ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, July 28, 2011

ဝေးလားဆိုတော့ မနီးပါ


(၁)

ဘန်ကောက်မြို့ရဲ့ ညအချိန်က ရောင်စုံမီးရောင်များ အောက်မှာ သက်ဝင်လှုပ်ရှားနေသည်။။ ဆူညံပူညံ အသံတွေကို မနှစ်သက်၍ တည်းခိုရာ ဟိုတယ်အောက်ထပ်မှာပဲ ဝေယံကျော်နှင့် မျိုးသန့်တို့ စားပွဲတစ်လုံး ယူလိုက်သည်။။ အတူပါလာကြ သူများကတော့ လူငယ်များပီပီ ခုနှစ်လွှာအကများ ကြီးစိုးရာ ရောင်စုံမီးရောင်များ အောက်သို့ တိုးဝင်ဖို့ ထွက်ခွာသွားကြလေပြီ။။ သင်္ဘောပေါ်က ဆင်းကာစ လက်ဖျားမှာ ငွေသီးနေတဲ့ ကာလတစ်ခုမို့ လုပ်တိုင်းဖြစ်နေကြသည် မဟုတ်လား။။။

"အီးအိုက အပေါ်မှာတုန်းကလည်း စကားနည်း အခုလည်း ဘာမှမပြောပါလားဗျ။။ မနက်ဖြန်၊ သန်ဘက်ပဲ ပြန်ရတော့မယ်။။ အိမ်အကြောင်း တွေးနေလို့လား။။"

ရေခဲငွေ့များ သီးနေသည့် ဖန်ခွက်ကို သေချာစိုက်ကြည့် နေသော ဝေယံကျော်ကို မျိုးသန့်က လှမ်းမေးလိုက်သည်။။ အတွေး ပင်လယ်ဝေ နေရာမှ ဝေယံကျော် ပြုံးလိုက်ရင်း ယမကာကို တစ်ကျိုက် မော့လိုက်၏။။ ပြီးမှ ပုခုံးတွန့်လိုက်ရင်း ဒီလိုပါပဲ ကိုမျိုးသန့်ရာဟု ဖြေလိုက်သည်။။

"အီးအို ရင်ထဲမှာ ကျိတ်ပြီးစုထားရတဲ့ ဝေဒနာတွေ ပြည့်ကျပ်နေပြီ ထင်တယ်။။ ပြောပြပါဦးဗျ။။ ဒီလောက် အကြာကြီး အတူတူ အလုပ်လုပ်ခဲ့တာတောင် အီးအိုအကြောင်း ဘာမှမသိခဲ့ဘူး။။ ကျနော်တော့ စိတ်ဝင်စား မိပြီဗျာ။။"

မျိုးသန့်က အစဖော်ပေးလိုက်တော့ ဝေယံကျော် ရင်ထဲက ပြည့်နှက်နေသော ဝေဒနာ စကားသံတို့ လျှံကျလာခဲ့လေပြီ။။ မျက်ဝန်းဆီမှာ လွန်လေပြီ ဖြစ်သော အတိတ်၏ ပုံရိပ်တွေက တစ်ကွက်ပြီး တစ်ကွက် အဆက်မပြတ်သော ဖြစ်ပေါ်ခြင်းနှင့် ပီပီပြင်ပြင် ထင်မြင်မိလေတော့ ရင်ထဲမချိအောင် လွမ်းမောမိရ ပြန်ပြီတကား။။။



(၂)


ဝေယံကျော်က အင်းစိန်မှာ နေသည်။။ မိဘများက အလုပ် ကြိုးစားသူများမို့ ကိုယ်ပိုင် စီးပွားရေးနှင့် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကားနှင့် တင့်တောင်း တင့်တယ် နေနိုင်သည့် မိသားစုဖြစ်၏။။ မျိုးရိုးစဉ်ဆက် ချမ်းသာသူများ မဟုတ်သလို ပညာတတ် မျိုးရိုးလည်း မဟုတ်ခဲ့။။ ထို့ကြောင့် ဥာဏ်ရည်ထက်ပြီး စာတော်သော ဝေယံကျော်ကို အထူးမြောက်စား ခဲ့ကြသည်။။ မိဘများ လိုလားသလိုပင် ဝေယံကျော်ကလည်း အထူးကြိုးစား ခဲ့သဖြင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခွင့် ရခဲ့၏။။ သားအတွက် ဂုဏ်ယူဝမ်းမြောက် နေတတ်သော မိဘများက လိုလေသေးမရှိ ထောက်ပံ့ပေးမှုမှာ အခက်အခဲ ဆိုတာ ဘာမှန်းပင်မသိပဲ ဝေယံကျော် ကြီးပြင်းလာခဲ့ရသည်။။ အရွယ်ရောက် လာပြီဖြစ်သော ယောင်္ကျားပျိုတို့ သဘာဝ ရင်ခုန်ဘက်ကိုလည်း တွေ့ရှိခဲ့လေပြီ။။
သူမနာမည်က ဝေဝေထွန်း။။ ရွှေပြည်သာမှ ချမ်းသာသော မိသားစုတွင် ပေါက်ဖွားလာခဲ့သူ တစ်ယောက်ဖြစ်သည်။။ ငွေကြေး ဥစ္စာချမ်းသာ ရုံသာမက တစ်ဆွေတစ်မျိုးလုံးက ပညာတတ်များမို့ ဂုဏ်မာနလည်း အလွန်မောက်ကြွား ကြသူများဖြစ်၏။။ နာမည်တစ်လုံးကို အသက်ကဲ့သို့ တန်ဖိုးထားကြသော ကြေးရတတ် လူတန်းစားမှာ ကြီးပြင်းခဲ့ပေမယ့် ဝေဝေထွန်းက ဟိတ်ဟန်မရှိပဲ ဂျစ်တိဂျစ်ကန် နေတတ်သော မိန်းကလေး တစ်ယောက်ဖြစ်၏။။ ချစ်ကြပြီ ဆိုတော့လည်း ဘာဘာညာညာ မတွေးခဲ့ကြ ချစ်တာကလွဲလို့ သူတို့အတွေးထဲ ဘာမှမရှိ။။ မြင်မြင်သမျှ အရာရာက လှပနေခဲ့လေသည်။။

"ဝေယံ ညနေရုပ်ရှင် ကြည့်ချင်တယ်။။ ဝေ့ဆိုင်မှာ လာကြိုပေးနော်။။"

