ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, July 24, 2011

နှောင်းနောင်တ


(၁)


"အကို့ကို မြင်ဖူးချင်လိုက်တာ အကိုရယ်..။။"

ရှင်နှောင်းရဲ့ နင့်နင့်နဲနဲ ညည်းတွားလိုက်တဲ့ အသံတိုးတိုးလေးမှာ ကျော်ကြီး တုန်ခနဲ ဖြစ်သွားသည်။။ ယောင်ပြီး စမ်းလိုက်မိတဲ့ သူ့မျက်နှာပြင်က ကြည့်ပျော် ရှုပျော် အနေအထားမှာပင် ရှိမနေခဲ့။။ မှန်ထဲမှာ ပြန်ကြည့်မိတိုင်း ဝမ်းနည်း အားငယ်ရတဲ့ သူ့ရုပ်ရည် အတွက် ကျော်ကြီး အတော်ကို စိတ်ပျက်မိနေတာလေ။။ နှဖူးပြင် ပြောင်ပြောင်ရဲ့ အထက်မှာ ခပ်ပါးပါး ဆံပင်တွေက အရောင်မွဲမွဲနှင့် လိမ်ကောက်ကောက်များ။။ ခပ်ထူထူ နှုတ်ခမ်းတွေ အပေါ်မှာက သိန်းငှက် နှုတ်သီးလို နှာခေါင်းပုံက ချွန်မနေပဲ ခပ်ဖောင်းဖောင်းနှင့် လေးထောင့်ဆန်ဆန် မျက်နှာမှာ ဘယ်လိုမှ အထာမကျစွာ ကြည့်ရဆိုးလွန်းနေသည်။။ အရပ်က ခပ်ပြတ်ပြတ်၊ ခါးကလည်း အနည်းငယ် ကိုင်းနေသည်။။ စိတ်ပျက်ဖွယ် သူ့ရုပ်သွင်ကို အတွေးနဲ့ မြင်ယောင်မိတော့ သက်ပြင်းကို ချလိုက်ရင်း ကျော်ကြီးက ရှင်နှောင်းရဲ့ လက်ကို ခပ်တင်းတင်းလေး ဆုပ်ကိုင်လိုက်သည်။။

"တွေ့ရမှာပေါ့ ရှင်နှောင်းရယ်။။ ကိုကျော်ကြီး အလုပ်တွေ ကြိုးစားနေတယ်။။ ပိုက်ဆံစုပြီး မျက်ကြည်လွှာ အလှူရှင် ရတာနဲ့ ရှင်နှောင်းကို ဆေးကုပေးမယ်နော်။။။ အဲဒီတော့မှ အကို့ကို ထိုင်ကြည့်နေတော့။။ ဟုတ်ပြီလား။။"

