ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, March 17, 2012

ရင်နာခဲ့ရတဲ့နေ့ (မေမြို့မိုး၏ တဂ်ပို့စ်)

ညီလေး မေမြို့မိုး  က အကိုရေတဂ်လေး ရေးပေးပါဦးလို့ ပြောလို့ရေးလိုက်ပါပြီ။။ ကျွန်တော့်အနေနဲ့ နိုင်ငံရေးနှင့် ပက်သက်၍၄င်း၊ ဘာသာရေးနှင့် ပက်သက်၍၄င်း ဤစာမျက်နှာ များပေါ်တွင် လုံးဝမရေးပါဟု ဆုံးဖြတ်ထားခဲ့ပါတယ်။။ အခုကတော့ ကျွန်တော့် စိတ်ထဲမှာ အရမ်းခံပြင်းမိလို့ ရေးလိုက်တာပါ။။ အဲဒီနေ့က ကျွန်တော်အရမ်းကို ယူကျုံးမရဖြစ်ရပါတယ်။။ တစ်နေကုန် တခြားဘာဆို ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့အောင် ဖြစ်သွားပါတယ်။။ မတ်လ (၁၄)ရက်နေ့ကို တစ်သက်မမေ့အောင် စိတ်ထဲမှာ စွဲထင်သွားခဲ့ပါပြီ။။ မနက်ပိုင်းမှာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာကို (၃၀၀၀၀)တိတိ အပိုထပ်ဆောင်း တိုးပေးတယ်ဆိုလို့ အပျော်တဝက်နဲ့ ကုန်ဈေးနှုန်းတွေ လိုက်မတက်ပါစေနဲ့လို့ ဟာသအတွေးနဲ့ ဆုတောင်းမိ ပါသေးတယ်။။ နောက်ပြီးမှ ထပ်သိရတာက ပြည်ပမှာ ပညာသင်နေသူများ ပညာသင်ကြားနေစဉ် ကာလအတွင်း ထပ်ဆောင်းငွေ ခံစားခွင့်မရှိစေရတဲ့။။ ဒါကိုလည်း ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရပဲလေဆိုပြီး ပြည်တွင်းက တိုးပြီးရသူတွေ အတွက် မုဒိတာ ပွားနေနိုင် ပါသေးတယ်။။

နေ့လည်ပိုင်းမှာ တက်လာတာတွေကတော့ အတော်ကို အသည်းနာဖို့ကောင်းတဲ့ သတင်းတွေ ဖြစ်ပါတယ်။။ အရင်တုန်းက ရေပိုင်နက် အငြင်းပွားလို့ စစ်သင်္ဘောတွေ ဆိုင်ထားတယ်ဆိုတာ ကြားခဲ့ရပြီး နိုင်ငံတကာ တရားရုံးမှာ ကြားနာရင် မြန်မာကနိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။။ တကယ်တမ်း လွင့်ပျံ့လာတဲ့ လင့်စ်တွေမှာတော့ ဘင်္ဂလားကမြန်မာကို အနိုင်ရသွားတယ်တဲ့။။ လူငယ်အတွေး၊ လူငယ်စိတ်နဲ့ ကျွန်တော်တို့တွေ တိတ်ဆိတ် သွားတဲ့အထိ မှင်သက်ခဲ့ရပါတယ်။။ ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့"က"ရတဲ့ အပိုင်းမှာမှ မြန်မာ့သမိုင်း ရိုင်းရလေပြီလားဆိုတဲ့ အတွေးနဲ့ ဒေါသစိတ်တွေလည်း အရမ်းကို ဖြစ်ခဲ့ပါတယ်။။