ဝေဝေထွန်းရဲ့ ခပ်ချွဲချွဲစကားကြောင့် ဝေယံကျော် တွေခနဲဖြစ်သွားသည်။။ မနက်ဖြန် အရေးကြီး Assignment တစ်ခု တင်ဖို့လိုနေသည်။။ သူဘာမှ မပြင်ရသေး။။ ထို့ကြောင့် ချစ်သူကို ချော့မော့ပြီး နောက်နေ့မှ သွားဖို့ ပြောလိုက်သည်။။ ငါးနှစ်တက်ရတာမို့ ဝေဝေထွန်းက ကျောင်းပြီးလို့ ကိုယ်ပိုင် အထည်ဆိုင်လေး ဖွင့်ထားချိန်မှာပင် ဝေယံကျော်က နောက်ဆုံးနှစ် ကိုတက်နေရတုန်း ဖြစ်၏။။ အပြိုင်အဆိုင် များလှသော ကျောင်းသင်ခန်းစာ များကတစ်ဖက် စိတ်ကောက်စိတ်တို လွယ်သော ချစ်သူကတစ်ဖက်နှင့် ဝေယံကျော် အတော်ကို ဗျာများခဲ့ရ၏။။

"မသိဘူး ဝေယံရာ။။ ဝေ့အတွက်ဆို ဘယ်တော့မှ မအားဘူးမလား။။ ပြောလိုက်ရင် ဆင်ခြေဆင်လက်က အဆင်သင့်ချည်းပဲ။။ မပို့ချင်လဲနေကွာ။။"

စိတ်ကောက်သွားတဲ့ ချစ်သူမျက်နှာ ညိုတိုတိုက ရင်ထဲကို အိုစေပြီမို့ ဝေယံကျော် ကျန်တာတွေ မေ့ပြီး ချစ်သူအလိုကိုသာ ဦးစားပေး ဖြည့်တင်းပေးခဲ့ မိတော့သည်။။ အချစ်ကို ဦးစားပေးခြင်း သည်လည်း ချစ်သူက ကိုယ့်အချစ်ကို ခံစားမိစေဖို့ နည်းလမ်းကောင်း တစ်ခုပဲ မဟုတ်လား။။ ချစ်သူမျက်နှာ ပြုံးမြမြကို မြင်ရခြင်းမှာ ရောင့်ရဲနိုင်တဲ့ ယောက်ျားလို့မှ မရှိတာပဲလေ။။ ဝေဝေထွန်းက ဒီလို ဝေယံကျော် အပေါ်မှာ အနိုင်ယူပြီး ချစ်တတ်တဲ့ ချစ်သူတစ်ယောက် ဖြစ်ခဲ့သည်။။။



(၃)


ချစ်သူအကြောင်း ပြောနေသော ဝေယံကျော် မျက်နှာက ကြည်နူးမှုနှင့် ပြုံးနေသည်။။ လက်ထဲက ယမကာခွက်ကို တစ်ချက် လှုပ်လိုက်ပြီး လက်ကျန်ကို မော့ချလိုက်သည်။။မျိုးသန့်က ပုလင်းကို လှမ်းယူလိုက်ပြီး သူ့ဖန်ခွက်ထဲ ငှဲ့ထည့်ပေး၏။။ ပြီးမှ
ရေခဲကို ညှပ်ယူပြီး သင့်တော်ရုံ စပ်ပေးနေသည်။။ ဝေယံကျော်က မျိုးသန့် လုပ်နေသမျှကို မျက်တောင်မခတ် တွေတွေကြီး စိုက်ကြည့်နေ၏။။

"ဒါနဲ့ ကိုမျိုးသန့်ကရော လူပျိုကြီးပဲလားဗျ။။"

သူ့အမေးစကား အဆုံးမှာ မျိုးသန့်က အသံခပ်တိုးတိုးနှင့် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။။

"ဘယ်က ဟုတ်ရမှာလဲ အီးအိုရယ်။။ ကျွန်တော့် အမျိုးသမီးက တစ်ကောင်ကြွက်လေ။။ အခုကျွန်တော့် မိဘတွေနဲ့ အတူနေနေတယ်။။ သားလေးတောင် ၃ နှစ်ပြည့်တော့မယ်ဗျ။။"

"သြော်..ဟုတ်လား။။ အဆင်ပြေကြ ချစ်ကြင်ကြတယ် ဆိုတာသိရတော့ ဝမ်းသာမိတယ်ဗျာ။။"

ဆွေးဆွေး မြေ့မြေ့ သူ့စကားသံမှာ လွမ်းဆွတ်ခြင်းတွေ ပါများနေလေသလား။။ မျိုးသန့်က သတိထားမိစွာဖြင့်

"အီးအို ဇာတ်လမ်းက အရှိန်ရနေပြီ ပြောပါဦးဗျ။။ ကျွန်တော်ဖြင့် အရမ်းကို စိတ်ဝင်စားမိ နေပြီဗျာ။။"

သက်ပြင်းရှည်ကြီး တစ်ချက်ကို ခပ်ပြင်းပြင်းချလို့ ဝေယံကျော့် အတွေးတွေက အတိတ်ဆီ အလည်ရောက် သွားပြန်လေတော့သည်။။။



(၄)


"ဝေယံရေ အိမ်က ဝေ့ကို ယောက်ျား ပေးစားတော့မယ်တဲ့။။ ဝေယံနဲ့ တွဲနေတာကို သဘောမတူလို့တဲ့။။ ဝေတို့ ဘာဆက်လုပ် ကြမလဲဟင်။။"

ဝေဝေထွန်းရဲ့ စကားသံမှာ ဝေယံကျော် အံ့သြမင်သက် သွားမိသည်။။ ဒီလိုစကားက သူလုံးဝကို မျှော်လင့်မထားလေသော စကားတစ်ခု။။ ရေကြောင်းပညာ တက္ကသိုလ်ဆင်း သင်္ဘောအရာရှိ၊ မိဘကချမ်းသာသော သူ့ကို ဘယ်လို မိန်းကလေးရှင်က မဆို ဒီလိုငြင်းဆန်မည် မဟုတ်။။ ဘာလို့ သဘောမတူတာလဲ ဝေရယ် ဟုအံ့သြစွာ မေးလိုက်မိသည်။။

