ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, May 6, 2011

အမေ

သူမဟာ
ဒီကမ္ဘာမှာ အလှဆုံး
အပြုံးများရဲ့အရှင် နှလုံးသားကဖြူစင်သူ။။။






သူမပေါ့
ရယူလိုခြင်းဆိုတာကိုမသိ
ပေးဆပ်ခြင်းအတိနဲ့ ဘဝကိုရှင်သန်ခဲ့သူ။။။
သူမလေ
မေတ္တာတွေ စုန်စုန်စီးပြီး
ဆန်တက်လာမယ့်ရေစီးကို မမျှော်လင့်တတ်သူ။။။
သူမက
သာမာန်အချိန်မှာ နူးညံ့တဲ့သမီးပျို
သားသမီးအတွက်ဆို အစွယ်ထက်တဲ့ကျားသစ်လိုသူ။။။




သူမကိုယ်ထက်
သားသမီးအတွက်ကို ကြည့်တတ်လွန်းလို့
ထမင်းဝိုင်းတိုင်းမှာ ဟင်းတစ်ခွက်ပျောက်နေတတ်ခဲ့သူ။။။
သူမကလေ
မီးထက်ပူတဲ့ သမီးတွေနဲ့
ကျားထက်ဆိုးတဲ့ သားတွေကို အတိုးချပြီး ချစ်ပြတတ်သူ။။။
သူမအတွက်
စိန်နားကပ်တစ်ရံ ဆိုတာထက်
သားသမီးကကန်တော့တဲ့ ပုံတော်ဖိနပ်တစ်ရံအတွက် ခေါင်းမော့ထားတတ်သူ။။။




သူမရဲ့လက်က
ပုခက်ကိုပဲ လွှဲတယ်
ဒါပေမယ့် ကမ္ဘာကြီးကို အုပ်စိုးတယ်။။။
သူမရဲ့ ကျေးဇူးဂုဏ်က
ကောင်းကင်ထက်ကျယ်ပြီး၊ကမ္ဘာထက် ကြီးတယ်
ဖွဲ့နွဲ့တင်ပြလို့တောင် ပြီးမယ်မထင် လောကတစ်ခွင်စာတင်သူ။။
သူမကိုလေ
မရှိတော့တဲ့သူတွေ သတိရကြပါ
ရှိနေသေးသူတွေ ဂရုစိုက်ကြပါ ကမ္ဘာ့အရှားပါးဆုံးရတနာမို့။။။





သူမပေါ့
လူတိုင်းမှာရှိပေမယ့် လူတိုင်းနဲ့မဆိုင်
လူတစ်ယောက်တိုင်းက တစ်ဦးတည်းသာပိုင်ဆိုင်ခွင့်ရတဲ့သူ။။။
သြော်..သူမဟာ
ကမ္ဘာပေါ်မှာ အလှဆုံး
အပြုံးများရဲ့အရှင် နှလုံးသားကဖြူစင်သူ။။။
ပုခက်လွှဲတဲ့ လက်အစုံနဲ့ ကမ္ဘာကုန်ကျယ်သရွေ့ စိုးမိုးသူ။။။။။။။






(၈.၅.၂၀၁၁ အမေများနေ့သို့ ရည်ရွယ်စိတ်ကူးရင်း အမေနှင့်တကွ ပုခက်လွှဲသော လက်အစုံပိုင်ရှင်တို့အား ဦးညွတ်၊ရိုကျိုးလေးစားမြတ်နိုးစွာဖြင့်။။။။။)


လေးစားလျက်
အလင်းသစ်

10 comments:

  1. အရိုးဆုံးသည် အမြဲတမ်း ဆန်းသစ်၏

    ဆိုတဲ့ စကားအတိုင်း...ပဲလင်းသစ်

    စကားလုံးတွေက ရိုးရိုးလေးပဲ

    အမြဲတမ်းဆန်းသစ်နေတာလဲ " အမေ " ဆိုတဲ့

    ဝေါဟာရ တစ်ခုကြောင့်ပဲ ထင်ပါတယ်...။

    အားပေးလျှက်ပါ...လင်းသစ်။

    ReplyDelete
  2. ကဗျာလေးကောင်းလိုက်တာ
    ကူးလို့ရမလားဟင်

    ReplyDelete
  3. ကဗျာလေး ဖတ်သွားတယ် လင်းသစ်ရေ...
    အရမ်းကောင်းတယ်... အမေဆိုတဲ့ စကားလုံးက
    ဘယ်အချိန်ကြားကြား အမြဲဆန်းသစ်နေတယ်နော်..

    ReplyDelete
  4.ှStringlive ရဲ့ Facebook Wall မှာ Share ထားလိုက်ပါတယ် ။ Knowledge Sharing ပဲ လုပ်နေတဲ့ အတွက် တခြား အရာတွေ မတင်ဖြစ်အောင် အမြဲ ကြိုးစားခဲ့ပေမယ့် အမေ အကြောင်းကို တော့ အထူး အစီစဉ် အနေနဲ့ တင်ပေးချင်လို့ပါ ။

    အရာရာ အဆင်ပြေ အောင်မြင်ပါစေဗျာ ။

    ReplyDelete
  5. အားပေးမှုကို အထူးကျေးဇူးတင်ပါတယ်။။။ ကျွန်တော် ရေးတဲ့အကြောင်း
    လေးဖော်ပြပြီး ကူးယူနိုင်ပါတယ်ဗျ။။။

    ReplyDelete
  6. ကဗျာလေး ပြန်လာဖတ်သွားပါတယ်၊
    မအားတာနဲ့ မြန်မြန်ဖတ်၊ ကွန်မန့် မချန်ထားခဲ့နိုင်တာများပေါ့။

    သူမကိုလေ
    မရှိတော့တဲ့သူတွေ သတိရကြပါ
    ရှိနေသေးသူတွေ ဂရုစိုက်ကြပါ ကမ္ဘာ့အရှားပါးဆုံးရတနာမို့။။
    ဟုတ်တယ် .. ဂရုစိုက်ရမှာ။
    အလင်းသစ်ရဲ့ မေမေလည်း ချမ်းမြေ့ပျော်ရွှင်ပါစေ။

    ReplyDelete
  7. အလည်ရောက်ခဲ့ ပါတယ်။ကျွန်တော့် ဆီလာလည်တဲ့ အတွက်ကျေးဇူးတင်ပါတယ်။
    မိသားစုနှင့် အတူပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  8. အချိန်ပေးပြီး စာလာဖတ်တဲ့အတွက် ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။
    မိခင်တယောက်ရဲ့ မေတ္တာကိုဖေါ်ညွှန်းထားတာလေးအတွက် ဂုဏ်ယူပါတယ်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  9. ကောင်းလိုက်တဲ့ ကဗျာလေးဗျာ... အလင်းသစ်ရေ အမေ့ အကြောင်း ဖတ်ရတာ အရသာ ရှိတယ်။
    ပျော်ရွှင်ပါစေ

    ReplyDelete
  10. အမေဆိုတာ
    လူတိုင်းအတွက်အမြဲတမ်းမရိုးတဲ့အရာတစ်ခုနော်...ကဗျာကောင်းလေးကို
    တူတူခံစားသွားပါတယ်ရှင်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။