ရှိတယ်။။ သူ့ဦးလေး လူပျိုကြီး တစ်ယောက်တည်း နေတာ။။ အဲဒီကိုသာ ခိုးပြေး။။ ကျန်တာကတော့ ကြုံလာသလို ကြည့်ကျက် လုပ်ကြတာပေါ့။။"

အေးကွာဟု ပြောလိုက်ရင်း သောကြာနေ့ မမရုံးဆင်းချိန်မှာ တစ်ခါတည်း ကားတင်ပြေးဖို့ တိုင်ပင်ပြီး စီစဉ်လိုက်ကြတော့၏။။

ဒီသောကြာနေ့မနက်တည်းက ကျော် ဂနာကိုမငြိမ်။။ မနက်ကလည်း အစောကြီး နိုးနေ၏။။ မမ အရမ်းစိတ်ဆိုး သွားလေမလား။။ စိတ်ဆိုးလည်း မရရအောင် ချော့ရမှာပဲလေ။။ မခွဲနိုင်မှတော့ ဒီလိုလုပ်ဖို့ကလွဲလို့ ကျော် ဘာမှမတတ်နိုင်တော့။။ ညနေစောင်းတော့ နိုင်ထွန်း စီစဉ်ပေးသော ကားကို မောင်းပြီး မမရုံးဆင်းချိန်မှာ သွားကြိုလိုက်သည်။။ အရင်ကလည်း လမ်းကြုံလျှင် ကြိုနေကျမို့ မမက ဘာမှမမေး။။ သို့သော် ကားက မင်္ဂလာဒုံကို ကျော်လာချိန်မှာတော့ အိမ်ကို မောင်းနေတာ မဟုတ်မှန်း မမသိလေပြီ။။ ကျော့်ဘက်သို့ အံ့သြသလို ကြည့်ရင်း

"ကျော်.. ဘယ်ကို မောင်းနေတာတုန်း။။ အပြင်ကိုလည်း ကြည့်ဦးနော် မင်္ဂလာဒုံကို ကျော်လာနေပြီ။။"

ဟုသတိပေးသလို ပြောလိုက်၏။။ ကျော်က ပြုံးလိုက်ရင်း သိပါတယ် မမရဲ့ တမင်မောင်းလာတာလေ။။ မမကို ကျော် ကားတင်ပြေးလာတာ။။ မမနဲ့ ဘယ်လိုမှ မခွဲနိုင်လို့ဟု ပြောလိုက်တော့ မမထံမှ ဘာာ ဟူသော အသံကြီးထွက်လာသည်။။

"ကားကို ရပ်လိုက်စမ်း ကျော်။။ မမကို မင်းဘယ်လို သတ်မှတ်ထားလို့လဲ။။ ဒီလိုလုပ်ဖို့ မမရဲ့ ခွင့်ပြုချက်ကို မင်းယူလို့လား။။ မမကို မင်းတိုင်ပင်ခဲ့ လို့လား။။ မမခွင့်မပြုဘူး ကျော်။။ မင်းကားကို ခုချက်ချင်း ရပ်လိုက်ပါ။။"

"မရပ်ဘူး မမ။။ မမနဲ့ ကျော် တစ်သက်လုံးလည်း မခွဲနိုင်ဘူး။။ ခဏလေးလည်း မခွဲနိုင်ဘူး။။ မမ အော်စီကို သွားမှာလည်း ခွင့်မပြုနိုင်ဘူးမမ။။ ကျော် မမကို အရမ်းချစ်တယ်။။ မမ စိတ်ဆိုးရင်လည်း ကျော် နောက်မှ မမကျေနပ်တဲ့အထိ တောင်းပန် ပါ့မယ်။။ အခုတော့ မတားပါနဲ့တော့နော်။။"

"ကားကို ရပ်လိုက်ပါ ကျော်။။ ကလေးတွေး မတွေးနဲ့လေ။။ မမတို့ ကလေးတွေမှ မဟုတ်တော့တာ။။ မမစကားကို နားမထောင်ရင် ကျော့်ကို မမ မုန်းမိမယ်နော်။။ ကားကိုရပ်လိုက်ပါ။။"

