ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, September 1, 2011

လူမိုက်ကြီး ကောင်းမှု







"ဟဲ့..ကောင်လေးရဲ့ နို့အေးချောင်း စားနေပြီပဲ။။ တော်ပြီလေ။။ ဖရဲသီးနဲ့က မတည့်ဘူးဟဲ့။။"

"ဟင့်အင်း.. စားမှာပဲ။။ သားစားချင်တယ် ဝယ်ပေး။။ ဝယ်ပေးပါဆို...။။"

အချိန်က ညနေရီတရောအချိန်။။ တစ်ခုသော ဘုရားပွဲဈေးတန်းမှာ ပွဲဈေးတန်း လျောက်နေသည့် သားအမိနှစ်ဦး ပြောနေသော စကားသံများ။။ စားချင်ရာ မစားရသဖြင့် ကလေးငယ်က ဝါးခနဲ အော်ငိုသည်။။ ကလေးမိခင်က ဘေးဘီကို အားနာသလို လှည့်ကြည့်ရင်း ကလေး၏ ပါးစပ်ကို အတင်းပိတ်လိုက်၏။။

"ဟဲ့..မသာလေးရဲ့..ဒါနင့်ပထွေး အိမ်မဟုတ်ဘူး။။ လူတွေ အများကြီးနဲ့ ပွဲဈေးတန်းဟဲ့။။ နင့်ပါးစပ်ကို ပိတ်ထား ကြားလား။။ မပိတ်ရင် နင့်ကို အောင်ဝင်းက ဖမ်းလိမ့်မယ်။။"

အောင်ဝင်းဆိုသော စကားသံကြောင့် ကလေးငယ်က အဲ့ခနဲ တစ်ချက် တိတ်သွားပြီး ဘေးပတ်လည်ကို လှည့်ကြည့်လိုက်၏။။ သူ့အကြည့်တွေ အောက်မှာ ဘယ်သူမှမရှိ။။

"မရှိဘူး။။ အောင်ဝင်းမရှိဘူး။။ စားမှာပဲ။။ သားကို ဝယ်ပေးပါ။။ ဖရဲသီးစားမယ်။။ သား အောင်ဝင်းကို မကြောက်ဘူး။။"

ကလေးက ခြေဆောင့်ရင်း ဇွတ်တင်းပူဆာသဖြင့် စိတ်အိုက်သွားသော ကလေးအမေ ဖြစ်သူက ပါးစပ်မှ စကားလုံး ကြမ်းကြမ်းများကို ပြောရင်း ကလေးတင်ပါးကို တဖြန်းဖြန်း ရိုက်လိုက်သည်။။ ဝါးဟူသော အသံရှည်နှင့်အတူ ကလေးငယ်က အသံကုန် အော်ငိုတော့၏။။ ကလေးအမေကလည်း ငိုလေ ရိုက်လေဖြစ်နေသည်။။

"ဟဲ့.. ညီမကြီး.. ကလေးကို ရိုက်တာ၊ စကားကြမ်းကြမ်းတွေ သုံးပြီးဆူတာ ငါမကြိုက်ပါဘူးလို့ ပြောထားတယ်လေ။။"

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် ကလေးအမေက လှည့်ကြည့်လိုက်သည်။။ သူမ တွေ့လိုက်ရတာက လည်ကတုံး ရှပ်လက်ရှည်နှင့် ရခိုင်ပုဆိုးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အသားညိုညို ယောင်္ကျားတစ်ဦး။။ ကလေး အမေပါးစပ်မှ ဟင်..ဦးအောင်ဝင်း ဟူသော အာမေဋိတ်သံ ထွက်ပေါ်လာပြီး ကြောင်ကြည့်နေ၏။။ ထိုစဉ်မှာပင် ကလေးငယ်က လက်ထဲမှ နို့အေးချောင်းကို ပစ်ချပြီး ရုတ်တရက် အနီးမှ ထွက်ပြေးသွားသည်။။။

ဟဲ့..သားလေး ဟူသောအသံ။။ တီးးးး ဟူသော ကားဟွမ်းသံရှည်ကြီးနှင့် ကျွီးးးးးးခနဲ ဘရိတ်အုပ်လိုက်သည့် သံရှည်ကြီးတစ်ခု။။ သူ့ကိုမြင်ပြီး ရုတ်တရက် ကြောက်လန့်ထွက်ပြေးသွားသည့် ကလေးငယ်အတွက် စိုးရိမ်စိတ်ဖြင့် ရိပ်ခနဲ လှုပ်ရှားလိုက်သည့် ကိုအောင်ဝင်း။။ ဒုန်းဟူသော ကားနှင့်တိုက်မိသံကြီး ထွက်ပေါ်လာသည်။။ လမ်းဘေး ပွဲဈေးတန်းမှာ ပွဲဈေးလျောက်နေသော သူများအားလုံး အထိတ်တလန့်ဖြင့် ကြောင်ကြည့်နေမိကြ၏။။

"ကလေး.. ကလေး ဘာဖြစ်သွားသေးလဲ.. ညီမကြီး.. ကလေးဘာဖြစ်သွားလဲ သေချာကြည့်စမ်း။။"

