ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, October 9, 2011

ခေတ်၏နောက်ကွယ်


ဒိုးဒိုးဒန့်ဒန့် ရောင်စုံစလိုက်မီးများ အောက်မှာ မြူးထူးပျော်ပါး နေကြသော လူတွေကို ငေးကြည့်ရင်း စိတ်တွေကျဉ်းကျပ်လွန်း နေပေမယ့် အောင်စိုးတစ်ယောက် သည်းခံပြီး နေနေရ၏။။ ကေသီ့ကို လှမ်းကြည့်လိုက်တော့ ရယ်မောပျော်ရွှင်ပြီး စကားတွေ ဖောင်ဖွဲ့အောင် ပြောဆိုနေတာ တွေ့လိုက်ရသည်။။ မဟုတ်သေးပါဘူးဟု မျက်မှောင်ကြုတ်လိုက်ရင်း ကေသီ့ကို စေ့စေ့စပ်စပ် ကြည့်လိုက်တော့ သူမလက်ထဲမှာ ပယင်းရောင်ရင့်ရင့် အရည်တစ်ချို့ပါတဲ့ ကလပ်ခွက်တစ်ခွက်။။ ကေသီ အရက်တွေ သောက်နေတာပါလား။။ ပုံမှန်ဆို စကားနည်းသလောက် အရှက်ကြီးလှသော သူငယ်ချင်း ဖြစ်သူကို မချင့်မရဲ လှမ်းကြည့် လိုက်ရင်း အောင်စိုး စိတ်တွေက တစ်ခုခုကို အလိုမကျ ဖြစ်နေသည်။။

ယခုပွဲက ကေသီ့သူငယ်ချင်း အေးမြတ်နွယ်ရဲ့ မွေးနေ့ညစာစားပွဲ။။ ပြီးတော့ အေးမြတ်နွယ် ဆိုတာက ကေသီ့ချစ်သူ ချမ်းငြိမ်းရဲ့ တစ်ဝမ်းကွဲ ညီမတစ်ယောက်။။ မလိုက်ချင်ပါဘူး ပြောနေသည့်ကြားက ကေသီက အတင်းခေါ်သဖြင့် သူလိုက်လာ ခဲ့ခြင်းဖြစ်သည်။။ မိန်းကလေးတွေနှင့် တွေ့လျှင် လိုသည်ထက် မျက်နှာချိုတတ် အပြောချိုတတ်သော ချမ်းငြိမ်းကို သူလုံးဝကို ကြည့်မရ။။ ထို့အတူ မိန်းကလေးတန်မဲ့ ရဲတင်းသွက်လက် လွန်းသော အေးမြတ်နွယ်ကိုလည်း လျှပ်ပေါ်လော်လီ လွန်းသည်ဟု ထင်မိသည်။။ ထို့ကြောင့် ထိုမောင်နှမနှင့် တစ်ရပ်ကွက်တည်း နေပေမယ့် အောင်စိုး ဘယ်တုန်းကမှ ပက်ပက်သက်သက် နေခဲ့ခြင်း မရှိ။။။

ခုတော့ မပက်သက်၍ မရတော့ပြီ။။ လက်မှ နာရီကို ကြည့်လိုက်ပြီး ပြန်ဖို့လည်း    သင့်တော်ပြီမို့ ကေသီတို့ဝိုင်းဆီ လှမ်းထွက်လာခဲ့လိုက်၏။။

"ကေသီ ကိုးနာရီတောင် ကျော်နေပြီ။။ ပြန်ကြရအောင်။။"

ကေသီ့ဆီပဲ ဦးတည် စကားပြောလိုက်ပေမယ့် တစ်ဝိုင်းလုံးရဲ့ မျက်လုံးတွေက သူ့ဆီရောက်လာသည်။။ ချမ်းငြိမ်းက

"အေး..ညီလေး အောင်စိုး မင်းပဲ ပြန်နှင့်လိုက်တော့ကွာနော။။ ကေသီ့ကို ကိုယ်တို့ လိုက်ပို့ပေးလိုက်မယ်။။ ခဏနေရင် ကာရာအိုကေ ဆိုကြဖို့ စီစဉ်ထားလို့။။"

"ကျွန်တော် ကေသီ့ကို ပြောနေတယ် ကိုချမ်းငြိမ်း။။ ခင်ဗျား ဝင်မပါပါနဲ့။။ ကဲ ကေသီ ပြန်မယ်လို့ ပြောနေတယ်လေဟာ။။"

ချမ်းငြိမ်းရဲ့ စကားကို ဂရုမထားပဲ မျက်မှောင်ကို တင်းတင်းကြုတ်ရင်း အောင်စိုး ခပ်တင်းတင်း ပြောလိုက်သည်။။ ချမ်းငြိမ်းက ပုခုံးကို တွန့်လိုက်ရင်း ကေသီရေ ကေသီ့အချစ်ဆုံး သူငယ်ချင်းကြီးကို ကေသီပဲ ပြောလိုက်ပါတော့ဗျာ။။ ကိုချမ်းတော့ ဘာမှမပြောလိုတော့ပါဘူး ဟုခပ်အီအီအသံနှင့် လှည့်ပြော၏။။ အရက်ရှိန်နှင့် နီစပ်စပ်ဖြစ်နေသော ကေသီ့မျက်နှာက ယခုလက်ရှိ အနေအထားမှာ ရှိနေဟန်မတူ။။ ယိုင်တိုင်တိုင် ထရပ်လိုက်ရင်း