မမ ကျော့်ကို မမုန်းဘူးဆိုတာ ကျော်သိတယ် မမ..ကျော့်ကို မတားပါနဲ့တော့ ဟုပြောကာ ကျော်ဗညား ကားကို ဆက်မောင်း ခဲ့လိုက်သည်။။ နော်စိပလု ကတော့ ခေါင်းကို တွင်တွင်ခါ၊ ကျော့်ကို ခပ်စိမ်းစိမ်း ကြည့်လိုက်ရင်း ကျော်က မမထင်ထားသလို မမကိုချစ်တာမှ မဟုတ်တာပဲကိုး ဟုရေရွတ်၏။။

ထိုစကားကိုပဲ ထပ်ခါ ထပ်ခါ ရေရွတ်ရင်း နော်စိပလု မျက်ရည်တွေ စီးကျ လာသည်။။ ရုပ်ရှင်တွေထဲကလို ကားမောင်းသော လက်ကို လှမ်းဆွဲဖို့၊ ကားတံခါးက ခုန်ချဖို့ထိတော့ သူမက မိုက်မဲတဲ့သူမှ မဟုတ်တာလေ။။ သူမရဲ့ ဂုဏ်သိက္ခာကိုမှ မထောက်မညှာ ထင်ရာလုပ်သော ချစ်သူကိုသာ ခပ်စိမ်းစိမ်းလေး ကြည့်လိုက်ရင်း

"ဒီလိုလုပ်လိုက်လို့ မင်းဘာရလိုက်တယ်ဆိုတာ သိတဲ့နေ့ မင်းနောင်တရမယ် ကျော်။။ မင်းရဲ့အတ္တ တစ်ခုအတွက် မမရဲ့ ဂုဏ်သိက္ခာကိုမှ မထောက် လုပ်ရက်တယ်။။ မမ တကယ်ကို ထင်မထားမိဘူး ကျော်ရယ်။။ မမလုံးဝမနှစ်သက်တဲ့ အပြုအမူကို လုပ်ပြပြီး အရင်က မင်းကို ချစ်ခဲ့တာတွေကို၊ မင်းက မမကို ချစ်ခဲ့တာတွေကို ပျက်ရယ်ပြုလိုက်တာပါလား ကျော်။။ မင်းကို မမ ချစ်ပေမယ့် မင်းအပြုအမူကိုတော့ မမ အရမ်းမုန်းတယ် သိလား။။"

ဟုငိုရှိုက်သံနှင့် ပြောလိုက်၏။။ ကျော်ဗညား ရင်ထဲ ကျဉ်ခနဲ ထိခိုက်ခံစားလိုက် ရပေမယ့် ပြန်လှည့်ဖို့တော့ မစဉ်းစားချင်တော့။။ ကားလေးကတော့ လှည်ကူးမြို့ကို ဖြတ်ကျော်ရင်း ဝါးနက်ကုန်းရွာမှ ဝင်းကျော်တို့ အိမ်ဆီသို့ ဖြည်းဖြည်းမှန်မှန်ပင် ပြေးလွှား ထွက်ခွာနေလေတော့သည်။။။။



(၄)


တကယ်တမ်း လက်တွေ့ ဘဝကို ရင်ဆိုင်ချိန်မှာတော့ မိဘနှင့် အတူနေရင်း မိဘအလုပ်ကိုပဲ လုပ်ခဲ့ဖူးသူမို့ ကျော်ဗညား ဘာတွေ ဘယ်လို လုပ်ရမှန်းမသိ။။ မမကပဲ အရာရာကို ဦးဆောင်ပြီး လုပ်သွားရတာလေ။။ လှည်းကူးမြို့နယ် တရားရုံးမှာ မမနဲ့ကျော် လက်ထပ်လိုက်ကြ၏။။ 

ဝင်းကျော်တို့ အိမ်ကနေ မမအလုပ်ဆီ အသွားအပြန်က အဆင်မပြေသဖြင့် မြို့ထဲက တိုက်ခန်းတစ်ခုကို ငှားလိုက်ကြသည်။။ ကုန်ကျစရိတ်တွေ မှန်သမျှက မမရဲ့လက်ဝတ် လက်စားတွေ ထုခွဲ၍ ရသောငွေနှင့် သူငယ်ချင်းများ ထံမှ ချေးငှားထားသော ငွေများ။။ မိဘများဆီ ပြန်ဆက်သွယ် ကြည့်တော့လည်း နှစ်ဖက်လုံးက သူတို့စကားကို ပယ်ရှားပြီး ထင်ရာလုပ် သွားကြတာမို့ တူးတူးခါးခါး ငြင်းဆန်ပြီး လုံးဝကို လက်မခံကြတော့။။