ဟုတ်ကဲ့ပါ အကိုရယ်ဟု ရှင်နှောင်းက ခပ်တိုးတိုး ဖြေ၏။။ ရှင်နှောင်းက မိခင်မုဆိုးမကြီးနှင့် အတူနေသော မျက်မမြင်မလေး တစ်ယောက်။။ ငယ်စဉ်က မျက်လုံးကို ထိခိုက်မိပြီး မျက်စိကွယ်ခဲ့တာ ဖြစ်သည်။။ မျက်မမြင်ပေမယ့် သူမမျက်နှာလေးက ရှင်းရှင်းလေးနှင့် လှသည်။။ နှာတံစင်းစင်းလေးမှာ နှုတ်ခမ်းဖူးဖူးလေးတွေနှင့် မျက်ခုံးထူထူလေးကို ပိုင်ဆိုင်ထားသူဖြစ်၏။။ စကားပြောလျှင် ခပ်ဖြေးဖြေးနှင့် ချိုချိုလေး ပြောတတ်သူမို့ လူချစ်လူခင်ကလည်း ပေါလှသည်။။ ကျော်ကြီးက သူမလေးကို အရူးအမူး ချစ်ခဲ့သဖြင့် အစစ အရာရာ အနွံတာခံရင်း သူမအနားမှာ အမြဲတမ်း ရှိနေပေးခဲ့တာလေ။။ တစ်ဦးမေတ္တာ တစ်ဦးမှာ တည်စမြဲမို့ ရှင်နှောင်းကလည်း သူ့ကို အားကိုးအားထားပြုရင်း တစ်ယောက်က တစ်ယောက်ကို လိုအပ်ချင်းတွေနှင့် သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်။။
ရုပ်ရည် မချောမော သော်လည်း ရိုးသားပြီး ကြိုးစားမှု ရှိသော ကျော်ကြီးနှင့် ရှင်နှောင်းကို ရှင်နှောင်း၏ မိခင်ကလည်း သဘောတူခဲ့၏။။ ကျော်ကြီးကတော့ တကောင်ကြွက် တစ်ယောက်။။ မိဘတွေ ထားခဲ့သော အမွေများနှင့် မကြောင့်မကျ မတောင့်မတ ချောင်ချောင်လည်လည် နေနိုင်သူဖြစ်၏။။ နှစ်ဦးသား ချစ်ရည်မျှကြပြီး ဖြစ်၍ အတူနေနိုင်ဖို့ အခုဆို ကျော်ကြီးက လူကြီးစုံရာနှင့် ရှင်နှောင်းကို တောင်းရမ်းခဲ့ပြီး ဖြစ်သည်။။ မင်္ဂလာရက်ကို သတ်မှတ်ပြီးပြီမို့ နှစ်ယောက်သား ပျော်နေကြပေမယ့် ရှင်နှောင်းဆီမှ သူ့ကိုမြင်ဖူး ချင်ကြောင်းပြောသော စကားမှာတော့ ကိုကျော်ကြီးတစ်ယောက် မခံစားရဲစွာ စိုးရွံ့ လန့်ကြောက်နေမိတော့သည်။။။ မရှိခိုးနိုး၊ မလှစုန်းယိုး စကားတွေက တခြားသူအတွက် မှန်နေရင်တောင်၊ ချစ်သူကတော့ သူ့ရဲ့ ဆိုးဝါးတဲ့ ရုပ်ရည်ကို မြင်ပြီး အချစ်တွေ ပေါ့သွားမှာ ကျော်ကြီး တကယ်ကို မလိုလားမိတာမို့ အားငယ်စိတ်ဖြင့် ရင်ထဲမှာ တထိတ်ထိတ် ဖြစ်နေလေတော့၏။။။





(၂)