အသံတိုးတိုးကြောင့် အသိပြန်ဝင်သည့် ကလေးအမေက လမ်းဘေးမှာ ငိုပင်မငိုနိုင်တော့ပဲ ကြောင်အနေသည့် ကလေးငယ်ကို အပြေးသွားပြီး ပွေ့ဖက် စစ်ဆေးလိုက်သည်။။ ကလေးက ဘာမှမဖြစ်။။ ညနေစောင်းလေးပဲ ရှိသေးတာမို့ ညပွဲဈေးတန်းက လူသိပ်မများသေးတာမို့ ဖြတ်သွားဖြတ်လာ ကားများမှာ အရှိန်ပါနေသေး၏။။ အောင်ဝင်းကို မကြောက်ဘူးဟု ပြောပြီး ရုတ်တရက် ကိုအောင်ဝင်းကို တွေ့လိုက်ရသဖြင့် လန့်ပြီး ကားလမ်းပေါ် ပြေးထွက်သည့် ကလေးငယ်၊ အရှိန်နှင့် လာနေသော ကားကိုမြင်တွေ့လိုက်သည့် ကိုအောင်ဝင်း၊ ရုတ်တရက် ကလေးကို ပြေးတွန်းလိုက်သဖြင့် ကားနှင့်တိုက်မိသွားသည်။။ လမ်းပေါ် ပြန်အကျမှ ခေါင်းနှင့် ကျတာမို့ သွေးတို့က ရဲပလောင်းခတ်နေ၏။။

ကလေးဘာမှ မဖြစ်ပါဘူးဟူသော အသံကို ကြားလိုက်ရသဖြင့် ကိုအောင်ဝင်း မျက်နှာက ပြုံးသွားသည်။။ ဒဏ်ရာပြင်းသဖြင့် မချိမဆံ့ဖြစ်နေသော်လည်း သူ့မျက်နှာမှာ သွေးပျက်ကြောက်လန့် နေသည့်ဟန်ကို မတွေ့ရ။။ သူ့ကိုပွေ့ထားသည့် တစ်ယောက်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။။ ပြီးတော့မှ ခပ်တိုးတိုး စကားသံတို့ကို ဝမ်းနည်းသံဖြင့် ဖွင့်ဟပြောရင်း မျက်ရည်တွေ စီးကျလာ၏။။

"ကလေးတွေကို မရိုက်ကြပါနဲ့ကွာ။။ ပြီးတော့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ မဆိုမဆဲကြပါနဲ့။။ ကလေးဆိုတာ အမြင်အတွေ့မှာ သင်ယူတတ်ကြလို့ သူတို့စိတ်တွေပါ ကြမ်းတမ်းရိုင်းစိုင်း ကုန်ပါ့မယ်။။ ပြီးတော့လေ နောက်ပိုင်းဆိုရင် ကလေးတွေကို ငါ့နာမည်နဲ့ မခြောက်ကြပါနဲ့တော့ကွာ။။ အောင်ဝင်းဆိုတဲ့ ငါက လူမိုက်ပါ။။ လူဆိုးပါ။။ ဒါပေမယ့် ကလေးတွေကို ချစ်တတ်ပါတယ်။။ အစ်မလေးတို့ ညီမကြီးတို့ရယ်..နောက်ဆိုရင် ကလေးတွေကို ငါ့အကြောင်းကို ပုံပြင်လို ပြောပြပြီး ချော့သိပ်ပေးကြပါနော်။။ ငါ့ရဲ့ ကန်စွန်းကန်တွေနဲ့ ပိုင်ဆိုင်သမျှကိုလည်း ရောင်းချပြီး ရွာက မူလတန်းကျောင်းမှာ ကျောင်းဆောင် တစ်ဆောင် ဆောက်ပြီး လှူပေးကြပါ။။ အခုတိုက်မိတဲ့ ကားပိုင်ရှင်ကိုလည်း ဘာမှ အမှုမဖွင့်ကြပါနဲ့တော့။။"

တစ်သက်လုံး မျက်ရည်မကျခဲ့တဲ့ လူမိုက်ကြီး အောင်ဝင်းရဲ့ လမ်းဆုံးက မျက်ရည်များနှင့်။။ စကားအဆုံးမှာ တစ်ချက်ပြုံးလိုက်ပြီး ကိုအောင်ဝင်းရဲ့ ခန္ဓာကိုယ်က ပျော့ကျ အသက်မဲ့ သွားလေတော့သည်။။။



################################



ရွာထိပ်က ဘုန်းတော်ကြီးကျောင်း ဝင်းနံရံမှ အလှူရှင် ကဗျည်းစာများကို မတ်တပ်ရပ်ပြီး ငေးကြည့်ဖတ်နေသည့် ၁၀ နှစ်ကျော် အရွယ်ကလေးတစ်ယောက်။။ သူ့လက်ထဲမှာက အရက်ဖြူပုလင်းတစ်လုံး။။ သူ့မျက်နှာက ရုတ်တရက် ပြုံးသွားသည်။။ ခဏလေးအတွင်းမှာ သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချလိုက်ရင်း ခေါင်းကို ခါလိုက်၏။။

"အုတ်တံတိုင်း အလှူရှင် ဦးဝင်းကျော်၊ ဒေါ်ရင်နု၊ သားမောင်အောင်ဝင်း မိသားစုကောင်းမှု ၊ နတ်၊လူ သာဓုခေါ်စေသော်ဝ်..."

သူ့အတွေးထဲမှာ ပေါ်လာသော စာသားများ။။ ထို့ကြောင့် သူပြုံးလိုက်၏။။ ပြီးတော့ ဘယ်တော့မှ မဖြစ်နိုင်တာကို သိသဖြင့် သက်ပြင်းကိုချ ခေါင်းကိုခါမိ၏။။ ခဏနေတော့ လေးပင်သော ခြေလှမ်းများနှင့် ရွာထိပ်ဘက် ကန်စွန်းကန်ကြီး (၂)ကန်ကြားက ခနော်ခနဲ့ တဲအိမ်လေး ရှေ့မှာ သူမတ်တပ်ရပ်လျက် ရောက်နေခဲ့လေပြီ။။

"လာစမ်း..ဟိုခွေးမသားလေး။။ မင်းဒီကို မြန်မြန်လာစမ်း။။ မင်းကို လွှတ်လိုက်တာ ဘယ်လောက်ကြာပြီလဲ။။ ပြောစမ်း..။။"