"မေမေတို့က မာနကြီးတယ် ဝေယံရဲ့။။ ဝေယံနဲ့ ဝေတို့ စတွဲထဲက သူတို့ ဝေယံ့အကြောင်းကို စုံစမ်းနေတာလေ။။ ဝေယံတို့ ချမ်းသာပေမယ့် ဆွေကြီး၊မျိုးကြီး မဟုတ်ဘူးဆိုတာ သူတို့သိလို့ သဘောမတူတာတဲ့။။"

မဆိုင်လိုက်တာ ဝေရယ် ဟုခပ်တိုးတိုး ပြောလိုက်မိ၏။။ စိတ်ကူးထဲက အနာဂတ်ကမ္ဘာက အကောင်အထည်မှ ဖော်လို့ ရပါတော့မလား။။ ကျောင်းပြီးတာနဲ့ သင်္ဘောတစ်ခေါက် တက်မည်။။ ပြန်လာရင် ဝေနှင့် လက်ထပ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် အတူဖြတ်သန်းကြမည်။။ အခုတော့ စိတ်ကူးတွေက စိတ်ကူးထဲမှာပဲ ကုန်ဆုံးရတော့မည်လား။။ ဝေယံကျော် အတွေးတွေက ဦးတည်ရာမရှိ ယောက်ယတ်ခတ်နေသည်။။ သူ့စိတ်ကူးထဲက အိပ်မက်များအကြောင်း ချစ်သူကို တစ်ခုချင်း ပြောပြနေမိ၏။။

"ဝေယံ စိတ်ကူးသလို ဖြစ်လာရင်တော့ အတိုင်းထက် အလွန်ပေါ့။။ အခုက မဖြစ်နိုင်တော့ဘူး ဝေယံ။။ ကိုယ့်မိဘတွေ အကြောင်းကို ကိုယ်ပဲသိတယ် ။။ ကြိုးစားကြည့် ကြရအောင်တို့ ဘာတို့ လာမပြောနဲ့တော့။။ မဖြစ်နိုင်ဘူး။။"

ဝေဝေထွန်းရဲ့ ပြတ်သားသော စကားသံ အဆုံးမှာ ဝေယံကျော် လန့်သွားမိသည်။။ ချစ်သူနှင့်တော့ သူမဝေးရဲ။။ ဝေဝေထွန်းကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ သူကိုယ်တိုင်ထက် ဘယ်သူက ပိုသိမှာလည်းလေ။။

"အဲလိုဆိုရင် ဘယ်လိုလုပ်မလဲဟင်။။ ဝေယံတော့ မတွေးတတ်တော့ဘူး။။ သေချာတာကတော့ ဝေယံ ဘယ်လိုမှ ဝေနဲ့ အဝေးမခံနိုင်ဘူး။။။ ဝေ့ကို အရမ်းချစ်တယ်။။ ဝေနဲ့ မဝေးရဲဘူး ဝေရယ်။။"

ဝေလဲ အတူတူပဲပေါ့ ဝေယံရယ် ဟုပြောရင်း ဝေဝေထွန်းက သူ့လက်အစုံကို ဆုပ်ကိုင်လာသည်။။ ဘယ်တော့မှ မဝေးဘူး ဟုနှစ်ယောက်သား တဖွဖွပြောရင်း ထွေးဖက်လိုက်ကြ၏။။ မမြင်နိုင်သော မနက်ဖြန်များကို ရင်ဆိုင်ဖို့ အချစ်တွေအပြင် သတ္တိနှင့် အားအင်တွေပါ လိုအပ်နေပြီမဟုတ်လားလေ။။။




(၅)

ဖုန်းမြည်လာသံကြောင့် ဝေယံကျော် ကောက်ကိုင် လိုက်သည်။။ တစ်ဖက်မှ အသံက ဝေဝေထွန်းရဲ့အသံ။။ သူနည်းနည်းပင် စိုးရွံ့သွားမိ၏။။ ဝေ ဘာဖြစ်လို့လဲဟင် ဟုအလောတကြီး မေးလိုက်မိသည်။။

"ဝေယံ အခုထွက်လာခဲ့နော်။။ ဝေအခု ဝေယံတို့ လမ်းထိပ်မှာ ရောက်နေပြီ။။ ဝေယံနဲ့ မခွဲနိုင်လို့ အိမ်ကနေ အပြီးဆင်း လာခဲ့လိုက်တာ။။"

ဝေယံကျော် ခေါင်းကြီးသွားသည်။။ တော်ပါသေးရဲ့ ဖုန်းကို သူကိုင်မိလို့။။ အဖေတို့ အမေတို့သာ ကိုင်မိလျှင် ခက်ရချည်ရဲ့။။ အခုချက်ချင်း လာခဲ့မယ် ဘယ်မှမသွားပဲ စောင့်နေပါဟု ပြောပြီး ဖုန်းချကာ အိမ်ထဲမှ အပြေးတပိုင်း ထွက်လာခဲ့လိုက်သည်။။ လမ်းထိပ်ရောက်တော့ ဝေဝေထွန်းကို ခရီးဆောင်အိတ် အကြီးကြီးနှင့် တွေ့လိုက်ရ၏။။ အိတ်ကို ဆွဲယူပြီး နှစ်ယောက်သား အိမ်ကိုပြန်လာပြီး မိဘများကို အကျိုးအကြောင်း ပြောပြလိုက်သည်။။ အဖေက လူကြီးပီပီ ချင့်ချိန် စဉ်းစားပြီး စကားကို ခပ်လေးလေး ပြောလာ၏။။

"သဘာတူတာ မတူတာက သူတို့အပိုင်း။။ အိမ်ထောင်ပြုတာ မပြုတာက မင်းတို့အပိုင်း။။ အဖေတို့ကတော့ မိဘတို့ ဝတ္တရားရှိသမျှ လုပ်ပေးရမှာပဲ သားရေ။။ ဘာမှပူမနေနဲ့တော့။။ အခု ဆင်းလာတဲ့ သူကလည်း ဆင်းလာပြီ ဆိုမှတော့ အသိသက်သေ နည်းနည်းခေါ်ပြီး မြို့နယ်တရားရုံးမှာ လက်မှတ်ထိုးပြီး လက်ထပ်လိုက်ပေတော့။။"