တူနှစ်ဖြာ ရွှေဂဟေဆက်လို့ တွဲလက်တွေ ချိတ်ဆက်တဲ့ ပွဲကြီးက ခြိမ့်ခြိမ့်သဲသဲကြီး ပြီးဆုံးခဲ့လေပြီ။။ မရှိမရှား ဘဝများမို့ ဧည့်ပရိတ်သတ်တွေ များများဖိတ်လို့ စည်စည်ကားကားကြီး မင်္ဂလာဆောင် နိုင်ခဲ့ကြ၏။။ ရုပ်မချောပေမယ့် မိန်းမချောရသော ကျော်ကြီးအတွက် ဝမ်းသာကြသလို၊ မျက်မမြင်ဘဝမှာ စိတ်ချရမယ့် လက်တွဲဖော်ကို ရွေးချယ်ရယူနိုင်သဖြင့် ရှင်နှောင်းအတွက်လည်း ဝမ်းသာအားရ လူတိုင်းပါးစပ်ဖျားမှာ သူတို့ မင်္ဂလာပွဲက ရေပန်းစားခဲ့ကြသည်။။ မင်္ဂလာဆောင်ပြီးတော့ တစ်ကိုယ်တည်းသမား ကျော်ကြီးက ရှင်နှောင်းတို့အိမ်မှာ လိုက်နေဖြစ်၏။။ သူ့ပိုင်အိမ်ကိုတော့ ရောင်းလိုက်ပြီး အိမ်ဆိုင်လေး တည်လိုက်သည်။။ မီးဖိုချောင်သုံးနှင့် လူသုံးကုန်များကို စုံစုံလင်လင် တင်ပြီးရောင်းသဖြင့် အမြတ်ဝင်ငွေက မဆိုးလှ။။ မိဘအမွေ လယ်မြေများကို သီးစားချထားသဖြင့်လည်း သူတို့အိမ်ထောင်က ဝင်ငွေများကာ စီးပွားရေး ချောင်လည်ပြီး အဆင်ပြေ ပျော်ရွင်သော မိသားစုဘဝလေး ဖြစ်ခဲ့သည်။။
ရှင်နှောင်း၏ ပူဆာမှုကြောင့် ဆိုင်အတွက် မြို့တက် ပစ္စည်းတွေ ဝယ်ရင်း မြို့ဆေးရုံမှာ မျက်စိကို ပြသကာ မျက်ကြည်လွှာ အလှူရှင်ရှိပါက ဆက်သွယ်ပေးပါရန် လိပ်စာပေးထားခဲ့လိုက်၏။။ ဆိုင်မှာ ကျော်ကြီးက ဈေးရောင်းလျှင် ရှင်နှောင်း၏ မိခင်က မီးဖိုချောင်ဝင်ပြီး၊ ယောက္ခမက ဈေးရောင်းလျှင် ကျော်ကြီးက မီးဖိုချောင်ဝင်သည်။။ ရှင်နှောင်းကလည်း အငြိမ်မနေ သူမတတ်နိုင်သလောက် အမြဲကူညီပေးနေတတ်၏။။ ထိုကဲ့သို့သော ပျော်ရွှင်ဖွယ် နေ့ရက်များကို ဖြတ်သန်းကြရင်း ဆိုင်အတွက် ကုန်ပစ္စည်းများ ဝယ်ယူရန် ကျော်ကြီး မြို့တက်သွားသော နေ့တွင် မြို့ဆေးရုံမှ မျက်ကြည်လွှာ အလှူရှင် ရှိကြောင်း အကြောင်းကြားသည့် စာကို ရှင်နှောင်းတို့ လက်ခံရရှိလိုက်သည်။။ ပျော်ရွှင်နေသော ရှင်နှောင်းက ကျော်ကြီးပြန်ရောက် လာသောအခါတွင် ထိုအကြောင်းကို ဝမ်းသာအားရ ပြောပြ၏။။

"အကိုရေ မြို့ဆေးရုံက မျက်ကြည်လွှာ အလှူရှင် ရှိပြီလို့ အကြောင်းကြားလာပြီ သိလား။။ ရှင်နှောင်းတော့ အကို့မျက်နှာကို ကြည့်ခွင့်ရတော့မှာ ဝမ်းသာလိုက်တာ။။ အကိုရော ဝမ်းမသာဘူးလားဟင်။။"

ချစ်ဇနီးရဲ့ ဝမ်းသာအားရ စကားသံမှာ ကျော်ကြီး ကိုယ့်မျက်နှာကိုယ် ပြန်စမ်းကြည့်မိ ပြန်လေသည်။။ မျက်ကြည်လွှာ အလှူရှင် ရှိကြောင်း အကြောင်းကြာစာသည် သူ့အတွက်တော့ မင်္ဂလာသတင်း မဟုတ်သလို ခံစားနေရ၏။။ ရှင်နှောင်းသာ မျက်လုံးပြန်မြင်ပြီး သူ့ကို တွေ့လျှင် အခုလို ချစ်နိုင်ပါဦးမလား။။ အတွေးနှင့် ကျော်ကြီး ခေါင်းကို ခပ်ပြင်းပြင်း ခါယမ်းလိုက်သည်။။

