ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, August 4, 2011

အမျက်ဖြေတဲ့အလင်္ကာ မျက်ရည်တော့မပါဘူး




စာလုံးမပေါင်းတတ်တဲ့ သစ္စာနဲ့
ချစ်ခြင်းကို အသရေဖျက်၊ မေတ္တာတွေပျက်သူရဲ့
မာယာရှင်လက်စွဲ
အပျော်တွဲစကားတွေမှာ၊ အသိမဲ့စွာသာယာခဲ့လို့
ခံစားချက်တွေ မဲမှောင်၊ အထိနာတဲ့ကျားတစ်ကောင်လို
ငါလေ..အချစ်ဆိုတာကို အရောင်တွေဆိုးခဲ့ဖူးတယ်။။။

ခပ်ချိုချိုပြုံးတတ်တဲ့ သူ့မျက်လုံးတွေမှာ
မာယာကိုရှာမတွေ့ခဲ့တော့၊ သာယာခြင်းနေ့တွေကိုဖြတ်
ကိုယ့်အတွက် ဘို့ ထွက်မှ နွားဖြစ်မှန်းသိတဲ့'လူအ'လေ
ဘဝပျက်မလိုဖြစ်ရတာ ဘာဆန်းလဲ
ခပ်ကြမ်းကြမ်းသင်ခန်းစာတွေအတွက်တော့
(သူ့ကြောင့်)ငါ့နေ့ရက်တွေ အသိမှတ်မဲ့ ချာချာလည်ခဲ့ရတယ်။။။

သက်သေပြလို့မရတဲ့ လွမ်းချင်းတွေဖွဲ့နွဲ့
ငါ့ဘဝရဲ့ ခပ်ယဲ့ယဲ့နေ့တွေဆီမှာ ဒီအရည်တွေကို
ကြိုက်လို့သောက်တာမဟုတ်ပဲ မိုက်ပြီးကိုကြိုက်ခဲ့တာလေ
ခါးလိုက်တဲ့နေ့ရက်တွေများ
မနက်ဖြန်ဆိုတဲ့အသံကိုတောင် နားခါးတယ်
အသွားမပါတဲ့ဓားနဲ့လှီးခဲ့သလို အသည်းနှစ်လွှာကျိတ်ပြီးကြေလွင့်
အတိတ်ဆိုတာကလည်း အဆိပ်သင့်ခဲ့ပြီပေါ့။။။

အမုန်းတရားတွေဖက်တွယ်ရင်း ခံပြင်းစိတ်နဲ့
ဝါးလုံးရှည်ကိုရမ်း ငါလျောက်ခဲ့တဲ့လမ်းမှာ
အသည်းတွေဘယ်နှစ်ခါ နွမ်းခဲ့ပြီလဲ
တကယ်တော့ ငါလဲ အသည်းကိုမှစားတဲ့ကျား
အမှားတွေလည်း များခဲ့ပြီထင့်
ဘယ်တော့မှပြင်မရတော့မယ့် ဇာတ်ကွက်တွေမှာ
တစ်ချို့တစ်ချို့ရဲ့ အနာဂတ်တွေ ငါ့အတွက်နဲ့ အလွမ်းသင့်ခဲ့ပြီပေါ့။။။


မှားနေမှန်းသိရက် ပြင်မရတာ စိတ္တဇပါဆိုရင်
အဲဒီအမှားအတွက် ငါ့ကိုမှ ထားခဲ့ရက်တဲ့နင့်ကို စိတ်နာတယ်
လိပ်ပြာကိုခြွေနှုတ်တာထက် နင့်လုပ်ရပ်တွေ ခါးသက်ခဲ့
ငါ့အတွက်တော့ နင့်စကားတွေ ဓားထက်ခဲ့တယ်
ထားရက်တဲ့နောက်မှာတောင် ရင်နင့်အောင်နာမယ့်စကားတွေနဲ့
ဒေါသတွေ အဖျားတက်စေခဲ့
အားးးးးးး..ငါ့မနက်တွေ အမှားနဲ့ဆက်ခဲ့ပြီပေါ့။။။


