ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, April 28, 2011

မာယာ၏ ကောက်ကြောင်း(၂)

"ကိုကို စားလေ ဘာတွေတွေးနေတာလဲ။။ လဲ့လေးကြည့်နေတာ ကြာလှပြီ။။ လူနဲ့စိတ်ရော ကပ်ရဲ့လား။။"
ရွှန်းလဲ့ရွှေရည် နှုတ်ခမ်းလေး ဆူပြီး ပြောလိုက်မှ အောင်ဇင်မင်း ဆတ်ခနဲဖြစ်ကာ အတွေးတွေ ပျက်သွားရ၏။။ ဒီနေ့သူတို့ချစ်သူ ၂ ယောက် တိုင်းရင်းသား ကျေးရွာထဲမှာ လျောက်လည်ကြပြီး ဗိုက်ဆာလာသဖြင့် နေ့လည်စာ လာစားနေကြခြင်းဖြစ်သည်။။ အတွေးတွေ ကျွံနေမိတာကို ပြုံးလိုက်မိရင်း အောင်ဇင်မင်း သူ့ရှေ့မှ ခေါက်ဆွဲကြော်ကို စားလိုက်သည်။။ စားနေရင်းမှ တစ်ခုခုကို ဆုံးဖြတ်လိုက်သလို ခေါင်းငြိမ့်လိုက်ရင်း




"လဲ့လေး.. ကိုကိုတစ်ခုပြောမယ်။။ သေချာနားထောင်နော်။။"
"အင်းပြောလေ ကိုကိုရဲ့။။"
ချစ်သူရဲ့ ချစ်စဖွယ် မျက်နှာပေးလေးနဲ့ အပြောကြောင့် မချင့်မရဲ စိတ်ဖြင့် အောင်ဇင်မင်း သက်ပြင်းတစ်ခုကို အပြုံးဖြင့် ချလိုက်မိ၏။။ ပြီးမှ
"ကိုကိုတို့ နှစ်ယောက် ဘဝတစ်ခုကို တည်ဆောက်ဖို့ ဘယ်သူမှ အဆင်သင့် မဖြစ်သေးဘူးနော်။။ ကိုကိုလေ သူများသားသမီးကို လက်ထပ်ယူဖို့ သင့်တင့်တဲ့ ဘဝအာမခံချက်လေးတော့ ရှိနေချင်တယ် လဲ့လေးရယ်။။"
"အင်းပါ ကိုကိုရဲ့။။ အဲဒီတော့ ကိုကိုက ဘယ်လိုလုပ်မို့တုန်း။။ ပြောလေ။။"
မျက်လုံးလေး ထောင့်ကပ်ပြီး ပြောလာသော ချစ်သူသည် ဘဝ၏ ဒဏ်ရာ၊ဒဏ်ချက်တွေ အကြောင်း ဘာမှကို မသိသော ပီဘိ ကလေးငယ်တစ်ယောက်လို ကောင်မလေးတစ်ယောက် ဆိုတာကို သိနေတာမို့ သူသက်ပြင်းကိုပဲ ချလိုက်၏။။ မိဘ၏ အလိုလိုက် ဦးစားပေးမှုတွေနဲ့ ကြီးပြင်းခဲ့သူမို့ သူမဘဝက အခက်ခဲဆိုတာတွေ ကင်းလွတ်နေတာလေ။။ ဘာပဲဖြစ်ဖြစ် ၂ယောက် ဘဝအတွက် သူသေချာကို ရှင်းပြရပေဦးမည်။။
"လဲ့လေး.. ကိုကို နောက်လထဲ စင်္ကာပူကို သွားမယ်။။ အဲဒီမှာ ၂ နှစ်တန်သည် ၃ နှစ်တန်သည် အလုပ်လုပ်မယ်။။ သင့်တင့် လုံလောက်တဲ့ အရင်းနှီးရရင် ပြန်လာမယ်။။ လဲ့လေးနဲ့ လက်ထပ်ပြီး အေးအေးဆေးဆေး နေကြမယ်လေ။။ နော် လဲ့လေး။။"