"အေးပါ ရှင်နှောင်းရဲ့။။ အကိုလည်း ဝမ်းသာတာပေါ့။။ မနက်ဖြန် အကို မြို့ဆေးရုံကို သွားပြီး သေချာစုံစမ်း ပေးမယ်နော်။။ ဟုတ်ပြီးလား။။"

ဟုတ်ကဲ့အကိုဟု ဝမ်းသာအားရ ပြောနေသော ချစ်ဇနီးကို ကြည့်ရင်း ကျော်ကြီးရင်ထဲမှာ ဝေခွဲရခက်နေ၏။။ ရှင်နှောင်း၏ မျက်စိ ပြန်ကောင်းခြင်းက သူ့အတွက် ကံကောင်းခြင်းရော ဟုတ်မှဟုတ်ပါ့မလား။။ ခေါင်းကိုခါရင်း ကျော်ကြီး ဆုံးဖြတ်ချက် တစ်ခုကို ကြိတ်ချလိုက်တော့သည်။။။
နောက်နေ့မနက်မှာ ကျော်ကြီး မြို့ဆေးရုံသို့ စောစောထွက်လာခဲ့လိုက်၏။။ ဆေးရုံရောက်တော့ မျက်ကြည်လွှာကို တခြားသူများ အတွက် အသုံးပြုရန်နှင့် နောက်ထပ်မံ၍ မလိုအပ်တော့ပါကြောင်း ပြောလိုက်သည်။။ သူ့ဆုံးဖြတ်ချက်ကို မှန်လား၊ မှားလား ဝေခွဲမရစွာ ကျော်ကြီး ပြန်လာခဲ့လိုက်သည်။။ ရှင်နှောင်းနှင့် သူ့ရဲ့ အိမ်ထောင်ရေးက ဒီတိုင်းလေး အဆင်ပြေ နေပါရက်နှင့် မျက်စိကုလိုက်ပြီး ပြန်မြင်လာမှ သူ့ရုပ်ရည်ကြောင့် ရှင်နှောင်း စိတ်ပျက်ပြီး အဆင်မပြေ ဖြစ်လာမှာ အရမ်းကို စိုးကြောက်မိတာလေ။။ သက်ပြင်းကို ခပ်ပြင်းပြင်း ရှိုက်ချလိုက်ပြီး ကျော်ကြီး ပြန်လာခဲ့လိုက်၏။။ ပြောပြီးခဲ့ပြီမို့ ဘာမှပြန်ပြင်လို့ မရတော့။။ ဆိုင်ထဲသို့ ကျော်ကြီး ဝင်လာတော့ ရှင်နှောင်း အမေက သမီးရေ နင့်ယောင်္ကျား ပြန်လာပြီဟေ့ ဟုအိမ်အတွင်းသို့ လှမ်းပြောလိုက်၏။။ အိမ်ထဲမှ ရှင်နှောင်း ဝမ်းသာအားရ ပြေးထွက်လာသည်။။

"အဆင်ပြေခဲ့လား အကို။။ ရှင်နှောင်း မျက်လုံး ပြန်ပြီး မြင်ရတော့မှာ ပေါ့နော်။။"

ဝမ်းသာအားရ ပြောလာသော ချစ်ဇနီးရဲ့ မျက်နှာကို မြင်တော့ ကျော်ကြီးရင်ထဲ နင့်သွားသည်။။ သူဆုံးဖြတ်လိုက်တာ မှားသွားပြီလား။။ ငယ်ငယ်ထဲက အမှောင်ထဲမှာ ပျော်မွေ့ခဲ့ရတဲ့ ရှင်နှောင်းက အလင်းရောင်ကို အရမ်းလိုချင်ရှာမှာ ဟုလည်း တွေးလိုက်မိသည်။။ ကျော်ကြီး သက်ပြင်းချရင်း ရှင်နှောင်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။။

