ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, August 12, 2011

နှလုံးသွေးတို့စုဆုံရာဆီသို့




ဆိတ်ငြိမ်ခြင်းအမှောင်မှာတောင် အိပ်မက်ယောင်ဆောင်ပြီး
အိပ်စက်ခြင်းကို ခိုးယူခံနေရမှတော့
ငါတို့ရင်ဘတ်ခြင်းတွေ ထပ်တူပြု
ချစ်ခဲ့ကြမှုမှာ အပြစ်မပါတော့ပါဘူးချစ်သူ။။။


ယုံကြည်မှုနဲ့ထုဆစ်၊ သစ္စာတရားနဲ့ရွက်လွှင့်တဲ့
ချစ်ခြင်းလှေငယ်မှာ အလွမ်းတွေသယ်ထည့်
ကမ်းဘယ်ဆီမသိပေမယ့်လည်း
လှမ်းနေမိတဲ့လမ်းတွေအဆုံးမှာ ပန်းတိုင်ဆိုတာရှိပါတယ်
တွဲလက်တွေ မြဲဆက်လို့
ရဲရဲကြီး လှော်ခတ်ကြစို့နော်။။။

လွမ်းလို့ကျတဲ့ မျက်ရည်ပူတွေ သုတ်လိုက်စမ်းပါကွယ်
(အခုဆို)
ငါတို့ချစ်ခြင်းရဲ့တံခါးဝမှာ
ခေတ်ကာလဆိုတာကြီးလည်း ဒူးထောက်ကျ
ဂုဏ်ပကာသနဆိုတာကြီးလည်း ဦးညွှတ်နေရပြီ
ဇမ္ဗူရစ်ရွှေတို့မည်သည် ငရဲမီးကို ကြောက်ဖို့မလိုပါဘူး
မင်းရဲ့အားတွေ အခုမွေးလိုက်စမ်းပါချစ်သူ။။။

မနက်ဖြန်ဆိုတာတွေမှာ အာမခံချက်မပါပေမယ့်
ငါ့ဦးနှောက်ထဲမှာတော့ တာဝန်ယူတတ်မှုတွေပါတယ်
ငါ့နှလုံးသားထဲမှာ ချစ်တတ်ခြင်းတွေပါတယ်
ငါ့လက်နှစ်ဖက်မှာ အောင်မြင်မှုတွေပါတယ်
မကြောက်ပါနဲ့ကွယ်
မင်းအတွက် ဒိုင်းတစ်လက်ကငါပေါ့
မင်းအတွက်ဆိုရင် ငါ့ခြေထောက်နှစ်ဖက်က
မီးပင်လယ်ကိုဖြတ်ဖို့တောင် ဆာလောင်နေခဲ့ပြီပဲ
မနက်ဖြန်တွေထဲ မင်းလျှောက်ရဲလိုက်တော့နော်။။။

ဘယ်လောက်ချစ်သလဲ မမေးစမ်းပါနဲ့
ရှိတ်စပီးယားပြဇာတ်တွေထဲမှာ သာယာနေရမယ့်အချိန်မဟုတ်ဘူးလေ
သက်ရောက်မှုမပါတဲ့ လေသံအပြင်း၊ အပျော့တွေနဲ့တော့
သဘောခွေ့စေရော့ဆိုပြီး မင်းကိုနှစ်သိမ့်မနေဘူး
ကြုံလာတဲ့တစ်နေ့မှာ မင်းယုံလာစေ့ရမယ်
ငါတို့ချစ်ခြင်းက (ဒီအချိန်မှာတော့)
စိတ်ကူးယဉ်နေရမယ့်ကာလနဲ့ မတိုက်ဆိုင်ခဲ့ဘူးကွယ်။။။

မျက်ကွယ်မို့မယုံရမှတော့ ဘဝကိုဘယ်လိုပုံအပ်ကြမှာလဲ
သံသယဆိုတဲ့စိတ်စွဲတွေလည်း ကင်းပြစမ်းပါချစ်သူ
သစ္စာဆိုတာ တူသောအကျိုးကိုပေးတဲ့အရာပါ
(နောက်ထပ်)
ငါတို့ဆွဲဖွင့်မယ့် တံခါးချပ်တွေမှာ
မသိလို့မှားတဲ့ အမှားတောင်မပါစေရဘူး
မင်းအတွက်မို့ ငါ့မနက်ဖြန်တိုင်းက ဖြူစင်မှုတွေအပြည့်နဲ့ပေါ့။။။


