ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, August 29, 2011

BLOG DAY အမှတ်တရ တဂ်ပို့စ် (by Angelhlaing)


ဟိုရေး၊ဒီရေး Blog လေးတစ်ခုကို လက်တည့်စမ်း ထားမိပေမယ့် ဘလော့ဒေးရယ်လို့ ရှိနေတာကို ကျွန်တော် မသိခဲ့ပါဘူး။။ ဒီရက်ပိုင်းထဲလည်း ခရီးသွားလိုက်၊ လမ်းများလိုက်နဲ့မို့ စိတ်နဲ့ကိုယ်လည်း တယ်မကပ်သလို ဘလော့လေးထဲလည်း အလည် အနေနဲ့တောင် ခဏလောက်ပဲ ရောက်ရောက်လာခဲ့မိတယ်လေ။။ သူများဘလော့တွေဆီလည်း အလည်မရောက်ဖြစ် ဖြစ်နေတာပါ။။ အဲဒီလို ဖြစ်နေတာကို သိသိကြီးနဲ့ အမြင်ကတ် ပုဒ်မကိုတပ်ပြီး ကျွန်တော့ကိုပါ တဂ်ပစ်လိုက်တဲ့ Angelhlaing (ဒီတစ်ခါ ရန်ဖြစ်ရင် ပြန်မချစ်တော့ဘူး။။) ကြောင့် ဒီတဂ်ပို့စ်လေးကို ရေးဖြစ်လိုက်ပါပြီဗျာ။။ မရေးလို့လည်းမရ ဘလော့ဒေးက (၃၁)ရက် ဆိုတော့ တော်တော်ကို ကပ်နေပြီလေ။။။

အမှတ်တရလေးတွေ ဆိုတာကလည်း မှတ်ထားတတ်တဲ့ သူတွေအတွက်တော့ အများသားပဲလားဗျ။။ ကျွန်တော်ဆိုတဲ့ ကောင်လေး ကလည်း အမှတ်သည်းခြေ တကယ်မရှိတဲ့ ကောင်လေးတစ်ယောက်။။ ရက်စွဲတွေကို အမှတ်အသား ပြုတာနည်းလို့ အမြဲတမ်း ကွိုင်တက်နေတတ်တဲ့သူလေ။။ (ကောင်လေးလို့သာ ပြောရ ကျွန်တော်လည်း ပုခက်မချိတ်သေး၊ ဖိတ်စာမဝေသေးတဲ့ အသက် အစိတ်ကျော်လေးဗျ။။ဟဲ..။။) ဒီဘလော့လေးကို ကိုယ့်သူ့ဟာသူ လက်တည့် စမ်းရင်းနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီလမှာ စတင်ဖြစ်ခဲ့ပါတယ်။။ ခုဆိုရင်တော့ (၈)လတင်းတင်းပြည့်ပြီပေါ့ဗျာ။။

ကျွန်တော် ကွန်ပျူတာကို ပထမဆုံး စတင်ပြီး ထိတွေ့ခွင့် ရခဲ့တာက ကျောင်းမှာ ဒုတိယနှစ် တက်နေတုန်း ကာလကျမှလေ။။ အဲဒီတုန်းကတော့ ကွန်ပျူတာကို ဇာတ်ကား ကြည့်ဖို့၊ဂိမ်းဆော့ဖို့လောက်ပဲ စိတ်ဝင်စားခဲ့မိတယ်။။ အွန်လိုင်းဆိုတာကို စတင်ထိတွေ့ခွင့် ရခဲ့တာက ၂၀၀၉ ခုနှစ် အလယ်လောက်ကမှပေါ့။။ ဒါပေမယ့် ဂျီတော့ကနေ ချက်လို့ရတယ် ဆိုတာကလွဲပြီး မော်ဇီလာလည်း မသိ၊ အိုင်အီးလည်း မသိနဲ့ဆိုတော့ အွန်လိုင်းမှာ မပျော်ပါဘူးဗျာ။။ ကိုယ့်သူ့ဟာသူပဲ အပြင်မှာ သူငယ်ချင်းတွေနဲ့ လည်ပတ်နေခဲ့လိုက်တာပါပဲ။။

