ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, May 19, 2011

သိသိရက်နဲ့ဆိုးတာမှ ချစ်သူ

လက်ကျန် အအေးခွက်ကို တစ်ကျိုက်တည်း ကုန်သွားအောင် မော့သောက်လိုက်သည်။။။ စိတ်ညစ်ညူးမှုရဲ့ အမှတ်အသားအဖြစ် သူ့မျက်မှောင် နှစ်ခုကတော့ စုကြုတ်နေ၏။။ နဖူးထက်ဆီမှာလည်း ချွေးစက်တို့ ထင်းထင်းပေါ် လာကြသည်။။ သက်ပြင်းရှည်ကို ခပ်ပြင်းပြင်းချလိုက်တော့ ချစ်သူက မျက်နှာငယ်လေးနှင့် မော့ကြည့်လာ၏။။ ချစ်သူသက်တမ်း ကြာရှည်လာပြီမို့ လက်ထပ်ဖို့အရေး အတူတူ ဆွေးနွေးမိလေတိုင်း ရေရာတိကျသော အဖြေမရပဲ စိတ်ညစ်ညူးခြင်းသည်သာ သူတို့အတွက် အဖတ်တင်ကျန်ခဲ့ရတာ ခဏခဏလို ဖြစ်နေကြလေပြီ။။။ သာမာန်လူတန်းစား ဘဝများမို့ နောက်ပိုင်းမှ မိဘ၏ ထောက်ပံ့ပေးမှုကို မျှော်လင့်လို့ ရနိုင်မှာ မဟုတ်မှန်းလည်း ကိုယ်စီ နားလည်နေကြသည်။။ မိဘကို မထောက်ပံ့ ပေးနိုင်တော့ရင်တောင် အခက်ခဲ၊ ဝန်ထုပ်ဝန်ပိုး တစ်ခုလို အဖြစ်မျိုးတော့ ၂ ယောက်လုံးက မလိုလားကြ။။ ဖြေရှင်းရန် နည်းလမ်းသည်လည်း တွေးဆမရ ဝေဝါးလွန်းလှတာလေ။။။
"ကို.. အရမ်းစိတ်ညစ်သွားလားဟင်။။"