ညနေပိုင်းမှာတော့ သတင်းတွေပိုပြီး အသေးစိတ်လာပါတယ်။။ အဲဒီအခါမှာတော့ ဘယ်သတင်းကို ယုံရမယ်ဆိုတာ မရေရာတော့ပါဘူး။။ ဘင်္ဂလားကပဲ ဝါဒဖြန့်ပြီး သူတို့နိုင်ပါတယ်လို့ ပြောသလိုလို၊ ဒါမှမဟုတ် တခြားသူတွေကပဲ တမင်ခြေထိုးလိုစိတ်နဲ့ ဘင်္ဂလားနိုင်သွားတယ်လို့ ပြောသလိုလို၊   မြန်မာဘက်ကကျတော့ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်လိုက်တာဟာ တရားမျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ ပြောဆိုကြောင်းတွေ ထပ်တက်လာပါတယ်။။ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက် တရားမျှတသလား၊ မမျှတသလား မသေချာပေမယ့်၊ ဘင်္ဂလားတွေ အာရုံပြောင်းသွားလား မပြောင်းသွားလား မသေချာပေမယ့်၊ FB ပေါ်က ကျွန်တော်တို့ အမျိုးများကတော့ ခွက်စောင်းတွေ ခုတ်နေကြပါပြီ။။ နှစ်ချောင်းတည်း ပါတဲ့ လက်ညှိုးများကို ကိုယ့်ဆီမလာရင်ပြီးရော တန်းနေအောင်ထိုးပြီး ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်လုပ်နေကြပါပြီ။။ အလုပ်မရှိလို့ FB ထဲဝင်ပြီး တက်လာသမျှသတင်း များကို ဝေဖန်၊ဆဲဆိုနေတဲ့သူတွေက ကိုယ့်အမြင် တစ်ခုတည်းနဲ့ တကယ်အလုပ် လုပ်နေတဲ့ သူတွေကို ပုတ်ခတ်နေကြပါပြီ။။ အပြင်တကယ့်လက်တွေ့ အခြေအနေတွင်တော့မသိ FB ပေါ်တွင်တော့ မြန်မာသည် မိအေးနှစ်ခါ နာခဲ့ပါ၏။။ ရေပိုင်နက် ဆုံးရှုံးရုံမက၊ အချင်းချင်း စည်းလုံး ညီညွတ်မှုကိုပါ ဆုံးရှုံးခဲ့ရသည်။။

မည်သို့ပင်ဖြစ်စေကာမူ စိန့်မာတင်မည်သော ရှင်မဖြူကျွန်းသည် မြန်မာပိုင်ဖြစ်ကြောင်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသည်။။ အင်္ဂလိပ်တို့ မြန်မာပိုင် ရှင်မဖြူကျွန်းတွင် အလံစိုက်ထူသဖြင့် စစ်သူကြီး မဟာဗန္ဓုလကိုယ်တိုင် တပ်များကိုကွပ်ကဲ၍ အင်္ဂလိပ်တို့အား ဖယ်ရှားခဲ့ကြောင်း သမိုင်းစာများ တွင်သင်ကြားခဲ့ရဖူးသဖြင့် ထိုသေးငယ်သော ကျွန်းကလေးသည် မြန်မာပိုင်ဖြစ်ကြောင်း ထင်ရှားလှ၏။။  အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို မတရားသိမ်းပိုက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအား လွတ်လပ်ရေးပေးရာတွင် ထိုကျွန်းကိုပါ ထည့်သွင်းပေးလိုက်သည်ဟု မှတ်သားခဲ့ရသည်။။ ယနေ့အချိန်မှာတော့ ဘကြီးတော်မင်းတရား လက်ထက်ကတည်းက မြန်မာပိုင်ဖြစ်ကြောင်း ထင်ရှားခဲ့သည့် ကျွန်းကလေးသည် ၂၀၁၂ ခုနှစ်၊ မတ်လ (၁၄) ရက် (ကျွန်တော်တို့ ခေတ်)တွင် ဘင်္ဂလားပိုင်အဖြစ် ကမ္ဘာသိ တရားဝင် ထည့်သွင်းသတ်မှတ် ခံခဲ့ရလေပြီတည်း။။ ရင်နာဖွယ်၊ ယူကျုံးမရဖွယ် အဖြစ်ပင်ဖြစ်လေတော့၏။။ ဒါတွေကတော့ ကျွန်တော့် တစ်ဦးတည်းရဲ့ အမြင်ပဲဖြစ်ပါတယ်။။ အခုကျွန်တော်က ညီလေး မေမြို့မိုးရဲ့ မေးခွန်းလေးတွေကို တတ်နိုင်သလောက် ဖြေပေးပါ့မယ်။။

(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။။

မြန်မာတွေ လူမညီလို့ ခွေးဟောင်ခံရတယ်လို့ မြင်ပါတယ်။။။

(၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။။

ယူကျုံးမရ ခံပြင်းမိပါတယ်။။ ကျွန်တော်တို့ အချင်းချင်း လှည့်ပတ်အပုတ်ချ၊ အပြစ်တင်နေရင်း စည်းလုံးမှုတွေ ပြိုကွဲနေခဲ့ ကြလို့ အခုလို တပါးတိုင်းပြည်က မခန့်ညားတာလို့ မြင်ပါတယ်။။ "သူ့ကျွန်မခံပြီ" ဇာတ်ကားထဲက အင်္ဂလိပ်ကို အရှုံးပေးလိုက် ရပြီးနောက် လှေသင်း အတွင်းဝန်မင်း (မင်းသားကြီးဦးညွန့်ဝင်း) ပြောသွားတဲ့ "သန်စွမ်းပါလျက်ကယ်နဲ့ အသိဥာဏ် ပညာ ညှိုးနွမ်းခဲ့လို့ ငါတို့ခြေ၊လက်တွေ ကျိုးကြပြီကွဲ့" ဆိုတဲ့ စကားကိုပဲ အထပ်ထပ် ကြားယောင်နေမိပါတယ်။။