၂၀၀၉ နှစ်ကုန်ပိုင်းမှာ ပြည်ပကို ရောက်ခဲ့ပြီး အိမ်လွမ်း၊နိုင်ငံလွမ်းတဲ့ စိတ်တွေနဲ့ မြန်မာတွေ စုမိနေတဲ့ နေရာတွေဆီ ခြေဦး လှည့်ရင်း (အခုတော့ ပျက်သွားပြီဖြစ်တဲ့) ချောကလက်မြို့တော် နိုင်းဆိုဒ်ထဲမှာ ၂၀၁၀ လောက်မှာ (အသည်းပေါ် ဖယောင်းတိုင် ထွန်းထားတဲ့)အလင်းသစ်ဆိုတာ စပြီး ပေါ်လာခဲ့ပါတယ်။။ ဒါပေမယ့် ဘလော့မဂါသေးပါဘူးဗျ။။ စာလည်း ရေးဖြစ်သေးပါဘူး။။ စလိုက်၊ နောက်လိုက်နဲ့ ကိုယ်ပျော်သလိုပဲ နေနေခဲ့ပါတယ်။။။

ကျွန်တော် ပထမဆုံး နိုင်းဆိုဒ်ထဲမှာ စရေးဖြစ်ခဲ့တဲ့ "သူမသိတော့ပါ" ဆိုတဲ့ပို့စ်လေးကို ကွန်မန့်တွေ အားကြီးနဲ့ အားပေးခဲ့ကြတော့ တော်တော်ပျော်သွားတယ်ဗျ။။ အဲလိုနဲ့ ကျွန်တော် ချောကလက်မြို့တော်မှာ စာတွေစရေးခဲ့မိပါတယ်။။ အဲဒီအချိန်တုန်းက လေးစားအားကျ ခဲ့ရတဲ့သူတွေက မမမြသွေးနီ၊ ကိုမြစ်ကျိုးအင်း၊ ချော(အစိမ်းရောင်လွင်ပြင်)၊ ကိုကျော်ညိုသွေး စတဲ့သူတွေပါ။။ အားကျခဲ့မိပေမယ့် သူတို့လို ကိုယ်ပိုင်ဘလော့ တစ်ခုထားမယ်လို့တော့ မတွေးမိခဲ့ဘူးလေ။။ ၂၀၁၀ ကုန်ခါနီးကျမှ သူငယ်ချင်းတစ်ယောက် သူ့စာမျက်နှာ ပျောက်သွားလို့ စာတွေပါ ပါသွားတယ်လို့ ပြောတာကြားပြီး ကိုယ်ရေးထားတာတွေ သိမ်းဖို့ ဘလော့လေးတစ်ခု လုပ်ထားဖို့ စိတ်ကူးနဲ့ ယောင်ချာချာ ရောက်လာခဲ့တာပါ။။။

ကျွန်တော် ရေးသမျှ ဒီကောင့်ပေါ် လာလာတင်ထားပြီး၊ တင်ပြီးတာနဲ့ ပြန်ပြန်လစ် သွားတာလေ။။ အခုလို ပျော်စရာကောင်းတဲ့ ဘလော့ဂါမိသားစုလေး ရှိနေတာကို ကျွန်တော်မှ မသိခဲ့တာကိုး။။ ဒီမိသားစုလေးထဲ ကျွမ်းဝင်၊ရင်းနှီးပြီး ပျော်ရွှင်၊ခင်မင်ကြရဖို့ အတွက် ရေစက်ပါခဲ့ လေသလားတော့ မသိပါဘူး Angelhlaing (သူပြောသလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက်) ရဲ့တိုက်ထွန်း ချက်နဲ့ ကျွန်တော် ဒီကောင်လေးကို ပြင်ဆင်ခဲ့ပါတယ်။။ ပြီးတော့ ဘလော့ဂါ မိသားစုလေးထဲ အတင်းတိုးပြီး ပျော်ဝင် ကြည့်ခဲ့ပါတယ်။။ ဒီလိုတိုးဝင်လာရင်း ရွှေညာသားလေး၊ ကျေးလက်သားလေး၊ အိုအေစစ် စတဲ့သူတွေလို ဘဝတူတွေထဲက စာပေကို ဝါသနာပါတဲ့ ညီအကိုတွေလည်း ရှိနေတာ တွေ့ရတော့ အားလည်းပို တက်လာခဲ့ပါတယ်။။

