ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, January 13, 2012

ချစ်ခြင်းဟုဆိုရာဝယ်



"အချစ်ဆိုတာ ဖွင့်ပြောမှ နင်သိမယ်ဆိုရင်လေ
ငါချစ်တာကို ဒီဘဝ
နင်မသိစေရတော့ပါဘူး ခရေရယ်...။။"

မီးလုံးများ၊ မီးပန်းများနှင့် ထိန်ထိန်ညီးနေသော ခန်းမတစ်ခု၊ အတွင်းပိုင်းမှာလည်း ခမ်းနား ထည်ဝါ စွာ ပြင်ဆင်နေရာ ချထားသော စင်မြင့်တစ်ခုနှင့် စားပွဲဝိုင်းများ၊ ညာဘက်ခြမ်းမှာတော့ အပျော်တမ်း တီးဝိုင်းလေး တစ်ခုက နေရာယူထားသည်။။
သူရောက်လာ ချိန်မှာတော့ အားလုံးပြင်ဆင်ပြီးပြီမို့ လူသံ၊သူသံတွေ တိတ်ဆိတ်ငြိမ်သက်လို့။။ တစ်နေရာမှ တစ်နေရာဆီသို့ အကြည့်တွေ ရွှေ့လျားနေရင်းမှ စင်မြင့်ဆီသို့ အကြည့်အရောက်မှာတော့ သူ့ရင်ထဲမှာ ကျဉ်ခနဲ နင့်နင့်နဲနဲ ခံစားလိုက်ရသလို၊ မျက်လုံးများလည်း ဝေဝါး သွားခဲ့ရသည်။။ သြော် ...မနက်ဖြန် ဆို ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲနဲ့ နင်ငါ့ကို စည်းတွေတား၊ အဝေးဆုံးမှာ ထားခဲ့တော့ မှာပါလား ခရေရယ်။။ စင်မြင့်ပေါ်က ရွှေရောင်ဖောင်းကြွ နာမည်စားလုံးတွေကို မသဲကွဲတော့သော အငိုမျက်လုံး များဖြင့် ငေးကြည့်ရင်း။။။



@@@@@@@@@@@@@@@@@@@@@@@@@



"ဟာ...ချစ်စရာကောင်းလိုက်တာ... ချစ်စရာကြီးပဲ။။"

အသံနှင့်အတူ (၅)နှစ်ကျော်အရွယ် ကောင်လေးက သူ့ထက်တစ်နှစ်ခန့် ကြီးသော ကောင်မလေးကို ခပ်တင်းတင်း ပြေးကာ ဖက်ပွေ့ လိုက်လေသည်။။ ကောင်မလေး ကတော့ ရုတ်တရက်မို့ မင်သက်မိ သလို ကြောင်စီ စီလေး ပြန်ကြည့်လို့။။

"ဟေ့ကောင်..ငမင်း..အဲဒါ သားဖွားဆရာမကြီး သမီးဟ.. လွှတ်ပေးလိုက် မင်းအရိုက် ခံရလိမ့်မယ်။။"

စိုးရိမ်တကြီး လှမ်းပြောလိုက်သော ရွယ်တူကောင်လေးရဲ့ အသံကြောင့် မင်းခန့် အလန့်တကြား လွှတ်ပေးလိုက်မိသည်။။ သူတို့ရွာဖက်မှာကတော့ သားဖွားဆရာမသည်လည်း သြဇာရှိသော ရပ်မိ၊ ရပ်ဖပဲလေ။။ ကလေးမို့လည်း ကြောက်မိသွား၏။။ ကောင်မလေးကတော့ သူတို့ရှေ့မှ ထွက်ပြေး ပျောက်ကွယ် သွားလေပြီ။။ မင်းခန့် မျက်လုံးထဲတွင်မတော့ နဖူးပြောင်ပြောင်လေး ထက်မှ ခွေလိပ်နေသော ဆံနွယ် ကောက်ကောက်လေးများနှင့် အရုပ်လေးပမာ လှပနေသော ထိုကောင်မလေးကို မြင်ယောင်နေသလိုလို။။

"ဟေ့ကောင်..ဖိုးအောင် ..မင်းသူနဲ့သိလားဟ။။"

"အေး..သိတယ်လေ။။ အဲဒါ သားဖွားဆရာမကြီးနဲ့ ဟိုဘက်ရွာကျောင်းက ကျောင်းအုပ် ဆရာကြီးရဲ့ သမီးလေ။။ သူ့နာမည်က ခရေဖြူတဲ့။။"

"သူ သရက်သီး လာကောက်တာနဲ့ တူတယ်နော်။။ ငါ့ကြောင့် ထွက်ပြေးသွားပြီ။။ နောက်နေ့မှ ငါသူ့အတွက် သရက်သီ ကောက်ပေးထားဦးမယ်။။"

မင်းခန့်၏ စကားကို လောက်လေးခွအား တင်းတင်းဆွဲကာ ပစ်လွှတ်လိုက်ရင်း အင်း ဟု အောင်အောင်က ဖြေသည်။။ ကလေးတို့ ဘာသာ၊ဘာဝ လွယ်အိတ်ကိုယ်စီဖြင့် သရက်သီး ကင်းများ ကောက်ကာ နို့ဆီ ဗူးဖြင့် ချင်တွယ်ပြီး ပြန်ရောင်းရင်း မုန့်ဖိုးရှာနေကြတာဖြစ်သည်။။