ဟင့်အင်း ဟင့်အင်းဟု ဆက်တိုက်ကြီး ခေါင်းတခါခါနှင့် ငြင်းနေသော သူမလေးကို အောင်ဇင်မင်း မြတ်နိုးမဝစွာ ငေးကြည့်ရင်း သက်ပြင်းကိုသာ ချလိုက်ရပြန်၏။။ တကယ်ကျ သူလည်းမသွားချင်။။ ပြောပြလိုက်ရင် ခုလိုအဖြေပဲ ထွက်လာမှာကို ကြိုသိနေပြီး မပြောလို့ကလည်း မဖြစ်တော့။။ အကုန်စီစဉ်ပြီး နေလေပြီ။။ တစ်ဘဝလုံးစာအတွက် ၂နှစ်၊၃နှစ်သည် ခဏတာမျှသာ။။ ပြီးတော့ ဒီနေ့ခေတ်သည် အရင်လို မဟုတ်တော့။။ အင်တာနက်မှ နေ့တိုင်းတွေ့လို့ ရကြောင်း၊ စကားပြောလို့ရကြောင်း သူမကို အာပေါက်မတတ် ရှင်းပြလိုက်ရ၏။။ နောက်ဆုံးမှာတော့ မျက်ရည်လေးစစနှင့် သူမ လက်ခံလိုက်ရသည်။။ အောင်ဇင်မင်း သက်ပြင်းရှည်ကိုသာ မှုတ်ထုတ်လိုက်ရသည်။။ စားသောက်ပြီးတော့ သူတို့ အအေးသောက်ရင်း စကားတွေပြော ဖြစ်ကြသည်။။ စလုံးသွားမယ့် အကြောင်းကိုတော့ စကားထပ်မစရဲ။။ စိတ်ပြောင်းသွားမှ အခက်မဟုတ်လား။။ ၃ နာရီလောက် ရောက်တော့ သူမကို ကားဂိတ်လိုက်ပို့ပေးလိုက်သည်။။ သန်လျင်ထိ လိုက်ပို့ရမည်ဟု ဂျီကျ၏။။ ပုခုံးကိုသာ တွန့်လိုက်ရင်း အောင်ဇင်မင်း သူမနှင့်အတူ ကားပေါ် လှမ်းတက်လိုက်ရတော့သည်။။ လဲ့လေးကို အိမ်နားထိလိုက်ပို့ ပေးခဲ့ပြီး သူမတို့လမ်းထိပ်မှ ကားဂိတ်ဆီ လှမ်းထွက်လာခဲ့လိုက်၏။။
"ဟေ့ကောင် အောင်ဇင်မင်း။။ ဘယ်က၊ဘယ်လို သန်လျင်ရောက်လာတာလဲဟ။။"
အသံကြောင့် လှည့်ကြည့်လိုက်တော့ ဇော်မင်းသူငယ်ချင်း ဝင်းအောင်။။ ဇော်မင်း မိတ်ဆက်ပေးထားသဖြင့် ရင်းနှီးနေတာဖြစ်၏။။ လိုက်ပို့တာလေ ဟုပြုံးပြီးပြောလိုက်တော့ ဝင်းအောင်က ရီလိုက်ရင်း လာကွာ ငါကားဂိတ်လိုက်ပို့ ပေးမယ် ဟုပြောသည်။။ ဝင်းအောင် ဆိုင်ကယ်ပေါ် တက်ခွလိုက်ရင်း
"မင်းကရော ဘယ်သွားမလို့တုန်း။။ သွားစရာရှိရင် ငါကရတယ်နော်။။"
လ္ဘက်ရည် သွားသောက်မို့ပါကွာ ဟုပြောရင်း ဝင်းအောင်က မောင်းထွက်လိုက်သည်။။ ကားဂိတ်ရောက်တော့ ကားစောင့်ရင်း ဝင်းအောင်နှင့်အတူ လ္ဘက်ရည်ဆိုင်ထဲ ဝင်ထိုင်လိုက်၏။။
"မင်းတို့ရော အိုကေရဲ့လား။။"
"ခုထိတော့ အိုကေပါတယ်ကွာ။။ နောက်လထဲ ငါစလုံးကို ထွက်မယ်။။ အဲဒီမှာ အလုပ်လုပ်ပြီး အရင်းနှီး ရှာလိုက်ဦးမယ်။။ သူကတော့ အင်တင်တင်ပေါ့ကွာ။။ ဒီမှာပဲ အလုပ်လုပ်ရုံနဲ့တော့ ငါအရင်းနှီး မနိုင်တာနဲ့ပဲ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။။ အဲဒီတော့ ဒီတစ်နည်းပဲ ရှိတော့တာပေါ့။။ သွားတော့ မသွားချင်ဘူးကွာ။။"
ဝင်းအောင်က ပြုံးလိုက်ရင်း အေးပေါ့ကွာ ဟုပြောသည်။။ ပြီးမှ လ္ဘက်ရည်ကို အရသာခံ သောက်လိုက်ရင်း
"မင်းကောင်မလေးက အရင်ကတော့ နာမည်ကြီးကွ သန်လျင်မှာ။။ မင်းနဲ့ညိပြီးမှ အတော်ကို ငြိမ်သွားတယ် သူ့သတင်းတွေ။။ မင်းကို တကယ်ချစ်တယ်လို့ ငါတော့ ထင်တာပဲ။။ မင်းလည်း သူ့ကို ချစ်တယ်ဆိုတော့ ပြီးပြီပေါ့ကွာ။။ မင်းပြည်ပထွက်မယ် ဆိုတော့လည်း ငါကတော့ ဘာမှပြောစရာ မရှိပါဘူး။။ မင်းကောင်မလေးကိုလည်း စိတ်ချသွား ငါတို့ မျက်စိအောက်မှာပဲ ရှိနေတာပါ။။ တကယ်ချစ်တာပဲကွာ အရင်က အကြောင်းတွေကိုတော့ မင်းလျော်ပစ် နိုင်မယ်လို့ ငါယုံပါတယ်။။"
"အရင်ကဆိုတည်းက ပြီးသွားခဲ့ပြီလေ။။ ငါက ဘာလုပ်ဖို့ တတ်နိုင်မှာမို့တုန်း။။ အဲဒါတွေ ငါစိတ်မဝင်စားဘူး ဝင်းအောင်။။ အရေးကြီးတာ ငါနဲ့ချစ်နေတုန်းမှာ ငါ့အပေါ် သစ္စာနဲ့ချစ်နေဖို့ပဲ လိုတာပါ။။ ကျန်တာက အေးဆေး။။"
ဝင်းအောင်က ခေါင်းငြိမ့်လိုက်ရင်း မင်းစိတ်ချသွာပါ။။ မင်းက အခုငါ့သူငယ်ချင်း ဖြစ်နေပြီပဲ။။ တစ်ခုခုဆို မင်းဆီ ငါအရင်ဆုံး လှမ်းပြောမှာ မင်းစိတ်ချ။။ ကဲ ကားလာနေပြီ လိုက်သွားလိုက်တော့ ဟုပြောသည်။။ အောင်ဇင်မင်း လက်ပြလိုက်ရင်း သွားပြီ ဝင်းအောင်ကြီးဟု အော်ရင်း ကားပေါ် လှမ်းတက် လိုက်ပါသွားလိုက်တော့သည်။။။







အောင်ဇင်မင်း စင်္ကာပူကို ရောက်တာပင် တစ်နှစ်ပြည့်တော့မည်။။ ငွေစုမိသည့် နှုန်းကလည်း မနည်းလှသလို သူ့ရင်ထဲမှာ ကျဉ်ခတ်နေသည်ထိ အလွမ်းဒဏ်ကလည်း မသက်သာလှ။။ ချစ်သူနှင့် အလုပ်ပြန်ချိန်တိုင်း အင်တာနက်မှာ နေ့တိုင်းတွေ့ခွင့် ရနေပေမယ့် လူချင်းဝေးနေရခြင်းမှာ သူဘယ်လိုမှ မပျော်နိုင်။။ သို့သော်လည်း အနာဂတ်အတွက်တော့ သူအနာခံနေရဦးမည်။။

ဒီနှုန်းနှင့် ငွေကိုစုဆောင်းပါက နောက်(၂)နှစ်လောက် ထပ်စုလျှင် လုပ်ငန်းတစ်ခုအတွက် လုံလောက်သော အရင်းအနှီးကို အသေအချာ ရရှိမည်ကို သူတွက်ဆပြီး ဖြစ်နေပြီလေ။။ ချစ်သူနှင့် ၂ ယောက်ဘဝ တည်ဆောက်ချိန်မှာ မကြောင့်မကျပဲ လုံးဝ အဆင်ပြေနေစေချင်သည်။။ ဒီနေ့တော့ အလုပ်မှ စောစောပြန်လာ ရသဖြင့် နစ်လေးဖွင့်ထားပြီး ညနေစာစားဖို့ ပြင်ဆင်နေ လိုက်သည်။။ ထိုစဉ်မှာပင် ကွန်ပျူတာဆီမှ စာတက်လာကြောင်း အသံထွက်လာသဖြင့် ထမင်းစားနေရင်းမှ ကွန်ပျူတာရှေ့သို့ သူရောက်သွားတော့၏။။ ချစ်သူရောက်လာပြီ ဆိုမှတော့ ထမင်းလည်းမလို၊ ဟင်းလည်းမလို သူ့အတွက် အလိုလို ဗိုက်ပြည့်ပြီး အားတွေပြည့်ခဲ့ရတာလေ။။