"အောင်စိုး နင်အရင်ပြန်နှင့် လိုက်တော့နော်။။ ငါ့ကို ကိုချမ်းတို့ လိုက်ပို့ပေးမယ်တဲ့။။ သိပ်မကြာပါဘူး။။ သီချင်းလေး လေး၊ငါးပုဒ်လောက် ဆိုပြီးရင် ပြန်လာမှာပဲလေနော်။။ နင်ပြန်နှင့်လိုက်တော့နော်။။"

ယမကာရစ်မူးနေသည့် ကေသီ့အသံက ပုံမှန်အခြေအနေမှာမရှိမှန်း သိနေပေမယ့် အောင်စိုး မည်သို့မျှ မတတ်နိုင်တော့။။။ သူက ဒီပွဲရဲ့ဧည့်သည် မဟုတ်။။။ ခေါ်လာခဲ့သူက ပြန်နှင့်ရန်ပြောလာပြီမို့ ခေါင်းကို ခတ်ဆတ်ဆတ် ငြိမ့်လိုက်ပြီး ကေသီ့ကို နာကျည်း ဒေါသထွက်စွာ ကြည့်လိုက်ရင်း

"ကောင်းပြီလေ.. ဒီလိုသရုပ်ပျက် ယဉ်ကျေးမှုထဲ ငါမလာချင်မှန်းသိရက် နင်ခေါ်ခဲ့တာ။။ ခေတ်နဲ့အညီ အတိုဝတ်တယ်၊ အကပ်ဝတ်တယ် ငါမပြောလိုဘူး။။ ညနေခင်းပွဲတွေ တက်တယ် ငါမပြောလိုဘူး။။ အေး.. အရက်သောက်တာကိုတော့ ငါပြောတယ်။။ ကေသီ နင်မရှက်ဘူးလား။။ နင်မြန်မာမ မဟုတ်ဘူးလား။။ အခု အရက်သောက်ထားတဲ့ နင့်ပုံစံက ဘာနဲ့တူနေပြီလဲ နင်သိလား။။ အရက်မူးနေတဲ့ နင့်ခေါင်းထဲမှာ ဘာဆင်ခြင်တုံတရား ရှိနေလဲ နင်ဆန်းစစ်ကြည့်ရဲ့လား။။"

"အောင်မယ်လေးဟယ်.. ဒီဘက်ခေတ်မှာ ဒါတွေက မထူးခြားတော့ ပါဘူးဟဲ့။။ ယောင်္ကျားနဲ့မိန်းမကြား ကွာခြားမှုတွေ နည်းနေတဲ့ ခေတ်မှာ နင်အဲလောက်ထိ ပြောဖို့မလိုပါဘူး။။ ငါတို့လဲ သောက်နေကြတာပဲကို။။"

အောင်စိုးရဲ့ စကားကို နာကျင်ခံခက်စွာ ခွန်းတုံ့ပြန်လာသည့် အေးမြတ်နွယ်ကြောင့်  ဒေါသတွေက သူမဘက်သို့ ဦးတည်သွားရပြန်သည်။။။

"နင့်ပါးစပ်ကို ပိတ်ထား အေးမြတ်နွယ်။။ ငါပြောနေတဲ့ စကားတွေက နင့်လို မျိုးမစစ်ယဉ်ကျေးမှုနဲ့မှ ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေပြီး ဂျိုးလိုလို၊ ဇရက်လိုလို ကိုယ့်အနွယ်၊ ကိုယ့်ဇာတ်ကိုမသိတဲ့ မိန်းမတွေအတွက် မသက်ရောက်ဘူး။။ ရှင်းလား။။ ငါအခု ကေသီ့ကို ပြောနေတယ်။။"

"ဟာ.. ညီလေး အောင်စိုး မင်းစကားတွေက တစိတ်တော့ လွန်နေပြီလားလို့။။"

"ခင်ဗျား ပါးစပ်ပါပိတ်။။"

ခပ်တင်းတင်းပြောလိုက်တဲ့ အောင်စိုးရဲ့ စကားကြောင့် ချမ်းငြိမ်းပါးစပ် ပိတ်သွားသည်။။ ဒီရပ်ကွက်မှာ အောင်စိုးက လက်မြန်၊ ခြေမြန်နှင့် စိတ်မထင်လျှင် ရန်ဖြစ်ဖို့ ဝန်မလေးတဲ့သူလေ။။