"ခရေဖြူလေးက ချစ်စရာလေးနော် ဖိုးအောင်။။"

အောင်အောင်ကတော့ သူ့လောက်လေးခွဖြင့် ကြုံရာကို ပစ်နေရရင် ပျော်နေတတ်သူပီပီ အင်းဟု သာ ပြန်ဖြေသည်။။ မင်းခန့်ကတော့ ခရေဖြူဟုခေါ်သော သူမလေးကို မှတ်မှတ်ရရကြီး စွဲထင်နေမိ လေပြီ။။ ကလေးတို့ သဘာဝမို့ ထိုစဉ်ကတော့ သူ၏အချစ်တွေက ပီဘိကလေးချစ်၊ ဖြူစင်လွန်းသော အချစ်သာ ဖြစ်ခဲ့လေ၏။။ ဒီလိုနှင့်ပင် မင်းခန့်က ရွာအနောက်ပိုင်းမှာ နေတာမို့ ရွာကမူလတန်းကျောင်း မှာ ကျောင်းတက်ခဲ့ပြီး၊ အောင်အောင်ကတော့ ရွာအရှေ့ပိုင်းနှင့်နီးသည့် ခရေဖြူ့အဖေ ကျောင်းအုပ် လုပ်သော မူလတန်းကျောင်းတွင် ကျောင်းတက်ခဲ့ကြလေသည်။။ ကလေးတို့ ဘာသာဘာဝ အဖော်အပေါင်း များနှင့် ပျော်နေကြသော အခါမှာတော့ မင်းခန့်တစ်ယောက် ခရေဖြူကိုလည်း မှတ်မှတ်ရရ သိပ်မရှိ လှတော့။။ သို့ဖြင့် သူနှင့်အောင်အောင် လေးတန်းအောင်ပြီး အထက်တန်းကျောင်းသို့ ပြောင်းတက် ခဲ့ရလေတော့သည်။။



@@@@@@@@@@@@@@@@@@@@@@@@@



"မောင်လေးရေ..မင်းခန့် ကျောင်းသွားမယ်လေ။။ လာတော့။။"

အိမ်ရှေ့ဆီမှ အမဝမ်းကွဲ မမသီတာ၏ အော်ခေါ်သံကြောင့် အလယ်တန်းကျောင်းသား ပထမဆုံးနေ့အဖြစ် မင်းခန့် ကျောင်းဝတ်စုံကို ကော့နေအောင် ဝတ်ပြီး ထွက်လာခဲ့သည်။။ အိမ်ရှေ့မှာတော့ မမသီတာနှင့် သူ့သူငယ်ချင်း (၂)ယောက် စောင့်နေ၏။။ တိုက်ဆိုင်စွာပင် ခရေဖြူက မမသီတာနှင့် အတန်းဖော် သူငယ်ချင်းတွေ ဖြစ်နေသည်။။

"မောင်လေး.. ဒါမမသူငယ်ချင်းတွေ။။ မှတ်ထား ကြားလား.. သူက ခရေဖြူတဲ့၊ သူက ဝေဝေလွင်။။ ဟဲ့..ဒါလေးက ငါ့မောင်လေးလေ။။ မျောက်မူးလဲလေးပေါ့။။ မင်းခန့်တဲ့။။"

"အမယ်.. သီတာ့မောင်လေးက အချောလေးတော့။။"

ခရေဖြူကတော့ သူ့ကို မှတ်မိပုံမပေါ်။။ ရယ်မော နောက်ပြောင်နေလိုက်သေးသည်။။ မင်းခန့်ကတော့ ရှက်ပြီး ခေါင်းငုံ့ကာ သူတို့နောက်မှ ကုတ်ကုတ်လေး လိုက်သွားလိုက်၏။။ ကျောင်းရောက်တော့ ကျောင်း ခန်းထဲမှာ အောင်အောင်က သူ့ထက် အရင်ရောက်နှင့်နေလေပြီ။။ သူ့အိမ်မှ လိုက်ပို့ပေးတာ ဖြစ် သည်။။ အောင်အောင့် မိဘများက ငွေကြေးအတန်အသင့် ချမ်းသာ ကြသူများမို့ သားသမီးများကို ဂရုစိုက်ဖော်ရကြ၏။။ မင်းခန့်တို့ ကတော့ ခြံပိုင်၊လယ်ပိုင် ရှိပေမယ့် အဖေနှင့်အမေက ကိုယ်တိုင် လုပ်နေကြတာမို့ သူ့ကို ဂရုမစိုက် အားနိုင်ကြ။။ နောက်နေ့တွေကျရင် ကျောင်းအတူ သွားမည့် အကြောင်း အောင့်အောင့်ကို ပြောပြီး အောင်အောင်နှင့်သာ သွားဖြစ် ခဲ့တော့သည်။။ မမသီတာ တို့နှင့်ကတော့ သူတို့ ကျောင်းရောက်မှ တွေ့ဖြစ်ကြတော့၏။။ မမတို့က စာတော်သူများဖြစ်၍ ဆရာ၊ ဆရာမများက ချစ်ကြသည်။။ သူတို့နောက် တစ်တန်း တက်သွားသည်နှင့် နောက်နှစ် ဆက်တက်လာမည့် မင်းခန့်ကို အပ်ပေးခဲ့သဖြင့် ကျောင်းမှာလည်း အခက်အခဲမရှိလှ။။ မင်းခန့် ကျောင်းနေပျော်၍ စာလည်း အတော်အသင့် တော်ခဲ့သည်။။ ကျောင်းတက်နေစဉ် ရက်များမှာလည်း အားလပ်ချိန်တိုင်း မမတို့အတန်းသို့ သွားပြီး ခရေဖြူ့ကို ငေးကြည့်နေတတ်တာသည် မင်းခန့်၏ အစဉ်အလာ တစ်ခုလို ဖြစ်လာခဲ့လေပြီ။။ သို့ဖြင့် သူတို့ အထက်တန်း ကျောင်းသားများ ဖြစ်လာခဲ့ကြ၏။။ မင်းခန့်ရင်ထဲမှ ခရေဖြူ့အပေါ် ချစ်သော အချစ်သည်လည်း အရောင်သဲ့သဲ့ ဆိုးနေလေပြီဆိုတာ ဘာသာ သတိထားမိနေလေပြီ။။ သို့သော်လည်း တိတိကျကျတော့ဖြင့် မင်းခန့် အတတ်မသိ၊ မရေမရာ ဖြစ်နေလေ၏။။