စစချင်းတုန်းကတော့ နည်းနည်းတော့ လန့်တယ်ဗျ။။ ကိုယ်က အလည်သွားပြီး စာဖတ်ခဲ့ရင်တောင် သူတို့က ကြိုက်မှကြိုက်ပါ့ မလား၊ ဘာညာပေါ့လေ။။ မာနကြီးနေကြတယ်ဆိုရင် ဒုက္ခောကိုးဗျ။။ ကျွန်တော့်မှာ ကိုယ်ကြိုက်တဲ့ စာလေးတွေ ဖတ်ပြီးတောင် ဘာမှမရေးပဲ ပြန်ပြန်ပြေးလာခဲ့တာ။။ အဲလိုနေတာကို Angelhlaing ကသိတော့ ကိုယ်ရောက်ခဲ့တာကို သူတို့သိအောင် စာရေးချန်ခဲ့မှ သူတို့အားရင် ကိုယ့်ဆီလည်း ပြန်လာမယ်ဆိုတာ၊ ကိုယ့်စာဖတ်ပြီး စာရဲ့အရည်အသွေးကို သဘောကျရင် ထပ်တင်မယ့် စာတွေကိုလည်း လာပြီးဖတ်ပေးကြတယ် ဆိုတာတွေကို ပြောပြခဲ့ပါတယ်။။ အဲဒီကစပြီး ကျွန်တော်လည်း ဘယ်နေရာ ရောက်ရောက် အော်တော့တာပဲဗျာ။။ (အားးးး လို့အော်တာဟုတ်ဘူးနော၊ ရောက်တဲ့အကြောင်း အော်ခဲ့တာပါ။။)


ဒီလိုလိုက်အော်တော့ ကျွန်တော့်ဆီလည်း ပြန်လာပြီး အော်ကြတာကိုးဗျ။။ နည်းတာဟုတ်ဘူး။။ အဲတုန်းကဆို တော်တော်လေး ဝမ်းသာခဲ့တာ၊ ပျော်ခဲ့တာပါ။။  ခုနောက်ပိုင်းဆို ကျွန်တော့်ရဲ့ ဘလော့လေးထဲ စာသစ်တင်ရင် လာဖတ်တဲ့သူ တော်တော်လေး များလာခဲ့ပြီလေ။။ တော်တော်များများက အသိအမှတ်ပြု အားပေးလာတော့ အပျော်တွေနဲ့အတူ ဒီဘလော့ဂါမိသားစုလေးထဲ ကျွန်တော်လည်း ပါဝင်ခွင့်ရနေပြီပဲလို့ ကိုယ့်ဘာသာပဲတွေးပြီး ကျေနပ်ပစ်လိုက်တယ်။။ (ကိုယ့်ဘာသာ သတ်မှတ်ပြီး ကိုယ့်ဘာသာ ကျေနပ်ရတာလည်း အဟဲ အရသာတစ်မျိုးပဲကိုးဗျ..နော။။)