"ယောင်္ကျားကြီးဖြစ်ပြီး အရှက်မရှိ ချွဲနွဲ့၊အီပြနေတဲ့ ခင်ဗျားနဲ့လည်း ကျွန်တော် စကားပြောဖို့မရှိဘူး။။ ပါးစပ်ပါတိုင်း စကားကို ပြောချင်သလို ပြောလို့ဖြစ်တာ မဟုတ်ဘူးဗျ။။ ယောင်္ကျားက ယောင်္ကျားလိုပဲ ပြောရတယ်။။ ခင်ဗျားလို လူဆီမှာ ကိုယ့်ကိုကိုယ် ယောင်္ကျားပါလို့ ကြေညာရဲတဲ့ စိတ်ဓာတ်မရှိဘူးဆိုတာ မြင်တာနဲ့သိတယ်။။
ကဲ..ကေသီ။။ ခေါ်လာတာလည်း နင်ပဲ၊ ပြန်နှင့်လို့ ပြောတာလည်း နင်ပဲဆိုတော့ ငါပြန်မယ်။။ အရက်မူးပြီး ဆင်ခြင်တုံတရား မဲ့နေတဲ့နင့်ကို မိန်းမလျာလို သနပ်ခါးလိမ်း၊ ထမီဝတ်ပြီး ပြောတဲ့စကားမျိုးတွေနဲ့ ကျော့ကွင်းထောင်ဖမ်းမယ့် ဒီကောင့်လက်ကနေ နင်ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့မယ်။။ နောက်နင်ဘာ အကူညီလိုလို၊ ငါ့ကို လာမခေါ်ပါနဲ့။။ ဒီပုတ်ထဲကို ဝင်သွားမှတော့ နင်လည်း ဒီပဲအမျိုးအစားပဲ ဖြစ်လာမှာပဲ။။ ကေသီ.. နင့်ကိုရော ဒီလူတွေ အကုန်လုံးကိုရော ငါတစ်ခုပြောခဲ့မယ် ဒီလိုနေရာနဲ့ ဒီလိုလူတွေကို ငါက အရမ်းရွံတယ်လို့။။ ကဲ..ငါသွားမယ် မကျေနပ်တဲ့ကောင်ရှိရင် လိုက်ခဲ့။။"

ပြောပြီး လှည့်ထွက်လာခဲ့လိုက်သည်။။ နောက်ဆီမှာ စီစီညံညံနှင့် ဝိုင်းဆွဲသလို အသံတွေ ကြားရပေမယ့် တကယ်တမ်း လိုက်လာရဲတဲ့သူ တစ်ယောက်မှ မပါဘူးဆိုတာ သိနေသည်မို့ အောင်စိုး အေးအေးဆေးဆေးပဲ လျောက်ထွက်သွားလိုက်တော့သည်။။

##################################

"ငါထင်တယ်..တစ်နေ့ ကေသီတစ်ခုခု ဖြစ်လိမ့်မယ်ဆိုတာ ငါသိနေတာ။။ ဒါပေမယ့် ဒီလောက်ကြီးထိ မြန်မြန် ဆန်ဆန် ဖြစ်သွားမယ် လို့တော့ မထင်ခဲ့မိဘူးကွာ။။ သတင်းကြားကြားချင်း တုန်းကဆို ငါမယုံတောင် မယုံနိုင်ခဲ့ဘူး။။"

မကေသီနွယ် ၊ အသက်(၂၁)နှစ် ဟုရေးထိုးထားသည့် အုတ်ဂူအသစ်တစ်လုံး ရှေ့မှာ လက်သီးကို ကျစ်အောင်ဆုပ်ရင်း အံကြိတ်သံဖြင့် အောင်စိုး ပြောလိုက်မိသည်။။ အဖေ့အလုပ်တွေအတွက် အကူလိုနေသဖြင့် တောင်ကြီးမှာ ၆ လခန့် သူရောက်နေတာမို့ ကေသီ့အကြောင်းတွေ သိပ်ပြီးသေသေချာချာ မသိခဲ့။။ ကေသီဆုံးပြီ ဆိုသောသတင်းကို အဖေဆီမှ တဆင့် ကြားလိုက်ရချိန်မှာတော့ အတော်လေး တုန်လှုပ်သွားမိသည်။။ အဖေ့ကို ခွင့်တောင်းပြီး သူချက်ချင်း ပြန်လာခဲ့ လိုက်၏။။ ပြန်ရောက်ပြီး အကြောင်းစုံ သိရချိန်မှာတော့ စိတ်ထဲ ဖြေမဆည်နိုင် ဖြစ်ခဲ့ရတော့သည်။။ ငယ်ငယ်ရွယ်ရွယ်နှင့် ကေသီ့ဘဝ နိဂုံးချုပ်တာက သူ့ဘာသာသူ အဆုံးသတ်လိုက်ခြင်းတဲ့။။

"ကေသီ အရမ်းမိုက်တယ်ကွာ။။ သူအရမ်းကို မှားခဲ့တာ။။"

ဖြေမဆည်နိုင်သလို ရေရွတ်နေတဲ့ အောင်စိုး၏ ပုခုံးကို ထွန်းနိုင်က အသာဖျစ်ညှစ်လိုက်ရင်း

"ကေသီဆိုတာ ငါတို့ သူငယ်ချင်း တစ်ယောက်ပဲလေ။။ ငါတို့လည်း သူ့အတွက် ယူကျုံးမရဖြစ်ရပါတယ်။။ ဝမ်းလည်း နည်းကြတာပဲ အောင်စိုး။။ ဒါပေမယ့် အခု ငါမကျေနပ်နိုင်တာက ကေသီ့သေဆုံးမှုမှာ တကယ်အပြစ် ရှိတဲ့သူက ဘာမှမဆိုင်သလို လွတ်နေတာ။။ အဲဒါကို ငါကမကျေနပ်နိုင်တာကွာ။။"

ထွန်းနိုင်ကို အသာငဲ့ကြည့်ရင်း အောင်စိုး မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။။ ငါတို့ရှင်းမှာပေါ့ ထွန်းနိုင်ရာ။။ ငါတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းကြရမှာပေါ့။။ အဲလိုလူကို ငါတို့က မသိချင်ယောင် ဆောင်နေရင် ဒီကောင်ကမ်းပို တက်လာမှာပေါ့။။ ငါတို့နည်း ငါတို့ဟန်နဲ့ ငါရှင်းမယ်ဟုဖြေးဖြေးချင်း ပြောလိုက်သည်။။