မရိုးနိုင်တဲ့ဇာတ်လမ်းအပျက်ကြီးလို
နင့်ကိုလည်း ငွေကဖျက်ဆီးခဲ့တယ် တစ်ဖက်သတ်ကြီးကွယ်
ကိုယ့်တန်ဖိုးကိုယ်သတ်မှတ် နင်အခု ဘာတိုးတက်ခဲ့ပြီလည်း
ငါပဲအမှားတွေဆက်တိုက်နဲ့ ခပ်မိုက်မိုက်ကောင်ဖြစ်ခဲ့ရ
ပိတ်လှောင်ထားတဲ့ အတ္တနဲ့မာနတွေကြား(ငါလည်းလေ)
တစ်ယောက်မကောင်း အများဆိုပြီး
ဆားမပါတဲ့ ခံစားချက်တွေနဲ့ လူတိုင်းကို ရစ်ပတ်ပစ်ခဲ့
ငါ့ရင်ဘတ်အက္ခရာတွေထက်မှာတော့ သစ္စာဆိုတာမပါတော့ဘူးပေါ့။။။


တစ်ဖက်တည်းမြင်တဲ့ ကြည့်မှန်လို ကိုယ့်ဘက်ပဲ ကိုယ်မြင်ရင်း
တွေ့သမျှလူနင့်လိုထင် ငါ့အမြင်တွေမှမကြည်ခဲ့တာ
ကိုယ်ထင်ရာကိုယ်လုပ်ရင်း ငါ့မနက်ခင်းတိုင်းမှာ
ချစ်တယ်ဆိုတာလည်း ဖော်မြူလာစကား
ငါ့အတွက်ဘာမှ မထူးခြားခဲ့တော့ဘူးလေ။။။


နင်ကလိမ်လို့ ငါက ညာတဲ့ပွဲမှာ မလိုအပ်ပဲ တချို့ရင်တွေနာခဲ့ရတယ်
တကယ်တမ်းကျတော့
ထမီဝတ်ထားတိုင်း နင့်စိတ်ဓာတ်တွေမပါတာ
ငါတကယ်ကို နားလည်သွားခဲ့၊
ပြင်မရတဲ့ အမှားတွေအတွက်တော့ မာနတွေခဝါချပြီ
ကောင်မလေးရေ နင်နဲ့ငါသရေပဲ
သစ္စာပျက်လို့ သစ္စာတရားက ဒဏ်ခတ်တဲ့ပွဲကို
ငါရဲရဲကြီးကြိုဆိုတော့မယ်၊ ဒဏ်ခတ်မယ့်နေ့ရက်တွေ အပြီးသတ်ဖို့
အမုန်းတွေနဲ့ဆီးကြိုနေတဲ့ မနက်ဖြန်တွေ လာခဲ့ကြတော့။။။


စာလုံးမပေါင်းတတ်တဲ့ သစ္စာနဲ့
ချစ်ခြင်းကို အသရေဖျက်၊ မေတ္တာတွေပျက်သူရဲ့
မာယာရှင်လက်စွဲ
အပျော်တွဲစကားတွေမှာ၊ အသိမဲ့စွာသာယာခဲ့လို့
ခံစားချက်တွေ မဲမှောင်၊ အထိနာတဲ့ကျားတစ်ကောင်လို
ငါလေ..အချစ်ဆိုတာကို အရောင်တွေဆိုးခဲ့ဖူးတယ်။။။




လေးစားလျက်
အလင်းသစ်

12 comments:

  1. မှားနေမှန်းသိရက် ပြင်မရတာ စိတ္တဇပါဆိုရင်
    အဲဒီအမှားအတွက် ငါ့ကိုမှ ထားခဲ့ရက်တဲ့နင့်ကို စိတ်နာတယ်
    လိပ်ပြာကိုခြွေနှုတ်တာထက် နင့်လုပ်ရပ်တွေ ခါးသက်ခဲ့
    ငါ့အတွက်တော့ နင့်စကားတွေ ဓားထက်ခဲ့တယ်
    ထားရက်တဲ့နောက်မှာတောင် ရင်နင့်အောင်နာမယ့်စကားတွေနဲ့
    ဒေါသတွေ အဖျားတက်စေခဲ့
    အားးးးးးး..ငါ့မနက်တွေ အမှားနဲ့ဆက်ခဲ့ပြီပေါ့။။။....