@@@@@@@@@@@@@@@@@@@@@@@@@@



"အကြီးရေ့.. ကြီးမေ.. အီးဟီးဟီး။။"

"ဟဲ့.. သမီးလေး ခရေဖြူ.. ဘာဖြစ်လို့လည်း သမီးရဲ့ ကြီးမေကိုပြောစမ်း။။ ဟိုကောင် မင်းခန့် ဘာတွေ စလိုက်ပြန်ပြီလဲ။။ ဟိုကောင်လေး နင်ဒီကို လာခဲ့စမ်း။။"

ငိုပြီးဝင်လာသော ခရေဖြူ့ကို အမေက စိုးရိမ်တကြီး ဖက်တွယ်ထားရင်း သူ့ကို လှမ်းခေါ်လိုက်သည်။။ ခရေဖြူကတော့ အမေ့ ရင်ခွင်ထဲမှာ ရှိုက်ကြီးတငင် ငိုကြွေးနေ၏။။ ဘောလုံးကန်ပြီး ဗိုက်ဆာနေသဖြင့် မင်းခန့် ရေမချိုးသေးပဲ မီးဖိုချောင်ဝင်ပြီး ထမင်းစားနေရာမှ အမေ့အသံကြောင့် ထွက်လာခဲ့လိုက်သည်။။ အမေ့ရင်ခွင်ထဲမှာ ရှိုက်ငင်ရင်း တတွတ်တွတ် တိုင်ကြားနေသော ခရေဖြူ၏ မျက်နှာလေးကို ငေးကြည့်ရင်း မင်းခန့်ရင်ထဲ မချင့်မရဲဖြင့် ပိုင်ဆိုင်လိုစိတ်များ တဖွားဖွား ဖြစ်လာသလို ခံစားရ၏။။ အမေကတော့ ထုံးစံအတိုင်း သူ့နားရွက်ကို လိမ်ဆွဲကာ နောက်မစတော့ပါဘူးဟု ကတိ ပေးခိုင်းပြီး ကျေနပ် သည်ထိ ချော့ရန်ပြောကာ မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။။

"ကဲ.. မယ်ခရေ.. ပြော ငါဘာလုပ်လို့လည်း။။"

ခရေ့ဘေးနား ပူးကပ်ဝင်ထိုင်ရင်း ပြောလိုက်တော့ မျက်စောင်းတစ်ခုက ဒိုင်းခနဲရောက် လာ သည်။။ ပြီးတော့ နှုတ်ခမ်းကို စူပြီး လက်သီးတစ်လုံးက ကျောကပ်ကို ဖုန်းခနဲ ထုရိုက်လိုက်သည်။။

"မနေ့က ငါရယ်၊ ဝေဝေလွင်ရယ်၊ အောင်အောင်ရယ် ရုပ်ရှင်သွားကြည့်တာကို နင်တို့မောင်နှမက ဘာလို့ စတာလဲ။။ ငါမကျေနပ်ဘူး။။"

မနေ့က သူတို့(၃)ယောက် ရုပ်ရှင်သွားကြည့်တာကို မမသီတာက "ခရေနဲ့ ဝေဝေ ကတော့ အောင်အောင့်ကို ဝိုင်းလုနေပြီနော်။။ ငါ့မောင်လေးတော့ ကျန်ရစ်ဖြစ်တော့မယ်ဟေ့"ဟု စနေတာကို မင်းခန့်ကလည်း အလိုက်အထိုက် ပြန်စမိသဖြင့် မကျေနပ်ဖြစ်နေခြင်း ဖြစ်သည်။။ မျက်ရည် ပိုးပိုးပေါက်ပေါက်ကျကာ ဘာကိုဝမ်းနည်းနေမှန်း မသိသော သူမလေးကို မင်းခန့် မချင့်မရဲဖြင့် အရမ်းကို ချစ်မိသွားတာ သေချာလေပြီ။။ ခရေ့ပါးလေးကို ခပ်သာသာ လိမ်ဆွဲလိုက်ရင်း

"နင်ကလည်းဟာ.. အချင်းချင်း စတာပဲကို ။။ သိရဲ့သားနဲ့ ဘာလို့ငိုနေရတာလဲ။။"

"မစနဲ့ဟာ။။ နင်တို့ကပါ အဲလိုစနေရင် အကုန်လုံးက လိုက်စမှာပေါ့။။ ယောင်္ကျားကြီးဖြစ်ပြီး ပဲများလွန်းတဲ့ နင့်သူငယ်ချင်းကို အမြင်ကတ်တယ်။။"

