ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, March 8, 2012

ရေသေအိုင်



လောကဓံကိုစိန်ခေါ်၊ ကိုယ်တိုင်ပုံဖော်တဲ့ စိတ်ကူးနဲ့
ရူးရူးမူးမူး ကူးခတ်၊ ယုံကြည်တဲ့ အနာဂတ်ဆီ
တစ်နေ့မှာ၊ ကမ်းကပ်မယ်ပေါ့။။

မျှော်လင့်ချက်တွေ သိဒ္ဓိတင်ဖို့
ဘဝကိုရင်ခွဲကြည့်မိတယ်
ဟောဒီကမ္ဘာမှာ သစ္စာတရားသေသွားတာ ကြာပြီပဲ။။

တစ်လှမ်းပြီးတစ်လှမ်းနဲ့ ရည်မှန်းရာဆီလှမ်းအကွေ့
"ပုဂံ" ဘယ်ကို ရွေ့သွားပါလိမ့်ကွယ်။။

အတ္တကိုမီးထိုးရင်း စည်းတွေကျိုးနေလိုက်ကြတာ
လူလား၊ဘီလူးလား မကွဲပြားတဲ့အထိ
တံဆိပ်မပါတဲ့ စိတ်ဓာတ်တွေနဲ့ 
အသိဥာဏ်တချို့ အဆိပ်ခပ်ခံလိုက်ရပြန်ပေါ့။။

ယုံကြည်ခြင်း အဝိုင်းအဝန်းကိုမှ
မုသာဝါဒလေ့ကျင့်ရေးကွင်းအဖြစ် ဖန်တီးခံလိုက်ရတဲ့နောက်
ကာယကံမြောက် နောက်ဆုတ်တော့မယ်။။

တကယ်တော့.. 
ဥုံဖွဆိုပြီး သုညဖြစ်လာတာမဟုတ်ပါဘူး
"အထူး"ဆိုတဲ့စာသားမရှိတဲ့ ဘဝမှာ
ငါက အမှုန်အမွှားလေးတစ်စပါ
ယုံကြည်မိတဲ့ တစ်စုံတရာအတွက်
ကိုယ့်ကိုကိုယ် ငွေ့ရည်ဖွဲ့လို့
ကိုယ့်အတွေးနဲ့ကိုယ် ဖွဲဖွဲလေး ရွာချနေတဲ့ကောင်။။

တော်ပါပြီကွယ်...
အယောင်ဆောင် တန်ဖိုးတွေကိုဘေးဖယ်၊
ပကတိရိုးသားမှုကို ဖက်တွယ်ရင်း၊
ဟိုး..ခပ်ဝေးဝေးမှာ၊ ရေသေအိုင်အဖြစ်နဲ့ပဲ
ငါအနည်ထိုင်တော့မယ်။။။



လေးစားလျက်
အလင်းသစ်

10 comments:

  1. ကဗျာလေးကောင်းလိုက်တာ အလင်းရေ
    ရေးတတ်ပါပေတယ်...
    တော်ပါပြီကွယ်...
    အယောင်ဆောင် တန်ဖိုးတွေကိုဘေးဖယ်၊
    ပကတိရိုးသားမှုကို ဖက်တွယ်ရင်း၊
    ဟိုး..ခပ်ဝေးဝေးမှာ၊ ရေသေအိုင်အဖြစ်နဲ့ပဲ
    ငါအနည်ထိုင်တော့မယ်။။။

    ReplyDelete
    Replies
    1. ယုံကြည်ခြင်း အဝိုင်းအဝန်းကိုမှ
      မုသာဝါဒလေ့ကျင့်ရေးကွင်းအဖြစ် ဖန်တီးခံလိုက်ရတဲ့နောက်
      ကာယကံမြောက် နောက်ဆုတ်တော့မယ်။။
      စကားလုံးလေးတွေက လှတယ် ကိုလင်းရေ

      Delete
  2. ကဗျာလေးကောင်းလိုက်တာ... ကဗျာကောင်းလေးတွေကို တော်တော်လေး ရေးနိုင်တယ်နော်... ချီကျူးပါတယ်...

    ReplyDelete
  3. တ်ာပါပြီကွယ်...
    အယောင်ဆောင် တန်ဖိုးတွေကိုဘေးဖယ်၊
    ပကတိရိုးသားမှုကို ဖက်တွယ်ရင်း၊
    ဟိုး..ခပ်ဝေးဝေးမှာ၊ ရေသေအိုင်အဖြစ်နဲ့ပဲ
    ငါအနည်ထိုင်တော့မယ်။။။
    ကောင်းတယ်ဗျာ အားပေးလျှက်
    ခင်မင်သော လွမ်း

    ReplyDelete
  4. ကောင်းလိုက်တာ အစ်ကိုရာ. ဘယ်လိုရေးချလိုက်တာများလည်း..
    ဒီလို.. ပါပဲ
    သစ္စာတရားမျိုးသုန်းသွားပေမယ့်
    ရင်ထဲမှာရှင်သန်နေတဲ့သစ္စာတရား ကိုတော့.
    သေတဲ့အထိ ထိန်းသွားရအောင်ဗျာ..

    ReplyDelete
  5. အလင်းရေ
    တစ်ကယ်ပဲ ရေသေအိုင်အဖြစ်နဲ့ပဲ
    ငါအနည်ထိုင်တော့မယ်----တဲ့လားကွယ်

    ReplyDelete
  6. ပေါက်ကွဲသွားတာလို့ထင်မိတယ်။ ပြီးတော့ပြန်ထိန်းကြည့်တယ်။ စကားလုံးတွေကြိုက်တယ်ဗျာ။ ကဗျာရဲ့ Flow လေးကို ထိန်းထားတာတော့ သတိပြုမိတယ်။ တစ်ခါတစ်ခါ စကားလုံးတွေနောက်လိုက်ရင်း အဲဒါက ပျောက်သွားတတ်တယ်။ ဒီကဗျာမှာ နှစ်ခုလုံးမျှတယ်။ ဆက်လက်ဖန်တီးနိုင်ပါစေ။

    ReplyDelete
  7. ကဗျာကောင်းလေးကို နှစ်သက်စွာ ခံစားသွားပါတယ်။

    လေးစားစွာဖြင့်
    မြတ်

    ReplyDelete
  8. အဆိပ်ခတ်ခံရတာကို သိလိုက်ချိန်မှာ ဖယ်ထုတ်နိုင်ဖို့ ကြိုးစားမှဆိုတဲ့အသိတရားကို သတိရမိပါတယ် ...

    ReplyDelete
  9. ရွှေဆည်သားJuly 21, 2012 at 7:25 PM

    ကိုယ့်ကိုကိုယ် ငွေ့ရည်ဖွဲလို့
    စကားလုံးတွေ
    အရမ်းလတ်ဆတ်ပါတယ်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။