အိမ်ထောင်ဦးကို အကြွေးနှင့် စရသည်ဟု ဆိုကာ မမကလည်း စိတ်မကောင်းသံဖြင့် ခဏခဏပြောနေသည်။။ မမသဘောမတူပဲ ကားတင်ပြေးတာအတွက်လည်း တစ်ပတ်နီးပါး တောင်းပန် ချော့မော့ခဲ့ရ၏။။ ခပ်စိမ်းစိမ်း အကြည့်တွေ မရှိတော့ပေမယ့် ခွင့်လွှတ်တယ် ဟူ၍တော့ မမကခုထိကို မပြောသေး။။ ကျော်ဗညား တွေးနေရင်း ခေါင်းကို ခပ်ကြမ်းကြမ်း ခါယမ်းလိုက်သည်။။ သူတွေးထင် ထားသလို အတူတူရှိနေသော နှစ်ယောက်ဘဝက ပျော်စရာ မကောင်းခဲ့ပါလား။။ ငါယောက်ျားပဲ ဟူသော မာနဖြင့် အရာရာကို ရင်ဆိုင်ဖြေရှင်းဖို့ ကျော်ဗညား အလုပ်တစ်ခုကို အသည်းအသန် ရှာဖွေနေခဲ့တာ အခုဆို တစ်လကျော်လေပြီ။။ မိဘအလုပ်ကို လုပ်နေစဉ်ကတော့ ထိုမျှအလုပ် ရှားပါးမှန်း မသိခဲ့တာတွေ အခုမှ အခက်တွေ့နေတော့၏။။

ချမ်းမြေ့ရိပ်မွန်လေး ဖြစ်လာမည် ဟုတွေးထင်ရင်း ဖန်တီးလိုက်သော နှစ်ယောက်ဘဝကလည်း ကန္တာရလို ခြောက်ကပ်လွန်းနေသည်။။ မနက်လင်းတာနဲ့ မမက မနက်စာ ပြင်ဆင်ပေးပြီး ထမင်းချိုင့်လေး ဆွဲကာ အလုပ်ရှိရာသို့ ထွက်ခွာသွား၊ ကျော်ကလည်း တစ်မြို့လုံးပတ်ပြီး အလုပ်ရှာ၊ ညနေပြန်ရောက် လာတော့လည်း မမက အဝတ်အစားလဲပြီး ညစာအတွက် ပြင်ဆင်နေရသဖြင့် ကျော်နှင့် စကားမပြောနိုင်။။ ချက်ပြုတ်ပြီးတော့ မမက ရေမိုးချိုး ညစာကို ခပ်သုတ်သုတ်စားကာ လုပ်စရာရှိသည့် အလုပ်တချို့ကို လုပ်ပြီး ပင်ပန်းသည်ဟု ဆိုကာ စောစောအိပ်ယာ ဝင်သွားသည်။။ ကြာလာတော့ ကျော့်စိတ်တွေ ညစ်လာ၏။။ 

အိမ်ထောင်သက်၆လကျော်ထိ အတူတူဖြတ်သန်းပြီး ပေမယ့် အဆင်ပြေခြင်း ကတော့ ရောက်ရှိမလာသေး။။
ဒီနေ့လည်း မမက တနင်္ဂနွေနေ့မို့ ဘုရားကျောင်းတက်ဖို့ အစောကြီးတည်းက ထွက်သွားသည်။။ ခြောက်ကပ်နေသော တိုက်ခန်းအတွင်းမှာ ကျော်ဗညား အထီးကျန်လွန်းစွာ ခံစားနေရ၏။။ မမပြင်ပေးခဲ့သော ထမင်းပွဲ အေးစက်စက်ကို ထုံးစံအတိုင်း စိတ်မပါစွာ စားသောက်ပြီး ကျော် မြို့ထဲသို့ ထွက်လာခဲ့သည်။။

"ကျော်ကြီး.. ဘယ်ကိုတုန်း။။ လာခဲ့ဦးလေကွာ။။"