အောင်အောင့်အပေါ်မှာ ခရေ့စိတ်တွေ ယိုင်နေတယ်ဆိုတာ သိနေကြသူများက စချင်နေကြတာမို့ သူငယ်ချင်း အရင်းကြီး များဖြစ်သော သူတို့မှ မစ၊မနောက်ရန် ဝမ်းနည်းတကြီး ပြောနေတာကို မင်းခန့် သတိလက်လွတ် ငေးကြည့်နေပြီးမှ သူမလေးကို ချော့ရန်သတိရကာ သက်ပြင်းကိုခိုးချရင်း တဖွဖွ ချော့မော့နေမိတော့သည်။။




@@@@@@@@@@@@@@@@@@@@@@@@@




"ဟေ့ကောင်..ဖိုးအောင်။။ ခရေမင်းကို ချစ်နေတယ်ဆိုတာ သိသာတယ်နော်။။ သူကမိန်းကလေးလေကွာ.. မင်းကဘာလို့ မသိချင်ယောင်ဆောင် နေတာလဲ။။"

"ငါမှ သူ့ကိုမချစ်တာ ငမင်းရာ။။ အမေတို့ကလည်း သူ့ကို သဘောမကျဘူးကွ။။"

ကျောင်းပိတ်ရက်မို့ သူငယ်ချင်းနှစ်ယောက် ရွာထိပ်မှ ချောင်းကူး တံတားမှာ ငါးမျှားရင်း စကားပြောဖြစ် ကြတာ ဖြစ်သည်။။ ခရေတို့က ခေတ်ဆန်ဆန် နေတတ်သဖြင့် ရှေးရိုး ဆန်သော အောင်အောင့်အမေက မျက်စိစပါးမွှေး စူးနေ၏။။ အောင်အောင် ကတော့ သူ့ဘာသာ လွတ်လွတ် လပ်လပ်နေရင်း လူငယ်သဘာဝ အပျော် အပါးဖက် စိတ်အာရုံ ထားသူ ဖြစ်သည်။။

"မင်း..ခရေ့ကို နည်းနည်းလေးမှ မချစ်ဖူးလားဖိုးအောင်။။"

"ငမင်းရာ.. သူများ မေ့ချင်မေ့နေမယ်။။ ငါတို့ငယ်ငယ်တုန်းက မင်း..ခရေ့ကို ချစ်တယ်ဆိုပြီး ပြေးဖက်တာ ငါမှတ်မိတယ်။။ ကျောင်းမှာတုန်းကလည်း မင်းပဲလေ အားတိုင်း ခရေတို့ အတန်းသွားပြီး ငေးနေတာ ခရေ့ကို မင်းချစ်နေတာ မဟုတ်ဘူးလား။။"

"ဒါကတော့ကွာ။။"

"ဒါကတော့ကွာ မလုပ်နဲ့ငမင်း။။ ငါ့အတွက် ကောင်းကင် အကျယ်ကြီးပါကွာ။။ ငါကြိုက်တဲ့နေရာမှာ နားမယ်။။ ဒါပေမယ့် ငါ့သူငယ်ချင်း ချစ်နေတဲ့သူကို ငါမချစ်ပဲ ချစ်ကြည့်ရအောင်ထိတော့ ငါ့ကောင်းကင်နဲ့ ငါ့ပျံသန်းခွင့်ကို မင်းမချုံ့ပစ်စမ်းနဲ့ကွာ။။ ခရေ့ကို အပေါ်ယံကြည့်ရင် ငါချစ်တယ်၊ ဒါပေမယ့် မင်းလို ရင်ထဲကထိတော့ နက်နက်ရှိုင်းရှိုင်း မချစ်ဘူး။။ ဟေ့ကောင်... ငမင်း.. သူရဲကောင်းဆိုတာ စာအုပ်ထဲမှာပဲ ဖတ်လို့ကောင်းတာကွ။။ ငါ့လာပြီး သူရဲကောင်းလိုလို လုပ်ပြမနေနဲ့။။"

အောင်အောင့် စကားများကို အဝေးတစ်နေရာဆီ ငေးကြည့် နားထောင်နေရင်းမှ မင်းခန့်က "မဟုတ်တာကွာ။။ ငါက ခရေ့ကို သူငယ်ချင်းလိုပဲ ချစ်တာပါ"ဟု တိုးတိုးလေး ပြောလိုက်မိသည်။။ ငါသိပါတယ် ငမင်းရာ.. မင်းစကားမရှည်နဲ့တော့ဟု စကားစဖြတ်ရင်း အောင်အောင်က ငါးမျှားခြင်းမှာ အာရုံစိုက်ထားလိုက်တော့ မင်းခန့်လည်း ပါးစပ်ပိတ်သွား ရတော့သည်။။



@@@@@@@@@@@@@@@@@@@@@@@@@@



"မောင်လေး.. နင်ဘာလုပ်နေလဲ။။ ခရေက သူများနောက် ပါတော့မယ်နော်။။"

မမသီတာရဲ့ အားမလို အားမရ စကားသံကြောင့် မင်းခန့် အသာငဲ့ကြည့်လိုက်သည်။။ မောင်နှမချင်းမို့ သူ့ရင်ထဲကို မမသီတာ သိနေတာကိုတော့ မင်းခန့်မအံ့သြမိတော့။။