    ခံစားအားပေးလျှက်ပါ လို့..
    အပြင်းစားတွေကြိးပဲ မလုပ်ပါနဲ့ နည်းနည်းလျှော့လေနော်..:):)

    ReplyDelete
  2. တဖြေးဖြေးနဲ့ပြင်းပြင်းလာတယ်နော်.....ခံစားချက်တွေပေါက်ကွဲ
    တာလဲဖြစ်နိုင်တာပဲလေ...အားပေးခံစားလိုက်ပါကြောင်း။

    ကိုကာကိုလာတခုထဲမဟုတ်ပါဘူး...gas ပါတဲ့အအေးဘာမှမသောက်တာပါ။

    ReplyDelete
  3. အပြင်းစားရင်ခုန်သံလေးပါလား... ရင်ဘတ်ထဲကလှိုက်လှိုက်လှဲလှဲခံစားသွားတယ်အစ်ကိုရေ။ နောက်လည်းရှိသေးရင်လုပ်ပါဦး..အားပေးနေမှာပါ။

    ReplyDelete
  4. အကို
    ညီလေးအတွက် မဆိုင်းမတွပဲ ကဗျာတပုဒ်ေ၇းပေးတဲ့ အတွက်အကို့ ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်နော်။ ညီလေးဖြစ်စေချင်တဲ့  စကားသွားတွေထက်တောင် စာကြောင်းလေးတွေက ဓါးစောင်း ထက်ခဲ့ ပြီမို့  အကိုေ၇....... ပို မပြောပါဘူး အ၇မ်းကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. ခံစားသွားတယ်..ခံစားသွားတယ်
    ကြိုက်တယ်.မိုက်တယ်..
    ပြောချင်နေတဲ့စကားလုံးတွေပါတယ်

    ဒါပေမယ့်နောက်ဆုံးမှာ ခနခနအရောင်ဆိုးတာကတော့
    အသစ်ရေ..နင်က ကာလာမှုန့်ရောင်းနေသလားကွယ်..း)

    ReplyDelete
  6. 'နင်ကလိမ်လို့ ငါက ညာတဲ့ပွဲမှာ မလိုအပ်ပဲ တချို့ရင်တွေနာခဲ့ရတယ်' ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေစာပင်ခမျာ သနားစရာနော်။
    ပေါက်ကွဲသံတွေ ပြင်းထန်နေတော့ ကလောင်သွားက ပိုပိုထက်လာတယ် အလင်းသစ်ရေ။
    သစ္စာတရားဆိုတာ နေရာများများမှာ မှေးမှိန်နေပြီမို့ ဘယ်သူ တရားပျက်ပျက် ကိုယ်တရားမပျက်ဖို့သာလိုပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အသွားမပါတဲ့ဓားနဲ့လှီးခဲ့သလို အသည်းနှစ်လွှာကျိတ်ပြီးကြေလွင့်
    အတိတ်ဆိုတာကလည်း အဆိပ်သင့်ခဲ့ပြီပေါ့။။။

    တကယ်ဖတ်လို့ကောင်းတယ်။

    ReplyDelete
  8. တကယ်ကောင်းတဲ့ကဗျာဆိုတာထက် ခံစားချက်ပါတဲ့ကဗျာလို့ ထင်ပါတယ်။ တော်တော်များများနေရာတွေမှာ သစ္စာတရားတွေကို အရေကြိုသောက်နေကြတဲ့ ယနေ့ခေတ်မှာတော့ သစ္စာဆိုတာ ပန်းရဲ့နာမည်လားလို့တောင် မေးရမလိုဖြစ်နေပါပြီလေ....

    ချမ်းမြေ့ပါစေ...
    ချယ်ရီမြေ..

    ReplyDelete
  9. “မာယာရှင်လက်စွဲ
    အပျော်တွဲစကားတွေမှာ၊ အသိမဲ့စွာသာယာခဲ့လို့
    ခံစားချက်တွေ မဲမှောင်၊ အထိနာတဲ့ကျားတစ်ကောင်လို
    ငါလေ..အချစ်ဆိုတာကို အရောင်တွေဆိုးခဲ့ဖူးတယ်။။။”

    “ကောင်မလေးရေ နင်နဲ့ငါသရေပဲ
    သစ္စာပျက်လို့ သစ္စာတရားက ဒဏ်ခတ်တဲ့ပွဲကို
    ငါရဲရဲကြီးကြိုဆိုတော့မယ်၊ ဒဏ်ခတ်မယ့်နေ့ရက်တွေ အပြီးသတ်ဖို့
    အမုန်းတွေနဲ့ဆီးကြိုနေတဲ့ မနက်ဖြန်တွေ လာခဲ့ကြတော့။။။”

    .......................

    အရမ်းထိတဲ့စာသားလေးတွေပါပဲ..
    ထပ်တူခံစားသွားပါတယ်... “ထပ်တူ”ပါပဲ...

    ReplyDelete
  10. ခံစားမှု..စာသားတွေကိုဖတ်သွားပါတယ်။

    ReplyDelete
  11. the poem i like best!

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။