ဆိုင်ထဲမှ လှမ်းခေါ်သံကြောင့် ကြည့်လိုက်တော့ နိုင်ထွန်းနှင့် ဝင်းကျော်။။ ကျော့်ခြေလှမ်းတွေ သူတို့ဆီ ဦးတည်လိုက်၏။။ စိတ်ထဲညစ်နေသမျှကို သူငယ်ချင်းတွေဆီ ရင်ဖွင့်ဖို့ ကြိုးစားတော့ စကားတွေက ထွက်မလာ။။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းဖို့ သတ္တိတို့ ကင်းမဲ့နေ၏။။ စိတ်ညစ်ညူးမှုနှင့်အတူ ကျော့်လက်တွေက အရက်ခွက်ဆီ လှမ်းမိလေပြီ။။ မမလုံးဝကို မကြိုက်တာမှန်း သိနေပေမယ့် မတတ်နိုင်တော့ မူးမူးနှင့် သူ့ရင်ထဲက သောကတွေကို သူငယ်ချင်းတွေဆီ ရင်ဖွင့်လိုက်တော့သည်။။

သူငယ်ချင်း များကတော့ သူတို့လည်း ကူပြီး စုံစမ်းပေးမယ်ဟု အားပေးနှစ်သိမ့် ကြ၏။။ ကိုယ့်အခက်အခဲနှင့် ကိုယ့်အကျတ်အတည်းကို ကိုယ်သာနားလည်သည်မို့ တစ်ခွက်ပြီး တစ်ခွက် ဆင့်ထပ် သောက်ရင်း သူငယ်ချင်းတွေ ပြန်ပို့မှ အိမ်ပြန်ရောက်ရတဲ့ အထိ ဖြစ်သွားခဲ့သည်။။ တိုက်ခန်းကို ပြန်ရောက်တော့ ကျော့်ကို မမလက်ထဲ အပ်ပြီး သူငယ်ချင်းတွေ ပြန်သွားကြ၏။။ မမက မနှစ်မြို့သည့် မျက်နှာကို ထိန်းချုပ်ရင်း

"ဒါဘာသဘောလည်း ကျော်.. မမလုံးဝကို မကြိုက်မှန်းသိရက်နဲ့ ဒီအရက်ကို ဘာလို့သောက် လာရတာလဲ။။"

ဟု ခပ်မာမာ မေးလိုက်သည်။။ 

"မမရယ်.. ကျော်စိတ်တွေ တအားညစ်လို့ပါ။။ လောကကြီးက မတရားလိုက်တာ။။ ကျော့်အတွက်ကျတော့ ဘာလို့များ အဆင်မပြေမှုတွေကို စုပြုံပေးထားလဲ မသိဘူး။။ ကျော်စိတ်ညစ်တယ် မမရယ်။။"

မမက ခေါင်းကို ခါလိုက်ရင်း 

"မမချစ်ခဲ့တဲ့ မမရဲ့လင်သားဖြစ်တဲ့ ကျော်က မမစကားကို ဘယ်တုန်းကမှ ပျက်ရယ်မပြု တတ်ဘူးလို့ မမက ယုံကြည်ထားတာကျော်ရဲ့.. ကဲပါ ကျော်..အိပ်လိုက်တော့နော်။။ နောက်ကို ဘယ်လောက်ပဲ စိတ်ညစ်ပါစေ မမကိုချစ်ရင် လုံးဝမသောက်ပါနဲ့။။ မမလုံးဝ မကြိုက်သလို ဘယ်လိုမှလည်း သည်းခံလို့ မရဘူးကျော်။။"

ဟုပြောကာ ကျော့်ကို တွဲလျက် အိပ်ယာပေါ်သို့ လိုက်ပို့ပေး၏။။ ထိုညက မမငိုရှိုက်သံလိုလို အသံတိုးတိုးကို နားထဲမှာ ကြားခဲ့မိသလိုလို ထင်ခဲ့ရသည်။။။။



(၅)

ကျော်ဗညား အထီးကျန်ခြင်း နှင့်အတူ စိတ်တွေ အရမ်းညစ်နေပြီမို့ မမခွင့်မပြုသည့် အရက်ကို မကြာခဏဆိုသလို စိတ်ညစ်ဖြေရင်း သောက်မိလာသည်။။ ချစ်သူဘဝကမှ မမနှင့် ပျော်ရွှင်ကြည်နူး ပြုံးပျော်ခွင့်တွေ ဒီထက်ပိုရခဲ့ပြီး အိမ်ထောင် တစ်ခုကို တည်ဆောက် ချိန်မှာတော့ အလုပ်တစ်ခုပင် အစွမ်းအစရှိရှိ မရှာနိုင်သော ကျော်နှင့် အိမ်အတွက် အလုပ်ပျက်လို့ မဖြစ်ဟုဆိုကာ အလုပ်ကို ဦးစားပေးလွန်းသော မမတို့ ကြာလေ သူစိမ်းဆန်လေ ဖြစ်လာကြတော့၏။။ ဒီနေ့လည်း သူငယ်ချင်း တွေနှင့်အရက်သောက်ပြီး ကျော်ပြန်ရောက် လာခဲ့သည်။။ ဒီနေ့တော့ မမမျက်နှာက ဒေါသဖြင့် အတော်ကို ခက်ထန်တင်းမာနေတာဖြစ်၏။။