"ကိုဝင်းကျော်..အဲ့ဒါလေးကို ကျွန်မမွေးထားတာ။။ ခွေးမသားဆိုတော့ ကျွန်မက ခွေးမလား။။ တော်သာ..ခွေးကြီးတော့ ..ခွေးကြီး။။ ဘယ့်နှယ်တော် မနက်မှ မိုးလင်းမယ် မကြံသေးဘူး အလုပ်လုပ်ဖို့ မစဉ်းစား အရည်မြိုဖို့ပဲ တွေးနေတယ်။။ အဲဒီအရည်တွေက အပင်း ဖြစ်ပါစေတော်။။"

တယ်လေ..ဒီမိန်းမ ဟူသော ဦးဝင်းကျော်၏ အသံနှင့်အတူ လက်ပြန်ရိုက်ချက်မှာ ဒေါ်ရင်နု ဟိုဘက်ကို လဲကျသွား၏။။ မိန်းမကို ရိုက်ပြီးတော့ ဦးဝင်းကျော်က ဘေးမှာ အဆင်သင့်တွေ့ရသည့် နှီးစည်းကို ကောက်ယူလိုက်ပြီး အရက်သွားဝယ်ဖို့ ခိုင်းလိုက်တာ နောက်ကျသည် ဟူသော အကြောင်းပြချက်ဖြင့် ကလေးကို တဖြန်းဖြန်း ရိုက်လေတော့သည်။။ ထိုစဉ်မှာပင် လက်ပြန်ရိုက်ခံလိုက်ရသော ဒေါ်ရင်နုက ယုတ်ရင်းကြမ်းတမ်းသော စကားများကို မကြားဝံ့၊ မနာသာ ပြောဆိုရင်း ကလေးကို မဲပြီး ရိုက်နေသည့် ဦးဝင်းကျော်ကို နောက်ကနေ ကုတ်ဆွဲလေတော့၏။။ မိဘနှစ်ပါး၏ မကြားဝံ့၊ မနာသာ ဆဲဆိုသံများကို မကြားသလိုလို၊ နှစ်ယောက်သား ရိုက်ပုတ်ရာမှ လွင့်စင်ထိခတ်လာသည့် ဒေါသအစွယ်အပွား ရိုက်ချက်များ၏ နာကျင်မှုကို မခံစားရတော့ သလိုလို မောင်အောင်ဝင်း၏ မျက်ဝန်းများက အဝေးဆီသို့ ငေးရီလျက်။။ သူ၏ အံသွားများက တင်းတင်းစေ့ကြိတ်လျက်၊ သူ့မျက်ဝန်းများဆီမှာက မျက်ရည်တို့ ကင်းမဲ့လျက်၊ သို့သော်လည်း မျက်ရည်မဲ့ မျက်ဝန်းတွေထဲက နာကျင်ခံစားရမှု အရိပ်များကတော့ အတော်ကို နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတော့သည်။။။

ထိုသို့သော အဖြစ်အပျက်များက သူလူမှန်းသိတတ်စမှသည် လက်ရှိအချိန်တွေဆီထိ အဆုံးမသတ် နိုင်သေးသော ဖြစ်ရိုးဖြစ်စဉ်များ။။ ငယ်စဉ်တုန်းကတော့ မျက်ရည်တွေ ကျခဲ့သည်။။ နောက်တော့လည်း မထူးမှန်းသိသော အနေအထားတွေအတွက် အောင်ဝင်း မျက်လုံးတွေမှာ မျက်ရည်တွေ မဲ့ခဲ့ရတော့၏။။ သူ့ပါးစပ်များမှာလည်း စကားတို့ နည်းပါးခဲ့တော့သည်။။ ထို့အတူ သူ့စိတ်ဓာတ် များကလည်း မာကျောခက်ထန်ခဲ့လေပြီတည်း။။



@@@@@@@@@@@@@@@@@@



ဦးဝင်းကျော်၊ ဒေါ်ရင်နုတို့က ရွာထိပ်ချောင်းနားမှာ ကန်စွန်းကန် နှစ်ကန်ကို ပိုင်ဆိုင်သူများ။။ ကန်စွန်းခင်းများက ရာသီမရွေး ခူးစွတ်ရောင်းချ နိုင်သလို၊ ထိုကန်စွန်းကန်ထဲမှ ငါးများကလည်း စားလောက်ရုံမက ရောင်း၍ပင် ရနေသေးသည်။။ သို့သော်လည်း ဦးဝင်းကျော်သည် အရက်၏ ကျေးကျွန်ဘဝနှင့် ဒေါ်ရင်နုသည်လည်း ဖဲချပ်များ၏ ကျေးကျွန်ဘဝနှင့် တစ်ဦးတည်း မွေးထားသော သားဖြစ်သူကိုပင် လူတန်းစေ့၊ လူမွှေးလူတောင် ပြောင်အောင် မထားနိုင်ခဲ့ကြ။။ အောင်းဝင်း ငယ်စဉ်ကတည်းက ဘုန်းကြီးကျောင်းမှ သင်ပေးလိုက်သည့် သေစာ၊ရှင်စာမှလွဲပြီး ဘာစာမျှ သင်ယူခွင့်မရခဲ့။။ ကန်စွန်းရွက် လည်ရောင်းနေခဲ့ရသည်။။ မိဘများက လူရာမဝင်သူများမို့ အောင်ဝင်းသည်လည်း အနှိမ်ခံဘဝနှင့် ကြီးပြင်းခဲ့ရ၏။။

