ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Tuesday, May 31, 2011

၂၁ ရာစု စက်ရုပ်လူ


ဖျတ်ခနဲ့ ပွင့်လာတဲ့ တံခါးနှစ်ချပ်
အားးးးးးးးး ဒီမနက်လည်း
ငါ့စိတ်ဓာတ်တွေ ညစ်ပတ်နေဆဲပါလား။။။။
ဆီဆုံလှည့်တဲ့ နွားလို
ဒီမနက်ကိုလည်း ကြိုဆိုလိုက်တယ်
သွားတိုက်တံပေါ် သွားတိုက်ဆေးတင်ရင်းနဲ့ပေါ့။။။
ဒီနေ့လုပ်မယ့် အစီအစဉ်
မနေ့ကနဲ့ ဟိုးအရင်ကနဲ့
ထူးမခြားနား အတူတူပါပဲလား
မျှော်တွေးဆဲ အနာဂတ်က ဝေဝါးလွန်းဆဲ။။။
မသွေတမ်း သွားနေတဲ့ ဒီလမ်းမှာ
ငါ့နေ့ရက်တွေ စက်ရုပ်ဆန်လိုက်တာ
ခံစားချက်မဲ့ ပျော်ရွှင်ခြင်းမဲ့
ခပ်ယဲ့ယဲ့ ရင်ဘတ်က တကယ်ငတ်မွတ်နေတာ ဘာပါလိမ့်နော်။။။
လိုချင်တာရတိုင်းလည်း မပျော်မိတော့ပဲ
အပေါ်ကို မော့မော့တက်ရင်း
ခံစားချက်တွေပျက်ယွင်းလာတဲ့
ငါ့ရင်ဘတ်ရေတွင်းပျက်ကြီးက
ငယ်ငယ်ထဲက သိုလှောင်ထားတဲ့
မျှော်လင့်ခြင်း အသိုးတွေ၊
ကြီးလာတော့မှ ထပ်တိုးလာတဲ့
လိုချင်လောဘ အကျိုးအပျက်တွေ
အထပ်ထပ် သိပ်ထိုးရင်း အဆိုးအညစ်တွေနဲ့ပြည့်နှက်နေဆဲ။။။
ရေမွှေးဆွတ်ပြီး အဖြူရောင်ဝတ်လိုက်ရုံနဲ့
ညစ်ထေးခြင်းတွေ ကုန်ကြေးဆို
ငါ့နေ့ရက်တိုင်းကို အဖြူရောင်တွေနဲ့
ကြိုနေပါရစေ။။။
လူတွေလိုစား၊ လူတွေလိုသွားရင်း
လူအချင်းချင်း ပြုံးပြဖို့တောင် မေ့မေ့လာတာ
ငါတကယ်ပဲ ယန္တယားဆန်လာပြီလား
ဒါမှမဟုတ်
ခေတ်ကာလက တိုက်စားလိုက်တဲ့
လူ့ယဉ်ကျေးမှု အပြောင်းအလဲမှာ ငါပျော်ဝင်ခဲ့တာလား။။။
အမြီးကျက်ချိန်အမြီးစား၊ ခေါင်းကျက်ချိန် ခေါင်းစားရင်း
ငါလည်း မိုးခါးရေတွေကို စွဲမက်နေမိပြီ
ရုန်းထွက်ဖို့လည်း မမှီတော့တဲ့နောက်တော့
ပေါက်တဲ့နှဖူးမထူးစွာနဲ့ ငါ့နေ့ရက်တွေ
သန်းခေါင်ထက်တောင် ညဉ့်တွေနက်လာတာများ
ဒီနေ့လည်း ဘုရားမရှိခိုးရဲခဲ့ပါလားနော်။။။
သူများကိုလိမ်ရင်းနဲ့၊ ကိုယ့်ကိုကိုယ်လိမ်လည်နေခဲ့
ခဏခဏပြင်ဝတ်မိတဲ့ ခါးဝတ်ပုဆိုးလို
ငါးပါးသီလဆိုတာလည်း ခဏခဏကျိုး
အိပ်မက်ဆိုးတွေနဲ့ လန့်လန့်နိုးတဲ့ညတွေက
သက်သေပြနေခဲ့ပြီ။။။
ငါးထောင်တန်နောက် သည်းသည်းမဲမဲလိုက်နေချိန်
ကမ်းလာတဲ့လက်သေးသေးလေးတစ်ဖက်ထဲ
ငါးကျပ်တန်လေးတစ်ရွက်တစ်လေတောင်
ငါမထည့်ဖူးသေးတာ အတ္တလွန်ကဲနေတာလား
မေတ္တာတွေခေါင်းပါးနေတာလား
လောဘရဲ့ကြိုးကိုင်မှုအောက်မှာ
မောဟတွေလွန်ကဲပြီး အမြင်တွေ မသဲကွဲတော့တဲ့ထိ။။။
ကဲ..ဒီလိုနဲ့ပဲ သမားရိုးကျနေ့တစ်နေ့ကို
ပုံစံချထားတဲ့အတိုင်း အမှားမရှိဖြတ်သန်းရင်း
လောဘနဲ့မောဟကို မီးထပ်ထပ်ထိုး
မိုးလင်းလာလိုက် မိုးချုပ်သွားလိုက်နဲ့
တကယ့်တကယ်ကျတော့
ငါ့စိတ်ဓာတ်တွေ ညစ်ပတ်နေတာ
အဖြူရောင် မေတ္တာဓာတ်တွေ ခမ်းခြောက်နေလို့ပေါ့။။။
မသိခြင်းမောဟတွေ ပိတ်လှောင်နေသမျှတော့
ဖြူစင်မှုမေတ္တာတွေ မည်းမှောင်နေဦးမှာပဲလေ
ဖြန့်ထားတဲ့လက်တွေက ယူဖို့ပဲသိပြီး
 ပြန်ပေးဖို့ဆိုတာဝေးနေဆဲမို့
ဒီမသိခြင်းအမှောင်ထဲကမှ ငါရုန်းမထွက်နိုင်သေးတာ
ကဲ..ဒီတစ်ညလည်း
မျက်စိတံခါးနှစ်ချပ် ပိတ်ဖို့ကြံရင်း
ငါ့အိပ်စက်ခြင်းတွေ မဖြူစင်သေးပါလား။။။
ဆီဆုံလှည့်တဲ့ နွားလို
ဒီတစ်ညကိုလည်း ကြိုဆိုလိုက်တယ်
သွားတိုက်တံပေါ် သွားတိုက်ဆေးတင်ရင်းနဲ့ပေါ့။။။။



လေးစားလျက်
အလင်းသစ်

2 comments:

  1. ရင်ဘတ်ရေတွင်းပျက်ကြီးတဲ့လားကိုအလင်းသစ်ရေ...
    ကဗျာလေးကကောင်းလွန်းတယ်။

    ReplyDelete
  2. .ဒီတစ်ညလည်း
    မျက်စိတံခါးနှစ်ချပ် ပိတ်ဖို့ကြံရင်း
    အိပ်စက်ခြင်းတွေ မဖြူစင်သေးလို့ ဖတ်သွားပါတယ်။
    ကဗျာလေးတွေကြိုက်တယ်။.....

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။