ကိုကိုရေ ဂျီတော့ ခေါ်လိုက်မယ်နော် ဟုစာလေး တက်လာပြီး ချိန်မှာတော့ သူ့ဆီသို့ အဝင်ကော ဝင်ရောက်လာခဲ့လေပြီ။။ သူလက်ခံလိုက်ချိန်မှာတော့ တစ်လောကလုံးမှာ တန်ဖိုးအထားရဆုံး ချစ်သူ့အသံ ချိုလွင်လွင်လေးကို နားဆင်ခွင့် ရပြီပေါ့။။ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်ချစ်၊ ဘယ်လိုလွမ်း ကြောင်းတွေ ပြောမဆုံးနိုင် ဖြစ်နေကြကာ တစ်ခါတစ်ခါမှာတော့ သူမ အသံက ငိုသံလေးပင် စွက်လာတတ်သေးသည်။။ VZO မှ သူမမျက်နှာလေးကိုလည်း အရိပ်လို ကြည့်နေရသေးသည်။။ နေမကောင်းဖြစ်နေလေမလား အတွေးများဖြင့် သတိပေးရတာလည်း အခါခါ။။ အဝေးမှာရောက်နေတာမို့ သူ့ကို စိုးရိမ်ကြောင်း ချစ်သူက ပြောပြချိန်တွေမှာတော့ အခက်ခဲ၊ဒုက္ခ ဟူသမျှတို့သည် ပိန်းကြာဖက်မှာ ရေမတင်သကဲ့သို့ အဝေးဆုံးကို လွင့်ထွက် ပျောက်ကွယ်ခဲ့ရတာဖြစ်သည်။။ တစ်ယောက်မျက်နှာ တစ်ယောက် ငေးကြည့် စကားတွေ ပြောနေကြ ရင်းမှပင်
"ကိုကို ပြန်လာခဲ့တော့ကွာ။။ လဲ့လေး အရမ်းလွမ်းနေပြီ။။"
"မဟုတ်ဘူးလေ လဲ့လေးရဲ့။။ ကိုကိုက ပိုလွမ်းတာပေါ့ဗျာ။။ ဒါမယ့် ကိုကိုနောက်ထပ် ၂ နှစ်လောက်ထပ်ပြီး အလုပ်လုပ်ပြီး ပိုက်ဆံစုလိုက်ရင် ကိုကိုနဲ့လဲ့လေး ဘဝအတွက် ခိုင်မာတဲ့ လုပ်ငန်းတစ်ခုကို ကိုကိုတို့ တည်ဆောက်လို့ ရမယ် လဲ့လေးရ။။ လိမ္မာတယ်နော်။။ အရမ်းမဆိုးနဲ့။။"
တစ်ခါတစ်လေမှာ သူမလေးက ထိုကဲ့သို့ပင် တဇွတ်ထိုး စကားတွေ ပြောတတ်တာလေ။။ နားလည်လာသည်ထိ သူမကို အကြိမ်ကြိမ် ပြောပြတိုင်းလည်း နားမလည်လို့ မဟုတ်ဘူးကိုကိုရဲ့ လွမ်းလို့ ဟုပြောတတ်တာလေ။။ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကျွန်တော့် ချစ်သူလေးပါ။။
"ကိုကိုရေ.. လဲ့လေး သူငယ်ချင်းတွေနဲ့ ချောင်းသာကို လိုက်သွားချင်တယ်။။ ၃ ညအိပ် ၄ ရက်လောက်တည်းပါ။။ လဲ့လေး လိုက်သွားချင်လို့ ကိုကို့ကို ပြောတာ။။"
"လဲ့လေးရယ်.. ကိုကိုပြန်လာမှ သွားပါလားနော်။။ လဲ့လေး သွားနေတဲ့ အချိန်တွေ ကိုကို အရမ်းလွမ်းနေရမှာပေါ့။။ မသွားပါနဲ့ လဲ့လေးရယ်.. နော်။။"
ကိုကိုကလည်းကွာ ဟုပြောကာ စိတ်ကောက်သွားပုံ ရ၏။။ ချစ်သူစိတ်ကောက်တော့ သူမနေတတ်။။ လိုက်သွားဖို့ ခွင့်ပြုလိုက် ရတော့သည်။။ ချောင်းသာရောက်ရင် ဖုန်းကို အမြဲဖွင့်ထားဖို့ လွမ်းရင် ဖုန်းဆက်မယ့် အကြောင်းတွေပြောတော့၊ လွမ်းမှ ဆက်ရမှာ မဟုတ်ဘူး၊ နေ့တိုင်း ဖုန်းဆက်ရမယ်ဟု သူမက နှုတ်ခမ်းလေးဆူပြီးပြော၏။။ ထိုအပြုအမူလေး တွေနှင့်ပင် သူမကို အသက်ထက်ပင် ပိုချစ်နေမိတာ ဖြစ်လိမ့်မည်။။။ သို့နှင့်ပင် ရွှန်းလဲ့ သူငယ်ချင်းတွေနှင့် ချောင်းသာသို့ လိုက်သွားပြီး သူ့မှာသာ တစ်နေ့မပြတ် လွမ်းဆွတ်မှုတွေထဲမှာ ဝဲလည်ရင်း ဖုန်းကိုပဲ နေ့တိုင်းဆက်ဖြစ် နေတော့၏။။