တိုးဝေ လက်ကာလိုက်ရင်း မညစ်ပါဘူး အိရယ် ဟုမချိပြုံးဖြင့်ပြန်ဖြေလိုက်၏။။ သူတို့တက္ကသိုလ် ပထမနှစ်တည်းက ချစ်သူတွေ အဖြစ် လက်တွဲခဲ့ကြတာ ခုဆို ၅ နှစ်နီးပါး ကြာခဲ့လေပြီ။။ ရရစားစား လခစား အလုပ်လေးတွေ ကိုယ်စီရှိကြပေမယ့် တိုးဝေနှင့် အိရွှေစင်တို့ နှစ်ယောက်တစ်ဘဝ အတွက်ထိတော့ လှမ်းတက်နိုင်ဖို့က ခက်ခဲနေဆဲ။။ အိရွှေစင်က သူ့အကြောင်းကို အကုန် သိနေသူမို့ အတော်များများကို နားလည်ပေးနိုင်လွန်းသူ ဖြစ်သည်။။ ချစ်သူတို့ သဘာဝ တစ်ခါတစ်လေတော့လည်း သိသိ ရက်နှင့် ဆိုးတတ်တာမျိုးတော့ ရှိ၏။။ တိုးဝေ အိရွှေစင်ကို အရမ်းချစ်မိတာလေ။။ သူတစ်ခုခုကို ဆုံးဖြတ်မှ ဖြစ်ပေတော့မည်။။ မိန်းကလေးဖြစ်သော အိရွှေစင်သည်လည်း ၅ နှစ်ကျော်လက်တွဲလာသော ချစ်သူနှင့် လက်ထပ်ဖို့ကို မျှော်လင့်ရှာရော့မည်ပေါ့။။ တိုးဝေ ဆုံးဖြတ်ချက်တစ်ခုကို ယတိပြတ်ချလိုက်သည်။။
"အိ.. ကို မလေးကို သွားမယ်ကွာ။။ အောင်ထွေးတို့ သွားမယ်လို့ ပြောတာကြားတယ်။။ ကို့ကိုလည်း လိုက်ခဲ့ဖို့ ခေါ်နေတာ။။ အိနဲ့ မတိုင်ပင်ရသေးလို့။။ အဲဒီမှာ ကို ရသလောက် ငွေကို သေချာစုပြီး ပြန်လာခဲ့မယ်။။ ကိုပြန်လာမှ တို့နှစ်ယောက် လက်တွဲကြတာပေါ့နော်။။"
ချစ်သူလက်ကို တင်းတင်းဆုပ်ကိုင်ရင်း တိုးဝေ ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။။ ရင်ထဲတော့ မချိလှ။။ ချစ်သူနှင့် ခွဲခွာပြီး တမြေနယ်ခြားကိုတော့ သူမသွားချင်။။ အိရွှေစင်မျက်နှာက ပြုံးသွားသည်။။
"အိလည်း အဲဒါပြောမလို့ ကိုရဲ့။။ ကိုက ပြည်ပထွက်ဖို့ကို အမြဲ ခါးခါးသီးသီးမို့ အိမပြောဖြစ်ခဲ့တာ။။ အင်တာနက်ကနေ ကိုနဲ့ အိ နေ့တိုင်းတွေ့လို့ ရတာပဲလေ။။ အဲဒီမှာ အလုပ်လုပ်ပြီး ကိုက ပိုက်ဆံစု၊ အိကလည်း ဒီမှာ လိုအပ်တာလေးတွေ နည်းနည်းခြင်း စုထားလိုက်ရင် ကိုပြန်လာတာနဲ့ အိတို့ လက်တွဲလို့ ရပြီပေါ့။။"
ချစ်သူက အားတက်သရော ပြောလာတော့ တိုးဝေ မလေးရှားကို သွားဖို့ သေချာကို ဆုံးဖြတ်လိုက်တော့၏။။ မိဘများကလည်း တတ်နိုင်သလောက်တော့ ကူညီပေးကြမှာ သိနေတာမို့ သူထွက်ခွာဖို့ အခက်အခဲမရှိလောက်။။ ဒီလိုပဲ လုပ်ကြတာပေါ့ အိရာ ဟုပြောပြီး သူတို့ ချစ်သူ (၂)ယောက်၏ တစ်နေ့တာ တွေ့ဆုံမှု အဆုံးသတ် ခဲ့လေ၏။။။