အဖေ့စကားကြောင့် ဝေယံကျော်က သူငယ်ချင်းအချို့ကို ဖုန်းဆက်ခေါ်လိုက်သည်။။ ဘေးအိမ်မှ လူကြီးအချို့ကို ဖိတ်လိုက်ပြီး မြို့နယ်တရားရုံးမှာ လက်မှတ်ရေးထိုး လက်ထပ်လိုက် ကြတော့၏။။။


(၆)

အတိတ်နယ်ဆီ အလွမ်းသယ် နေမိသည့် ဝေယံကျော်က စကားစကို ဖြတ်ပြီး ငေးနေတော့ သေချာနားထောင်နေသော မျိုးသန့် ဆန့်ငင် ဆန့်ငင် ဖြစ်သွားသည်။။။ ဝေယံကျော့်ရှေ့မှ အရက်ခွက်ကို အရက်ထပ်ဖြည့် ရေခဲထည့်စပ်ပေးပြီး ကမ်းပေးလိုက်၏။။ အသာလှမ်းယူသော ဝေယံကျော့် လက်တွေ တုန်နေတာ သတိထားမိလိုက်သည်။။ အတိတ်မှ ဝေဒနာတွေ ရင်မှာ ထိရှနေပြီထင်ပါရဲ့ ဟုတွေးလိုက်ရင်း သူ့ခွက်ကို ကိုင်ကာ ခွက်ချင်းတိုက်လိုက်ပြီး တစ်ကျိုက်စီမော့လိုက်၏။။ မျက်နှာက ညို့မှိုင်းနေတာ ကြည့်ခြင်းအားဖြင့် ထပ်ကြားရမည့် ဇာတ်လမ်းက အရှိန်အတော် ပြင်းပြင်းနှင့် လိမ့်ဆင်းလာမည် ဆိုတာ မျိုးသန့် သဘောပေါက်လိုက်သည်။။

"အီးအိုရေ ဇာတ်ရှိန်ကတော့ အမြင့်ဆုံးရောက် နေပြီနော်။။ ခုနပြောနေရင်း ရပ်ပစ်လိုက်တော့ ကျနော့်မှာ ဆန့်ငင် ဆန့်ငင် ဖြစ်သွားတာ။။ အီးအိုကို လူပျိုကြီး မှတ်နေတာ။။ အိမ်ထောင် ရှိတာကိုး။။ ဆက်ပြောပါဦးဗျာ။။ ကျနော်တော့ ဒီည ဒီအကြောင်း မသိရရင် အိပ်တောင် ပျော်မယ် မထင်ဘူး။။ အီးအို အကြောင်းကတော့ ဇာတ်လမ်းကောင်းတဲ့ ရုပ်ရှင်လိုပဲ စွဲဆောင်နေပြီဗျ။။"

မျိုးသန့်ရဲ့ အားတက်သရော စကားကြောင့် ဝေယံကျော် မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။။ သူဆက်ပြောမည့် အကြောင်းတွေက အပြုံးတွေကို ဝါးမြိုမှာကိုတော့ ဘယ်သူက သိနိုင်ပါ့မလဲလေ။။ လက်ထဲက ယမကာကို ကျိုက်ခနဲ အကုန် မော့ချလိုက်၏။။ ရီဝေဝေ မူးနေသော စိတ်တွေမှာ အလွမ်းတွေကပါ ပိုမူးစေလေပြီလား။။ အတိတ် ပန်းချီကား တစ်ချပ်ကို ထပ်ပြီး ဆွဲဖွင့်လိုက်မိပြန်တော့သည်။။။


(၇)

"ကျွန်တော်တို့က စာချုပ်စာတမ်းနဲ့ တရားဝင် လက်ထပ်ထား ပြီးပါပြီ။။ ကျွန်တော်တို့ ချစ်ခြင်းကို မခွဲပါနဲ့လို့ မေတ္တာရပ်ခံ ပါတယ်။။"

ချစ်သူလက်ကို ဆွဲပြီး ဝေယံကျော် ယောက္ခမတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်သည်။။ သူ့လက်ထဲမှာက အသိသက်သေ စုံညီနှင့် လက်မှတ်ရေးထိုး ထားခဲ့သော လက်ထပ်စာချုပ်။။ ရုတ်တရက် ထင်မထားသော အဖြစ်တစ်ခု ဖြစ်ပျက်သွားသည်။။ဝေဝေထွန်း၏ မိခင် ဒေါ်သီတာက သူ့လက်ထဲမှ စာချုပ်နှစ်ခုကို ဆွဲယူပြီး အစိတ်စိတ် အမွှာမွှာ စုတ်ဖြဲပစ်လိုက်၏။။ တားဖို့ပင် အချိန် မမှီတော့ပဲ အားလုံးက မင်သက် အံ့သြစွာ ငေးကြည့်နေမိကြသည်။။

"ဒီမှာမောင်ရင် မောင်ရင့်ဘာသာ စာချုပ်မကလို့ ဘာနဲ့ပဲ လက်မှတ်ထိုးထိုး ဂရုမစိုက်ဘူး။။ မင်းနဲ့ ငါတို့သမီးကိုလည်း ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ဘူး။။ မင်းတို့ဘာသာ လူငယ်ဘာဝ ချစ်ကြ၊ ကြိုက်ကြ နောက်ဆုံးကွာ အချစ်နယ်ကျွံကြဦး ဘာမှပြောဖို့မရှိဘူး။။ ဒါဘယ်သူမှ သိတဲ့ ကိစ္စမဟုတ်ဘူးလေ။။ ကိုယ့်ဘာသာ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းလို့ ရတဲ့နည်းတွေ အများကြီးရှိတယ်။။ ငါတို့ အသိုင်းအဝိုင်းမှာက လူသိရှင်ကြား တောင်းရမ်း လက်ထပ်တယ် ဆိုတာပဲ ရှိခဲ့တာ။။ အခု မင်းလုပ်လိုက်တာက ငါတို့ အသိုင်းအဝိုင်း ကြားမှာ ငါတို့မိသားစု နာမည်ပျက်နဲ့ ခေါင်းမဖော်ရဲ တော့ဘူးကွဲ့ သိရဲ့လား။။ ငါတို့ရဲ့ သမီးက ခိုးရာလိုက် ပြေးရတယ်လို့ ရှက်ဖွယ်လိလိကွယ်။။"