သို့သော်လည်း အောင်ဝင်းက မိဘများလို အရက်သောက်ခြင်း၊ ဖဲရိုက်ခြင်းကို စိတ်မပါ။။ ဆဲဆိုခြင်းကို မနှစ်သက်။။ ဘုန်းကြီးကျောင်းမှ သင်ကြားပေးလိုက်သော ယဉ်ကျေးလိမ္မာ စာသားများ၏ အဆုံးအမမှာ တည်သူဖြစ်၏။။ နေ့စဉ် သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် ဝတ်ဆင်တတ်သူ။။ မိဘများ၏ ရိုက်နှက်ခြင်းကို ခံရသော်လည်း စိတ်မကွက်ပဲ သားသမီးတို့ ဝတ္တရားအတိုင်း ပြုစုစောင့်ရှောက်တတ်သူဖြစ်သည်။။

ထိုကဲ့သို့ နေနေသော်လည်း မြေနိမ့်ရာ လှံစိုက်တတ်သော လောက၏ မတရားမှုတွေ ကြားထဲမှာ အနှိမ်ခံဘဝနှင့် အောင်ဝင်း၏ စိတ်ဓာတ်တို့ ဒဏ်ရာတွေ ပြည့်နှက်လာသည်။။ မောက်မာရိုင်းစိုင်း သူများကို ကြည့်မရတော့။။ ကလေးသူငယ်များကို ရိုက်နှက် ဆုံးမတာကို ကြည့်မရတော့။။ ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုတတ်သူများကို ကြည့်မရတော့။။

ထိုစိတ္တဇဆန်လာသော စိတ်ကြောင့်ပင် အောင်ဝင်းတစ်ယောက် ၁၆ နှစ်အရွယ် လူပျိုပေါက်ဘဝမှာ ကန်စွန်းရွက် အရောင်းထွက်ရင်း အနိုင်ကျင့် နှိမ်ချစော်ကားမှုကို မခံမရပ်နိုင်စွာ ဒေါသဖြင့် ဖြေရှင်းလိုက်ရင်း လူသတ်မှု ဖြစ်ခဲ့တော့သည်။။ လူသတ်မှုမှ သူအမြဲဆောင်ထားသော ကျွဲချိုတပ် ဓားမြှောင်ဖြင့် အချက်ပေါင်းများစွာ မသေမချင်း သွေးအေးအေးဖြင့် ထိုးသတ်သည့် လူသတ်မှု ဖြစ်ခဲ့၏။။ ထိုအမှုဖြင့်ပင် အောင်ဝင်းတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နှင့် (၇)နှစ်ဟူသော ထောင်ဒဏ်ဖြင့် ဥပဒေက ဆုံးမခြင်းကို ခံယူလိုက်ရလေတော့သည်။။။



%%%%%%%%%%%%%%%%%%%%%%%



အောင်ဝင်း၏ဘဝကံ အကျိုးပေး ဆိုးရွားမှုများက အဆုံးမသတ်နိုင်သေး။။ သူထောင်မှ လွတ်ရန် (၂)နှစ်ခန့် အလိုမှာ အဖေဖြစ်သူ ဦးဝင်းကျော်တစ်ယောက် သူနှစ်သက်သည့် အရက်ကြောင့်ပင် လူ့ဘဝကြီးထဲမှ ထွက်ခွာသွားခဲ့၏။။ အဖေက အရက်၏ ကျေးကျွန်ဘဝနှင့် အိမ်ထောင်ဦးစီး တာဝန်လည်း မကျေခဲ့၊ မိဘတာဝန်လည်း မကျေခဲ့ပေမယ့် အောင်ဝင်းရင်ထဲ အဖေမရှိတော့ခြင်းအပေါ် ထိခိုက်ခံစားခဲ့ရသည်။။ လျော့ရက်များဖြင့် သူလွတ်ရက်ကို ကြိုသိချိန် အောင်ဝင်းတစ်ယောက် အလွန်ပင် ဝမ်းသာနေချိန်မှာ မိခင်ဖြစ်သူ ဒေါ်ရင်နု ဖဲဝိုင်းမှာ ဓားထိုးခံရပြီး ဆုံးပါးခဲ့ပြန်၏။။ အောင်ဝင်း၏ စိတ်ခံစားချက်များက ကယောက်ကယက် ဖြစ်ခဲ့ရတော့သည်။။ ငယ်ငယ်ရွယ်ရွယ်နှင့် ဘဝ၏ ထိုးနှက်ချက်များကို အပြင်းထန်ဆုံး ခံစားခဲ့ရသော သူ့စိတ်ဓာတ်များက ပုံမှန်မကျ မူမမှန် ဖြစ်ခဲ့ရလေတော့၏။။

ထောင်မှ ထွက်လာချိန်မှာတော့ တစ်ရွာလုံးက အောင်ဝင်းကို အလိုလိုပင် ရွံ့ကြောက်နေခဲ့တော့သည်။။ ထောင်ထွက်လူမိုက် တစ်ယောက်၊ မိခင်ဖြစ်သူကလည်း သူများသတ်လို့ သေခဲ့တာဆိုတော့ အောင်ဝင်း၏ တောက်ခေါက်သံသည်ပင် ကြောက်ရွံ့ ဖွယ်ဖြစ်နေ၏။။ ထိုသို့ဖြစ်နေခြင်းကပင် အောင်ဝင်း၏ စိတ်ကို ပိုပြီး ထိုးနှက်သလို ဖြစ်သွားလေပြီတည်း။။ ပတ်ဝန်းကျင်၏ ကြောက်ရွံ့စိတ်ဖြင့် ဝိုင်းပယ်မှုမှာ အထီးကျန်မှုများကြောင့် အောင်ဝင်း အရက်သောက်တတ်လာသည်။။ သို့သော်လည်း မူးပြီးဆဲတတ်သော၊ ရမ်းကားသွေးဆိုးတတ်သော အကျင့်စရိုက်များတော့ မရှိခဲ့။။