##################################


"ခွပ်၊ ခွပ်၊ ခွပ်"

ဘာမပြော၊ ညာမပြောနှင့် ပြေးထိုးလိုက်သည့် အောင်စိုး၏ လက်သီးချက်များကို ချမ်းငြိမ်း မရှောင်နိုင်ခဲ့။။ ငုံ့ရှောင်တာကို ဒူးဖြင့် ပင့်တိုက်ခံလိုက်ရသဖြင့် လဲကျသွားသည်။။

"ဟေ့ကောင်.. အောင်စိုး ဘာဖြစ်တာတုန်း။။ ဒီကောင် မင်းကို ဘာလုပ်လို့တုန်း။။"

အသံနှင့်အတူ ထွန်းနိုင်၊ ဝေလင်းနှင့် အေးကိုတို့ ပြေးဝင်လာကြ၏။။ အောင်စိုးက လက်ကာပြလိုက်ရင်း အသာနေရန် အချက်ပြလိုက်သည်။။

"ဟေ့ကောင် ချမ်းငြိမ်း မင်းငြင်းလေ။။ အခုငြင်းလေကွာ။။ ကေသီသေတာ မင်းကြောင့် မဟုတ်ပါဘူးလို့ ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး ငြင်းစမ်းဟေ့ကောင်။။"

"အကို့ကြောင့် မဟုတ်ပါဘူး ညီလေးရာ။။ သူ့ဘာသာသူ အဆိပ်သောက်ပြီး သေသွားတာပါ။။ အကိုနဲ့ မဆိုင်ပါဘူး။။"

နှုတ်ခမ်းဆီမှ စီးကျလာသော သွေးတို့ကို သုတ်ရင်း ချမ်းငြိမ်း တုန်တုန်လှုပ်လှုပ်ဖြင့် ဖြေသည်။။ အိမ်လည် ဝါသနာပါသော သူ့ဝသီအတိုင်း တစ်ဖက်ရပ်ကွက်မှ အလည်ပြန်လာချိန် အောင်စိုးတို့နှင့် တွေ့ခြင်းဖြစ်၏။။ အချိန်ကလည်း ည ၇ နာရီ ကျော်လောက်မို့ လူသွားလူလာလည်း နည်းနေသည်။။ ကူညီမည့်သူလည်း မတွေ့တာမို့ ချမ်းငြိမ်းအကြည့်တွေက အသနားခံသည့် အကြည့်များ။။

"မင်းယုတ်မာခဲ့လို့၊ မင်းလူမဆန်ခဲ့လို့၊ မင်းခွေးကျင့်ခွေးကြံ ကြံခဲ့လို့ ၊ မင်းနှမချင်း မစာနာခဲ့လို့ ကေသီသေခဲ့ရတာလေ။။ အဲဒါမင်းကြောင့် မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ။။ ဟေ့ကောင် မင်းပြောလေ။။"

အောင်စိုး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဒေါသတို့က ရင်ထဲလိမ့်တက်လာလေပြီ။။။

"မဟုတ်ပါဘူး ညီလေးရယ်။။ သူကအရင်က ကေသီမဟုတ်ခဲ့ဘူး ညီလေးရ။။ ယောင်္ကျားလေးတွေ အများကြီးနဲ့ ရောရောဝင်ဝင် နေတယ်။။ ဒီဘက်ခေတ်မှာက အရင်တုန်းကလို စည်းတွေ တင်းကျပ်နေတဲ့ လူ့ဘောင်မျိုး မဟုတ်တော့တဲ့အတွက် ဘာကိုလုပ်လုပ် သတိထားပြီး လုပ်ရတယ်လေ။။ ကေသီက အဲလို သတိထားသင့် တာတွေကို သတိမထားခဲ့ဘူး။။ ပြီးတော့ ကိုယ့်ကိုကိုယ် ပြဿနာ ဖြစ်မလာအောင် ဘယ်လို ကာကွယ်ရမလဲ သူမသိခဲ့ဘူးလေ။။ မဖုံးနိုင် မဖိနိုင်တော့မှ အကို့ကို လာပြီးလက်ထပ် ယူခိုင်းတယ်။။ အကို့ ဘက်ကနေလဲ ညီလေးတို့ စဉ်းစားကြည့်ပါဦးကွာ။။"

အများနှင့်တစ်ယောက်မို့ ချမ်းငြိမ်းကတော့ အသည်းအသန်ကို တောင်းပန်စကားဆိုနေ၏။။။

"ဟေ့ကောင် ချမ်းငြိမ်း မင်းယောင်္ကျားစကား ပြောကွ။။ ကေသီ့ကို အဲလိုပုံစံဖြစ်အောင် ဝိုင်းပြီး ပုံသွင်းခဲ့တာလဲ မင်းနဲ့ မင်းညီမပဲလေ။။ ကေသီက ရောရောဝင်ဝင် နေတယ် ဆိုတဲ့ ကောင်တွေအကုန်လုံးကလည်း မင်းအပေါင်းအသင်းတွေပဲလေ။။ ကေသီက မင်းကို ချစ်လို့ မင်းပတ်ဝန်းကျင်နဲ့ သင့်တင့်အောင် ပေါင်းတာကို မင်းက နွားစကားပြောရလားကွ။။"