အောင်ဇင်မင်း ဒီနေ့အလုပ်ထဲမှာ အဆင်မပြေလှ စိတ်ထဲထွေ ညစ်ညစ်နှင့်မို့ အလုပ်လည်းမတွင်။။ ညနေအလုပ်ကပြန်တော့ ပင်ပန်းသမျှ လန်းဆန်းသွားစေရန် ရေချိုးလိုက်သည်။။ ရေမိုးချိုးပြီး ကွန်ပျူတာကို ဖွင့်ပြီး နစ်ထဲဘယ်သူရှိနေလဲ ဖွင့်ကြည့်တော့ လိုင်းပေါ်မှာ ဇော်မင်းရှိနေတာ တွေ့လိုက်ရသည်။။ သူစာရိုက်ဖို့ပြင် နေတုန်းမှာပင် ဇော်မင်းဆီမှ အဝင်ကော ဝင်လာ၏။။ လက်ခံလိုက်ပြီး ဘာဖြစ်လို့တုန်းဟ ဟုမေးလိုက်တော့ မင်းကို ဝင်းအောင်က စကားပြောချင်တယ် ဆိုလို့ဟ ဟုပြောသည်။။ ဘာများဖြစ်လို့ ပါလိမ့်ဟု တွေးလိုက်ရင်း ပြောလေကွာ ဟုပြန်ဖြေလိုက်၏။။
"အေးကွာ.. အောင်ဇင်မင်း ငါဝင်းအောင်ကွ။။"
"အေး.. ဝင်းအောင်ကြီး ပြောကွာ။။ ဘာအကူညီလိုတုန်းဟ။။"
"ငါ အကူအညီမလိုဘူးဟ။။ မင်းကို ပြောစရာရှိလို့ လာတာ။။ မင်းကောင်မလေး မလာဘူးလား။။"
"သူ ချောင်းသာ သွားတယ်လေ။။ ပြန်မရောက်သေးဘူး ။။"
"သူမနေ့က ညတည်းက ပြန်ရောက်တာ။။ မင်းတကယ်မသိဘူးလား။။"
ဝင်းအောင် စကားကြောင့် သူစိတ်ထဲ တင်းခနဲ ဖြစ်သွားသည်။။ မနေ့က ဖုန်းဆက်တော့ ဖုန်းလိုင်းတွေ ကျနေလို့လားမသိ။။ ဆက်လို့မရခဲ့။။ အိမ်ပြန်ရောက်နေလျှင်လည်း ခဏဖြစ်ဖြစ် ရောက်ကြောင်း စာလေးလာချန် ထားသင့်သည်။။ သူ့မှာတော့ စိတ်တွေပူလိုက် လွမ်းလိုက်ရတာ ဟုတွေးရင်း မနေ့က ဖုန်းဆက်တော့လည်း မရလို့ မသိလိုက်ဘူးဟ ဟုဝင်းအောင်ကို သူပြန်ဖြေလိုက်သည်။။
"အေးကွာ.. ဒီနေ့မနက် မြို့ထဲဘက်ကို သွားတာတွေ့တယ်။။ ငါမသေချာသေးလို့ ဝင်မပါသေးဘူး အောင်ဇင်မင်း။။ မင်းကောင်မလေးကို မင်းထိန်းနိုင်မယ်လို့ ငါမျှော်လင့်တယ်ကွာ။။"
"ဘာဖြစ်လို့တုန်းဝင်းအောင်။။ လေဖမ်းဒါန်းစီး အာဖရီး စကားတွေ ငါမကြိုက်ဘူးနော်။။ မသေချာပဲ မပြောပါနဲ့ဟ။။ သူ့သိက္ခာ ကျတာပေါ့။။"
"ငါ မသေချာသေးလို့လို့ စကားခံထားပါတယ်ကွာ။။ မင်းက ငါ့သူငယ်ချင်း ဖြစ်နေပြီ အောင်ဇင်မင်း။။ တခြားသူဆို ငါဝင်ပါဖို့ စိတ်ကူးကိုမရှိတာ။။ မင်းငါ့စေတနာကို နားလည်ပေးပါ။။ သေချာရင် မင်းကို ငါထပ်ပြောမယ်။။"
အေးပါကွာ ဟုသာ ပြန်ပြောနိုင်တော့သည်။။ ဝင်းအောင်က မလိုပဲ စကားသိပ်ပြောတာ မတွေ့တော့ ရွှန်းလဲ့ တစ်ခုခုများ တလွဲ လုပ်ထားလေပြီလား။။ ဇော်မင်းနှင့် စကားတွေ ဆက်ပြောဖြစ်နေပေမယ့် အောင်ဇင်မင်း စိတ်မပါတော့။။ အတွေးတွေက ဟိုဟို ဒီဒီ လျောက်ရောက်နေသည်။။ ထိုနေ့က လဲ့လေး လိုင်းပေါ်တက်မလာခဲ့။။ ဖုန်းဆက်တော့လည်း ဖုန်းက ပျက်နေတာလားမသိ။ သူ့စိတ်တွေထဲ ပူလောင် ပင်ပန်းလွန်းစွာဖြင့် ထိုညကို ဖြတ်သန်းလိုက်ရတော့သည်။။