ဒီဘလော့ဂါ မိသားစုထဲမှာ ကျွန်တော်ခုချိန်ထိ လေးစားအားကျစွာ မြင်ဆရာအဖြစ် သတ်မှတ်ထားခဲ့တဲ့သူက ကိုမြစ်ကျိုးအင်းပါ။။ ကိုမြစ်ကျိုးရဲ့ ရေးသားပုံ ပို့စ်အပြင်အဆင်လေးတွေ အားလုံးကို သဘောကျပါတယ်။။ ဒါကြောင့် တချို့နေရာတွေမှာ တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး ကိုမြစ်ကျိုးဆီက ပညာယူပါတယ်။။ (ခွင့်မပြုလည်း ပြုလိုက်ပါတော့ အကိုရေ..ဟဲ။။) ပြီးတော့ ကျွန်တော် လေးစားအားကျရတဲ့ မမမြသွေးနီ၊ မမအိမ့်ချမ်းမြေ့၊ မမရွှေစင်ဦး၊ မမအဖြူရောင်နတ်သမီး၊ မမချော (အစိမ်းရောင် လွင်ပြင်) ၊ အမချစ်ခြင်းအလင်္ကာ၊ မမမေသိမ့်2ကျော်၊ မလပြည့်ရိပ်၊ မမအိမ်သူ၊ မမရွှေပြည်သူ၊ မမသဒ္ဓါလှိုင်း၊ သူများနဲ့မတူတဲ့ ပုံစံတစ်မျိုးလေးနဲ့ ကွန်မန့်တွေ ပေးလေ့ရှိတဲ့ အန်တီတင့်၊ ကျွန်တော့်ကို အမြဲဖေးမ ကူညီပြီး မောင်ရင်းတစ်ယောက်လို စောင့်ရှောက်တတ်တဲ့ မမ Jasmine နဲ့ မမ မဒမ်ကိုး (ကျွန်တော့် ဂျီတော့ရဲ့ ကာစတန် မက်ဆေ့ခ်ျ တိုင်းက မမ မဒိုးကန်နဲ့ တွေ့ရင်တော့ ကိုယ်ဘယ်ဖီးလ်နဲ့ တင်ထားမိလဲ မသိအောင် ပျက်ရတတ်ပါတယ်။။ဟီးးးးးးးးးး။။) အသည်းကွဲနေပါတယ် ဆိုတဲ့သူငယ်ချင်း အသည်းကွဲလိပ်ပြာ၊ နှစ်ယောက်တွဲပြီး ဘလော့ရေးတဲ့ ငွေလမင်း၊ ပီတိလို့ ကျွန်တော်သိတဲ့ ဆွေလေးမွန်၊ မဖြိုးဖြိုးလှိုင်၊ ချမ်းချမ်း(ရွာသူလေး)တို့လည်း ဒီဘလော့ဂါ မိသားစုလေးထဲမှာ လှုပ်ရှား၊ပျော်ဝင် နေကြပါတယ်။။

ပြီးရင်တော့ သာသနာ့တာဝန်ကို မြင့်မြတ်သော ယုံကြည်ချက်တို့ဖြင့် လေးနက်စွာ ထမ်းဆောင်နေတဲ့ ဘုန်းဘုန်း တက္ကသိုလ်အလင်းအိမ် (စေတနာပန်းခင်း)၊ တောက်ပကြယ်စင် တို့နဲ့လည်း သိကျွမ်းခွင့် ရခဲ့ပါတယ်။။

ဆက်လက်ပြီး ညီအကိုတွေလို လေးစား၊အားကျရသူ ကိုသက်တန့်ချို၊ ကိုဇော်၊ ကိုညီလင်းသစ်၊ ကိုနန်းရှင်၊ ကိုခနွဲ၊ ကိုတည်ငြိမ်အေး (sosegado) ကိုကိုမောင် (ပန်းရနံ့)၊ကိုကြီး (အနာဂတ်ကောင်းကင်)၊ကိုဇော်သိင်္ခ၊  စတဲ့သူများ ညီလေးတွေလို ချစ်ခင်ရတဲ့ နေဇော်လင်း၊ မောင် (စွယ်စုံကျမ်း)၊ ခင်မောင်ချင်း (ချင်းကလေး)၊ ခွန်မောင်ပန် (ဒီဇင်ဘာမောင်မောင်)၊ မင်းဧရာ၊ ပဥာဏ်၊ အလွမ်းအိမ်၊ လွမ်းနောင် စတဲ့သူများလည်း ပျော်ရွှင်စွာနဲ့ ကူးခတ် လိုက်ပါနေကြပါတယ်။။