(၃) တိုင်းပြည်ကိုချစ်တဲ့ ပြည်သူတစ်ယောက် အနေနဲ့ ဘယ်လို လုပ်သင့်သလဲ..။။ 

ရှင်မဖြူကျွန်းဆိုတာ မဟာဗျူဟာ အချက်အချာ နေရာတစ်ခုမို့ အင်္ဂလိပ်နဲ့ စစ်မက်အဖြစ်ပွားခံပြီး ကာကွယ်ခဲ့ကြောင်း သမိုင်းစာများအရ ဖတ်မှတ်ခဲ့ရဖူးသဖြင့် အခုလို လက်လွှတ်လိုက်ရတာ အရမ်းကို နှမျောမိပါတယ်။။ အဲဒီထက်ပိုပြီး ဘင်္ဂလားလိုနိုင်ငံက ကျွန်တော်တို့ နိုင်ငံကို အနိုင်ရပါတယ်လို့ အကြွေးကြော်ခံရတာ (တကယ်သာဆိုရင်) အရမ်းကို ခံပြင်းဖို့ကောင်းပါတယ်။။  လက်ခံနိုင်စရာလဲ မရှိပါဘူး။။ ကျွန်တော်တို့ မြန်မာတွေ အချင်းချင်း သွေးစည်းသင့်ပါပြီ။။ အချင်းချင်း အပုတ်ချပြီး ငါလုပ်တာမှ ကောင်းတာဆိုတဲ့ အတွေးတွေကို ဖျောက်ဖို့သင့်ပါပြီ။။ ကိုယ့်အချင်းချင်း လှည့်ပတ် အပြစ်တင်ရင်း မလိုအပ်ပဲ အင်အားဖြုန်းတီးတာတွေ ရပ်သင့်ပါပြီလို့ ပြောချင်ပါတယ်။။
ဘိုးဘွားပိုင်အမွေကို ခွေးဆွဲခံလိုက်ရလို့ အသည်းထဲမှာ နင့်နေအောင် နာပါတယ်။။ မင်းပိုင်တဲ့ အရာမို့လား၊ မင်းနဲ့ဆိုင်လို့လားလို့ မေးလာရင်တော့ ပိုင်လည်းပိုင်တယ်၊ ပိုင်လည်းမပိုင်ဘူး။။ ဆိုင်လည်းဆိုင်တယ်၊ ဆိုင်လည်းမဆိုင်ဘူးလို့ ဖြေရပါမယ်။။ ကျွန်တော့်ကိုယ်ပိုင်တော့ မဟုတ်ပါဘူး။။ ဒါပေမယ့် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်လည်း ပိုင်ပါသည်။။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်နှင့် ဆိုင်လည်းဆိုင်ပါသည်။။ ထို့ကြောင့် ရင်နာရပါသည်။။

FB= facebook

10 comments:

  1. အမတို့လည်းမြန်မာပြည်သူအနေနဲ့စိတ်မကောင်းဖြစ်မိပေမယ့်
    ဘာမှမတတ်နိုင်ဘူးလေ...

    ReplyDelete
  2. အစ်ကိုရေးပေးတာ အပိုအလိုမရှိအောင် ပြည့်စုံပါတယ်အစ်ကို. ။ ရေးပေးတာ ကျေးဇူးပါပဲခင်ဗျာ.။

    ReplyDelete
  3. ကိုအလင်းသစ်ရဲ့ ရင်ထဲက ခံစားချက်တွေကို လာဖတ်သွားပါတယ်ဗျာ....