နောက်မှ ထွန်းနိုင်က ဒေါသကို မထိန်းနိုင်စွာ ဝင်ပြောရင်း ချမ်းငြိမ်းကို အတင်းဝင်ထိုးပြန်သည်။။ မိန်းကလေးတွေကိုသာ ကျအောင် အမျိုးမျိုး ချွဲနွဲ့ပြောတတ်ပြီး လက်ကျောမတင်းသည့် ချမ်းငြိမ်းတစ်ယောက် ထိုးလာသည့် ထိုးချက်များကိုပင် ကာကွယ်နိုင်စွမ်းမရှိခဲ့ပဲ လဲကျသွားပြန်၏။။

"ဟေ့ကောင် ပြန်ထ။။ ပြန်ထ။။ မင်းနွားကျတုန်းက ဒီရုပ်မဟုတ်ဘူး။။ သူများသားသမီးကို မင်းမယူနိုင်ရင် ဘာလို့..။။ ဟာကွာ.. မင်းကွာ။။ အခုမင်းကြောင့် ကေသီသေပြီ။။ သူ့မိဘဆွေမျိုးတွေလည်း မျက်နှာမဖော်ရဲ တော့ဘူး။။ သူ့အမေ ဒေါ်လေးဝေနွယ် အိပ်ယာထဲ လဲနေပြီ။။ သူ့အဖေ ဦးဘမြင့် အိမ်ထဲက အိမ်ပြင်တောင် မထွက်တော့ဘူး။။ တစ်ယောက်တည်းသော သမီးက ဒီလိုအဖြစ်နဲ့ ကြုံရတာ သူတို့ဘယ်လောက် ရင်နာမလဲ မင်းမတွေးဘူးမလား။။ မင်းက ခွေးလောက်တောင် အသိဥာဏ် မရှိတဲ့ကောင်၊ အခုကြည့်စမ်း ဘာမှမဖြစ်သလို အိမ်တောင်လည် နေလိုက်သေးတယ်။။မင်း လူမှဟုတ်ရဲ့လား ဟေ့ကောင် ပြောစမ်း။။"

"အကိုတောင်းပန်ပါတယ် ညီလေးရယ်။။ အကို သူ့ကို အမျိုးမျိုး ဖျောင်းဖျခဲ့ပါတယ်။။ သူဒီလို လုပ်မယ်လို့လည်း အကိုမထင်ခဲ့လို့ပါ။။ ဖြစ်သွားတော့မှ အကိုလည်း အရမ်းကို တုန်လှုပ် ဝမ်းနည်းခဲ့ရတာပါ။။ အကို ဒီလိုဖြစ်မယ်လို့ မထင်ခဲ့မိလို့ပါကွာ။။"

"ဘာပြောတယ်ကွ။။ မထင်ဦးကွာ။။ မင်းခေါင်းက ဒီလောက်တောင် မတွေးနိုင်မှတော့ ဘာလုပ်ဖို့ အသက်ရှင်နေသေးလဲ။။ မင်းကမှ တကယ်သေသင့်တဲ့ ကောင်ကွ။။"

ပြောရင်း အတင်းဝင်ထိုးတဲ့ အောင်စိုးရဲ့ လက်သီးများကို ရှောင်ဖို့ကြိုးစားနေသော ချမ်းငြိမ်းကို ထွန်းနိုင်က နောက်မှဝင်ချုပ်လိုက်သည်။။ ပြီးတော့မှ မကျေနပ်ချက်များကို စိတ်ရှိ၊လက်ရှိ ဖြေလျော့သည့် အနေဖြင့် သူတို့သူငယ်ချင်းများ ချမ်းငြိမ်းကို ဖွဲအိတ်ကြီးလို ဝိုင်းထိုးပစ်လိုက်ကြ၏။။

"ဟေ့ကောင်တွေ..ဘာဖြစ်နေတာတုန်း။။ ရပ်စမ်း.. ရပ်စမ်း။။"

လှမ်းအော်လိုက်သော အသံက ရပ်ကွက်လူကြီး ဦးကောင်းမြင့်၏ အသံဆိုတာ သိလိုက်သည်။။ လှမ်းဆွဲလာသော လက်များထဲမှ အတင်းရုန်းကန်ရင်း ချမ်းငြိမ်းကို အငြှိုးတကြီး ကန်ကျောက် ထိုးကြိတ်နေမိကြတော့၏။။



#################################


"ဒေါ်လေးတို့လည်း သမီးဆီက သိသိချင်း သူတို့မိဘတွေဆီ သွားတောင်းပန်ပါသေးတယ် သားရယ်။။ သူတို့သားက ငြင်းနေတာမို့ ဘာမှမတတ်နိုင်ပါဘူးတဲ့။။ ဒေါ်လေးတို့ ဘာဆက်ပြောရမတုန်းကွယ်။။ ဒါမျိုးဆိုတာက တရားဥပဒေ ကြောင်းအရ ဖြေရှင်းလို့ ရမယ်ဆိုရင်တောင် ဘယ်မျက်နှာနဲ့ ဒေါ်လေးတို့က ဖြေရှင်းရဲမလဲလေ။။ ဒါကြောင့် သမီးလေးကိုပဲ ဖြေသာအောင် နှစ်သိမ့်နေမိတာ။။ ဒီလိုလုပ်သွားမယ်လည်း မထင်မိပါဘူးသားရယ်။။ သမီးလေး အရမ်းမှားတယ်။။"