ကျွန်တော့်အတွက် အမှတ်ရစရာနဲ့ ရင်ဘတ်ကို လှုပ်ခါတဲ့ထိ ကဗျာစွမ်းထက်တဲ့ (ရင်ဘတ်ချင်း ဂျက်ပင်ထိုးမိသူ ကဗျာဆရာ) ၃ ယောက်ကတော့ "ဟယ်ရီ၊ ဒီနို၊ ကောင်းကင်ကို " ဆိုပြီး ကျွန်တော်ကိုယ်တိုင် သူတို့ကဗျာလေးတွေကို ကူးယူသိမ်းဆည်း ထားတတ်တဲ့ ကိုဟယ်ရီ(ခရမ်းပြာကြယ်စင် လှိုင်းခတ်သံများ)၊ လင်းခေတ်ဒီနိုဆိုတဲ့ ကိုဗညားရှိန် (နတ်ဆိုးရေးတဲ့ အလွမ်းပုရပိုဒ်) နဲ့ ကိုကောင်းကင်ကို တို့ဖြစ်ပါတယ်။။ ကျွန်တော့်ရဲ့ ကာစတန်မက်ဆေ့ခ်ျ(CM) တော်တော်များများမှာ သူတို့ရဲ့ ကဗျာစာသားလေးတွေကပဲ နေရာယူထားတတ်ပါတယ်။။ (တစ်ခါတည်း တစ်လက်စတည်း ခွင့်ပါတောင်း ပစ်လိုက်တယ်။။ ပိုင်ပ..ဟဲ။။)
နောက်ထပ် လေးစား၊အားကျရတဲ့ သူကတော့ ဟာသဓာတ်ခံနဲ့ အပျော်ဓာတ်တွေ ကူးစက်ခံစားစေတဲ့ ဆရာဦးဟန်ကြည် (ဘော်ငွေရောင် ဆံပင်နှင့် အညိုနုရောင် အသားပိုင်ရှင်)ပါ။။ ဟီးးးးးးး... ဆရာရေးတဲ့ စာလေးတွေ လိုက်ဖတ်ပြီး ဆရာ့လို ရေးတတ်ချင်မိပါတယ်။။။

ဆိုတော့ကာ အမှတ်သည်းခြေ မရှိတဲ့ ကျွန်တော့်ခေါင်းထဲ ပေါ်လာသမျှတော့ ကုန်ပါပီဗျာ။။ သို့ပေသိ ကျန်နေတာများ ရှိခဲ့ရင်လည်း ကျွန်တော့်ကို အပြစ်မတင်ပဲ အမှတ်သည်းခြေကိုသာ အပြစ်တင်ကြပါကုန်။။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် ကလွဲရင် ကျန်တဲ့သူတိုင်းဆီက ပညာယူတတ်သူမို့ အားလုံးကို လေးစားချစ်ခင်ပါတယ်။။ ပျော်တတ်တဲ့ စိတ်ခံရှိလို့ အပျော်လွန်က ပျက်တတ်၊ ကျီစားသန်က ရန်များဆိုသလို ဖြစ်မှာကိုလည်း စိုးရိမ်မိပါတယ်ဗျ။။ ဒါကြောင့် အခုကျွန်တော် နာမည်တင်ပြပြီး မိသားစုဝင်များရော၊ ယခင်၊ယခု၊ နောင်ကာလတွေထိ စာပေချစ်လို့ ဘလော့ဂါ ဖြစ်လာတဲ့ သူတိုင်းက ကျွန်တော့်မှာ အမြင်မတော်တာ၊ အမှားတစ်စုံတရာ ရှိခဲ့ပါက ထောက်ပြ၊သွန်သင် ပေးပါလို့ အပ်ပါတယ်ခင်ဗျာ။။ မလိမ္မာရင် ဂျီတော့ကနေ ရိုက်ပြီး ဆုံးမပေးကြပါခင်ဗျ။။