"အစ်မရာ.. ခရေက အောင်အောင့်ကို ချစ်နေတယ်ဆိုတာ ငါသိနေတယ်လေဟ။။ ငါပြောလိုက်ရင်လည်း သူငါ့ကို ပြန်ချစ်မှာ မဟုတ်ပါဘူးဟာ။။ အဖြေသိနေရဲ့နဲ့ သူငယ်ချင်းချင်း မျက်နှာပျက်မယ့် အပြုအမူမျိုး ငါမလုပ်ချင်းဘူးအစ်မရ။။"

"ဟဲ့.. နင်ကယောင်္ကျားလေးလေ။။ ကိုယ်ချစ်နေတာ ကိုတော့ ဖွင့်ပြောရဲ ရမှာပေါ့။။ ဘာတွေ ကြောက်နေ တာလဲ။။ ငါလည်း ကူပြောပေး မှာပေါ့။။ သတ္တိကလည်း နည်းပဲ နည်းနိုင်လွန်းတယ်။။"

မမသီတာရဲ့ စကားကို ခေါင်းအသာခါပြရင်း နင်မသိပါဘူး အမရယ်ဟု မင်းခန့် ညည်းပြောလေး ပြော လိုက်မိ၏။။ မမသီတာ ကတော့ နောက်ကျမှ နင်နောင်တ မရနဲ့နော်ဟု ပြောကာ သူ့ဘေးမှ ထထွက် သွားသည်။။

"အစ်မရာ..ငါတို့အတွက် ကောင်းကင်က အကျယ်ကြီးပါဟာ။။ ဒါပေမယ့် ငါက အဲဒီကောင်းကင် အကျယ်ကြီးထဲကမှ တစ်ခုတည်းသော နေရာမှာပဲ နားချင်ခဲ့တာလေ။။ အဲဒီနေရာကိုမှ မရရင် ငါတော်တော်ကြီးကို ခံစားရမှာမို့ပါဟာ။။ ငါမစွန့်စား ပါရစေနဲ့တော့။။"

စိတ်ထဲမှတီးတိုးပြောရင်း မင်းခန့် အဝေးကို ငေးကြည့်တွေးဆွေး နေမိသည်။။ သို့ဖြင့် ခရေတို့ပင် စီးပွားရေး တက္ကသိုလ် ပထမနှစ်သို့ တက်ရောက်ပြီး မင်းခန့်နှင့် အောင်အောင်တို့ ဆယ်တန်းသို့ ရောက်ခဲ့လေပြီ။။ ခရေကလည်း အောင့်အောင့် အပေါ် စိတ်ညွတ်နေတာကို ကြိုးစား ထိန်းသိမ်းရင်း၊ သူမရင်ထဲမှာ တစ်ခုခု ထိရှ ခံစားရတိုင်း မင်းခန့်ကို ရင်ဖွင့်ပြောပြ၊ မင်းခန့်ကလည်း ခရေ့ကို ချစ်မိနေတာကို ကြိုးစား ထိန်းချုပ်ရင်း ခရေပြောသမျှကို နားထောင်ပေးခဲ့၏။။ အောင်အောင်ကတော့ ဘဝကို သူနားလည် သလို ပျော်ပျော်ဖြတ် သန်းရင်း သူတို့ဆယ်တန်းကိုလည်း အောင်မြင်ခဲ့ကြသည်။။




@@@@@@@@@@@@@@@@@@@@@@@@@@




"မင်းခန့်.. ငါလက်ထပ်တော့မယ်။။"

"ဘာာာာာာာ.. ဘယ်လို။။ ခရေ.. နင်ဘာပြောတာ။။"

ဝါသနာပါရာ သစ်တောတက္ကသိုလ် (ပျဉ်းမနား)တွင် တက်ရောက်နေရင်း တတိယနှစ်ပြီးမြောက်၍ ခွင့်ပြန် လာချိန်တွင် ခရေမှ ထိုကဲ့သို့ ပြောကြားလာခြင်း ဖြစ်သည်။။ မင်းခန့်ရင်ထဲ တော်လဲ သံကြီး တစ်ခု ပြင်းပြင်း ထန်ထန် မြည်ဟီးဖြတ်သန်း သွားသလို ထိတ်လန့်တကြား ပြန်မေးလိုက်မိ၏။။

"ဟုတ်တယ်..မင်းခန့်။။ ငါ အောင်အောင့်ကို ချစ်ခဲ့တာ နင်သိပါတယ်။။ ဟုတ်တယ်..ငါသူ့ကို အရမ်းချစ် ခဲ့တယ်။။ ငါ့ရဲ့ နေ့ရက်တွေကို သူ့စိတ်နဲ့ အသက်ဆက်နေတဲ့ထိ သူ့ကိုရူးသွပ်ခဲ့တာပါဟာ။။ ဒါပေမယ့် မင်းခန့်ရာ။။"