"တိုးဝေကြီး ဘာနဲ့စားလဲဟ။။"
အောင်ထွေးနဲ့က အလုပ်တူ အဆောင်တူမို့ သူငယ်ချင်းနှစ်ယောက် အဆင်ပြေကြ၏။။ မလေးရှားကို လာဖို့အတွက် မိဘက အကြွေးယူ၊ပေါင်နှံပြီး ကူညီခဲ့ရတာမို့ ထိုအကြွေးတွေ အရင်ကျေဖို့ကို သူစိတ်စောလျက် ရှိနေတာလေ။။ ဒါကြောင့်မို့ ငွေကို တတ်နိုင်သလောက် စုဆောင်းလိုစိတ်ကြောင့် အစားအသောက်ကအစ ချွေတာ၊ခြိုးခြံလျက် နေထိုင်နေခြင်း ဖြစ်သည်။။။
"ကြက်ဥ တစ်လှည့်၊ ခေါက်ဆွဲခြောက် တစ်လှည့်ပဲပေါ့ဟ။။ မင်းကလည်း အကြွေးက လူကိုဖိနေတာ နေရခက်တယ်။။။ အဲဒီ အကြွေးတွေ ကျေမှပဲ ကောင်းကောင်းစားသောက် တော့မယ်ကွာ။။"
အေးပေါ့ကွာ ငါနားလည်ပါတယ် ဟုပြောပြီး အောင်ထွေးက အိပ်ယာပေါ် လှဲချလိုက်သည်။။ မင်းကောင်မလေးနဲ့ရော အဆင်ပြေတယ်မလားဟ ဟုလှမ်းမေး၏။။ ပြေပါတယ် ကောင်ကြီးရာ ဟုပြန်ဖြေရင်း တိုးဝေ စားလက်စကို လက်စသတ်လိုက် ရင်း သိမ်းဆည်း၊ရှင်းလင်းလိုက်သည်။။ ပြီးမှ အောင်ထွေးဘေးနား ဝင်ထိုင်လိုက်ရင်း မြန်မာပြည်မှ သေသေချာချာ ထည့်ယူ လာခဲ့သော နေခြည်တံဆိပ် ဆေးပေါ့လိပ်ကို မီးညှိ ရှိုက်ဖွာလိုက်၏။။ အောင်ထွေးက နှစ်ယောက်စပ် ဝယ်ထားသော ကွန်ပျူတာ ကိုဖွင့်ပြီး သီချင်းတိုးတိုးလေး ဖွင့်လိုက်သည်။။ ရောက်ခါစ လများမို့ အပြင်လည်း မထွက်တတ်သေး၊ ငွေကို ဘယ်လိုသုံးရ မည်ဆိုတာလည်း မကျွမ်းကျင်သေး၊ အင်တာနက်ကိုလည်း ဇာတ်ကားကြည့်ဖို့ လောက်နဲ့ ချစ်သူတက်လာချိန် မှာစကားပြော ဖို့လောက်သာ သုံးတတ်သေးတာမို့ ငွေအတော် စုမိနေကြသည်။။။
"တိုးဝေကြီး နောက်တစ်ခါလောက် ပို့လိုက်ရင် အကြွေးတွေ ကျေပြီကွနော။။။ ငါတော့ပျင်းတယ်ကွာ။။ နေရတာ။။"
"ငါလည်း အတူတူပါပဲကွာ။။ ပျင်းလည်းပျင်းတယ်။။ အိရွှေစင်ကိုလည်း လွမ်းတယ်။။ အိမ်မှာနေရတာလောက် အဆင်ကိုမပြေပါဘူးကွာ။။"
သူငယ်ချင်း ၂ ယောက် ကိုယ်စီခံစားချက်များ ရင်ဖွင့်ကြရင်း စကားတွေ အတော်ပြောဖြစ်ကြ၏။။ အိရွှေစင်အကြောင်း ပြောချိန် မှာတော့ သူ့စိတ်ထဲ လွမ်းဆွတ်မှုကို ကျင်ခတ်စွာ ခံစားရသည်။။ ခဏနေတော့ အိပ်မယ်ကွာ ဟုပြောပြီး တိုးဝေ သူ့အိပ်ယာဆီ သွားရောက် လှဲချပြီး အိပ်စက်လိုက်တော့၏။။။
တစ်လပြီးတစ်လ ကျော်ဖြတ်လာခဲ့တော့ မိဘတွေ ယူပေးထားသော အကြွေးလည်း ကျေခဲ့လေပြီ။။ တစ်နှစ်နီးပါး ရှိလာပြီမို့ ကွန်ပျူတာ တစ်လုံးစီနှင့် အင်တာနက်ကိုလည်း တွင်တွင်ကျယ်ကျယ် သုံးတတ်လာခဲ့လေပြီ။။ ငွေကိုဘယ်လို သုံးရမည်ဆိုတာ

ကိုလည်း သိခဲ့လေပြီ။။ အထီးကျန် လွမ်းဆွတ် စိတ်ညစ်မှုကို အလွယ်လိုက် ဖြေရှင်းရင်း အရက်သေစာကိုလည်း သောက်စား တတ်လာခဲ့လေပြီ။။ ချစ်သူနှင့်ကလည်း ကတောက်ကဆ ဖြစ်မှုတွေက မကြာခဏ ပေါ်ပေါ်လာတတ်ပြန်တယ်လေ။။ တိုးဝေ၏ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသော နေ့ရက်များက ကြာလေ အထီးကျန်လေလို ဖြစ်လာတော့ သူငယ်ချင်းဖြစ်သူဆီ ရင်ဖွင့်ပြောပြမိ၏။။ အောင်ထွေးကတော့ ပျော်ပျော်နေတတ်သူမို့ သူ့ဘာသာ ပျော်ရာကို ရှာဖွေ နေတတ်တာဖြစ်သည်။။ သူငယ်ချင်း အကြံပေးသည့် အတိုင်း အင်တာနက်ပေါ် တက်ပြီး ပျော်သလို နေကြည့်လိုက်မိ၏။။။ သို့နှင့်ပင် အောင်ထွေး မိတ်ဆက်ပေး ထားသော ကောင်မလေး တစ်ယောက်နှင့် တိုးဝေတစ်ယောက် လေလှိုင်းပေါ်မှာ စကားအချီအချ ပြောဆိုကြရင်း နားလည်မှု အားပေးမှုများဖြင့် အထီးကျန်မှုများ အနည်းငယ်မက ကင်းဝေးစေခဲ့ရတော့သည်။။။