ဒေါ်သီတာရဲ့ မဲ့ရွဲ့ပြီး ပြောတဲ့စကားမှာ သည်းခံနိုင်မှု တရားတို့ ကုန်ဆုံးသွားပြီ ဖြစ်သော သူ့အမေ ဒေါ်ခင်သီက ရုတ်တရက် ထရပ်လာသည်။။

"ဒီမှာ အမကြီး သားသမီးချင်း ကိုယ်ချင်းစာပြီး စကားကို ပြောပါ။။ အခု သားက ရှင်တို့သမီးကို ခိုးတာမဟုတ်ဘူးနော်။။ ရှင်တို့ သမီးက သူ့ဘာသာ ဆင်းလာတာ။။ ကိုယ့်သားသမီးကိုတောင် နိုင်အောင် မထိန်းသိမ်းနိုင်ပဲ ရှင်ပြောတဲ့ ဂုဏ်တွေ၊ မာနတွေက ဘာတန်ဖိုးရှိတော့မှာလဲ။။ ထားပါ။။ ကျွန်မတို့က သားရှင်မို့ ရှင်တို့ ဘယ်လိုဖြစ်ချင်တယ် ဆိုတာပြောပါ။။ အကုန် ဖြစ်စေရမယ်။။"

ချက်ကျ လက်ကျ စကားသံမှာ ဘာမှပြန်မပြောနိုင်ပဲ ဒေါ်သီတာ တစ်ယောက် အသားတွေပင် တုန်တက်လာသည်။။

"ကြားရဲ့လား မိဝေဝေ။။ မိဘကို ခြေစုံကန်တဲ့ အမိုက်မ။။ သူပြောတဲ့ စကားမှာ ညည်းသိက္ခာ ဘာရှိတော့လဲ။။ ညည်းထိုက်နဲ့ ညည်းကံ ခံပေရော့။။ နောင်တရတဲ့နေ့ အိမ်ကို တစ်ယောက်တည်း ပြန်လာခဲ့ ဒါပဲ။။ ငါကတော့ ဒီအမဲရိုးက ဟင်းအိုးမှ အားမနာတဲ့ သူတွေနဲ့ တုဖက်ပြီး မင်္ဂလာစကား မပြောနိုင်ဘူး။။ ကဲ အကုန်လုံး ပြန်မယ်။။။"

သမီးဖြစ်သူကို မဲပြောပြီး ဒေါကြီး မောကြီးနှင့် ဝေဝေထွန်း၏ မိသားစုများ ထွက်ခွာသွား ကြတော့သည်။။ ဝေယံကျော်က ချစ်သူရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး အားပေးလိုက်၏။။ သို့သော်ငြား ဝေဝေထွန်း၏ မျက်ဝန်းများက နာကျည်းခြင်း အရိပ်များ ဖုံးလွှမ်းလျက် ဝေယံကျော်၏ မိခင် ဒေါ်ခင်သီကို ခပ်တင်းတင်းကြီး စိုက်ကြည့်နေတော့သည်။။။



(၈)

မိဘ၏ ပစ်ပယ်ခြင်းကို ခံယူခဲ့ရသည့် ဇနီးသည်ကို ဝေယံကျော် အစွမ်းကုန် အလိုလိုက် ဖြည့်ဆည်းပေးခဲ့သည်။။ သို့သော်လည်း သူမမိသားစု၏ ရှေ့တွင် သူမကို စော်ကားတိုက်ခိုက်သည် ဟူသော စွဲချက်ဖြင့် ဒေါ်ခင်သီ အပေါ်မှာ ဝေဝေထွန်းက အမျက်ထား ဆက်ဆံခဲ့လေပြီ။။ ကိုယ်တိုင်လည်း ထမင်း၊ဟင်းကို မချက်တတ်။။ ယောက္ခမ ချက်သော ထမင်း၊ဟင်းကိုလည်း ဆင်းမစားပဲ သူတို့အတွက် သတ်မှတ်ပေးထားသော အခန်းထဲတွင်သာ အမြဲအောင်း နေတော့သည်။။ တစ်အိမ်လုံးတွင် သူမ စကားပြော ဆက်ဆံတာ ဆို၍ ဝေယံကျော် တစ်ယောက်သာ ရှိတော့၏။။ ယောက္ခမနှင့် ချွေးမ မာနပြိုင်သော ပွဲမှာ ကြားက အနေခက်သူက ဝေယံကျော်ပင်။။ တစ်ဖက်က မိဘ၊ တစ်ဖက်က ချစ်ရလွန်းသော ဇနီးသည်။။ သူနဲ့မခွဲနိုင်လို့ အဝတ်အိပ်ဆွဲကာ အပြီးဆင်းလာရဲသော ချစ်သူရဲ့ စွန့်လွှတ် အနစ်နာခံရဲမှုကိုလည်း ဥပေက္ခာ မပြုရဲ။။

အခုဆို ဝေယံကျော်၏ တာဝန်တွေက များလွန်းလှလေပြီ။။ မနက်မိုးလင်းတာနဲ့ ဇနီသည်စားဖို့ မနက်စာကို ထွက်ဝယ်ပေးရ၏။။ ထို့နောက် အိမ်ကကားကို မိခင်ဆီ အုံနာခပေးပြီး တက္ကစီထွက်ဆွဲသည်။။ နေ့လည်မှာ ဝေဝေထွန်း လှမ်းမှာသော နေ့လည်စာ တစ်မျိုးမျိုးကို ဝယ်ပြီးထမင်းစား ပြန်နားရသည်။။ ညနေ ကားသိမ်းပြီးပါက ဝေဝေထွန်း သွားချင်တဲ့ နေရာကို လိုက်ပို့ပေးပြီး စားချင်သမျှ လိုက်ဝယ်ကျွေးရ၏။။ ထို့ကိစ္စတွေအတွက် အိမ်မှ တစ်ပြားတစ်ချပ်မှ တောင်းခံခြင်း မပြုရဟုလည်း တားမြစ်ထား လိုက်သေးသည်။။ ဒီနေ့လည်း ဝေဝေထွန်း စိတ်ညစ်သည် ဆို၍ စောစောပြန်လာပြီး ရွှေတိဂုံ ဘုရားဆီ အတူတူ ထွက်လာခဲ့လိုက်၏။။ ဘုရားဖူးပြီးတော့ တရုတ်တန်းဘက်မှာ အကင်သွားစား ကြသည်။။ ဆိုင်မှာ ထိုင်နေရင်း ဝေဝေထွန်းက အိမ်ခွဲနေချင်ကြောင်း ပူဆာသလို ပြောလာတော့၏။။။