ပြောရင်း ငိုချလိုက်တဲ့ ဒေါ်လေးဝေနွယ်ကို ကြည့်ရင်း အောင်စိုး သက်ပြင်းကိုသာ ချလိုက်တော့၏။။ သူ့ဆီမှာလည်း နှစ်သိမ့်ရန် စကားတို့က ရှားပါးလွန်းနေတာလေ။။ မနေ့ညက ချမ်းငြိမ်းကို ဝိုင်းထိုးကြလို့ ရပ်ကွက်ရုံးမှာ မိဘတွေ ခေါ်တွေ့ပြီး နောက်မဖြစ်ရန် ဝန်ခံကတိ ထိုးခဲ့ကြရသည်။။ စိတ်ထဲမှာတော့ မကျေနပ်နိုင်သေး။။ ကေသီ့အတွက် ချမ်းငြိမ်း ဒိထက်မက ပေးဆပ်ရန် လိုသေးသည်ဟု ထင်နေမိသည်။။

ကေသီတို့ အိမ်ရှေ့မှ သရက်ပင်ကြီးကို လှမ်းကြည့်လိုက်မိတော့ ဟိုတုန်းက အကြောင်းတွေကို သတိရမိပြန်သည်။။ ငယ်စဉ်တုန်းကတော့ ကလေးတို့ဘာသာဘာဝ၊ အပူအပင်လည်း ကင်းခဲ့သည်။။ ပြိုင်ဆိုင်မှု၊ မနာလိုမှု ဆိုတာတွေလည်း ကင်းခဲ့ကြ၏။။ အထက်တန်း ကျောင်းသားဘဝ ရောက်တဲ့အထိ ကေသီဆိုတာ အောင်စိုးစကားကို မြေဝယ်မကျ နားထောင်တတ်သည့် ပီဘိအဖြူထည် ကလေးငယ် တစ်ယောက်လို။။

နောက်ကျတော့လည်း ချမ်းငြိမ်းနှင့် ချစ်သူတွေ ဖြစ်ခဲ့ကြပြီး သူတို့အသိုင်းအဝိုင်းထဲ ဝင်ဆန့်ဖို့ ကြိုးစားရင်း သရုပ်ပျက် ယဉ်ကျေးမှု နယ်ပယ်အတွင်းမှာ ကြိုးတွေ ရှုပ်ချင်းမလှရှုပ်ခဲ့သူ။။ ကိုယ့်ကကွက်ကို ကိုယ်မနိုင်ခဲ့သဖြင့် ကကြိုးက ပြန်သတ်သည့် ဇာတ်ပျက်သမ တစ်ယောက်ဖြစ်ခဲ့ရ၏။။ မြန်မာဆန်ဆန် အဝတ်အစားတွေနှင့် ကျက်သရေရှိလှသည့် ကေသီတစ်ယောက် တိုနံ့နံ့ စကပ်တွေ မပေါ့်တပေါ် ဖက်ရှင်တွေ ဝတ်စဉ်ကတည်းက အောင်စိုးနှင့် စကားတွေ ကတောက်ကဆဖြစ်ရင်း မခေါ်မပြော နေခဲ့ကြသေးသည်။။ နောက်တော့လည်း သူငယ်ချင်း သံယောဇဉ်နှင့် ကေသီက စပြီးပြန်ခေါ်တော့ အောင်စိုးတင်းမထားနိုင်ခဲ့။။ အေးမြတ်နွယ်၏ မွေးနေ့ပွဲ ညတုန်းကတော့ ကေသီ့အပြုအမူကို အောင်စိုးက ခါးခါးသီးသီး ဖြစ်ခဲ့တာမို့ လုံးဝကို အခေါ်အပြော မပြုပဲနေခဲ့တာ ကေသီ သေဆုံးသွားသည်ထိပင်။။

အဆိပ်တန်ခိုးကြောင့် အမြှပ်တစီစီနှင့် အသက်ကုန်ခဲ့ရပေမယ့် ကေသီ့မျက်နှာမှာ အပြုံးမပျက်ခဲ့ဟု ဆိုသဖြင့် သူမအပြုအမူအတွက် နောင်တရခဲ့ခြင်း မရှိတာ သေချာသည်။။ သူမ၏မိုက်ပြစ်၊ မှားပြစ်အတွက် ကျေကျေနပ်နပ် အပြစ်ဒဏ်ခံလိုက်တာလိုလို။။ ဘာပဲဖြစ်ဖြစ် အသက်နှင့် လူလုပ်တာမဟုတ်၊ အရှက်နှင့် လူလုပ်တာဆိုသည့် မြန်မာအမျိုးသမီး ဂုဏ်တစ်ခုကိုတော့ လက်တွေ့ကျကျ ထိန်းပြလိုက်တာပဲဖြစ်မည်။။ အဖန်ငါးရာ၊ ငါးကမ္ဘာရယ်လို့ လူတိုင်းက ရွံ့ကြောက်သည့် အပြုအမူတစ်ခုကို ကေသီ ရဲရဲဝံ့ဝံ့ပြုလုပ်လိုက်တာဟာ လူ့ပတ်ဝန်းကျင်မှာ အဖတ်ဆည် မရတော့မယ့် သူမရဲ့ အရှက်တရား အတွက်ဆိုလျှင်တော့.. ကေသီ့လုပ်ရပ် မှန်သလား၊ မှားသလား အောင်စိုး မတွေးနိုင်တော့။။