ဒီနေ့ အိရွှေစင်နှင့် စကားကတောက်ကဆ ဖြစ်ထားသဖြင့် တိုးဝေ စိတ်တွေက မကြည်လင်။။။ ရေမိုးချိုးပြီး စိတ်ကြည်လင် လာမလား သီချင်းနားထောင်ရင်း လှဲနေပေမယ့် သူ့စိတ်ထဲ တော်တော်ကို ခုနေမိတာလေ။။။ အနေဝေးလို့များ သွေးအေးလေ သလား အိက သူ့အပေါ် ဂရုစိုက်မှု ကြင်နာမှုတွေ လျော့နည်းလေပြီလား။။။ သူ့ဆီလာမည် ပြောပြောပြီး ရောက်မလာတာတွေ အရင်ကထက် များလာခဲ့တာ သတိထားမိသည်။။။ ဒီနေ့တော့ သူမကျေနပ်သမျှ ဖွင့်ပြောပစ်လိုက်တော့ ချစ်သူနှစ်ဦးကြား နားလည်မှုလွဲကာ တင်းမာမှု ကြီးကြီးမားမား ဖြစ်ခဲ့၏။။ သူ့စိတ်တွေ အရမ်းကို မွမ်းကျပ်နေချိန်မှာ အောင်ထွေး မိတ်ဆက်ပေး ထားသော သူဇာလင်းက နှစ်သိမ့်ပေးသည်။။။ တိုးဝေကလည်း ရင်ထဲမှာ ခံစားရသမျှကို မကွယ်ဝှက်တမ်း ဖွင့်ဟ ရင်ဖွင့် တတ်တာလေ။။ သူ့မှာ လက်ရှိချစ်သူ ရှိနေတာကိုလည်း ပြောပြထားတာမို့ သာမာန်ခင်သော သူငယ်ချင်းများအဖြစ် တိုးဝေ စိတ်ထဲ သန့်ရှင်းနေပေမယ့် သူဇာ့ဘက်မှာက အရောင်နည်းနည်း ပါနေတာကို အောင်ထွေးက မကြာခဏ သတိပေးတာ ကြားရ၏။။ တိုးဝေလည်း သတိထားမိတာ ကြာပါပြီ။။

တိုးဝေ သူဇာလင်းနှင့် စကားပြောနေရင်းမှ အတွေးတစ်ခုက ခေါင်းထဲဝင်လာသည်။။ သူဇာက မြန်မာမှာလည်း ချမ်းသာသော မိသားစုမှ မွေးဖွားခဲ့သူ။။ ယခုလက်ရှိ စင်္ကာပူမှာ ကျောင်းတက်နေသော ကျောင်းသူတစ်ဦး။။ သူ့အပေါ်ကို ယိုင်နေတာကလည်း သိသိသာသာမို့ သူကသာ ချစ်စကား ပြောလိုက်ပါက အဆင်မပြေစရာမရှိ။။။ သူဇာ ကျောင်းပြီးချိန် သူလည်း မလေးရှားကနေ အတူပြန်ပြီး လက်ထပ်လိုက်ပါက ဘာလိုအပ်တော့မည်နည်း။။ အရာရာ အဆင်ပြေနေမှာ အသေအချာပဲ မဟုတ်လား။။။ အတွေးကြောင့် သူ့စိတ်သည် တစ်မျိုးဖြစ်သွား၏။။ တိုးဝေ အသိစိတ်ကို အတင်းလိုက်ထိန်း နေသည့်ကြားမှ စကားတွေက သူဇာလင်းကို မျှော်လင့်ချက် ပေးသလိုလိုတွေ ဖြစ်သွားပြန်သည်။။။ သူငယ်ချင်းဖြစ်သူ အောင်ထွေးက နောက်မှ ပုခုံးကို ဖျစ်ညှစ်ရင်း သတိပေး၏။။ တိုးဝေ စကားကို ပြန်ထိန်းရင်း သူဇာလင်းကို နှုတ်ဆက်ပြီး ကွန်ပျူတာကို ပိတ်လိုက်တော့သည်။။