"အကို စိတ်မကောင်း ပါဘူးရှင်နှောင်းရယ်။။ မျက်ကြည်လွှာက အကိုရောက်သွားတဲ့ အချိန်မှာ မရှိတော့ဘူးတဲ့။။ ညတုန်းက အရေးပေါ် လူနာအတွက် အသုံးပြုလိုက်ရတယ်တဲ့။။ နောက်တစ်ခါမှ သေချာ ဆက်သွယ်ပေးပါ့မယ်တဲ့။။ ရှင်နှောင်း စိတ်မကောင်း မဖြစ်နဲ့နော်။။"

ကျော်ကြီး စကားအဆုံးမှာ ရှင်နှောင်းက တအိအိ ရှိုက်ငိုသည်။။ ရှင်နှောင်းအမေက ကံပေါ့သမီးရယ် ဘာတတ်နိုင်မှာလဲ။။ ဝမ်းနည်းမနေနဲ့။။ မောင်ကျော်ကြီးလည်း မနက်တည်းက အစောကြီး သွားခဲ့တာပဲ။။ နောက်တစ်ခေါက် ပေါ့ကွယ်ဟု လှမ်းနှစ်သိမ့်တော့ ကျော်ကြီး တုန်ခနဲတစ်ချက် ဖြစ်သွား၏။။

"သမီးက သမီးအပေါ် ချစ်လွန်း၊ ကောင်းလွန်းတဲ့ အကို့မျက်နှာကို မြင်ဖူးချင်လို့ပါ အမေရယ်။။ တခြားသူတွေ ဘာပြောပြော အကိုက သမီးဘဝအတွက်တော့ အလိုအပ်ဆုံးနဲ့ အချောဆုံး စိတ်သဘောထား အပြည့်ဝဆုံး ယောင်္ကျားတစ်ယောက်ပဲလေ။။"

ပြောရင်း ရင်ခွင်ထဲ မျက်နှာအပ် ငိုကြွေးနေသော ရှင်နှောင်း၏ ကျောပြင်လေးကို အသာပုတ်ရင်း ကျော်ကြီးမျက်နှာက သိသိသာသာ ပျက်ယွင်းနေမိသည်။။ သူ့လုပ်ရပ်ကိုသာ ရှင်နှောင်းတို့ သိပါက ခွင့်လွှတ်နိုင်မည်ပင်မထင်တော့။။ အတွေးနှင့် အတူ ကျော်ကြီးတစ်ယောက် ခေါင်းကိုသာ တွင်တွင်ခါနေမိတော့သည်။။။



(၃)