တကယ်လို့သာ လျှပ်ပေါ်လော်လီ၊ မျိုးမစစ်ယဉ်ကျေးမှုများရဲ့ လွှမ်းမိုးမှုကနေ ကင်းလွှတ်ခဲ့မည်ဆိုလျှင်၊ မြန်မာအမျိုးသမီး ပီပီ မြန်မာအမျိုးသမီး ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်ခဲ့မည် ဆိုလျှင်၊ မြန်မာ့လူ့ဘောင်မှာ ချမ်းငြိမ်းလို ကောင်တွေ မရှိခဲ့ဘူးဆိုလျှင် ကေသီတစ်ယောက် ဒီလိုအဖြစ်မျိုးကို ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ဟုပဲ နာကျင်စွာ တွေးလိုက်မိတော့သည်။။ မြန်မာအမျိုးသမီးက မြန်မာလိုနေလျှင် ပိုလှသည်ဟု မြင်မိသော သူ့အမြင်များက ခေတ်နောက်ကျတယ် ဆိုလျှင်တောင် အောင်စိုးကတော့ ခေတ်ရဲ့နောက်မှာသာ ခပ်ခွာခွာလေး လိုက်ချင်နေမိတော့သည်။။ ဒီလိုအဖြစ်မျိုးတွေ ထပ်မံမကြားလို၊ မမြင်လိုတော့သော စိတ်ကတော့ အောင်စိုးရင်ထဲမှာ နင့်နင့်နဲနဲ ဖြစ်တည် လာခဲ့တော့၏။။ သြော်.. ခေတ် ရဲ့နောက်ကွယ်က မလှပခဲ့တဲ့ဘဝတွေ နည်းသထက် နည်းပါစေတော့ရယ်လို့ပဲ။။။

########################

အဆိပ် ဆိုတဲ့ အဲဒီဆေး
ဘယ်အရေးနဲ့များ
နင်စားခဲ့တာလဲကောင်မလေးရယ်။။။။

အမြုပ်တွေတစီစီထွက်နေပေမယ့်
အပြုံးပျက်မသွားတဲ့ နင့်မျက်နှာ (ငါလေ)
ဖြတ်ဖြတ်ပြီးသာရိုက်ချင်ပါရဲ့
ဘဝဆိုတာ အဲဒီလိုအရှုံးပေးဖို့မဟုတ်ဘူးကောင်မလေးရဲ့။။။။

ရည်းစားတွေထည်လဲတွဲ
နင်အမြဲ ကြိုးတွေရှုပ်စဉ်တုန်းက
ဂရုဏာဒေါသောနဲ့ သတိပေးစကားပြောမိတဲ့ငါ့ကိုလေ
နင်ပဲပြောခဲ့တာပါ (ဘာတဲ့)
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုပဲ။။။

ခုတော့လဲ ကောင်မလေးရယ်...
အတွေ့ဆိုတဲ့ အရေပြားတစ်ထောက်သာယာမှုအောက်
နင်ဘယ်မှာ ရုန်းထွက်နိုင်ခဲ့လို့လဲ
ကိုယ်ကျင့်တရားရဲ့ ဒဏ်ခတ်ခြင်းအောက်
နင်ဒူးထောက်လိုက်ရပြီလေ။။။။

ဘဝခံယူချက်ဆိုတဲ့ ပုစ္ဆာကို
နည်းစနစ်မမှန်ပဲတွက်ခဲ့မိတဲ့ နင်
အပျက်အပျက်နဲ့ နှခေါင်းသွေးထွက်ရင်း
နင့်ဘဝအဆုံးသတ် သရုပ်ပျက်ခဲ့ပြီပေါ့ကောင်မလေးရယ်။။။

တို့မြန်မာတွေရဲ့ ယဉ်ကျေးမှု
နင်ဘာဖြစ်လို့ဂရုမပြုမိခဲ့တာပါလိမ့်
နောင်ဘဝဆိုတာသာ နင့်အတွက်ရှိနေသေးမယ်ဆိုရင်
ငါဆုတောင်းပေးလိုက်ချင်ပါတယ်
အမနဲ့နှမ စာနာတတ်ကြတဲ့ ယောင်္ကျားသားတွေနဲ့ကြုံရပါစေ
မြန်မာမှု မြန်မာ့ဟန် လိုက်နာကျင့်ကြံ မြတ်နိုးနိုင်ပါစေ
....မြတ်နိုးနိုင်ပါစေဟာ။။။။။။။။။



လေးစားလျက်
အလင်းသစ်


14 comments:

  1. တစ်ကယ့်လောကထဲမှာ ..ဒီလိုဖြစ်ရပ်တွေ ဘယ်လောက်များရှိနေမလဲလို့..တွေးကြည့်မိတယ် :(