"အောင်ထွေး.. ငါဒီနေ့ အရမ်းကို ညစ်နေတယ်ကွာ။။"
"ငါသိတယ်လေ တိုးဝေရ။။ အဲဒီမို့ ခုနအပြင်ထွက်တာ အလကားထွက်တာ မဟုတ်ဘူး ဒါတွေ သွားဝယ်လာတာ။။"
ဟုပြောပြီး အရက်ပုလင်း ရေခဲပုံးနှင့် အမြည်းစုံကို ညွှန်ပြ၏။။ အောင်ထွေးသည် သူ့ကို အစမှ အဆုံးနားလည်သော ငယ်သူငယ်ချင်း တစ်ယောက်မို့ သူ့စိတ်ကို မြင်နိုင်စွမ်းသူ ဖြစ်သည်။။
"ဒါဆိုလည်း လာကွာ။။ ကြာတယ်။။"
တိုးဝေရဲ့ ဖိတ်ခေါ်စကားမှာ အောင်ထွေးက အေး ဟုပြောပြီး ၂ ယောက်သား ဝိုင်းလေးတစ်ဝိုင်း စတင်လိုက်တော့၏။။ အရက်လေး ဝင်လာတော့ စကားတွေက သွက်လာသည်။။ အောင်ထွေးက
"တိုးဝေ.. မင်းလုပ်နေတာတွေ မဟုတ်ဘူးနော်။။ ငါကြည့်နေတာ ကြာပြီ။။ မင်းက ဘယ်လိုဆုံးဖြတ်ချင်တာလဲ။။"
"ဘာကိုလဲ အောင်ထွေးရ။။"
"မင်းက အခု ဘယ်သူ့ကို ရွေးမှာလဲ။။ အိရွှေစင်လား သူဇာလင်းလား။။ တစ်ယောက်ယောက်ကို မင်းသေချာရွေးတော့လေ။။

ဒီတိုင်းကြီးကျတော့ မကောင်းဘူးကွာ။။ ငါကတော့ မင်းကို သူငယ်ချင်းတစ်ယောက် အနေနဲ့ အကြံပေးချင်တယ်။။ ဒါမယ့် ငါပေးတဲ့ အကြံက မင်းဘဝကို ထိခိုက်မှာလည်းဆိုးတယ်ကွာ။။"
"မင်းက ဘယ်လို အကြံပေးချင်လို့တုန်းဟ။။ ပြောပြလေ။။"
သူ့စကားကြောင့် အောင်ထွေးက
"တို့တွေ ဒီရောက်တာ ခုဆို ၃ နှစ်နားကို နီးပြီလေ။။ မင်းနဲ့ အိရွှေစင် ချစ်ခဲ့ကြတာလည်း ၈ နှစ်နားကိုနီးပြီ။။ အဲဒီတော့ကွာ ငါကတော့ မင်းကို တခြားသူတွေထက် အိရွှေစင်ကိုပဲ ရွေးစေချင်တယ်။။"
"ငါက သူ့ကို အရမ်းချစ်တဲ့သူပါ အောင်ထွေးရာ။။ သူနဲ့နီးစပ်နိုင်ဖို့ ငါက ဒီအထိလာပြီး အပင်ပန်း အဆင်းရဲခံတာပါ။။ ဒါကို သူက နားမလည်သလို လုပ်နေတယ်။။။ အဲဒီအချိန်မှာ သူဇာက ကျတော့ ငါ့ကို အရမ်းနားလည်ပေးနိုင်ခဲ့တယ်လေ။။ ပြီးတော့ သူဇာဆိုတာ အစစအရာရာ ပြည့်စုံတဲ့သူတစ်ယောက်။။ ရွေးချယ်သင့်တဲ့ သူဆိုတာ မင်းလက်ခံတယ်မလား။။ ဒါပေမယ့် ငါက အိရွှေစင်ကိုပဲ ချစ်တာပါ အောင်ထွေး။။ အဲဒါကြောင့်မို့ ငါ့သစ္စာကို ငါတည်အောင် စောင့်ခဲ့တာပါ။။။"
အောင်ထွေးက ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေ၏။။ ပြီးမှ ဆေးပေါ့လိပ်ကို ရှိုက်ဖွာရင်း သူပြောမယ့် စကားကို စဉ်းစားဟန် ပုံစံဖြင့် အဝေးသို့ တစ်ချက်ငေးကြည့်သည်။။ တိုးဝေလည်း အောင်ထွေးပြောလာမည့် စကားကို နားစွင့်ရင်း စပ်ထားသော ခွက်ကို အရသာခံ သောက်လိုက်သည်။။ အောင်ထွေးက
"မင်းသေချာ စဉ်းစားစမ်း တိုးဝေကြီး။။ မင်းနဲ့ အိရွှေစင်က ချစ်ခဲ့ကြတာလည်းကြာပြီ။။ တစ်ဦးအကြောင်း တစ်ယောက် သိကြတဲ့သူတွေ။။ သူ့မိသားစုအကြောင်း မင်းသိတယ်၊ မင်းမိသားစုအကြောင်း သူသိတယ်။။ မင်းတို့ နှစ်ယောက် တစ်ဦးကို တစ်ဦးက အများကြီး နားလည်နိုင်ခဲ့ကြတာပါ။။ သူဇာလင်းဆိုတာ အစစပြည့်စုံတာကို ငါလက်ခံတယ်။။ ဒါပေမယ့် မင်းတို့ အပြင်မှာ တွေ့တာမဟုတ်ဘူး။။ တစ်ယောက်အကြောင်း တစ်ယောက်မသိကြဘူး။။ စိတ်ကူးယဉ် ကြည့်လိုက်ကွာ။။ မင်းတို့ ပေါင်းကြပါပြီတဲ့။။ တစ်ချိန်မှာ ကတောက်ကဆ ဖြစ်လာမှာပဲ။။ အဲဒီအချိန်တွေမှာ မင်းတို့ ဘယ်လောက်နားလည်နိုင်ကြမလဲ။။ တိုးဝေကြီး ငါပြောမယ်.. မူးလို့ပြောတာ မဟုတ်ဘူးကွာ။။။"
"အေးပြောကွာ။။"