ပြောနေရင်းမှ ခရေဖြူ မျက်ရည်တွေ စီးကျလာသည်။။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က အပြင်မှာ မိုးဖွဲဖွဲလေး ရွာနေ၏။။ မင်းခန့် ရင်ထဲမှာလည်း ထိုနည်းနှင်နှင်ပါပဲလေ။။ အချစ်ဆုံးချစ်သူက သူဘယ်သူ့ကို ဘယ်လောက်ချစ်၍၊ ဘယ်သူနှင့် လက်ထပ်တော့ပါမည် ဆိုတာကို ပြောပြနေခြင်းသည် သူ့ရင်နှလုံးသားကို သံချွန်နှင့် ထိုးဆွနေသလိုလို။။ မင်းခန့်..ခရေ့ကို ရီဝေဝေ မျက်ဝန်းများဖြင့် ငေးကြည့်နေရင်း အသံတွေ ပျောက်ရှနေ၏။။ ရင်ထဲမှာတော့ ခရေရယ် ငါနင့်ကိုအရမ်းချစ်တယ်၊ ငါ့ရဲ့ အသည်း၊အသက်နဲ့ ထပ်တူချစ်ခဲ့တာပါ။။ နင်ဘာလို့ မသိချင်ယောင် ဆောင်နေခဲ့ တာလဲဟာဟု ပဲ့တင် ထပ်မျှ အော် ဟစ်ပြောဆို နေမိသည်။။ မိန်းကလေးတို့ တပ်အပ်သော အတတ်ပညာများအရ ခရေလည်း သူချစ်နေတာကို သိနေမှာပါ။။ ဒါကိုတောင်မှ တမင်များ ပြောရက်လေသလား ခရေရယ်ဟု ရင်ထဲမှာ ဘာသာညည်းညူ မိသည်။။

"ထွန်းဝေဦးက ငါ့ကို ဆယ်တန်းပြီးကတည်းက ပရိုပို့စ်လုပ်ထားတာ။။ သူ့ဆီမှာလည်း ငြင်းရလောက်တဲ့ အချက် ဘာမှကို မရှိဘူးလေ။။ ငါ့မိဘတွေကလည်း သဘောတူတယ်။။ ငါကသာ အောင်အောင် တစ်နေ့ ငါ့ကိုဖွင့်ပြောလာနိုး စောင့်ရင်းနဲ့ သူ့ကို ဇွတ်ငြင်းလာခဲ့တာ။။ အခုတော့ ငါနားလည်လိုက်ပါပြီဟာ။။ ငါမျှော်လင့်ပေမယ့် ရမလာမယ့် အရာတစ်ခုကို တမ်းတနေ မယ့်အစား ငါ့ဘေးနားက ငါ့ကိုနား အလည် ပေးနိုင်ဆုံး၊ တန်ဖိုးအထားနိုင်ဆုံး သူကိုပဲ ရွေးချယ်လိုက်တော့မယ်။။ ဒီလကုန်ရင် ငါတို့ မင်္ဂလာဆောင်တော့မယ်။။ အောင်အောင့် ကိုတော့ ငါ့ဘဝ တစ်လျောက်လုံး သတိတရ ချစ်နေမိဦးမှာပါ။။ ငါမမှားဘူးမလား မင်းခန့်။။"

မင်းခန့် အိပ်မက်ယောင်သူလို အေးပါဟာဟု တီးတိုးလေးပဲ ပြောလိုက်နိုင်တော့၏။။ အိမ်ပြန်ရောက်တော့ လည်း မမသီတာ၏ ငါပြောထားရဲ့နဲ့ နင်သတ္တိနည်းခဲ့တာမို့ ငါလည်း မတတ်နိုင်ဘူးဟု ပြောနေသယောင် မျက်နှာနှင့် ပုခုံးတွန့်ပြတာကို မင်းခန့် ယောင်တောင်တောင် ကြောင် နနဖြင့် ရင်ဆိုင်နေ ရသည်။။ ပေါ်ပေါ်တင်တင် အသည်းကွဲ ခွင့်မရတဲ့ ဘဝဆိုးဆိုးမှာ မင်းခန့် တစ်ယောက် သွေးပျက် ၊ချောက်ခြားခြင်းများနှင့် နေ့ရက် အချို့ကို ဖြတ်သန်းရင်း၊ အိပ်မက်ဆိုး ညများကို ဆက်တိုက် ရင်ဆိုင် ရင်းဖြင့်။။။။။




@@@@@@@@@@@@@@@@@@@@@@@@@



"ဟေ့ကောင်..ငမင်း။။"

နောက်နားဆီမှ အောင်အောင့် အသံကြောင့် အသိပြန်ဝင်လာသည်။။ မျက်ဝန်းဆီမှ မျက်ရည်စများကို အသာ ပွတ် သုတ်လိုက်ရင်း မင်းခန့် နောက်ကို လှည့်ကြည့်မိ၏။။ အားပေးပြုံးနှင့် လျောက် လာရင်း အောင်အောင် က ပုခုံးကို လာဖက်သည်။။

"လာကွာ.. ဆိုင်သွားရအောင်။။"

မင်းခန့် ဘာမှမပြောဖြစ်။။ မင်္ဂလာခန်းမ အပြင်သို့ အတူလှမ်းထွက် လာခဲ့လိုက်၏။။ သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်ဖြင့် "ကမ္ဘာကျော်" စားသောက် ဆိုင်လေးဆီ ရောက်လာ ခဲ့ကြသည်။။ မင်းခန့်ကတော့ အသိစိတ် မဲ့နေသလိုလို၊ ခံစားချက်တို့ ဝေသီ ကင်းမဲ့နေ၏။။

"လာကွာ..ငမင်း။။ ဘယ်သူမှ မင်းမမြင်၊ မသိပေမယ့် မင်းရင်ထဲကို ငါကြည့်တတ်၊ မြင်တတ် ပါ တယ်။။ ပြီးသွားပါပြီကွာ။။ ဘာမှပြင်လို့လည်း မရတော့ပါဘူး။။ အခုတော့ မင်းရင်ဘတ်ကို ကုစားဖို့ အပျော့ နဲ့မရတော့ဘူး။။ ငါအပြင်းပဲ မှာလိုက်တော့မယ်နော။။"