"ဒီမှာ..ကျော် ။။ မမဘယ်လိုမှ သည်းမခံနိုင်တော့ဘူးနော်။။ ကျော်ဘာဖြစ်လို့ ဒီအရက်တွေကို သောက်နေရတာလဲ။။ မမကို နည်းနည်းလေးမှ ဂရုမစိုက်ချင်တော့ တာလား။။ နှစ်ဝက်လောက် ပေါင်းပြီးလို့ ရိုးသွားတာလား။။ ကျော် ဘာသဘောနဲ့ ဒီလို လုပ်နေရတာလဲ ပြောစမ်းပါဦး။။"

ဒေါသကြီးစွာဖြင့် ပြောနေသော မမကို ငေးကြည့်ရင်း ကျော့်ရင်ထဲ ဆို့နင့်လာသည်။။

"မမရယ်.. ကျော်နေချင်တာက မမနဲ့အတူ အပျော်ဆုံးသော ဘဝလေးပါ။။ အခု ကျော်ရလိုက်တာ ဘာလဲ မမသိလား။။ မိုးလင်းတာနဲ့ မမက ပျောက်သွား၊ ညနေမှ ပြန်လာ။။ ပြန်လာတော့လည်း ကျော်နဲ့ အဖော်ပြုပေးဖို့ အချိန်မရှိပဲ မမအလုပ်နဲ့ မမပဲ ရှုပ်နေရင်း အိပ်သွားတယ်။။ ကျော် ဘယ်လို နေရမလဲ မမရယ်။။ ကျော်စိတ်တွေ အရမ်းညစ်တယ်။။"

ပြောရင်း ငိုက်ကျသွားတဲ့ ကျော့်ခေါင်းကို မမက ခပ်ကြမ်းကြမ်း ဆွဲလှန်ပစ်လိုက်သည်။။ 

"ဒါတွေကို မမကြိုမပြောခဲ့ဘူးလား။။ ကျော့်ကို မမကြိုပြီး ပြောခဲ့တယ်လေ။။ ကျော့်ဘာသာ ကလေးတွေးနဲ့ ထင်ရာလုပ်ခဲ့တာပါ။ အခုရော ဒီအိမ်မှာ အိမ်ထောင်ဦးစီးက ကျော်။။ ဒါပေမယ့် ဘယ်မှာတုန်း ကျော့်ရဲ့ဦးဆောင်မှု။။ ဘယ်မှာတုန်း ကျော်ယူထားတဲ့ အိမ်ထောင့်တာဝန်။။ အိမ်ရဲ့ အရာရာအတွက် မမကပဲ ဦးဆောင်နေရတယ်။။ ဘယ်မှာလဲ ကျော့်ရဲ့ အစွမ်းအစ။။ မမကို ကာကွယ်မယ်ဆိုတဲ့ သူရဲကောင်းကြီး လုပ်ပါဦး။။ ဘယ်လိုကာကွယ်မှာလဲ။။ ကိုယ်လုပ်ချင်ရာလုပ်ပြီးမှ စွန့်ပစ်ထားတဲ့ မိဘဆီ အသနားသွားခံပြီး မမကို ကာကွယ်မယ်တဲ့လား။။

ဘဝဆိုတာ စိတ်ကူးယဉ်သလို ဖြစ်လာတဲ့ အရာမဟုတ်ဘူး ကျော်။။ ဒီအိမ်ရဲ့ တာဝန်တွေ မမယူနေရတာမို့ ကျော့်ကို ပြုစုပေးဖို့ မမဘက်က ပျက်ကွက်ရင်တောင် ကျော်နားလည် ပေးနိုင်ရမယ်လေ။။ မမလည်း လူပါ ကျော်ရဲ့။။ ကျော့်ကို ချစ်လွန်းလို့ ဘာကိုမှ အပြစ်မယူပဲ အရာရာကို နားလည်ပေး နေပါရက်နဲ့ ကျော်က မမဘက်ကိုတောင် မငဲ့ညှာဘူး။။ အဲဒါ ဘာလို့တုန်း ကျော်။။ မမကို ပြောပါဦး ကျော်ရဲ့။။"