အထူးအားဖြင့်တော့ ကျွန်တော့်ကို ဒီလိုဘလော့ဂါ မိသားစုလေးထဲ အရောက်ဆွဲခေါ်ပြီး ခုချိန်ထိလည်း ဘေးနားကနေ လိုအပ်တာ ထောက်ပြ၊ဆွေးနွေး ဖြည့်ဆည်းပေးနေတဲ့ Angelhlaing ရဲ့ ကျေးဇူးကို ဒီဘလော့ဒေး အမှတ်တရ ပို့စ်လေးနဲ့အတူ ဒီနေရာမှာ မှတ်တမ်းတင်ပါတယ်ခင်ဗျာ။။။

(၃၁ ရက်၊ ၈ လ ၊၂၀၁၁ ခုနှစ်)ဘလော့ဒေးလေးမှသည် နောင်နှစ်ပေါင်း များစွာဆီထိ ချစ်သော ဘလော့ဂါ မောင်နှမ၊ မိသားစုဝင်များ အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နှင့် ရှေ့သို့ ဆက်တိုး လှော်ခတ်နိုင်ကြပါစေ။။။။


လေးစားလျက်
အလင်းသစ်


15 comments:

  1. သြော်..ဂလိုကိုးးးရှစ်လသားလို့မထင်ရအောင်ခြေသွက်လက်သွက် လှပါပေတယ်ဗျာ...အားကျမိပါရဲ့အစ်ကိုတော်ရေ့.....:D

    ReplyDelete
  2. ရင်ဘတ်ချင်း ဂျက်ပင်ထိုးသူများ . . . သိပ်လှတဲ့ အသုံးအနှုန်းလေးဗျာ . . ဟုတ်ကဲ့ ကျွန်တော့်ကဗျာတွေကို နှစ်သက်လို့ ကျနော် ၀မ်းသာမိပါတယ်ဗျာ . .

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  3.်အကိုရေ..ညီလေးတွေလည်းလာလည်ရင်းအားပေးပါတယ်
    ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတော်ပါသေးတယ်ဗျာ
    ကိုင်ပေါက်လိုက်ပြန်ကောက်လိုက်မလုပ်ကြနဲ့ နော်
    ဂျာနယ်ကျော်မမလေးနဲ့ မြန်မာ့အလင်းအယ်ဒီတာဦးချစ်မောင်
    ဟိဟိ..ပျော်တတ်လို့ စတာစိတ်ဆိုးရဘူးနော်.....

    ReplyDelete
  4. ဘလော့ဂ်ဒေးတဂ်ပို့စ်လေးဖတ်ရတာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် သုံးထားတဲ့စာသားလေးတွေက ဖတ်လို့အတော်ကောင်းတယ်။ ဒါတောင် ဘလော့ဂ်မဂါသေးဘူးဆိုပဲး))
    ဘလော့ဂ်ဂါမိသားစုရဲ့ အသိုက်အမြုံလေးထဲမှာ အခွင့်အခါပေးနေသမျှ ကာလပတ်လုံး ချစ်ခင် ပျော်ရွှင် စည်းလုံးမှုတွေနဲ့အတူ စာပေများဆက်လက်ရေးသားရင်း ဘလော့ဂ်လေးကို ရှင်သန်ခွင့်ပြုနိုင်သူ တစ်ယောက်ဖြစ်ပါစေလို့ တောင်းဆုချွေခဲ့ပြီနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အမှတ်တရ ပို့စ်လေးကို ဒီနေရာက လာအားပေးပါတယ်..