    ReplyDelete
  4. အလင်းရေ
    ကြားရတဲ့သတင်းလေးအတွက်စိတ်မကောင်းပါဘူး
    ဒါပေမယ့်လဲ ဘာမှမသိဘာမှမတတ်တော့ဘာကိုမှ ဝေဖန်နိုင်ခြင်းလဲမရှိဘူးလေ
    အလင်းသိသလောက်တောင်မသိခဲ့ဘူး
    အလင်းရေးသားတာကအရမ်းကိုကောင်းနေတယ်--တဂ်လို့ရေးလိုက်ရတာမျိုးမဟုတ်ဘူးလေ
    ခင်တဲ့ sis jasmine

    ReplyDelete
  5. ထပ်တူခံစားရတယ်...တော်တ်ာစိတ်မကောင်းဘူး

    ReplyDelete
  6. ကျွန်မ သေသေချာချာ ဖတ်သွားခဲ့တယ်။
    နှမြောလိုက်တာဆိုတာကလွဲပြီး ဘာမှပြောပိုင်ခွင့်၊ လုပ်ကိုင်ပိုင်ခွင့်၊ တောင်းဆိုနိုင်ခွင့် မရှိတဲ့ ဘဝကို ကုန်ဆုံးစေချင်လှပါပြီ။

    လေးစားစွာဖြင့်
    မြတ်

    ReplyDelete
  7. လေးစားပါတယ်ဗျာ။ ခံယူချက်ချင်းတူတယ်လို့ ဒီစာဖတ်ပြီးသတိပြုမိပါတယ်။ တစ်ခါတစ်ခါ မြန်မာနိုင်ငံဆိုတဲ့အရိပ်အောက်မှာနေပြီး တလွဲဆံပင်ကောင်းနေတဲ့လူတွေ ရှိနေသေးတာကျွန်တော်တို့ခဏခဏတွေ့နေရတယ်။ အဲဒီအတွက် တိုင်းပြည်နောက်ထပ်ဆုံးရှုံးနိုင်ပါသေးတယ်။ ကျွန်တော်တို့စွမ်းသလောက်ကာကွယ်ကြတာပေါ့ဗျာ။

    ReplyDelete
  8. နိုင်ငံတကာ ပါဝင်တဲ့ အဆုံးအဖြတ်ကို ငြင်းပယ်ဖို့ မလွယ်ပါ ။ သမိုင်းရဲ့လွဲချော်မှုများလို့သာ ဆိုချင်ပါတယ် ...

    ReplyDelete
  9. နယ်ပြန်ရောက်နေချိန် မြန်မာရုပ်သံကနေ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်လိုက်တာဟာ တရားမျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ လွတ်တော်မှာ ရှင်းလင်သွားတာကို ကြည့်လိုက်ရပါတယ်။
    အချင်းချင်း တိုက်ခိုက်ကြတဲ့ နိုင်းငံရေးလောကကို စိတ်မဝင်စားခဲ့ပေမဲ့... ဒီအရေးက တိုင်းပြည်နဲ့လူမျိုးရဲ့ အရေးဖြစ်လို့ အစအဆုံးကြည့်မိပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ဒါဟာ မြန်မာရုပ်သံကလာတဲ့ သတင်းကို အချိန်အကြာဆုံးကြည့်ဖူးတာပါပဲ..။
    မြေပုံကားချပ် သက်သေတွေကို projector နဲ့ရှင်းပြသွားလို့ ဟုတ်နိုးနိုးရှိခဲ့ပေမဲ့.. သမိုင်းသင်ထားဖူးတဲ့ ကျနော်ကတော့ ဒီသတင်းကြောင့် တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။
    လွန်ခဲ့တာတွေကတော့ လွန်ခဲ့ပါပြီ.. နည်းပညာနဲ့ ဓနအင်အား နိုင်ငံတကာကို ဝင်ဆန်နိုင်စွမ်း တွေမှာ အားနဲ့ခဲ့လို ခုလိုဖြစ်ခဲ့ရတာပဲလို့ .... မှတ်လိုက်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေနောက်ထပ် မဖြစ်ရအောင် မြန်မာပြည်ကိုချစ်ကြတဲ့လူတိုင်းမှာ တာဝန်ရှိနေပြီဆိုတာကို နာလည်ချိန်ရောက်ပြီဆိုတာ...ကိုအလင်းသစ်ပြောသလို အားလုံးလက်ခံမယ်ဆိုရင်.....

    ReplyDelete
  10. မြတ်နိုးသူ(MUFL)August 2, 2012 at 2:13 PM

    တိုင်းပြည်ကိုချစ်တဲ့ပြည်သူ
    တစ်ယောက်အနေနဲ့ကိုယ့်ဘက်ကဘာမှ
    မတတ်နိုင်ပေမယ့်ဒီစာလေးကိုဖတ်ပြီးတော့
    ခံစားသွားပါတယ်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။