ရက်တွေကို လတွေက စားရင်း ခုဆို ရှင်နှောင်းပင် သမီးလေး တစ်ယောက်ကို မွေးဖွားခဲ့လေပြီ။။ ဆေးရုံဆီမှလည်း မည်သည့် အကြောင်းကြားစာမှ မလာတော့သလို ရှင်နှောင်းကလည်း မျက်စိကုဖို့ကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့၏။။ သမီးဦးလေး၏ မျက်နှာကို မြင်ချင်ကြောင်း ဆွေးဆွေးမြေ့မြေ့ ပြောလာသော အခါများမှာတော့ ကျော်ကြီးစိတ်ထဲ လိပ်ပြာမသန့်သလို ခံစားခဲ့ရသည်။။ အိမ်၏ဆည်းလည်း သမီးလေးကို ဝိုင်းပြီး ချစ်ခင်ကြရင်း သူတို့အိမ်လေးက အရင်ထက်ပင် ပိုပြီးပျော်ရွှင် သာယာနှစ်လိုဖွယ် ကောင်းနေလေတော့၏။။
ပျော်စရာ ကောင်းနေသော သူတို့ဘဝလေးထဲ ကံဆိုးခြင်းနေ့ရက် တစ်ခုက မဖိတ်ခေါ်ပဲ ဝင်ရောက်လာခဲ့လေပြီ။။ ထိုနေ့က သမီးလေးနှင့် အိမ်ဘေးမှာ ကစားနေရင်း ရှင်နှောင်း တစ်ယောက် ခြေထောက်ကို သံစူးခဲ့၏။။ ရှင်နှောင်း၏ သံစူးဒဏ်ရာက ကြီးသော်လည်း ဆေးထည့် ပတ်တီးစည်းပေးပြီး ခပ်ပေါ့ပေါ့ပင် နေခဲ့မိကြသည်။။ ညရောက်တော့ သံဆိပ်တက်ပြီး ရှင်နှောင်း အပြင်းဖျားလေတော့၏။။။ ဒဏ်ရာကြောင့် ဖျားသည်ဟု တွေးကာ ဆေးလိမ်း ဆေးသောက်နှင့် ခပ်ပေါ့ပေါ့ပင် နေခဲ့သည်။။ တစ်ပတ်လောက်အထိ မသက်သာသော အခါမှာတော့ ကျော်ကြီး အရမ်းကို စိုးရိမ်လာလေ တော့သည်။။ ထို့ကြောင့် ရှင်နှောင်းကို မြို့ဆေးရုံသို့ တင်ပို့ကုသခဲ့၏။။ သို့သော်လည်း သံစူးဒဏ်ရာမှ မေးခိုင်ပိုး ဝင်ရောက်ခဲ့တာမို့ ဆရာဝန်ကြီးများ အစွမ်းကုန် ကြိုးစားကုသ ပါသော်လည်း ဆေးမမှီတော့ပဲ ဆေးရုံပေါ်ရောက်ပြီး နှစ်ရက်မြောက်မှာ ရှင်နှောင်းတစ်ယောက် ချစ်လှစွာသော သမီးလေးနှင့် ခင်ပွန်းကို စွန့်ခွာကာ လောကကြီးထဲမှ အပြီးထွက်ခွာ သွားလေတော့သည်။။
ရှင်နှောင်း၏ အလောင်းကို ပိုက်ရင်း ကျော်ကြီးတစ်ယောက် အရူးမီးဝိုင်းလေပြီ။။ အကယ်၍ ရှင်နှောင်းသာ မျက်စိမြင်ပါက စူးမည့်သံကို မြင်ပေလိမ့်မည်။။ ဒါဆို သံစူးမိမှာ မဟုတ်။။ သံမစူးရင် ရှင်နှောင်းလည်း သေမှာမဟုတ်။။ အခုတော့ မျက်ကြည်လွှာ အလှူရှင်လည်း ရှိပါရက်နှင့် ကုသဖို့ ငွေကြေးလည်း လုံလောက်ပါရက်နှင့် သူ့အတ္တအတွက် ချစ်ဇနီးကို သတ်လိုက်သလို ဖြစ်ခဲ့ပြီလေ။။ ကျော်ကြီး ယူကျုံးမရစွာ ထိုအဖြစ်အပျက် များကို ပြောပြတော့ လူနာမေးလာကြသော သူများအားလုံး စုတ်တသတ်သတ် ဖြစ်ကုန်ကြ၏။။ ရှင်နှောင်းအမေကတော့ မျက်ရည်လေး စမ်းစမ်းနှင့် ကျော်ကြီးကို ကြည့်နေရှာသည်။။

"သားရယ်.. သမီးလေးဘဝမှာ အမေ့ထက်တောင် သားကို ပိုပြီး ခင်တွယ် အားကိုးရှာတာပါ။။ သားကိုပဲ ချစ်ရှာတာပါကွယ်။။ သူမျက်စိမြင်လို့ သားရုပ်ကို တွေ့ရင် သားထင်သလို သားကို သူဘယ်မုန်းရှာမှာတုန်း။။ သူ့ရဲ့ မေတ္တာစစ်က ရုပ်ရည်မချောတာ တစ်ခုအတွက်နဲ့တော့ မပျက်ပြယ်ပါဘူးသားရယ်။။ အဲဒီတုန်းက မင်းဆုံးဖြတ်တာ မှားလေချင်းကွယ်။။"