    ReplyDelete
  2. ခေတ်ရဲ့ရေစီးကြောင်းကို မှန်ကန်တဲ့လမ်းကသွေဖီပြီး လမ်းလွဲကိုလိုက်မိနေတဲ့ ခေတ်ရဲ့ သားပျိုသမီးပျိုများအတွက် ရင်လေးမိပါသေးတယ် မောင်အလင်းသစ်ရေ။
    ဘာသာရေးနဲ့သာ အဲဒီလိုကလေးမျိုးကို ထိန်းချုပ်လို့ရနိုင်မယ်ထင်ပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လောကကြီးထဲမှာတော့ အင်းးးးးးးးးးးးး
    ခက်တယ်ခက်တယ် အသစ်တင်တိုင်းး
    ဟိဟိ ပညာတွေလာယူတာ စိတ်ဆိုးရဘူးနော်

    ReplyDelete
  4. နည်းသေးတယ်လို့ပဲဝေဖန်သုံးသပ်သွားပါတယ်..
    မိန်းမနဲ့အရက်ဆိုတာဘာဆိုင်တာမှတ်လို့
    အထူးသဖြင့်မြန်မာပြည်ကမိန်းခလေးတွေ တော်တော်များများအဲလို သောက်တတ်နေကြပါပြီ
    သူတို့ကတောင်နိုင်ငံခြားကမြန်မာမတွေ သောက်တတ်တယ်လို့ထင်ကြတယ် .
    နိုင်ငံခြားမှာ မသောက်တတ်တဲ့မိန်းမတွေရှိပါသေးတယ်
    အရာအားလုံးဟာကိုယ်ထိန်းမှရတာဖြစ်တဲ့အတွက် မြန်မာမလေးတွေမြန်မာလိုပဲတွေးစေချင်ပါတယ်

    ခင်တဲ့

    အမ
    မဒိုးကန်

    ReplyDelete
  5. စာဖတ်ရင်း အောင်စိုးနဲ့ ထပ်တူ ခံစားမိရတယ်။ ခေတ်လွန် မိန်းကလေးတွေကို ဒီဝတ္တုလေး ဖတ်စေချင်မိတယ်။

    ReplyDelete
  6. ခုခေတ်မှာ ဒီလိုမိန်းခလေးတွေ ပေါလာပြီလို့ ပြောရမယ်ထင်တယ်
    ဘယ်ယဉ်ကျေးမှုကိုဘဲ လက်ခံကျင့်သုံးပါစေ ကိုယ့်ကိုယ်ကိုထိန်းသိမ်းတန်ဖိုးထားရင် ဒီလိုမဖြစ်ဘူးထင်ပါတယ်
    ခုတော့ စိတ်မကောင်းစရာ
    တာဝန်မသိတဲ့ လူဖျင်းတစ်ယောက်ကြောင့် မိန်းခလေးဘဝ ပျက်ရရှာတယ်

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. စာသားလေးတွေ ကောင်းတယ်ဗျာ..အားပေးသွားပါတယ်

    ReplyDelete
  9. အပြင်လောကမှာဒါတွေ ဘယ်လောက်တောင်များရှိနေပြီလဲ
    မတွေးရဲသလောက်ပါပဲ.....
    တစ်ကယ့်စာရေးကောင်းပါတယ်။

    ReplyDelete
  10. အပြုံးပျက်မသွားတဲ့နင့်မျက်နှာ(ငါလေ)
    ဖြတ်ဖြတ်ပြီးတော့သာရိုက်ချင်ပါရဲ့... ( ကိုယ့်သူငယ်ချင်းတစ်ယောက်သာတကယ်အဲလိုဖြစ်ခဲ့ရင် တကယ်ရိုက်မိမယ်ထင်ရဲ့)

    ReplyDelete
  11. ပေးချင်တဲ့ မတ်ဆေ့ ပေါ်လွင်ပါတယ်။
    ပါတ်ဝန်းကျင်အသစ်ကို အထင်ကြီးသွားတတ်တဲ့ မိန်းခလေးတွေရဲ့ လမ်းစဉ်ပါပဲ။ တချို့က အရှက်ကို အသက်နဲ့ လဲတယ်။ တချို့က အရှက်ကို သိက္ခာနဲ့လဲတယ်။ နောက်ဆုံးတော့ အဆုံးစွန် ဘဝအထိ ရောက်သွားကြရတော့တယ်။ ပထမဆုံး ခြေတလှမ်းအမှားကို နောက်မဆုတ် နိင်ခဲ့လို့ ပြန်လာလို့ မရတဲ့လမ်းတွေဆီ တရွေ့ရွေ့နဲ့ ရောက်သွားတော့တာပါပဲ။

    ReplyDelete
  12. အင်းး..ခုခေတ်မှာဒီလိုမိန်းခလေးအမျိုးအစားတွေ...
    တော်တော်များနေဘီပဲလေ...
    ဒီပိုစ်.လေးကိုဖတ်မိကြပါစေ...
    ကိုယ့်ကိုယ်ကိုမြန်မာမိန်းခလေးဆိုတဲ့တိုင်း...
    တန်ဘိုးထားတတ်ကြပါစေပေါ.လေ...
    ရမ်းကောင်းပါတီ...

    ReplyDelete
  13. မတူရင် မတုနဲ့တဲ့။ မတူပဲ လျှောက်တုတော့ ရှုပ်ကုန်တာပေါ့။ ကိုယ့်ဇာတ်နဲ့ ကိုယ့်အရပ်ပဲ လိုက်ဖက်ပါတယ်။ အရမ်းကောင်းတဲ့ ပို့စ်လေးပါ။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  14. ကောင်းလိုက်တဲ့ ပို့ စ်ပါ ခင်ညာ..

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။