    ReplyDelete
  6. Blog Day အတွက် အလည်ရောက်ခဲ့ပါတယ်။

    ဤနေ့ ဤရက် ဤဘလော့ဒေးမှသည် ဆက်လက်၍ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် ဘလော့ဂ်ဂင် နိုင်ပါစေကြောင်း ဆုမွန်ချွေခဲ့ပါ၏။

    ReplyDelete
  7. ဘလော့ဒေးအမှတ်တရလေးကို မှတ်မှတ်ရရဖတ်သွားပါတယ်။ ကျန်းမာပျော်ရွှင်စွာဖြင့် ဘလော့လောကလေးထဲမှာ ကူးခတ်နိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  8. ပျော်ရွှင်စွာ ဆက်လက်ချီတက်မယ် ဟိုဟာလေး တော့ ပါပစေနော်

    ခင်မင်စွာဖြင့်

    ReplyDelete
  9. ဟေဟေးးးးးးးလုပ်ထားကွ..........နီက နာ့ထက်တော်ပြီးသားပါ....။

    ReplyDelete
  10. ဘလော့ဒေးအမှတ်တရပို့စ်လေးဖတ်သွားပါတယ်...နောက်လဲလာလည်ပါ့မယ်...

    ReplyDelete
  11. Happy blog day ပါ... လို့..
    ရှေ့ဆက်ပြိးတော့လည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ပေါ့နော် :):)

    ReplyDelete
  12. ဝမ်းသာပါတယ်ဗျာ။ ကိုယ်တွေလည်း ဘလော့ဂ်ကထဲ ဝင်ခါစကတော့ ဒီလိုပဲ တဝဲလည်လည်နဲ့။ ၂ လ လောက်ကြာတဲ့အထိ အိမ်လည်ရ ကောင်းမှန်းတောင် မသိတတ်သေးဘူး။ အဲဒီ ကိုယ်တွေ့လေးကို မှတ်မိနေပြီး ရောက်ခါစ အသစ်လေးတွေကို တတ်နိင်သလောက် အားပေးတွဲခေါ်ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး စာပေလက်ရာကောင်းတွေ အများကြီး ထပ်ရေးဖြစ်ဖို့ အားပေးပါတယ်။

    ReplyDelete
  13. ဘလော့ဂ်ဒေး အမှတ်တရလေး လာဖတ်ပါတယ်။ ကျွန်တော်က ဘလော့ဂ်ဂါ အသစ်လေးပါ။ သူငယ်ချင်းရဲ့ လင့်လေး လာယူသွားပါတယ်။ လမ်းကြုံရင် ဝင်လည်ဖို့ ကိုလဲ ဖိတ်ခေါ်ပါတယ်။

    ReplyDelete
  14. ဟင် ငါကမန့်တာတော်တော်လိပ်သွားတာပေါ့
    အေးလေ လိပ်ကျွန်းသွားတော့ ခုတော့လိပ်တာပေါ့
    ..
    နှစ်ပေါင်းများစွာ ဘလော့ဂင်နိုင်ပြီး အောင်မြင်တဲ့ဘလော့ဂါ
    တစ်ယောက်အဖြစ်နဲ့ထာဝရမြင်တွေ့ချင်ပါတယ်
    (မိန်းမရပြီးတို့ အလုပ်ရှုပ်တယ်တို့ တော့မဖြစ်စေနဲ့ပေါ့နော်း)
    အမ
    မဒိုးကန်

    ReplyDelete
  15. ချောကလက်မြို့သားတစ်ဦး ဘလောဂ့်လောကထဲ ရောက်လာတာ ကြိုဆိုပါတယ် မောင်လေး
    လက်စောင်းထက်တဲ့ အရေးအသားလေးတွေ လက်စွမ်းပြပါဦးလို့ တိုက်တွန်းပါရစေ..
    ဘာမသိညာမသိ ဘလော်ဂါကနေ လူတကာသိတဲ့ ဘလော်ဂါကြီးတစ်ယောက် ဖြစ်လာဖို့ဆိုတာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုက အဖြေပေးမှာပါ။
    ပျော်ရွှင်စွာ စာတွေ ရေးသားနိုင်ပါစေနော်။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။