ကျော်ကြီးတစ်ယောက် ပတ်ဝန်းကျင်မှ စကားများကိုပင် မကြားနိုင်တော့။။ မင်းကို အကိုသတ်မိတာပါ ရှင်နှောင်းရယ်ဟုသာ တတွတ်တွတ် ရေရွတ်နေမိတော့သည်။။
ဆောက်တည်ရာမဲ့ ကြေကွဲဝမ်းနည်းနေသော ကျော်ကြီးကို ရှင်နှောင်း၏အမေနှင့် ဆွေမျိုးသားချင်းများက အတော်ကြီးကို နှစ်သိမ့်ဖြောင်းဖျခဲ့ ကြရ၏။။ သူ့ကိုယ်သူ အပြစ်တင်ရင်း အရက်ကို နေ့ရော ညရော သောက်နေသော ကျော်ကြီးတစ်ယောက် နောက်ဆုံးမှာတော့ သမီးလေး မျက်နှာကိုထောက်ပြီး စိတ်ကို ဖြေသိမ့်ရင်း ထိန်းချုပ်ပြုပြင်ခဲ့ရသည်။။ ရှင်နှောင်းကို သတိရမိတိုင်း သမီးလေး လက်ကိုဆွဲကာ ရှင်နှောင်း၏ အုတ်ဂူလေးဆီသွားရင်း စကားတွေ ပြောနေမိတတ်၏။။ ကျော်ကြီး ရင်ဘတ်ထဲမှာ မရပ်မနား တရစပ် ပြောနေမိသော စကားတွေကတော့

"မင်းကို အကိုသတ်မိတာပါ ရှင်နှောင်းရယ်။။ အကို့ကို ခွင့်မလွှတ်လိုက်ပါနဲ့။။"

ဟူ၍ပဲဖြစ်သည်။။ ရင်ဘတ်ထဲမှာ ပဲ့တင်ထပ်နေသော ထိုစကားသံများနှင့် ပျော်ရွှင်ခြင်းမဲ့ အနာဂတ်တစ်ခုကို သမီးငယ်အတွက် အားတင်းဖြတ်ရင်း ကျော်ကြီးတစ်ယောက် သူ့အမှားအတွက် ပေးဆပ်ခြင်း အမှုကို ပြုနေလေတော့သည်။။။




လေးစားလျက်
အလင်းသစ်

6 comments:

  1. မေတ္တာစစ်က ရုပ်ရည်မချောတာ တစ်ခုအတွက်နဲ့တော့ မပျက်ပြယ်ပါဘူး။
    ဟုတ်တာပေါ့...လာဖတ်သွားတယ်အလွမ်းသစ်ရေးးးး
    အလွမ်းတွေဝေးပါစေ...

    ReplyDelete
  2. ဆုံးဖြတ်ချက်အမှားများမှ..
    ကင်းဝေးနိုင်ကြပါစေ.......
    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  3. အင်းလေ ...သနားလိုက်တာ ပြန်ပြင်လို့ လဲ မ၇ပါလား

    ReplyDelete
  4. ရှင်နှောင်းအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့ကွယ်...ကျန်းမာပျော်ရွှင်ပါစေ...

    ReplyDelete
  5. ဇာတ်လမ်းလေးတွေက တစ်ခါတစ်မျိုး မရိုးအောင်ရေးတတ်တယ်။ အရေးအသားကလည်း ရှင်းရှင်းလေးနဲ့ ဖတ်တဲ့သူကို စွဲဆောင်နိုင်တယ်။

    ReplyDelete
  6. ဒီဝတ္ထုလေးဟာ အစကနေ အဆုံးအထိ ကျမကို ဆွဲခေါ်သွားတော့တာပါပဲရှင်။
    ကျေးဇူးတင်ပါတယ်။

    မလေး

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။