"ဝေရယ် ဝေယံလည်း အမေနဲ့ ဝေ့ရဲ့ကြားမှာ ဘယ်လောက် အနေခက်တယ် မှတ်လဲ။။ အိမ်ခွဲချင်တာပေါ့။။ အခုကဝေယံ့ လက်ထဲမှာ ပိုက်ဆံမှ လုံလုံလောက်လောက် မရှိတာ။။ သင်္ဘောတက်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။။ လက်ရှိ ဝေယံတတ်နိုင် တာဆိုလို့ ကားမောင်းပြီး ပိုက်ဆံရှာတာပဲ ရှိတယ်လေ။။ ဝေယံလည်း ဘာအလုပ်မှ လုပ်ခဲ့ဖူးတာ မဟုတ်တော့ တခြားအလုပ်တွေလည်း မလုပ်တတ်ဘူး။။ ညဘက်ပါ ကားထွက်ဆွဲပြီး ပိုက်ဆံစုမယ်။။ ပြည့်တာနဲ့ ဝေ ဖြစ်စေချင်သလို အိမ်ခွဲပေးမယ် ဟုတ်ပြီလား။။။"

မိခင်အပေါ် မကျေနပ်သမျှ သူ့အပေါ်မှာ အပြစ်ပုံချ ကန့်လန့်တိုက် တတ်သော ဇနီးသည်၏ အပြုအမူများက တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာသည်။။ ကြာလာတော့လည်း သည်းခံနိုင်မှုတို့ နည်းနည်းလာပြီး လင်မယားရန်ဖြစ်တာတွေ မကြာခဏ ဆိုသလို ဖြစ်လာ၏။။ ကြီးမားလာသော အက်ကြောင်းကြီးကို စေ့စပ်ဖို့ လုံလောက်သော အားစိုက်မှုကို ဝေယံကျော် မပြုလုပ်နိုင်သေး။။ စကားများပြီး ဝေဝေထွန်းက သူမမိဘအိမ်သို့ ဆင်းသွားတာလည်း နှစ်ကြိမ်ရှိလေပြီ။။။ လင်နှင့်မယား ချစ်ခင်ယုယမှုထက် တစ်နေ့ထက်တစ်နေ့ အမြင်ကတ် အပြစ်ရှာမှုတွေက ပိုပိုလာကြပြီမို့ သူတို့နှစ်ယောက် ဘဝက ဘယ်လိုမှ ပျော်ဖို့မကောင်းပဲ ရှိနေခဲ့တော့သည်။။။



(၉)

"ရှင်ပြန်ပါတော့ ကိုဝေယံကျော်။။ ကျွန်မကို ဘယ်တော့မှ လာမခေါ်ပါနဲ့တော့။။ ရှင့်ကိုချစ်လို့ ရှင့်မျက်နှာ တစ်ရွာထင်ပြီး ဆင်းလာခဲ့တဲ့ ကျွန်မကို ရှင်က ကာကွယ်မပေးခဲ့ဘူး။။ ကျွန်မ အရမ်းနာတယ်။။ ရှင်နဲ့ကျွန်မ ပြတ်ပြီ။။ နောက်ဘယ်တော့မှ ကျွန်မကို ထပ်တွေ့ဖို့ မကြိုးစားပါနဲ့တော့။။"

စိမ်းကားရက်စက်စွာ ပြောရက်၊ပြောထွက် နေသော ဇနီးသည်၏ မျက်နှာကို ဝေယံကျော် မင်သက်စွာ ကြည့်နေမိသည်။။ အရင်ကနှင့် မတူသော မျက်နှာပုံစံက သူမစကားတွေကို အတည်ပြုပေး နေသယောင်ယောင်။။ ဟိုနေ့က သူရှိနေတုန်း အိမ်မှာ အမေနှင့် ဝေဝေထွန်းတို့ အကြီးအကျယ် စကားများခဲ့ကြသည်။။ ရိုင်းစိုင်းသော စကားများနှင့် ရင့်သီးစွာ ပြောနေသော သူမကို ငရဲရမည် စိုးရိမ်စိတ်ဖြင့် အတန်တန် တားသော်လည်း တားမရပဲ ဆက်ပြောနေ၍ ရိုက်နှက်ဆုံးမ လိုက်မိ၏။။ ထိုနေ့တည်းက ဆင်းသွားတာ ခုထိကို ပြန်ခေါ်၍ မရသေး။။ တစ်ပတ်ကျော်ပင် ရှိနေလေပြီ။။

"ဝေရယ် အဲဒီလောက်ထိတော့ စိမ်းကားရက်စက် မပြတ်သား သင့်ပါဘူးကွာ။။ ကိုယ့်ကို ဝေ ဘယ်လောက် ချစ်တယ်ဆိုတာ ကိုယ်သိတယ်။။ ဒီလိုပဲ ကိုယ် ဝေ့ကို ဘယ်လောက်ချစ်တယ် ဆိုတာလည်း ဝေသိနေတာပဲလေ။။ လျှာနဲ့သွားတောင် အခန့်မသင့်ရင် ကိုက်မိသေးတာ။။ ကိုယ်တို့တွေ ပြတ်စဲတဲ့ထိတော့ ဒဏ်မခတ်သင့်ပါဘူးကွာနော်။။"

အောက်ကျခံပြီး တောင်းပန်ပြောဆို နေသော သူ့ကို ကြည့်နေသည့် ဝေဝေထွန်းရဲ့ အကြည့်တွေက အေးစက်လွန်းနေသည်။။ ချစ်သူ ခင်ပွန်းဟူသော အမြင်မျိုးလည်း ရှိဟန်မတူတော့။။

"ဒီမှာ ကိုဝေယံကျော် တစ်ချိန်က ငယ်သူအတွေးနဲ့ မိဘစကား နားမထောင်ပဲ ကျွန်မ မိုက်ခဲ့မိတယ်။။ တကယ်ဆို ချစ်တာတစ်ခုတည်း ကြည့်ခဲ့မိတဲ့ ကျွန်မ အမှားပါ။။ အခုတော့ ကျွန်မ သိလိုက်ြ့ပီလေ။။ ဘဝမှာ ချစ်တာထက် အရေးပါတာတွေ တကယ်ရှိတယ်ဆိုတာ။။ ကျွန်မက ဆွေကြီး၊မျိုးကြီးမှာ မွေးခဲ့တာ ကိုဝေယံကျော်ရဲ့။။ ဒါကြောင့် ရှင့်အမေလို တစ်မျိုးလုံးမှာမှ တစ်မိပေါက်ပဲ ချမ်းသာလာပြီး ကိုယ့်အဆင့်အတန်း ကိုယ်မသိတဲ့သူရဲ့ စော်ကားမှုကို မခံနိုင်ဘူး။။ ရှင်မှတ်ထားပါ။။"