"အေး.. အိရွှေစင် မင်းကိုဆိုးတယ်ဆိုတာက သိသိရက်နဲ့ ဆိုးတာ။။ ချစ်လို့ ချစ်သူတို့ဘာသာ ဘာဝ ဆိုးတာ။။ မင်းက နားလည်ပေးနိုင်ရမယ်လေ။။ သူဇာလင်း နားလည်ပေးနိုင်တယ် ဆိုတာက မသိလို့ နားလည်နိုင်တာ။။ တစ်နေ့ သိလာချိန်မှာ နားလည်ပေးနိုင်မယ်လို့ မင်းထင်လား။။ မင်းသေချာ စဉ်စားပေါ့ကွာ။။"
သိသိရက်နဲ့ ဆိုးတာ။။ ချစ်လို့ ဆိုးတာ။။ အောင်ထွေး၏ စကားသံများက သူ့နားထဲမှာ ကြားယောင်နေသည်။။ အောင်ထွေးပင် အိပ်ပျော်သွားလေပြီ။။ သူကတော့ အတွေးရေယာဉ်ကြောမှာ မျောလျက်။။ ဟုတ်သည်.. အောင်ထွေး ပြောသည်များ အားလုံး အမှန်တွေပဲဖြစ်၏။။ အိရွှေစင်သည် သူ့ကိုချစ်၍ ဆိုးခြင်းဖြစ်၏။။ သူ့မိဘအခြေအနေ၊ သူ့ဘဝအခြေအနေကို အသေအချာကို နားလည်သောသူ။။ သူ့ဘဝအတွက် အမှန်တကယ်ကို လက်တွဲသင့်သော ချစ်သူ။။ သူ့ကို နားလည်မှု အပေးနိုင်ဆုံးဖြစ်မည့် ဘဝလက်တွဲဖော် အစစ်။။ သူဇာလင်းသည် သူ့ကို ချစ်ကောင်းချစ်ပေလိမ့်မည်။။ သို့သော် သူသိသော တိုးဝေသည် ကျနော် ဖွင့်ပြောပြထားသလောက် သိသည့်အသိ၊ သူမြင်ဖူးသော တိုးဝေသည် VZO မှမြင်ရသော အရုပ်တစ်ခု သူနားလည်နိုင်သည်က သူနှင့် အဝေးဆုံးမှာမို့ နားလည်ပေးနိုင်ခြင်း။။။ တိုးဝေ တစ်ခုခုကို ထင်ထင်ရှားရှား၊ ရှင်းရှင်းလင်းလင်း မြင်လိုက်လေပြီ။။
"ဟေ့ကောင်.. အောင်ထွေး။။ အောင်ထွေး။။"
"ဟေ..ဘာတုန်းဟ။။"
အိပ်မှုံစုံမွှားနှင့် နိုးထလာပြီး အောင်ထွေးက အလန့်တကြားမေးသည်။။ တိုးဝေက မိန့်မိန့်ကြီး ပြုံးလိုက်ပြီး
"ဒီနှစ်ကုန်ရင် ငါပြန်တော့မယ်။။ ငါ အိနဲ့ လက်ထပ်မယ်။။ မြန်မာမှာပဲ အလုပ်တစ်ခုကို ဇောက်ချပြီး