"လဲ့လေး.. တစ်နေ့က ညတည်းက ပြန်ရောက်တာဆို။။ မနေ့ကတုန်းက ဘယ်ကို သွားသေးလဲ။။"
သူ့အမေးကြောင့် ရွှန်းလဲ့မျက်နှာ ပျက်သွားတာ သတိထားမိသည်။။ ပြီးတော့မှ မျက်နှာကို ပြင်လိုက်ရင်း ဟုတ်တယ်လေ ကိုကိုရ လဲ့လေးတစ်နေ့က ညတည်းက ရောက်တာဟု ဘာမှ မထူးဆန်းသလို ပြန်ပြောသည်။။
"ဒါဆို မနေ့က တစ်နေ့လုံး ကိုကို ဖုန်းဆက်လို့ မရတာသိနေတာပဲ ဘာလို့ လိုင်းပေါ် ခဏလေးတောင် တက်မလာတာလဲ။။ ဘယ်တွေသွားနေလို့တုန်း လဲ့လေး။။"
"ရန်ကုန် ခဏသွားတာပါ ကိုကိုရ။။ ချောင်းသာမှာ ရိုက်လာတဲ့ ဓာတ်ပုံတွေ သွားကူးတာလေ။။"
"ဘယ်သူနဲ့ သွားတာလည်း လဲ့လေး။။"
ရွှန်းလဲ့ မျက်နှာက တစ်ခုခုကို ဖုံးကွယ်ထားတာ သူသတိထားမိလိုက်သည်။။ သူငယ်ချင်းနဲ့ သွားတာပါဆိုသော သူ့စကားမှာ တစ်ခုခုကို မလုံသလိုဖြစ်နေလေသလား။။ ဆက်ပြောလာသော သူမစကားတွေက သူ့ရင်ထဲက အပူကို ဆီလောင်းပေးနေသလို။ ရန်ကုန်သို့ သူနဲ့တစ်ကျောင်းတည်း အတူတက်ခဲ့သော ငယ်သူငယ်ချင်း ဝေလင်းနှင့် အတူသွားပြီး ဓာတ်ပုံကူးခဲ့တာဖြစ်ကြောင်း၊ သူတို့ ချောင်းသာမှာ ရိုက်ခဲ့သော ဓာတ်ပုံတွေကို ရွေးချယ်ပြီး ကူးဖို့ အတူတူသွားခဲ့တာဖြစ်ကြောင်း ရှင်းပြနေသည်။။ သူဘာမှ ဆက်ငြင်းချင်စိတ်မရှိတော့။။ သိပ်ပြီး အစာတော့မကျေ။။ ဆက်ပြောဖြစ်တဲ့ စကားတွေမှာ တစ်ခုခုလိုနေသလို ခံစားနေရ၏။။ ဘာမှန်းတော့ သေချာမသိခဲ့။။ ခဏနေတော့ ရွှန်းလဲ့က ပြန်တော့မယ်ဟု ပြောကာ ပြန်သွားတော့သည်။။ အောင်ဇင်မင်းရင်ထဲ ဘာကို အလိုမကျမှန်းမသိသော အတွေးတွေနှင့် ကုတင်ပေါ် ပစ်လှဲလိုက်၏။။ နဖူးပေါ် လက်တင်ပြီး ပြန်စဉ်းစားကြည့်တော့ ရွှန်းလဲ့ သူ့ကို အတော်ချစ်တယ်ဆိုတာ သုံးသပ်မိပြန်သည်။။ စလုံးကို စရောက်ကတည်းက ခုချိန်ထိ လဲ့လေး သူနဲ့နေ့တိုင်း အင်တာနက်မှာ လာတွေ့ရှာတာလေ။။ နေမကောင်းရက်နဲ့တောင် မတွေ့ရရင် မနေနိုင်လို့ ကိုကိုရဟု ပြောကာလာဖြစ်အောင် လာရောက်ခဲ့တာလေ။။ တစ်ခါတစ်လေ သူကလည်း မပြန်ချင်သေးတာ၊ ကိုယ်က မပြန်စေချင်သေးတာတွေနဲ့ သူမရဲ့ အိမ်ပြန် ချိန်တွေသည် ည ၉ နာရီ၊ ၁၀ နာရီထိ မိုးချုပ်ခဲ့တာဖြစ်သည်။။ ခုဆို ရွှန်းလဲ့ အိမ်ကလည်း သူ့ကိုသိနေပေပြီ။။ အခက်အခဲ ဘာဆိုဘာမှမရှိ။။ သူဒီကပြန်ရင် လက်ထပ်ပြီး ၂ ယောက်ဘဝ တည်ဆောက်ရုံသာ။။ ဒီလိုပြန်တွေးမိတော့ မလိုအပ်ပဲ သူမကို သံသယတွေ ဝင်သလို ဖြစ်လေပြီလားဟု တွေးကာ ချစ်သူကို သနားသွားမိ၏။။ နောက်နေ့လာမှပဲ သေချာပြန်ချော့ရပေဦးမည်။
"ကိုကို လဲ့လေး ဒေါ်ဒေါ် ပါလာတယ်။။ ကိုကိုနဲ့ စကားပြောချင်လို့တဲ့။။"
ဟမ်ဟု အသံထွက်လာသည်ထိ အောင်ဇင်မင်း လန့်သွားသည်။။ လူကြီးတွေနဲ့ အပေါက်လမ်းတည့်အောင် သူစကားပြောဖူးခြင်း မရှိခဲ့ဘူးလေ။။ အေးအေးဟု ပြောလိုက်ပြီး ဟန်ကိုယ့်ဖို့ဆိုသော ထုံးနှလုံးမူလျက် ဟုတ်ကဲ့ အန်တီပြောပါခင်ဗျာဟု ရိုရိုသေသေ ပင်ပြောလိုက်၏။။
"အေးကွဲ့ မောင်အောင်ဇင်မင်း အန်တီပြောစရာရှိလို့ကွယ်။။ တခြားတော့ မဟုတ်ပါဘူး တူမလေးနဲ့ မင်းနဲ့ကိစ္စပေါ့။။"
ဟုတ်ကဲ့ပြောပါခင်ဗျာဟု ပြောလိုက်သော သူ့အသံမှာ အဖျားတုန်ခတ်နေကြောင်း ဘာသာသိ၏။။ ဘာပြောမလို့ပါလိမ့် မင်းလိုကောင်နဲ့ ငါတို့တူမကို သဘောမတူဘူးလို့သာ ပြောလိုက်ရင်တော့ သေပြီပဲလေ။။
"ဒီလိုကွယ် တူမလေးက မင်းနဲ့ နေ့တိုင်း လာလာပြောနေတော့ ပတ်ဝန်းကျင်က ကြည့်လာကြပြီလေ။။ မကောင်းဘူးပေါ့။။ အဲဒီတော့ အန်တီပြောချင်တာက မင်းအိမ်ကပေါ့ တူမလေးကို လာပြီး ကြောင်းလမ်းတဲ့ သဘောပေါ့ လူကြီးချင်း စကားလာ ကမ်းလှမ်းစေချင်တယ်။။ အဲလိုဆိုရင် ပတ်ဝန်းကျင်ကလည်း အကြည့်လွတ်တာပေါ့။။ မင်းတို့ အတွက်အန်တီက ပြောတာပါ။။"
ရွှန်းလဲ့ အဒေါ်ပြောတာတွေက တကယ်ကို လက်တွေ့ဆန်နေတာမို့ သူသေချာတွေးကြည့်လိုက်မိသည်။။ ဟုတ်တာပေါ့ လဲ့လေး အတွက် သူထည့်မတွက်ခဲ့ဖူးတာပါလား။။ ခုဆို သူမကို ပတ်ဝန်းကျင်က ဘာတွေပြောနေပြီလဲ။။ အတွေးနဲ့အတူ
"ဟုတ်ကဲ့ပါအန်တီ ။။ အန်တီပြောတာ တကယ်ကို ဖြစ်သင့်ပါတယ်။။ ကျွန်တော် လက်ခံပါတယ်။။ ကျွန်တော်က ဒီမှာဆိုတော့ အိမ်က ဘာပြောမလဲ ကျွန်တော်မသိသေးလို့ပါ။။ အိမ်ကို ကျွန်တော် ဖွင့်ပြောပြီး အန်တီတို့ ဖြစ်စေချင်သလို ဖြစ်အောင်လို့ ကြိုးစားပေးပါ့မယ်။။"
သူမပါပဲ ရွှန်းလဲ့အိမ်ကို သွားပေးဖို့ အဖေရော အမေရောကို ဘယ်လိုပြောရမလဲ တွေးရင်း ရင်ထဲပိုပြီး မောဟိုက်သွားသည်။။ လူနှစ်ယောက်ဘဝ ပေါင်းစပ်ဖို့က ဒီလိုတွေလည်း ရှိနေသေးတာပါလား။။ ရွှန်းလဲ့ အဒေါ်က အေးပါကွယ် ဆက်ပြောကြဦးဟု ဆိုကာ ဘေးမှထွက်သွားတော့ ရွှန်းလဲ့က
"ကိုကို.. အန်တီပြောတာကို စိတ်ထဲ သိပ်မထားနဲ့နော်။။ ကိုကို အဆင်ပြေမှပါ။။ အတင်းကြီး လာပြောခိုင်းတာ မဟုတ်ပါဘူး။။ ကိုကို့ဘက်မှာလည်း ချက်ချင်းကြီး အဆင်မပြေဘူးဆိုတာ လဲ့လေး နားလည်ပါတယ်ကိုကို။။"
ချစ်သူရဲ့ စကားကြောင့် ပြုံးလိုက်ရင်း အေးပါ လဲ့လေးရ ကိုကို့တာဝန် ထားစမ်းပါ။။ ယုံတယ်မလား ကိုကို့ကို ဟုမေးလိုက်၏။ သူမမျက်နှာ အပြုံးရိပ်ကို မြင်တော့ ရင်ထဲက အမောတွေ အဝေးသို့ လွှင့်စင်သွားပြန်တော့သည်။။ သြော် အချစ်က လူတွေကို ဒီလိုပဲ အမျိုးမျိုး ပြုစားနိုင်တာပါလား။။။