ပန်းမခင်းတဲ့လမ်းမို့ နင်းဖြတ်ရမယ့်ခြေလှမ်းတွေကိုတော့
အားနာမိပါရဲ့၊
မင်းလျှောက်ရမယ့်လမ်းမှာ
ဥသြငှက်လည်း တွန်သံမသာဘူး
နွေလေညှင်းလည်း စောင်းကြိုးမရှိုက်ဘူး
ဒါပေမယ့် ဆော်လမွန်ငါးတစ်သိုက် အိမ်ပြန်ခိုက်မှာတော့
မင်းပြန်လိုက်လာမယ်ဆိုတာ ငါယုံပါတယ်။။။


မကြီးကျယ်တဲ့ငါတို့အပြန်လမ်းမှာ အခမ်းအနားမပါဘူး
လူပြောများတဲ့ ဒေါ်လာတွေမပါဘူး
ဂုဏ်ပကာသနဆိုတဲ့ ဆူညံသံတွေမပါဘူး
ပြိုင်ဆိုင်မှုဆိုတဲ့ အစွယ်အပွားတွေမပါဘူး
တစ်ဦးက တစ်ဦးကို လိုအပ်ခြင်းဆိုတဲ့
ချစ်ခြင်းပန္နက်မှာ လက်မှတ်ဆိုတာလည်းမလိုပါဘူး
မင်းအတွက် ငါပဲလိုသလို၊ ငါ့အတွက် မင်းပဲလိုတယ်
ရဲဝံ့လိုက်တော့ချစ်သူရေ။။။

ယုံကြည်မှုနဲ့ထုဆစ်၊ သစ္စာတရားနဲ့ရွက်လွှင့်တဲ့
ချစ်ခြင်းလှေငယ်မှာ အလွမ်းတွေသယ်ထည့်
ကမ်းဘယ်ဆီမသိပေမယ့်လည်း
လှမ်းနေမိတဲ့လမ်းတွေအဆုံးမှာ ပန်းတိုင်ဆိုတာရှိပါတယ်
တွဲလက်တွေ မြဲဆက်လို့
ရဲရဲကြီး လှော်ခတ်ကြစို့နော်။။။





လေးစားလျက်
အလင်းသစ်

12 comments:

  1. ခိုင်မာတဲ့သံဓိဌာန်ချထားပြီး အားမာန်အပြည့်နဲ့ ဖွဲ့နွဲ့ထားတဲ့ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားတယ် အလင်းသစ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဟိုး...ရင်ထဲက အနက်ရှိုင်းဆုံးနေရာထိရောက်တယ်
    ပြန်မနှုတ်ပဲ ...ဒီအတိုင်းလေးပဲ ထားလိုက်တော့မယ်
    ချစ်ခြင်းပန္နက်...တည်ခြင်း အနေနဲ့ပေါ့... :):)

    ReplyDelete
  3. “မင်းအတွက် ငါပဲလိုသလို၊ ငါ့အတွက် မင်းပဲလိုတယ်
    ရဲဝံ့လိုက်တော့ချစ်သူရေ။။။

    ယုံကြည်မှုနဲ့ထုဆစ်၊ သစ္စာတရားနဲ့ရွက်လွှင့်တဲ့
    ချစ်ခြင်းလှေငယ်မှာ အလွမ်းတွေသယ်ထည့်
    ကမ်းဘယ်ဆီမသိပေမယ့်လည်း
    လှမ်းနေမိတဲ့လမ်းတွေအဆုံးမှာ ပန်းတိုင်ဆိုတာရှိပါတယ်
    တွဲလက်တွေ မြဲဆက်လို့
    ရဲရဲကြီး လှော်ခတ်ကြစို့နော်။။။”

    မင်းအတွက် ငါပဲလိုသလို..ငါ့အတွက် မင်းပဲလိုတယ်”..တဲ့
    အဲဒီစာသားလေးက ချစ်သူနှစ်ယောက်အတွက် အရမ်းကို အားရှိစေတဲ့အင်အားလေးတခုပါပဲ..
    အရမ်းသဘောကျတယ်..