မမရဲ့ ဒေါသမျက်နှာနှင့် စကားသံတွေကလည်း အမှန်တွေပဲမို့ ကျော် ဘာပြောရမှန်းမသိ။။ ကိုယ့်ရင်ထဲက ခံစားချက်ကိုလည်း ကိုယ်ပဲ နားလည်နေသလိုလို။။

"မမရယ်.. ကျော်လည်း အလုပ်ကို ရှာနေတာပါပဲဗျာ။။ ကျော်တတ်ထားတဲ့ ပညာနဲ့ ကိုက်တဲ့ အလုပ်ကို ကျော်ခုထိ ရှာမရသေးလို့ပါ။။ မမအဲဒီလိုတော့ ကျော့်ရင်ထဲကို ဒဏ်ရာတွေ မပေးပါနဲ့ မမရယ်။။ ကျော်က စားပွဲထိုး ဝင်လုပ်ရမှာလား။။ လိုင်းကားနောက် စပါယ်ယာ လိုက်ရမှာလား။။ ရွာကိုသွားပြီး စိုက်ပျိုးရေး လုပ်ရမလား။။ ကျော်အလုပ်ရဖို့ အစွမ်းကုန် ကြိုးစားနေတာပါ။။ 

မမကို ချစ်လွန်းလို့ မမနဲ့ သာယာတဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ကျော်စိတ်ကူးတွေ ယဉ်ခဲ့တာပါ မမရယ်။။ အခုကျော် တကယ်ရလိုက်တာက ခြောက်သွေ့ တိတ်ဆိတ်ပြီး ကြင်နာမှုတွေ ရှားပါးနေတဲ့ ဘဝကြီး။။ ကျော် စိတ်တွေ အရမ်းညစ်လို့ ဒီအရက်ကို သောက်မိတာပါ မမရယ်။။"

ဗလုံးဗထွေး ပြောရင်း သူမရင်ခွင်ထဲ ခေါင်းစိုက် ငိုနေသည့် ချစ်လင်သားကို နော်စိပလု ငုံ့ကြည့်ရင်း သက်ပြင်းမောကို ရှည်ရှည်ချလိုက်မိ၏။။ ဒီတိုင်းတော့ မဖြစ်တော့ သူမတစ်ခုခုကို ဆုံးဖြတ်ရတော့မည်။။

"တော်စမ်း ကျော်။။ ယောက်ျားဖြစ်ပြီး အရမ်းပျော့ညံ့တယ်။။ ကျော့်ကို မမသည်းမခံနိုင်တော့ဘူး။။ ဒီတစ်သက်လည်း ကျော့် အစွမ်းအစနဲ့ မမတို့ရဲ့ အိမ်ထောင်ရေး သာယာလာဖို့ မမတော့ လုံးဝမမြင်ဘူးကျော်။။ ဒီတော့ မမဘာသာပဲ ကြိုးစားတော့မယ်။။ မမအော်စီကို အလုပ်သွားလုပ်မယ်။။ ဒီကြားထဲမှာ ကျော် ကိုယ့်ကိုကိုယ် ထိန်းနိုင်အောင် ထိန်းပါကျော်။။ မမငွေစုပြီး ပြန်လာတဲ့ အချိန်မှာ ကျော်လိုချင်တဲ့ ဘဝမျိုးကို မမ ဖန်တီးပေးနိုင်မယ် ထင်ပါရဲ့။။ အစွမ်းအစမရှိတဲ့ ယောင်္ကျား ဆိုတာထက် အသုံးမကျတဲ့ ယောက်ျား မဖြစ်ဖို့တော့ ကျော်ကြိုးစားပါ။။ မမဒါပဲ ပြောမယ်။။ ကျော်ဘာမှ အထွန့် မတက်ပါနဲ့။။ မမ ဆုံးဖြတ်ပြီးသွားပြီ။။ ကျော် သွားအိပ်တော့။။။"