အလုပ်မှ ပြန်ရောက်တည်းက ကွန်ပျူတာလေးဖွင့်ပြီး သီချင်းနားထောင် အပမ်းဖြေနေလိုက်သည်။။ ထိုစဉ်မှာပင် လိုင်းပေါ်သို့ တက်လာသော နစ်လေးတွေထဲမှာ ဝင်းအောင်၏ နစ်ကို တွေ့လိုက်ရသည်။။ ကောင်ကြီး နေကောင်းလားဟဟု စာလှမ်းရိုက် လိုက်တော့ မင်းဆီလာတာကွ ဟုပြန်ဖြေသည်။။ ဘာများလဲဟု အောင်ဇင်မင်း ကောခေါ်လိုက်၏။။
"ဟေ့ကောင် အောင်ဇင်မင်း။။ ငါသေချာလို့ပြန်တက်လာတာ။။ မင်းကောင်မလေး မင်းအပေါ် သစ္စာမရှိဘူး။။ အဲဒါလုံးဝမမှားတဲ့ အချက်ပဲ။။ ငါ့အသက်နဲ့ အာမခံတယ်။။"
ဝင်းအောင်၏ စကားကြောင့် တစ်ကိုယ်လုံးထူပူပြီး သူဘာဆက်ပြောရမှန်းမသိ။။ အသက်နဲ့တောင် အာမခံတယ်ဆိုတော့ ဝင်းအောင်ကလည်း မသေချာပဲ ပြောမှာမဟုတ်။။ ဘာဖြစ်လို့တုန်း ဝင်းအောင်ရာ ဟုမေးလိုက်တော့
"မင်းဆီ သူလာတဲ့အချိန်ကျရင် မေးကြည့်လိုက်။။ မနေ့က ညနေ ၅ နာရီကျော်လောက် ကျိုက်ခေါက်ဘုရားရှေ့က ညောင်ပင် ကြီးဘေးမှာ ဘယ်သူနဲ့ ရှိနေလဲ မင်းမေးကြည့်လိုက်။။ အေး.. သူငယ်ချင်းတွေပါလို့ သူက ငြင်းရင်တော့ မင်းကငါ့ထက် အတွေးအခေါ်၊ အသိဥာဏ်မှာ သာလို့ ပြည်ပထိ ထွက်ပြီး အလုပ်လုပ်နေတာပါ။။ တွေးကြည့်ပေါ့ကွာ သံလျင်မြို့နဲ့ ကျိုက်ခေါက်ဘုရားရဲ့ အကွာအဝေး။။ သူတို့ရှိနေတဲ့ အချိန်။။ ငါ့စကားတိုင်းအတွက် ငါတာဝန်ယူတယ်။။ သူမကျေနပ်လို့ရှင်းချင် တယ်ဆိုရင်လည်း ငါရှင်းပေးလို့ရတယ်။။ အဲဒါပြောချင်လို့ တက်လာတာကွာ။။"