အောင်ဝင်းသည် ပတ်ဝန်းကျင် သတ်မှတ်ချက်အရ လူမိုက်တစ်ယောက် ဖြစ်ခဲ့လေပြီ။။ သို့သော် သူသည် ကလေးများကို အလွန်ချစ်တတ်၏။။ ကလေးများကို ရိုက်နှက်၊ဆဲဆို ဆုံးမခြင်းကို နည်းနည်းလေးမှ မကြိုက်။။ အနိုင်ကျင့်၊ မောက်မာမှုများကို လည်းမကြိုက်။။ သူ့ရှေ့မှာ ရမ်းကား၊မိုက်ရိုင်းတာကိုလည်း မကြိုက်။။ သူမကြိုက်တာကို လုပ်လျှင် တားမြစ်တတ်၏။။ ထိုသို့ တားမြစ်တာကို မချေမငံ ပြန်ပြောသဖြင့် စကားများ ရန်ဖြစ်ပြီး လူသတ်မှု ထပ်ဖြစ်သည်။။ အောင်ဝင်း ထောင်နန်းထပ်စံ ရပြန်၏။။ သူ့ဘဝက အဖတ်ဆယ်၍ပင် မရတော့။။ လူမိုက်ကြီးဘဝသို့ စုံးစုံးမြုပ်ခဲ့ရလေပြီတည်း။။



$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$


ထိုသို့သော အကြောင်းများကြောင့်ပင် အောင်ဝင်းဆိုသော နာမည်သည် လူကြီးများအတွက် ရွံ့ကြောက်ဖွယ် ဖြစ်လာသလို၊ ကလေးများအတွက်လည်း ဒေဝေါနှင့် တစ်တန်းတည်း ကြောက်ရွံ့ရသူ ဖြစ်လာ၏။။ သူမကြိုက်တာကို လုပ်ပါက မကြာခဏ ထိုးကြိတ်၊ရိုက်နှက် တတ်သဖြင့် လူရိုက်မှုဖြင့် အောင်ဝင်းမကြာခဏ အချုပ်ထဲဝင်ရသည်။။ သို့သော်လည်း အောင်ဝင်းက အပြစ်ကို ရှောင်တိမ်းတတ်သူတော့ မဟုတ်ခဲ့။။ လူကြီးကို လူကြီးမှန်းသိစွာ လေးစားတတ်သူဖြစ်၏။။ လာဖမ်းလျှင် အသာတကြည် လိုက်သွားသည်။။ ပြစ်ဒဏ်ပြည့်လျှင် ပြန်လာသည်။။ သူ့ကန်စွန်းကန်များကို နွမ်းပါးသည့် အိမ်ထောင်များဆီ ခူးစွတ်ရောင်းချရန် ပေးထား၏။။ သူတို့က ခွဲပေးသော ပိုက်ဆံကိုသာ နည်းသည်၊ များသည် မပြောပဲ ယူထားတတ်သည်။။

လူမိုက်ကြီး အောင်ဝင်း၏ ထူးခြားချက်က သူ့ကို မသိလျှင် လူမိုက်ဆိုတာ ထင်ရက်စရာမရှိ။။ အမြဲသပ်သပ်ရပ်ရပ် ဖြီးသင် ထားသော ဆံပင်နှင့် လည်ကတုံးရှပ်ဖြူကို ရခိုင်ပုဆိုးများနှင့်သာ တွဲဝတ်တတ်သော အသားညိုညို လူချောတစ်ယောက်။။။ ရွာ၏ မူလတန်းကျောင်းလေးရှေ့မှာ အမြဲငေးကြည့် နေတတ်သော၊ ကလေးများအတွက် ချိုချဉ်သကြားလုံးများကို ကိုင်ထားပြီး ကလေးများကို ဝေပေးရန် ကြိုးစားသော်လည်း ဘယ်ကလေးမှ သူ့အနားမကပ်ရဲသဖြင့် မုန့်ရောင်းသည့် ဒေါ်ဖွားနှစ်မှတဆင့် အမြဲဝေပေးနေတတ်သော သူတစ်ယောက်။။ ရွာထဲမှာ လျောက်သွားရင်း ဗိုက်ဆာလာပါက တွေ့သည့်အိမ်မှာ တက်ပြီး ထမင်းတောင်းစားတတ်သော သူတစ်ယောက်။။ အိမ်ရှင်မရှိသည့် အိမ်ပေါ် တက်သွားပြီးလည်း ထမင်းခူးခတ် စားသောက်တတ်သော၊ တစ်ခါတစ်လေ ဆန်အစရှိသည် သူလိုသော အရာများကို လိုသလောက် ယူသွားပြီး သူယူသွားကြောင်း စာရေးချန်ထားတတ်ခဲ့တတ်သည့် သူတစ်ယောက်ဖြစ်၏။။ ပြီးတော့ သူများနှင့်မတူစွာ အစ်မကြီး၊ ညီမလေးဟု ခေါ်လေ့မရှိပဲ အစ်မလေး၊ ညီမကြီးဟု ထူးထူးခြားခြား ခေါ်ဆိုတတ်သူတစ်ယောက်။။ သူ၏ထူးခြားချက်တစ်ခုက လိုချင်မျက်စိဖြင့် သူများပစ္စည်းကို မတရားမယူတတ်ခြင်း။။ ထို့ကြောင့်လည်း တစ်ရွာလုံးက သူ့ကို ကြောက်လည်း ကြောက်ကြ၏။။ လေးလည်း လေးစားကြ၏။။ ဘယ်သူကမှတော့ သူကစကားမပြောပဲ စပြောရဲသူ မရှိခဲ့ကြ။။

အောင်ဝင်းသည် ကလေးဘဝကတည်းက မိဘနှင့်ပတ်ဝန်းကျင်၏ ဂရုစိုက်ခြင်းကို မခံယူခဲ့ရသူ။။ မလွှဲသာ မရှောင်သာသော အခြေအနေများမှာ ဒေါသကြောင့် လက်လွန်ကာ လူမိုက်တစ်ယောက် ဖြစ်ခဲ့ရသူ၊ သူ့စိတ်ထဲမှာ မတရားလုပ်လိုသော စိတ် စိုးစိမျှပင်မရှိလေသော လူမိုက်ကြီး တစ်ယောက်ဖြစ်တော့၏။။။။