စကားကို ယတိပြတ်ပြောရင်း မမက ကျော့်ကို တွဲပြီး အိပ်ယာဆီ ပို့ပေးသည်။။ ကျော့်ရင်ထဲမှာတော့ ကျော်လုံးဝ လက်မခံဘူး မမဟူသော အသံတို့ ပဲ့တင်ထပ်လျက်။။ သို့သော်လည်း မမပြောသော စကားတို့ကို ချေဖျက်ဖို့ အစွမ်းမှ မရှိသေးတဲ့ ဘဝမှာ ဘာစကားတွေ ကျော့်ပါးစပ်ကနေ ထပ်ထွက်လာ နိုင်ပါတော့မည်လဲလေ။။။




(၆)

"လွမ်းတယ် မမရယ်။။ မမ ကျော့်ကို ထားပြီး ထွက်သွားတာ တစ်နှစ်ပြည့်တော့မယ်။။ မမကို ဘယ်လို ဆက်သွယ်ရမယ် ဆိုတာတောင် ကျော့်ကို ပေးမသိခဲ့ဘူးနော်။။ မမ ရက်စက်လိုက်တာဗျာ။။"

တီးတိုး ရေရွတ်ရင်း ကျော်ဗညား အဝေးကြီးကို ငေးနေမိသည်။။ ပြဿနာ တက်ပြီး နောက်တစ်လ လောက်မှာ မမအော်စီသို့ ထွက်ခွာခဲ့၏။။ မမအကိုဆီ ဆိုတာကလွဲပြီး ကျော့်ကို ဘာမှပြော မသွားခဲ့။။ မမဘာသာ ကျော့်အကြောင်းတွေ တိတ်တဆိတ် စုံစမ်းနေပြီး ကျော်လိမ္မာလာတဲ့နေ့၊ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်တဲ့ နေ့မှာ ဆက်သွယ်လာမည်ဟု ပြောသွားခဲ့သည်။။ မမထွက်သွား ပြီးတည်းက အထီးကျန် လွမ်းဆွေးခြင်း၊ မခံချင်စိတ် အကြောင်းအချက် အမျိုးမျိုးနှင့် ကျော်ဗညား အစွမ်းကုန် ကြိုးစားခဲ့သည်။။ မိဘဆီသို့လည်း ပြန်လည် မှီခိုခြင်းမရှိပဲ ဝင်းကျော်နှင့်အတူ သူတို့ရွာတွင် စိုက်ပျိုး၊မွေးမြူရေးကို စနစ်တကျ လုပ်ဆောင်ခဲ့၏။။ ရလာသော အမြတ်များကို ထပ်ဆင့်ရင်းနှီး လုပ်ကိုင်ရင်း အခုဆို ကျော့်ကိုယ်ပိုင် အသေးစား ဝပ်ရှော့လေး တစ်ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့လေပြီ။။ မမနှင့်အတူ နေခဲ့သော တိုက်ခန်းကိုလည်း အပိုင်ဝယ်ယူလိုက်၏။။ မမခွင့်မပြုသည့် အရက်သောက်ခြင်းကိုလည်း ကျော်မလုပ်တော့။။ အခုဆို အကြွေးနည်းနည်းမှ လွဲ၍ ကိုယ်ပိုင်တိုက်ခန်း ကိုယ်ပိုင်ဝပ်ရှော့နှင့် ကျော်တကယ်ကို လိမ္မာနေခဲ့ပြီ ဖြစ်သည်။။ လိမ္မာလာရင် ဆက်သွယ်မည်ဟု ပြောခဲ့သော မမဆီကတော့ မည်သည့် ဆက်သွယ်မှုကိုမှ မရရှိသေး။။ အတွေးနှင့် ငေးနေသော ကျော့်အနားသို့ နိုင်ထွန်း ရောက်လာ၏။။

"ကျော်ကြီး မင်းတော့ ထီပေါက်ပြီကွ။။"

ဘာလို့တုန်း နိုင်ကြီးရ ဟုကျော် အပြုံးနှင့် မေးလိုက်သည်။။

"မကေသီ မင်းကို လာခေါ်ခိုင်းလို့ဗျာ။။ မင်းမမ နေ့လည် တစ်နာရီမှာ ဖုန်းဆက်မယ် လာစောင့်နေပါတဲ့။။ "

"ဘာ..မမဖုန်းဆက်မယ်။။ ဟုတ်လား နိုင်ကြီး။။ မင်းတကယ်ပြောတာလား။။"