အောင်ဇင်မင်း ဘာဆက်ပြောရမည်မသိတော့။။ ဘာဆိုဘာမှ မပြောနိုင်တော့။။ ဝင်းအောင်က နောက်ထပ် ပြောစရာရှိတာများ ထပ်ပြောနေပြီး အတော်ကြာမှ သွားတော့မယ် ငါအလုပ်ရှိသေးတယ်ကွာဟု ဆိုကာ အကောင့်ကို အောက်ပြီး ပြန်သွားလေပြီ။။ ခဏနေတော့ ရွှန်းလဲ့အကောင့်လေး တက်လာသည်။။ အောင်ဇင်မင်းစိတ်ထဲ တကယ်ကို တမျိုးကြီးဖြစ်နေသည် ကျန်တာ အကုန်ခွင့်လွှတ်လို့ရပေမယ့် သစ္စာမရှိခြင်းကိုတော့ သူလုံးဝကို မသတီတော့။။ ကိုယ်တိုင်လည်း သူမအပေါ် သစ္စာထားခဲ့ပါရက်နဲ့ လုပ်ရက်လေခြင်းဟု တွေးမိတော့ သူမကို အသည်းထဲကနေကို တင်းသည်။ ရွှန်းလဲ့ရွှေရည်ကတော့ ဘာမှမသိသလိုလိုနှင့် ကိုကိုရေ ဟုစာလှမ်းရိုက်လာသည်။။ ပြီးတော့ ကောခေါ်လာ၏။။
"ကိုကို လဲ့လေးရောက်ပြီ။။"
အောင်ဇင်မင်း စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီး
"လဲ့လေး.. ကိုကိုတစ်ခုမေးမယ်။။ ကိုကို လိမ်တာကို မကြိုက်ဘူးနော်။။ လဲ့လေးကိုယ်တိုင် ပြောတာကိုပဲ ကိုကိုသိချင်တယ်။။"
သူမ ခဏမျှ ငြိမ်သွားသည်။။ ပြီးမှ ကိုကိုမေးလေဟု ပြန်ပြောလာ၏။။
"မနေ့က ညနေက လဲ့လေး ကျိုက်ခေါက်ဘုရားရှေ့မှာ ဘယ်သူနဲ့ရှိနေလဲ။။"
"သြော်.. ကိုကို့ကို ဘယ်သူပြောတာလဲ။။ ဟုတ်တယ် လဲ့လေးတို့ သူငယ်ချင်းတွေ ဘုရားသွားဖူးတာလေ။။"
"သူငယ်ချင်းတွေ မဟုတ်ပါဘူးလဲ့လေးရ။။ ဘုရားရှေ့ ညောင်ပင်ကြီးဘေးမှာကို ပြောတာ။။"
ရွှန်းလဲ့ ခဏမျှ စဉ်းစားသလိုလုပ်နေပြီးမှ
"သြော်..ဝေလင်းနဲ့ လဲ့လေး စကားပြောနေတာပါကိုကိုရ။။ သူငယ်ချင်းတွေက ဘုရားထဲမှာ ကျန်နေခဲ့လို့။။"
ဝင်းအောင် စကားတွေ မမှားဘူးဆိုတာ သေချာလေပြီ။။ ရွှန်းလဲ့ ဘယ်လိုပင်ပြောပြော သူမစကားထဲမှ သူမြင်နေရတာက ထိုသူမ၏ သူငယ်ချင်းဆိုသူများက ဝေလင်းနှင့် လဲ့လေးကို ဝိုင်းလှော်ပေးနေကြသူများဆိုတာဖြစ်သည်။။ ရွှန်းလဲ့ကတော့ သူမတို့ သူငယ်ချင်းတွေဟုသာ တွင်တွင်ငြင်းနေလေ၏။။ ဝင်းအောင်ကလည်း သေချာကိုပြောသွားတာဖြစ်သည်။။ ဝေလင်းနှင့် လဲ့လေးက သာမာန်မကတော့သော အနေအထားဟု အသက်နဲ့အာမခံပြီးပြောသွားခဲ့တာလေ။။ မသေချာပဲ ပြီးစလွယ်ပြောသောသူထဲမှာ ဝင်းအောင် မပါတာကိုတော့ သူသိသည်။။ ထို့ကြောင့် သေချာလို့လားလဲ့လေး နည်းနည်းလေးမှ မပိုဘူးလားဟု ထပ်မေးလိုက် သည်။။ ထိုအခါကျမှ
"ဟုတ်တယ် ကိုကို။။ သူလဲ့လေးကို ပရိုပို့စ် လုပ်ထားတယ်။။ ဒါပေမယ့် လဲ့လေး သူ့ကိုမချစ်ပါဘူး။။ ကိုကိုရှိနေတာပဲ။။"
"သူ ပရိုပို့စ်လုပ်တာကို လဲ့လေးက ကိုကို့ကို ဘာလို့မပြောတာလဲ။။ ပြီးတော့ ဘယ်လိုတုန့်ပြန်ထားလည်း။။ အပြတ်ငြင်းလိုက် တာလား။။"
သူ့အသံမှာ ဒေါသသံပါနေလေပြီ။။ ပိုဆိုးတာကတော့ သူက ငယ်သူငယ်ချင်းမို့ အပြတ်ကြီးတော့ မငြင်းလိုက်ကြောင်း လဲ့လေး ပါးစပ်ကနေ ပြောလာတာကို ကြားလိုက်ရချိန်မှာပါ။။ သွားပြီ လဲ့လေးက သူအမုန်းဆုံးဆိုသော အလုပ်ကို တကယ်ကို လုပ်နေပြီ ဆိုတာ အသေချာကိုသိလိုက်၏။။ လောကမှာ သူ့ကို တခြားသူနဲ့ နှိုင်းယှဉ်တာလည်းမကြိုက်၊ အားလုံးတည်းက ရွေးချယ်တာ ကိုလည်းလက်မခံနိုင်။။ ခုတော့ သူ့အချစ်ဆုံးသူက သူအမုန်းဆုံး အပြုအမူကို ပြုနေလေပြီ။။ သစ္စာမရှိသူကို သစ္စာတရားက ဒဏ်ခတ်တတ်တယ်ဟု ခံယူထားသော်လည်း အခုတစ်ခါ သစ္စာမဲ့သူက ချစ်သူအရင်းခေါက်ခေါက်။။ အောင်ဇင်မင်း ဒေါသစိတ် အထွဋ်ထိပ်ထိ ရောက်လေပြီ။။
"အဲဒါ မင်းကိုကို့ကို ချစ်တာတဲ့လား လဲ့လေး။။ ကိုကိုဘာကို မကြိုက်ဘူး။။ ဘာကိုမုန်းတယ်ဆိုတာ မင်းအသိဆုံးပါကွာ။။ခုတော့ မင်းဘာလို့ အဲလို လုပ်ရက်ရတာလဲ။။"
"ကိုကို့ကို ဘယ်သူလာပြောလဲဆိုတာ လဲ့လေးသိတယ်။။ လဲ့လေး သူနဲ့ရှင်းမယ်။။"
"မလိုပါဘူးကွာ။။ တစ်ရှက်ကနေ နောက်တစ်ရှက် အကွဲမခံနိုင်ဘူး။။ အေးပေါ့လေ ချစ်သူကို ကိုယ့်ဘက်မှာရှိနေအောင် ငါကမှ မထိန်းထားနိုင်တာ သူများလုတာ ဘာပြောစရာရှိမတုန်း။။ လူတွင်ပါလို့ နွားကျားကိုက်တာ။။ ဝေလင်းရေ မင်းတော်တယ်။။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးကွ။။"
ရင်ထဲမှာ မွမ်းကျပ် တင်းနေတာမို့ သူအော်ပြောလိုက်ပြီး အကျယ်ကြီး ရယ်ချပစ်လိုက်သည်။။ လဲ့လေးက ငိုရှိုက်လိုက်ရင်း
"ကိုကို လဲ့လေးနဲ့သူက တကယ်သူငယ်ချင်းတွေပါ။။ ကိုကိုဘာကို မုန်းတယ်ဆိုတာ လဲ့လေးသိပါတယ်။။ ကိုကိုတကယ်လို့ လဲ့လေးကို အဲလို ထင်တယ်ဆိုရင် ကိုကိုစောင့်ကြည့်ပါ။။ လဲ့လေး ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ မချစ်တဲ့အကြောင်းကို တစ်သက်လုံး အိမ်ထောင်မပြုပဲ သက်သေပြမယ်။။ လဲ့လေး ကိုကို့ကိုပဲ ချစ်တာပါ။။"
မဖြစ်နိုင်တာ မပြောစမ်းနဲ့ကွာ ဟုပြောလိုက်တော့ သူမ သည်းထန်စွာ ငိုကြွေးလေပြီ။။ ပြီးတော့မှ ကိုကို လဲ့လေးစကားကို လုံးဝကို အယုံကြည်မရှိတော့တာပါလား။။ စောင့်ကြည့်ပါကိုကိုရယ်။။ လဲ့လေး ဘယ်သူ့ကိုမှ မယူတော့ဘူး စိတ်ချပါ။။ လဲ့လေးချစ်တာ ကိုကိုတစ်ယောက်တည်းပါဟု ပြောရင်း ငိုကြွေးနေသော သူမလေးကို သူဘာပြောရမှန်းမသိစွာ ငေးကြည့်နေမိသည်။

ခဏနေတော့ လဲ့လေး ပြန်လိုက်ဦးမယ် ကိုကို ဟုပြောကာ သူမ အကောင့်တွေ အောက်ပြီး ပြန်သွားလေတော့သည်။။သြော်.
ခုတာ့လည်း အချစ်ဆိုတာ သံရည်ပူတွေပါလား။။ ရင်ထဲပူလောင်မှုကို အပူနဲ့ပဲ ဖြေငြိမ်းရင်း သူနေ့တိုင်းကို အရက်တွေနဲ့ (၂)ပါးသွားနေခဲ့တော့သည်။။။