&&&&&&&&&&&&&&&&&&&&&&



"ကဲ..ကဲ..အကုန်လုံး အဆင်သင့် ပြင်ဆင်ပြီးပြီလား။။ ပြီးပြီဆိုရင် ကိုကံညွန့် ခင်ဗျားက ဆရာတော်ကို သွားပင့်ခဲ့တော့ဗျာ။။ ဒီမှာရေစက်ချ တရားနာဖို့ အဆင်သင့် ဖြစ်နေပြီလို့။။"

အခုတော့ ရွာလယ်က မူလတန်းကျောင်းမှာ ကျောင်းဆောင်သစ်တစ်ဆောင် ခန့်ခန့်ထည်ထည် ထွက်ပေါ်လာခဲ့လေပြီ။။ ထိုကျောင်းဆောင်ကြီးကို ကြည့်ရင် ရွာလူကြီး ဦးသောင်းရွှေက အောင်ဝင်းအကြောင်းကို တွေးနေမိရာမှ၊ အတွေးစကို ဖြတ်ရင်း ဦးကံညွန့်ကို လောဆော်လိုက်ခြင်းဖြစ်သည်။။ ခဏနေတော့ ဆရာတော်နှင့် သံဃာ(၅)ပါး ကြွလာကြ၏။။ ဆရာတော်နှင့် သံဃာများ နေ့ဆွမ်းဘုဉ်းပေးကြပြီးနောက်၊ ကိုအောင်ဝင်းပိုင်ဆိုင်သည့် ကန်စွန်းကန်(၂)ကန်နှင့် မြေကွက်ကို ရောင်းချပြီး ရရှိငွေကို မတည်ကာ ကျောင်းအကျိုးတော်ဆောင် အဖွဲ့နှင့် ရပ်ရွာမှ ပါဝင်ပေါင်းထည့်ပြီး ဆောက်လုပ်လှူဒါန်းသည့် မူလတန်း ကျောင်းဆောင်သစ်ကြီး အတွက် ရေစက်ချ တရားနာယူကြပြီး ကိုအောင်ဝင်းနှင့် သူ၏မိဘနှစ်ပါးအတွက် အမျှအတန်းများ ပေးဝေလိုက်ကြသည်။။။

တရားဟောကြားပြီးနောက် ဆရာတော်က အသစ်စက်စက် ကျောင်းဆောင်ကို လိုက်လံကြည့်ရှုသည်။။ ကျောင်းဆောင်ရဲ့ ထိပ်စည်းမှာ အင်္ဂတေပြားဖြင့် ထင်းထင်းကြီး ရေးထိုးထားတာက "အောင်ဝင်းဆောင်" ဟူ၏။။။ ဆရာတော်က ပြုံးတော်မူ လိုက်သည်။။ ပြီးတော့မှ နောက်တွင် ပါလာသည့် ကျေးရွာလူကြီးများဘက် လှည့်ပြီး စိတ်မကောင်းသံဖြင့် ပြောလိုက်သည်။။

"ဒကာကြီး အောင်ဝင်း မဆုံးခင်တုန်းက ပြုံးသွားတယ်ဆိုတာ ဟုတ်သလား ဦးသောင်းရွှေ။။"

"မှန်ပါ။။ ကိုအောင်ဝင်း ပြုံးပြုံးလေး ဆုံးသွားတာပါ ဘုရား။။"

"အေးကွယ်...ကလေးဘဝကတည်းက သိပ်ကိုလိမ္မာရေးခြား ရှိရှာတာ။။ မိဘက အဆုံးအမ မတတ်၊ အနေအထိုင် မတတ်လေတော့ လမ်းလွဲသွားရှာတဲ့ သူငယ်ပေါ့။။ လောကီကိစ္စတွေ မပြောလိုပေမယ့် ဒကာကြီးတို့လည်း မှားခဲ့တယ်ကွယ်။။ ပတ်ဝန်းကျင်က သူ့ကိုပစ်ပယ်ထားကြတော့ ပိုဆိုးသွားရှာတာပါ။။ ဘုန်းကြီးဖြင့် ဒကာကြီးအောင်ဝင်းကို တယ်သနားလှပါတယ်ကွယ်။။ ကောင်းရာ၊မွန်ရာ ဘုံဘဝကို ရောက်ပါစေလို့ပဲ မေတ္တာပို့ အမျှအတန်း ဝေပေးကြရတော့မှာပေါ့။။"

ဆရာတော်၏ စကားအဆုံးမှာတော့ ကျေးရွာလူကြီးများ ခေါင်းများကို ငုံ့ထားလိုက်မိကြသည်။။ ဆရာတော်က သာသနာ့ဘောင် ကမို့မကြောက်ပေမယ့် သူတို့ကတော့ ကြောက်ကြရသည် မဟုတ်ပါလား။။ ဦးအောင်ရွှေက လက်အုပ်ချီလိုက်ရင်း

"တင်ပါ့ဘုရား။။ အခုဆိုရင်လည်း ကိုအောင်ဝင်းရဲ့ မသေခင် နောက်ဆုံးဆန္ဒအတိုင်း ဒီကျောင်းဆောင်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပြီးပါပြီဘုရား။။ သူလည်းတမလွန်ကနေ ဒီအလှူရဲ့ အဖို့ဘာဂကို အမျှရနိုင်ရှာမှာပါ။။"