အေးပေါ့ကွ..ငါက နောက်မလား ဟုပြောလာသော နိုင်ထွန်း ပုခုံးကို ဖျစ်ညှစ်လိုက်ရင်း ဟားးးးးးးးးးး ပျော်လိုက်တာ နိုင်ကြီးရာ ဟုအကျယ်ကြီး အော်ပစ်လိုက်မိသည်။။။

နေ့လည် ၁၂နာရီထိုးတည်းက မကေသီဆီ ၂ယောက်သား ရောက်သွားကြ၏။။ မကေသီက မမနှင့် နဂိုတည်းက အဆက်အသွယ် ရှိကြောင်းနှင့် ကျော့်အခြေအနေကို မမဆီ သူပဲ ပြောပြနေတာ ဖြစ်ကြောင်း ရှင်းပြသည်။။

"ဟာဗျာ..မကေသီရယ် မမလိပ်စာ သိနေတာများ ကျနော့်ကို စောစောတည်းက ဘာလို့ မပြောလဲဗျာ။။ ကျနော့်မှာ မမကို လွမ်းလိုက်ရတာ။။"

ဟုကျော်က ပြောလိုက်တော့ အစောကြီးတည်းက ပြောပြလိုက်ရင် နင်ဒီလို ပြောင်းလဲလာပါ့မလား ကျော်ဗညားရယ်ဟု ရယ်ရင်း ပြော၏။။ ၁ နာရီ မတ်တင်းလောက်မှာတော့ မမဆီမှ ဖုန်းဝင်လာသည်။။ ကျော် ဝမ်းသာလွန်းသဖြင့် လက်တွေပင် တုန်နေ၏။။ မမကို ဘယ်လောက်ထိ လွမ်းနေကြောင်း၊ မမ မရှိတော့မှ မမတန်ဖိုးကို ပိုသိလာကြောင်း၊ အခုဆို မမမြင်ချင်တဲ့ မမကိုကာကွယ်ပေးမယ့် သူရဲကောင်းကြီး ကျော်ဖြစ်နေပြီ ဆိုတဲ့ အကြောင်းတွေ တဖွဲ့တနွဲ့ကြီး ပြောပြနေမိသည်။။ ကျော့် စကားတွေကို မမက ဘာမှ ပြန်မပြောပဲ နားထောင်နေ၏။။ ပြီးမှ

"မမ အကုန်သိနေပါတယ် ကျော်ရယ်။။ အရမ်းလည်း ဝမ်းသာတယ်။။ ကျော့်ကို မမ အရမ်းချစ်တာလည်း ကျော်သိတာပဲလေ။။ မမလည်း ဒီမှာ အလုပ်လုပ်ရတာ မပျော်ပါဘူး ကျော်ရယ်။။ ကျော့်ကို လွမ်းတယ်။။ နောက် ၆ လလောက် လုပ်ပြီးရင်တော့ မမအပြီး ပြန်လာခဲ့တော့မယ်။။ ကျော်နဲ့မမ ကျော့်စိတ်ကူးထဲက ဘဝမျိုးလေးကို တူတူတည်ဆောက် ကြမယ်နော် ကျော်။။ မမ ပြန်လာမယ့် အချိန်ကို စောင့်နေတော့။။ အခုတော့ မမဖုန်း ချလိုက်တော့မယ်နော်။။။"

ဖုန်းချ သွားပြီဖြစ်ပေမယ့် ကျော် ဖုန်းခွက်ကို ပြန်မချ နိုင်သေး။။ မမစကားမှာ ဝမ်းသာလွန်းစွာ မင်သက်နေမိသည်။။ နောက် ၆လနေရင် မမပြန်လာတော့မည်။။ ကျော် အရမ်းတောင့်တ စိတ်ကူးယဉ်ခဲ့သော ချမ်းမြေ့ ရိပ်မွန်လေးကို တည်ဆောက်နိုင် ကြတော့်မည်။။ ကျော့်ရင်ထဲမှာ အပျော်တွေ လွန်ပြီး မျက်နှာပေါ်မှာလည်း အပြုံးတွေ ဝေသွားလေတော့၏။။။။



လေးစားလျက်
အလင်းသစ်

1 comment:

  1. အရမ်းကောင်းတဲ့ ၀တ္ထုတို လေးပါဗျာ
    တကယ်အဖြစ်တွေလားလို့တောင်ထင်ရတယ်
    ကျော်နဲ့ မမ တို့လို သာယာ ချမ်းမြေ့ပါစေနော်။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။