မိခင်ကို ထိခိုက်ပြောလာပြီမို့ ဝေယံကျော် သည်းခံနိုင်မှုတို့ ကုန်ဆုံးပြန်လေပြီ။။ အေးစက်နေသော ချစ်သူရဲ့ မျက်နှာကို ခပ်တင်းတင်း တစ်ချက် ငေးကြည့်လိုက်ရင်း ရင်ထဲက ဒေါသကို မြိုချလိုက်သည်။။

"မင်း ငါ့အမေကို စော်ကားဖို့ မလိုဘူး ဝေဝေထွန်း။။ ကောင်းပြီလေ မင်းကတောင် ဒီလောက်ပြတ်သား နေမှတော့ ငါက ဘာကိုတတ်နိုင်မှာလဲ။။ သွားမယ်ကွာ။။ မင်းနဲ့ငါ ဝေးကြတဲ့ ပွဲမှာ ငါ့အမှားဆိုတာ မပါဘူးဆိုတာ မင်းတွေးလို့ ရတဲ့နေ့ ငါ့ဆီပြန်လာခဲ့ပါ။။ မင်းမလာချင်တော့ဘူး ဆိုရင်လည်း ဒီဘဝ ဒီမျှပဲပေါ့။။"

ပြောပြီး ချာခနဲ လှည့်ထွက်လာခဲ့ လိုက်တော့သည်။။ ခြံဝနားရောက်တော့ ဝေဝေထွန်း၏ မိခင် ဒေါ်သီတာက နောက်က လိုက်လာရင်း ခပ်ထေ့ထေ့ ပြုံးပြ၏။။

"ဒီမှာမောင်ရင် အားနာနာနဲ့ပဲ ပြောလိုက်တော့မယ်။။ မင်းနောက် ဘယ်တော့မှ ဒီအိမ်နဲ့ ဒီခြံဆီ မလာပါနဲ့တော့။။ တကယ်လို့ မင်းဘက်က မကျေနပ်ရင် တရားတဘောင်နဲ့ ရင်ဆိုင်ချင်လဲ ဖြစ်တယ်နော်။။ ဟုတ်ပြီလား။။ တို့ဘက်ကတော့ အဆင်သင့်ပဲ။။"

ပမာမခန့် ပြောနေသော မျက်နှာကို နာကျည်းစွာ ကြည့်ရင်း ဝေယံကျော် အံကြိတ်လိုက်သည်။။

"မလိုတော့ပါဘူး အန်တီ။။ အန်တီတို့ ဆွေကြီးတာ မျိုးကြီးတာ ကျွန်တော်သိပါတယ်။။ ကျွန်တော်ကလည်း စာချုပ်စာတမ်း တရားဥပဒေနဲ့ ထိန်းချုပ်ထားရမယ့် အိမ်ထောင်တစ်ခုကို မသာယာပါဘူး။။ သူ့ရင်မှာ အချစ်မရှိမှတော့ ကျွန်တော်က ဘာနဲ့မှ ချည်နှောင်ဖို့ မကြိုးစားတော့ပါဘူး အန်တီ။။ ကျေးဇူးအများကြီး တင်ပါတယ်။။။"

စကားဆုံးတာနှင့် ခြံထဲမှ နောက်သို့ လှည့်မကြည့်စတမ်း လှမ်းထွက်လာခဲ့ လိုက်တော့သည်။။ ထိုနေ့မှာ သူလှမ်းလာသော ထိုခြေလှမ်းတွေက သိပ်ချစ်လှပါသည် ဆိုသော ဝေယံကျော်နှင့် ဝေဝေထွန်းတို့ရဲ့ မသိခြင်း တလွဲမာနတို့ကြောင့် မှားယွင်းစွာ ဆုံးဖြတ် လမ်းခွဲခြင်း ခြေလှမ်းများ ဖြစ်ခဲ့တော့သည်တကား။။။



(၁၀)

"ဟားးးးးးးးးး အီးအိုရယ် ကျွန်တော် စိတ်မကောင်းလိုက်တာဗျာ။။ ရင်ထဲကို နင့်သွားတာပဲ။။ အခု အီးအိုနဲ့ မဝေဝေထွန်းတို့ အဆက်အသွယ် ရနေသေးလားဗျ။။"

ဝေယံကျော်ရဲ့ အတိတ်ထဲ လွင့်မျောနေတဲ့ စိတ်တွေက ပစ္စုပ္ပန်မှာ ပြန်လည် ကပ်တွယ်လာသည်။။ သူ့မျက်ဝန်းမှာ မျက်ရည်စတစ်ချို့ ကပ်ညိလို့ နေတာပါလား။။ အရှက်ပြေ ဟက်ခနဲ ရယ်လိုက်ရင်း အင်္ကျီလက်ဖြင့် မသိမသာ သုတ်လိုက်ပေမယ့် မျိုးသန့်က ကောင်းကောင်း သတိထားမိလိုက်သည်။။ သူလည်း မေးပြီးခဲ့ပြီမို့ ဘာမှမတတ်နိုင်တော့။။ စိတ်မကောင်းခြင်း နှင့်အတူ ရင်မှာ နင့်နင့်နဲနဲ ခံစားမှု တစ်ခုကိုတော့ ကူးစက်ခံစား လိုက်ရတာကိုတော့ မျိုးသန့် ဘာသာသိနေ၏။။ ခွက်ထဲ အရက်ထပ်ဖြည့်ရင်း တစ်ကျိုက်စီ ကျိုက်လိုက်ကြပြန်သည်။။