အောင့်အောင့် စကားကြောင့် မင်းခန့်လက်ကာလိုက်ရင်း ခေါင်းခါပြကာ စားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်၏။။

"ငါမသောက်ချင်ဘူး အောင်အောင်။။ မနက်ဖြန်ဆို ခရေ့ကို ငါချစ်ခွင့် မရှိတော့ဘူးလေ။။ ဒီနေ့ထိ ချစ်ခွင့်ရှိ တုန်းလေး ငါသူ့ကို ချစ်နေချင်သေးတယ်။။ အရက်သောက်ပြီး မူးမေ့သွားရတာမျိုး ငါမလို ချင်ဘူး သူငယ်ချင်း။။ ငါ့အတွက် အအေး တစ်ခွက်ပဲ မှာပေးကွာ။။"

အောင်အောင်ကတော့ နားလည်စွာ မင်းခန့်ပုခုံးကို တစ်ချက်ဖျစ်ညှစ်လိုက်ရင်း အအေးနှစ်လုံး မှာလိုက်၏။။ အအေးသောက်ရင်း အတွေးကိုယ်စီနှင့် ငြိမ်သက်နေမိကြသည်။။ ခဏကြာတော့ မင်းခန့်က ပြန်ကြရအောင် ကွာဟု လောဆော် လိုက်ပြီး သူငယ်ချင်းနှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်ပင် အိမ်ဆီသို့ ပြန်ခဲ့ကြ၏။။ အိမ်ရောက်တော့ အောင်အောင်က သူ့ပုခုံးကို ပုတ်လိုက်ရင်း

"မနက်ဖြန်တစ်ရက်တော့ မင်းသည်းခံလိုက်ဦးပေါ့ကွာ။။ နောက်ကြာလာတော့လဲ မင်းမေ့နိုင်သွားမှာပါ။။ ငါသွားမယ် ငမင်း။။"

ဟုပြောကာ ဆိုင်ကယ်ကို မောင်းထွက် သွားတော့သည်။။ မင်းခန့် အိမ်ပေါ် တက်လာတော့ အဖေနှင့် အမေလည်း အိပ်နေလေပြီ။။ အိပ်ယာထဲ အသာဝင် လှဲလိုက်တော့ မင်းခန့် အတွေးတွေက ဝေဝေဝါးဝါးနှင့်။။

"တကယ်ကို ပြီးဆုံးသွားခဲ့ပြီပေါ့ ခရေရယ်။။ အများတွေ ထင်သလို ဒီသူငယ်ချင်းတွေထဲက တစ်တွဲတော့ ထွက်လာမှာပါဆိုတာ မဟုတ်ခဲ့တော့ဘူးပေါ့။။ ငါ့အတွက် ကောင်းကင် အကျယ်ကြီးပါဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းရယ်၊ ငါသူ့စိတ်နဲ့ အသက်ဆက် နေတာပါဆိုတဲ့ လူ့စည်းကမ်းက ခွင့်မပြုတာကို ရူးရူးမိုက်မိုက် ဖက်တွယ်ထားဦးမယ့် တဖက်သတ် ချစ်ရတဲ့ သူငယ်ချင်းမရယ်၊ ကောင်းကင် အကျယ်ကြီးထဲက နားခိုချင်တဲ့ နေရာတစ်ခုကို ဆုံးရှုံးမှာကြောက်လို့ တွေဝေရင်း ရင်ကွဲခံသွားရတဲ့ ငါလို ငပေါတစ်ကောင်ရယ်၊ ခရေရယ် ဝတ္တုဆိုရင်တောင် ငါ့နေရာက ဇာတ်နာလွန်းပါတယ်ဟာ။။ ဘာပဲဖြစ်ဖြစ် ဒီလိုသူငယ်ချင်း (၃)ယောက်ရဲ့ (၃)ပွင့်ဆိုင် အီလည်လည် ဇာတ်လမ်းလေး တစ်ခန်းရပ်ခဲ့ပြီမို့ ငါတို့ (၂)ယောက်ကိုလည်း နင်မေ့ထားနိုင်ပါစေတော့ဟာ။။ ပြီးတော့လေ နင့်ဘဝမှာ ဝမ်းနည်းမှုတစ်ခု ထပ်မတိုး လာဖို့ ငါချစ်ခဲ့တာကိုလည်း ဒီဘဝအတွက် နင်မသိပါနဲ့တော့။။ နင်မသိပါနဲ့တော့ ခရေရယ်။။"

တလိမ့်လိမ့် ကျဆင်းလာတဲ့ မျက်ရည်များကြားက သက်ပြင်းရှည်ကို ချရင်းဖြင့် မင်းခန့်တစ်ယောက် ဟိုသည် လူးလွန့်ရင်း အိပ်ပျော်သွားလေတော့သည်။။။


"အချစ်ဆိုတာ ဖွင့်ပြောမှ နင်သိမယ်ဆိုရင်လေ
ငါချစ်တာကို ဒီဘဝ
နင်မသိစေရတော့ပါဘူး ခရေရယ်...။။"


@@@@@@@@@@@@@@@@@@@@




လေးစားလျက်
အလင်းသစ်

11 comments:

  1. ကြေကွဲစရာ...
    ဘာပဲဖြစ်နေဖြစ်နေ ချစ်နေတတ်ဖို့ ပါပဲ။
    စာတွေဆက်လက်ရေးအားကောင်းပါစေအလင်းသစ်ရေ...