ကြိုးစားလုပ်တော့မယ်ကွာ။။ ဒီမှာနေရင်း ငါ့စိတ်တွေ အထီးကျန်လာတော့ ငါ့စိတ်ကို ငါဖြေသိမ့်ရင်း ငါ့ချစ်သူကိုတောင် သစ္စာမဲ့မိတော့မလို့။။ ကျေးဇူးတင်တယ် သူငယ်ချင်း။။ ငါ့အမြင်တွေ ဒီလို ကြည်လင်လာအောင် မင်းလမ်းပြနိုင်ခဲ့တယ်။။ မင်းကို တကယ်ကျေးဇူး တင်တယ်အောင်ထွေးရာ။။"
ကောင်းတယ်ကွာဟု ပြောပြီး အောင်ထွေးက ပြန်အိပ်သွားသည်။။ တိုးဝေလည်း စိတ်ထဲ အရမ်းကို ပေါ့ပါးသွားတာလေ။။ မနက်ဖြန် အိ လာရင် ဒီအကြောင်းတွေ သူပြောပြမည်။။ နှစ်ကုန်လျှင် မလေးရှားမှ ပြန်ပြီး အိနှင့်လက်ထပ်ပြီး ပျော်ရွှင်ဖွယ် ဘဝတစ်ခုကို တည်ဆောက်ကြမည်။။ သူ့အတွေးနှင့်သူ အရမ်းကို ပျော်သွားပြီး တိုးဝေ ပြုံးပြုံးကြီးနှင့် အိပ်ယာသို့ ဝင်ရောက် လိုက်တော့၏။။ တစ်ခုတော့ သူ အိ ကို လျှို့ဝှက်ထားရ ပေလိမ့်မည်။။ ချစ်သူနှင့် ကသိကအောက်ဖြစ်ရတိုင်း စိတ်ထွက်ပေါက် အဖြစ် တခြားမိန်းကလေး တစ်ယောက်၏ ဖေးမနှစ်သိမ့်မှု စကားသံမှာ ပျော်ဝင်ခဲ့ဖူးတာကိုတော့ တစ်သက်လုံးအတွက် တိုးဝေ မြိုသိပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။။။ ချစ်သူပျော်ဖို့ အတွက်ပဲ မဟုတ်ပါလားလေ။။။


လေးစားလျက် 
အလင်းသစ်


4 comments:

  1. စာရေးကောင်းတဲ့ သူမို့ လေးစားလျှက်ပါ အားပေးနေပါဦးမယ်

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  2. ဒီလိုပဲဖြစ်ရမှာပေါ့
    ဘာအကြောင်းကြင့်မှချစ်သူကိုသစ္စာဖောက်ဖို့မလိုပါဘူး။

    စာရေးကောင်းတယ်သူငယ်ချင်းရေ...
    အရေးကောင်းတော့ဖတ်ရတာကောင်းတာပေါ့။

    ReplyDelete
  3. အတင်းလုပ်ယူထားတဲ့ဇာတ်မဟုတ်ဘဲ ယုတ္တိရှိရှိ ရေးထားတော့
    ဖတ်ရတာ ကျေနပ်မိတယ်။ ဆက်ရေးပါအုံး။ အားပေးပါတယ်။

    ReplyDelete
  4. ခေါင်းစဉ်လေး ပိုသဘောကျမိတယ်...
    သိသိရက်နဲ့ ဆိုးချင်တယ်....:):)

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။