"အေးပေါ့ကွယ်။။ အမျှရနိုင်ရှာမှာပါ။။ အင်းးး တို့ရွာမှာတော့ ဒီ"အောင်ဝင်းဆောင်"ဆိုတဲ့ ကျောင်းဆောင်က လူမိုက်ကြီးကောင်းမှု ဆိုပြီး အမြဲအမှတ်တရ ရှိနေဦးတော့မှာပေါ့။။"

ခဏနေတော့ ဆရာတော်နှင့် သံဃာတော်များ ကျောင်းသို့ ပြန်ကြွသွားကြလေတော့သည်။။ ဦးသောင်းရွှေကတော့ ကျောင်းဆောင်အသစ်ကြီးကို မော့ကြည့်ရင်း ဆရာတော်ပြောသွားခဲ့သည့် လူမိုက်ကြီး ကောင်းမှုဆိုတာကို အမှတ်ရပြီး ပြုံးလိုက်မိတော့သည်။။

"ကိုအောင်ဝင်းရေ.. ဘဝတစ်လျောက် ကံအကျိုးပေး မကောင်းခဲ့သမျှ ခင်ဗျားကတော့ မိုက်ပြရင်း လူမိုက်ဘွဲ့ကို ခံယူခဲ့တယ်။။ ဒါပေမယ့် အဲဒီလူမိုက်ကြီးက မသေခင်ကလေးမှာ ကလေးတစ်ယောက်ရဲ့ အသက်ကို သူ့အသက်နဲ့လဲပြီး ကယ်တင်ခဲ့တယ်။။ ကလေးတွေအတွက် ကျောင်းဆောင် အသစ်ကြီးတစ်ခုကို ဝင့်ဝင့်ထယ်ထယ် လှူဒါန်းနိုင်ခဲ့တယ်။။ လူတိုင်းက လေးစားသမှုနဲ့ ရွာလူကြီးခန့်ထားတဲ့ ကျုပ်ကတော့ ခင်ဗျားလောက်မှ လောကအကျိုးကို မသယ်ပိုးနိုင်သေး ပါလားဗျာ။။ ကိုအောင်ဝင်းရေ.. ခင်ဗျားရဲ့ လူမိုက်ကြီးကောင်းမှုကို ကျုပ်လူကြီးလူကောင်းက အားရပါးရ သာဓုခေါ်ပါရဲ့ဗျာ။။ ခင်ဗျား တခြားသော ဘုံဘဝမှာ ဒီဘဝကလို အဖြစ်မျိုးတွေ မကြုံပါစေနဲ့တော့လို့ ဆုတောင်းပေးနေမိပါရဲ့။။"

ခပ်တိုးတိုး ညည်းတွားရင်း ရွာလူကြီး ဦးသောင်းရွှေတစ်ယောက် မူလတန်း ကျောင်းဝန်းထဲမှ လေးလေးပင်ပင် ခြေလှမ်းများဖြင့် ခေါင်းကိုခါရမ်းရင်း ထွက်ခွာသွားလေတော့သည်။။နေ့လည်ပိုင်းမှာတော့ ရေစက်ချပွဲကို လာရောက်သူများ အားလုံးလည်း ပြန်သွားကြလေပြီ။။ လူမိုက်ကြီးကောင်းမှု "အောင်ဝင်းဆောင်" အမည်ဖြင့် ကျောင်းဆောင်သစ်ကြီးကတော့ ခန့်ခန့်ထည်ထည်ဖြင့် ကလေးငယ်များကို ပညာရင်နို့ တိုက်ကျွေးပေးနိုင်ရန် အကောင်းဆုံး ပံ့ပိုးပေးဖို့ အဆင်သင့် ဖြစ်နေခဲ့လေပြီတည်းးးး။။။။။။

********************************

လေးစားလျက်
အလင်းသစ်

18 comments:

  1. ဝတ္ထုတိုလေးတွေ ရေးတာ တကယ်အားပေးပါတယ်။
    ဖြစ်လေ့ရှိတဲ့ လူ့ဘောင်ထဲက အကြောင်းလေးကို ဖွဲ့နွဲ့ထားလို့ ဖတ်ရတာ စိမ်းမနေဘူး။

    ဖတ်ခါစက ပြောသူ မတူဘဲနဲ့ ညီမကြီးလို့ ခေါ်ပုံ တူနေတော့ ကားတိုက်ခံရသူက ကိုအောင်ဝင်း မဟုတ်ဘူးလို့ အထင်မှားသွားမိသေးတယ်။

    ReplyDelete
  2. စာလာဖတ်သွားပါတယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  3. ဒီလိုပါဘဲ လူမိုက်တိုင်း မိုက်ချင်လို့ မိုက်နေကြတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းသွားကြတဲ့ သူတွေလဲ အများသားလား...။ ရပ်ကွက်ထဲက လူမိုက်လို့ သတ်မှတ်ထားတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ ဒါပေမယ့် သူ့ ကြောင့်တော့ ဘယ်တော့မှ ရန်မဖြစ်ဘူး။ ဒါပေမယ့် သူငယ်ချင်းတွေ အတွက်တော့ လက်မနှေးတတ်ဘူး။ ဒီလိုနဲ့ လူမိုက်နာမည် ရလာရောလေ...