    ReplyDelete
  2. အချစ်ဆိုတာ တစ်ခါတစ်လေတော့လည်း နှုတ်ဆိတ်နေလွန်းတဲ့အခါ အဲဒီလို ရင်နာစရာနဲ့ ကြုံရတဲ့အခါ ..နာကျင်မှုတွေက နှစ်ဖက်စလုံးမှာ..ခံစားကြရတာပါလေ....

    ReplyDelete
  3. ဖတ်လို့ ကောင်းတယ် အလင်းစက်

    ReplyDelete
    Replies
    1. စာရေးတော်တဲ့အလင်းသစ်ရေ
      ဖတ်သွားပါတယ်

      Delete
  4.ဲချစ်တာကို သိခွင့်မပေးလိုက်နိုင်တဲ့အပြင် တစ်ဘ၀စာ ဝေးခဲ့ရတဲ့ အဖြစ်ကို ရေးသွားတာလေး သဘောကျမိတယ်..။

    ReplyDelete
  5. အကိုရေ
    တစ်ကယ်တော့ အချစ်ဆိုတာဖွင့်မပြေညလဲရတာပဲနော်
    စိတ်ကခံစားရတယ်လေ
    မဂျက်အညွန်းကောင်းလို့ အမြဲလာချင်နေတာ
    မအားလို့ပါဗျာ

    ReplyDelete
  6. အောင်အောင်ရဲ့ စရိုက်ကို ဖွဲ့ထားတာ သဘောကျတယ်ဗျ၊ ခရေ့ကို မချစ်ချင်တဲ့အကြောင်း၊ ကောင်းကင် အကျယ်ကြီးမှာ သူပျံသန်းချင်သလို ပျံမယ်ဆိုတဲ့အကြောင်း အဖွဲ့လေးက ရိုးစင်းအေးဆေးပြီး သူငယ်ချင်းကို နားလည်တဲ့ လူငယ်တစ်ယောက်ကို ပြသွားနိုင်ပါတယ်၊ မင်းခန့်ရဲ့ ကာရိုက်တာနဲ့ ပတ်သက်လို့တော့ တိတ်တိတ်လေး မျက်ရည်ဝဲဖို့ ပိုပြီးရွေးချယ်ချင်တဲ့ လူတွေအကြောင်း စဉ်းစားမိတယ်၊ ကလေးဘဝ၊ လူငယ်ဘဝ အပိုင်းလိုက်ကို ဒိုင်ယာလော့ဂ်တွေနဲ့ ညက်ညက်ညောညော သယ်သွားနိုင်တဲ့ ဝတ္ထုကောင်းလေး တစ်ပုဒ် ဖတ်ရလို့ ကျေးဇူးပါဗျာ..။

    ReplyDelete
  7. ပထမဆုံးပြောချင်တာကတော့ ရေးလက်က ကောင်းတယ်ဆိုတာပါပဲ။ အချစ်ဝတ္ထုကို လူတွေက ရေးရင် လွယ်တယ်ထင်ပေမယ့် တကယ်ရေးကြည့်တဲ့အခါ မလွယ်တာကို ရေးဖူးသူတိုင်းသိပါတယ်။ လွမ်းစေချင်ရင် လွမ်းတတ်အောင်ရေးမှရမယ်။ ကိုအလင်းသစ်မှာ ရေးလက်ရှိတယ်ဗျ။ ကျွန်တော့်ဆီမှာ မှတ်ချက်လာပေးပေမယ့် ချက်ချင်းပြန်လိုက်မလာနိုင်တာ တောင်းပန်ပါတယ်ဗျာ။ တစ်ခါတစ်ခါ ပို့စ်အသစ်တောင် မတင်နိုင်အောင် အချိန်က လုနေရလို့ပါ။ အခု ကျွန်တော်လင့်ယူသွားပါတယ်။ လင့်ချိန်ပြီရင်တော့ အသစ်တင်ရင် အဆင်ပြေသလို လာအားပေးလို့ရပါပြီ။ ရေးလက်ရှိသူကို ကြိုဆိုပါတယ်။

    ReplyDelete
  8. အကိုစာလာဖတ်ရင် လွမ်းသွားတယ် အကို့ ရေးသားချက်ကောင်းလို့ ပါ

    ခင်မင်လေးစားလျက်-လေလွင့်လူ

    ReplyDelete
  9. အစကတည်းက ရှေ့မတိုးရဲခဲ့သူအတွက် ကျန်ရစ်ခြင်းဆိုတဲ့ အဖြေက အထိုက်တန်ဆုံးပါပဲ။
    အချစ်ကို တိတ်တိတ်လေးပဲ ကြိတ်ခံစားချင်သူတွေအတွက်တော့ တငြိမ့်ငြိမ့်ဖြစ်မယ့် ဝတ္ထုတိုလေးပါပဲ။

    ReplyDelete
  10. အင်း ..အလင်းရေ တစ်ခါ တစ်ခါမှာ ဖွင့်ပြောလိုက်တာထက်
    မပြောပဲထားတာက ပိုတန်ဖိုးရှိတယ် ပိုလေးနက်တယ် ဆိုတာ
    တကယ် ပဲနော်..အလင်း ရင်ထဲမှာ အဲ့လိုခံစားခဲ့ဖူးတာမျိုးလား...
    ပျော်ရွှ့င်ခွင့်ရပါစေနော်..

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။