ညှိနှိုင်းလို့ မပြေလည်နိုင်သေးတဲ့ ပြဿနာတွေကြောင့် သူပြန်လာခဲ့မယ်ဟု ဝင်းအောင်ကိုပြောတော့ မထူးတော့ဘူး ကောင်ကြီး လာမနေနဲ့တော့ဟု ဝင်းအောင်က ပိတ်ပြောသည်။။ မင်းပြန်လာလည်း မထူးတော့ဘူးကွာ အဲလောက်ဆို သဘောပေါက်လိုက်ဟု ဆိုတည်းက သူလည်း အရိပ်ပြ အကောင်မြင်လိုက်ပါသည်။။ ဟိုနေ့တည်းက တက်လာသော ပြဿနာသည် ပြေလည်သော အဖြေဆီသို့ လုံးဝမရောက်ခဲ့ပဲ နေ့စဉ်ရက်ဆက်နီးပါး အဆင်မပြေမှုတွေကြားမှာ ချစ်သူအပေါ် အောင်ဇင်မင်း လုံးဝကို အယုံကြည်မဲ့သွားခဲ့တာပါ။။ ဝင်အောင် ပြောလာသော စကားတိုင်းအတွက် သူမဆီမှာ အလီဘိုင်မရှိတော့။။ သူမကိုယ်တိုင် ကတိတွေပေးပြီး ပြောကြားဖူးသော စကားတို့ကိုလည်း တည်နိုင်မည်မထင်တော့။။ အပျက်အပျက်နှင့် တကယ်ကိုနှာခေါင်းသွေး ထွက်လေပြီ။။ လုံးဝ ညှိနှိုင်းလို့မရတော့သော ဇာတ်လမ်းက တကယ်ကို တစ်ခန်းရပ်တော့မယ်ထင်ပါရဲ့။။ မဖြေရှင်းနိုင်သော ကိစ္စတစ်ခုအဖြစ် ချစ်သူရဲ့ သစ္စာမဲ့မှုက ဖြစ်တည်ခဲ့လေပြီ။။ ရင်မဆိုင်ရဲလို့လား အပျော်ကြူးနေလို့လားမသိ လိုင်းပေါ်သို့ သူမ တက်မလာတာလည်း အတော်ကိုကြာနေခဲ့ပြီဖြစ်သည်။။ အရက်နှင့် စိမ်ထားသော သူ့နေ့ရက်တွေထဲ တကယ်ကိုနေသားမကျ စိတ်တွေက ကယောက်ကယက်နဲ့ အသည်းကွဲခြင်း ဝေဒနာဆိုးကြောင့် အောင်ဇင်မင်း ရုပ်က ညှင်းသိုးသိုးဖြစ်လာသည်ထိ။။။


"ညီမ ဆုံးဖြတ်လိုက်ပါပြီ။။ ကိုယ့်ကို နားမလည်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ထက် ကိုယ့်အနားမှာ အမြဲရှိနေပြီး ကိုယ့်ကို နားလည်ပေးနိုင်တဲ့ သူကို ရွေးလိုက်တော့မယ်။။ ဝေလင်းကို ညီမလက်ထပ်တော့မယ်အကို။။"
အော့လိုင်းကနေ စာလှမ်းရိုက်လာတာဖြစ်သည်။။ သူတွေးဆထားသလိုပဲမို့ မဲ့ပြုံးလေးပြုံးလိုက်ရင်း
"ငါ့ဘက်ကမှားတာပါလဲ့လေးရေ။။ တစ်လောကလုံးနဲ့ မင်းကအမှန်ပဲ။။ ကျေနပ်သလိုသာ လုပ်ပေတော့။။ ငါလဲ နေတတ်သလို ဘဝကိုကျော်ဖြတ်တော့မယ်။။ မင်းစိတ်ချပါ ငါ့တစ်ဘဝတာမှာ မိန်းမတွေအတွက် အပြုံးဆိုတာ မရှိတော့ဘူး။။ တစ်ချိန်က မင်းကိုပေးခဲ့တဲ့ မင်းမရှိရင် တခြားမိန်းကလေးတွေကို ပြုံးတောင်မပြရဘူးဆိုတဲ့ ကတိလည်းတည်တာပေါ့။။ ပြီးတော့ ငါ့တစ်ဘဝ ဘယ်မိန်းမကိုမှ ပြုံးပြချင်စိတ်လဲ မရှိတော့လို့ပါကွာ။။"
ဟုပြန်ရိုက်ပေးလိုက်သည်။။ ထိုနေ့ကနေ နောက်တစ်လတိတိ ကြာတဲ့နေ့မှာ သူမရဲ့ မင်္ဂလာဆောင် သတင်းကိုကြားလိုက်ရ၏။ ဝင်းအောင်ကြီးကတော့ မင်းအတွက် ငါကတော့ ဝမ်းသာတယ် အောင်ဇင်မင်း။။ ဘာလုပ်မလဲကွာ သူကမှ သစ္စာမရှိတာဟု ခပ်သာသာလေး နှစ်သိမ့်စကားဆို၏။။ မချိပြုံးလား စိတ်နာပြုံးလားမသိ ပြုံးတော့ ပြုံးလိုက်မိသည်။။ တော်ပါပြီ မြန်မာကိုလည်း သိပ်ပြီးမပြန်ချင်တော့ စလုံးမှာပဲ အလုပ်လုပ်ရင်း ဘဝကြီးနဲ့ အချိန်တွေကို ခဏနှစ်မြှပ် ထားလိုက်တော့မည်။။ သူ့ရင်ထဲမှာ ပုံမှန်ပြန်တည်ဆောက်နိုင်တဲ့နေ့မှ ပြန်တော့မည်ဟု ဆုံးဖြတ်လိုက်ရင်း ကွန်ပျူတာကိုပိတ် ကုတင်ပေါ် ထိုးအိပ်လိုက်ကာ သက်ပြင်းရှည်ကြီးကို စပါယ်ရှယ် ချလိုက်တော့သည်။။ သြော် ..မိန်းမမာယာ သဲ(၉)ဖြာတဲ့။။ အဲဒီ မာယာကောက်ကြောင်း မှာမှ တည့်တည့်ကြီး တိုးဝင်မိတဲ့အဖြစ်တစ်ခုပါလား။။ အကြွင်းမဲ့သော အချစ်တွေနဲ့ ချစ်ခဲ့ပေမယ့် ကိုယ့်ချစ်သူက ကိုယ့်ကို အကြွင်းတွေနဲ့ ချစ်ခဲ့တာလေ။။ သူ့ချစ်ခြင်းမှာ အကြွင်းရှိနေမှတော့ ဝေးကြတာပဲ ကောင်းပါတယ်လေဟု ဘာသာဖြေတွေးရင်း အိပ်စက်ခြင်းထဲသို့ အတင်းတိုးဝင်လိုက်လေတော့သည်။။။။






လေးစားလျက်
အလင်းသစ်

2 comments:

  1. မာယာ မာယာ မင်းကြောင့် တစ်ချို့ က အရက်ဆိုင်မှာ
    တစ်ချို့ က မင်းကြောင့် ဆေးရုံမှာ
    မာယာ မာယာ... ဟီး သီချင်းထင်တာပဲ..
    အားပေးသွားတယ်နော် လင်းသစ်

    ReplyDelete
  2. မိုက်တယ် လင်းသစ်
    မလိမ္မာဘူးးးးးး:):):)
    ဖြေးဖြေးလုပ်ပါ..အကို..တော်ကြာလိုက်မမှီပဲ နေလိမ့်မယ်...:P:P:P
    အားပေးလျှက်...

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။