    ReplyDelete
  4. အတွေးသစ်လေးနဲ့ ရသစာလေးက မိုက်တယ်..
    တစ်ကယ်လောကရဲ့ ဖြစ်ပျက်တက်တဲ့ အမှန်တရားတွေအခြေခံထားတော့
    ဖတ်ရတာ ဘဝနဲ့နီးစပ်တယ်လို့ ပြောရမယ် ...နော်။
    အစဉ်အမြဲ အားပေးလျှက်ပါလို့ ...
    Cheer my dear :):)

    ReplyDelete
  5. အဲဒီလို အဖြစ်အပျက်လေးတွေ အပြင်မှာ တကယ်ကို ရှိဖူးတယ်။
    ဒါပေမဲ့ လူမိုက်ဆိုသူတွေမှာ ပြင်ဆင်ခွင့် မရှိသလိုပဲ။

    ReplyDelete
  6. ကိုကိုမောင်(ပန်းရနံ့)September 1, 2011 at 11:15 PM

ိလူမိုက်တွေလဲ တစ်ခါလောက်တော့ လိမ်မာတတ်ကြပါတယ်။ အဲဒီလို တစ်ခါလောက် လိမ်မာပြီး အားလုံး ကောင်းစားသွားဖို့ လုပ်သွားတယ်ဆိုရင် သာဓုခေါ်ရမှာပေါ့ဗျာ။

    ခင်မင်လျှက်

    ReplyDelete
  7. ဇာတ်လမ်းလေးကကြေကွဲစရာလေးပါဗျာ...လူမိုက်ကြီးလို့သတ်မှတ်ထားပေမယ့် သူ့ရဲ့စိတ်နေစိတ်ထားနဲ့လုပ်ရပ်လေးကိုလေးစားမိသွားတယ်ဗျာ။ခုလိုလက်ရှိလောကမှာ ဖြစ်ပျက်နေတဲ့အကျိုးအကြောင်းတရားတွေကိုဆက်လက်ပြီးတင်ပြပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်အစ်ကို။

    ReplyDelete
  8. ဝထ္ထုကောင်းလေးပါ...

    ReplyDelete
  9. ခလေးငယ်လေးတွေ လိမ္မာရေးခြားရှိဘို့ မိဘအပေါ်မှာအများကြီးမူတည်တယ် ဆိုတာလေးကို ဝထ္တုရဲ့ အနှစ်ချုပ်အဖြစ် နားလည်ဖတ်ရှုသွားပါတယ်...

    ReplyDelete
  10. ၀တ္တုလေးထဲကိုမျောသွားတယ်
    အာရုံမှာမြင်ယောင်ရင်းဖတ်မိတယ်
    မိဘတွေအရဲ့အရိပ်ဟာ ကလေးတွေအပေါ်မှာ
    တကယ်ကိုလွှမ်းမိုးပါတယ်..

    ငါ့မောင်ကတော်တယ်တော့း)

    အမ
    မဒိုးကန် (ဒီတစ်ခါငါသေသေချာချာဖီးနဲ့ဖတ်ပြီးမန့်သွားတာနော် ကဖျက်ယဖျက်မလုပ်ဘူး ဟဲဟဲ )

    ReplyDelete
  11. ဒီလိုမျိုး စာတွေရေးတတ်အောင် ဘယ်လိုအတွေးမျိုးတွေ..တွေးကြည့်တာ
    လဲ..ထူးထူးဆန်းဆန်း လူ့ သဘောတွေ..

    ReplyDelete
  12. "နှလုံးလှလူမိုက်"ဆိုတဲ့ရုပ်ရှင်ကားကို မြင်ယောင်နေမိပါရဲ့။ (ပြုံးပြီးသေတယ်ဆိုလို့ ပြုံးပြီး သေသွားတဲ့လူတွေဆိုပြီး အဆက်ပိုစ်ကြီးက တန်းလန်းကြီး၊ မတင်ရသေးဘူး။ ဘုန်းဘုန်းလည်း အောင်ဝင်းလိုပဲ ကလေးအရမ်းချစ်တတ်တာ။ ကျန်းမာပျော်ရွှင်ပါစေ...

    ReplyDelete
  13. ဘယ်ကောင်မိုက်လဲကွ...ဟေ..
    သတ္တိရှိရင်ထွက်ခဲ့....
    ကျန်တဲ့လူနဲ့ချမယ်..းP
    ခင်မင်စွာဖြင့်
    မိစံ (ပရိတ်သတ်အသစ်ပါ။)

    ReplyDelete
  14. ညီမကြီးလို့ ခေါ်ပုံက ထူးဆန်းနေတာ ဖတ်ရင်းဖတ်ရင်း .. ရေးတတ်လိုက်တာလို့တွေးမိတယ်။
    Brovo

    ReplyDelete
  15. ဝတ္ထုလေးက ဆွဲဆောင်အားကောင်းတယ်။ လူတို့တည်ရာ လောကကြီးထဲမှာ အလားတူဖြစ်ရပ်မျိုးတွေ ဒုနဲ့ဒေးပါ အလင်းသစ်ရေ။ စိန်ကဲကျောက်ကဲပတ္တမြားကဲ ခတ်ရလွယ်ပေမယ့် လူ့ကဲခတ်ရခက်ဆိုသလိုပေါ့နော်။ စိတ်ရင်းကောင်းတဲ့ လူကောင်းတစ်ယောက်ဘဝ နှမျောစရာ သနားစရာပဲ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. လူမိုက်ကြီးကောင်းမူ့  ဆိုလို ဘယ်သူပါလိမ့်လို့ ။
    အင်း မမိုက်ခြင်ဘဲ မိုက်ရတဲ့သူနဲ့  မိုက်ခြင်လို့ ကိုး မိုက်တဲ့သူ ကတော့ ဘယ်တူပါ့မလဲလေ။

    ReplyDelete
  17. စာလာဖတ်သွားပါတယ်နော်
    အရမ်းကောင်းတဲ့ဝတ္ထုတိုလေးကို နောက်တစ်ကြိမ်အားပေးသွားပါတယ်

    ReplyDelete
  18. အိုးး ကောင်းလိုက်တာဗျာ..
    တစ်ကယ်ဖြစ်ခဲ့တယ်ပဲပြောပြော..
    ဇာတ်လမ်းစင်တယ်ပဲဆိုဆို..
    အရေးအသား ကတော့ ..ရင်ထဲမှာ ညှီတွယ်သွား
    တယ်ဗျို့..
    လေးစားခင်မင်လျှက်

    (ဒုတိယ)

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။