"သူနဲ့ နောက်ဆုံးတွေ့လိုက် ရတဲ့နေ့ နောက်ပိုင်း သင်္ဘောပေါ် တက်ဖို့ ကျွန်တော်လုပ်နေခဲ့တာလေ။။ တက်ခွင့်ရတာနဲ့ တန်းတက်လာတာ ဒီနေ့ထိပေါ့။။ ဘာအဆက်အသွယ်မှတော့ မရပါဘူးဗျာ။။ သူငယ်ချင်းတွေဆီက သိရတာတော့ အခုထိ သူနောက်ထပ် အိမ်ထောင်မပြုသေးဘူးတဲ့။။ ဖူးစာကံ မကုန်ရင်တော့ ပြန်ဆုံကောင်း ဆုံမှာပေါ့ ကိုမျိုးသန့်ရယ်။။ ကျွန်တော် သူ့ကို ခုထိ ချစ်နေတုန်းပဲဗျ။။ နောင်လဲ ချစ်နေဦးမှာပါ။။ သူလဲ ဒီလိုပဲ နေမှာပါလို့ တွေးမိတာပဲဗျာ။။ ငယ်ရွယ်သူ အတွေးတွေ အထပ်ထပ်နဲ့ ကျွန်တော်တို့ မထင်မှတ်ပဲ အမှားတွေ ဆက်တိုက် ကျူးလွန်ခဲ့ကြတယ်လို့ပဲ သုံးသပ်မိတော့တယ် ကိုမျိုးသန့်ရေ။။။"

"ဟုတ်တယ်ဗျ။။ ကျွန်တော်လည်း အဲလိုပဲ တွေးတယ်။။ ငယ်ရွယ်သူတွေ ဆိုတော့လည်း အမှန်အမှားကို မခွဲခြားနိုင်ကြတာ သဘာဝပါပဲလေ။။ မထားသင့်တဲ့ တလွဲမာနတွေ ကြောင့်လည်းပါမယ်ဗျ။။ အီးအိုတို့ စုံတွဲ ပြန်ဆုံနိုင်ဖို့ ကျွန်တော် ဆုတောင်းပါတယ်ဗျာ။။ ကဲ အီးအိုလည်း ပင်ပန်းနေပြီ နားချင်ရောပေါ့။။ နောက်ဆုံးတစ်ခွက်နဲ့ ဆုတောင်းလိုက်ရအောင်။။"

မျိုးသန့်က နောက်ဆုံးခွက် အနေနှင့် အရက်တစ်ခွက်ကို ခပ်ထူထူလေး စပ်လိုက်သည်။။ ပြီးမှ ပြန်ဆုံပါစေဟု နှစ်ယောက်သား ပြိုင်တူအော်ပြီး ခွက်တိုက်ကာ တစ်ကျိုက်တည်း သောက်လိုက်ကြ၏။။ မနက်ဖြန်ဆို ဘန်ကောက်မှ ရန်ကုန်သို့ ပြန်ရောက်ကြတော့မည်။။ မိသားစုနှင့် ပြန်တွေ့မည်မို့ ကိုယ်ပျော်နေသလို လုပ်ဖော်ကိုင်ဖက် ဝေယံကျော်လည်း ချစ်သူနယ်မြေမှာ အတူတူလက်တွဲပြီး အမြန်ဆုံး ပျော်ပွဲဆင်ရပါစေဟု မျိုးသန့်တစ်ယောက် စိတ်ထဲမှ ဆုတောင်းလိုက်ရင်း တည်းခိုရာ အခန်းတွေစီသို့ အနည်းငယ် ယိုင်နေသော ခြေလှမ်းများနှင့် လှမ်းဝင်သွားကြလေတော့သည်။။။။။






လေးစားလျက်
အလင်းသစ်

7 comments:

  1. ကိုယ်တိုင်များ ဝင်ခံစားလေရောသလား... မိုက်တယ်...
    Cheer my dear !....

    ReplyDelete
  2. ကောင်းတယ်ကွာ.....ဇာတ်လည်း ခပ်ရှည်ရှည်ကို
    အဆုံးထိဖတ်ချင်အောင် ဆွဲဆောင်သွားတယ်။။။။။။။အားပေးသွားတယ်ဝေ့

    ReplyDelete
  3. အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ဦးထဲတစ်ဘ၀ တည်ဆောက်တာလို့ ထင်နေတဲ့သူတွေအတွက် သင်ခန်းစာကောင်းလေးပါ။ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ မတူညီတဲ့ သူ့အသိုင်းအ၀ိုင်း ကိုယ့်အသိုင်းအ၀ိုင်း ကိုယ့်မိဘ သူ့မိဘ နှစ်ဖက်စလုံးကို လေးစားမှု ခင်တွယ်မှု သိတတ်မှုတွေနဲ့ အဆင်အပြေဆုံးဖြစ်အောင် နားလည်လက်ခံပြီး မေတ္တာတရားနဲ့ ပေါင်းစပ်ပေးတာပါ။ အဲဒီလိုတည်ထောင်တဲ့ အိမ်ထောင်မျိုးမှ ထာဝရတည်တံ့တာ...

    ReplyDelete
  4. စာတွေလာဖတ်သွားပါတယ်...
    စိတ်ဝင်စားဖို့ကောင်းတဲ့ခံစားမှုတွေလို့
    ထင်မိပါတယ်....

    ReplyDelete
  5. ကြီးကျယ်လို့..ယောကျာင်္းကမပြတ်.
    မိန်းမကပြတ်တယ်ဆိုေ၇ာ
    အပျိုပြန်ဖြစ်လို့လား..
    ဟင့်..ဖတ်ပြီးကျုပ်တောင်..
    ကောင်လေးဘက်ကမဲ့ရွဲ့ပေးလိုက်တယ်..
    အားပေးသွားတယ်
    ဂွတ်..ရန်ပါကူတွေ့သွားတယ်....
    ..................
    မဒိုးကန်

    ReplyDelete
  6. အိမ်ထောင်ပြုဖို့လဲမလွယ်သလို
    ပြုပြီးဖျက်လို့လဲလုံးဝမလွယ်ပါဘူး
    လူပျိုကြီး အပျိုကြီးများသတိသာထားပါတော့လို့....

    ReplyDelete
  7. ဖူးစာမင်ရည်ကျဲတယ်လို့ပဲ ပြောရတော့မယ် ထင်ပါရဲ့။ ဝေယံကျော်တစ်ယောက် (သံယောဇဉ် မကုန်သေးခဲ့ရင်) ချစ်သူနဲ့ ပြန်ဆုံပါစေလို့သာ ဆုတောင်းပေးချင်မိပါတယ်။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။