    ReplyDelete
  4. ယုံကြည်မှုနဲ့ထုဆစ်၊ သစ္စာတရားနဲ့ရွက်လွှင့်တဲ့
    ချစ်ခြင်းလှေငယ်မှာ အလွမ်းတွေသယ်ထည့်
    ကမ်းဘယ်ဆီမသိပေမယ့်လည်း
    လှမ်းနေမိတဲ့လမ်းတွေအဆုံးမှာ ပန်းတိုင်ဆိုတာရှိပါတယ်

    အဲဒီပန်းတိုင်ကို jasmine လဲစောင့်နေတာပဲ......
    အရမ်းကောင်းပါ၏ ။ ။

    ReplyDelete
  5. အိပ်စက်ခြင်းကို ခိုးယူခံနေရမှတော့
    ..ဟေ့အလင်းရဲ့ နာကထမီပဲခိုးတာ အိပ်စက်တာမခိုးဘူးနော်
    ကြိုပြောတာ


    ငါ့လက်နှစ်ဖက်မှာ အောင်မြင်မှုတွေပါတယ်
    မကြောက်ပါနဲ့ကွယ်

    ..အဟင့် ကြောက်တယ်တော့ အဲလက်ကြီးကို
    မင်းအတွက် ဒိုင်းတစ်လက်ကငါပေါ့
    ..
    မဖြစ်နိုင်ဘူး...ဒိုင်းညှောင့်ဆိုရင်သေမှာ

    မင်းအတွက်ဆိုရင် ငါ့ခြေထောက်နှစ်ဖက်က
    မီးပင်လယ်ကိုဖြတ်ဖို့တောင် ဆာလောင်နေခဲ့ပြီပဲ..
    ..ဆာနေတာများ ငါ့မုန့်ဟင်းခါးလာစားပါ အလင်းရဲ့
    ကျွေးပါတယ်ဟ..

    မနက်ဖြန်တွေထဲ မင်းလျှောက်ရဲလိုက်တော့နော်။။
    ..
    ကြွေးကျေရင်တော့ရပ်ကွက်ထဲ လျှောက်ရဲ့တယ်နော်
    မကျေရင်သာ မီးကကြောက်တာ ..
    ခဲနဲ့ထုမှာဆိုးလို့..

    ။ဒါပေမယ့် ဆော်လမွန်ငါးတစ်သိုက် အိမ်ပြန်ခိုက်မှာတော့
    မင်းပြန်လိုက်လာမယ်ဆိုတာ ငါယုံပါတယ်။။။
    ...

    ပြန်မလိုက်ပါဘူး
    ငါးဖမ်းမှာပေါ့ ငတုံးရဲ့
    ငါးတစ်သိုက်ဆို တော်တော်ရမှာပေါ့ဟ
    ပိန်းပ...း)


    ကဲ ..ငါ့မောင်လေးအလင်းသစ်ရေ
    စရတာလဲပျော်ပါတယ်..

    ကဗျာလေးကတကယ်ကောင်းပါတယ်
    အမတော် ခံစားအားပေးသွားပါကြောင်း


    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  6. အားကျလိုက်ထှာ။ ခုလိုလေး ရေးတတ်ချင်တာ။ ရေးလဲ မရေးတတ် ။ အချိန်ကလဲ ဆင်းရဲ နေဆဲမို့ သူများရေးတာကိုပဲ အားပါးတရ လာ အားပေးပါတယ်။

    ReplyDelete
  7. လှော်ကြပါ ..လှော်ကြပါ.လှော်နိုင်သူတွေ .. :P :P

    ReplyDelete
  8. သူများကို အားပေးမှာလား ကိုယ့်ကိုယ်ကို ပြန်အားပေးမလား။ နည်းနည်းတော့ ခက်သဗျ..။ မလဲကျရင် အားပေးထား။ ကောင်းအိ

    ReplyDelete
  9. ကဗျာအသစ်တစ်ပုဒ်လောက်တောင်းဆိုပါတယ်ဗျာ... ပြင်းပြင်းလေးပေါ့....ကျေးဇူးကြိုတင်ထားပါ့မယ်အစ်ကိုရေ။

    ReplyDelete
  10. ဆွေလေးမွန်August 20, 2011 at 8:04 PM

    ဘယ်လောက်ချစ်သလဲ မမေးစမ်းပါနဲ့
    ရှိတ်စပီးယားပြဇာတ်တွေထဲမှာ သာယာနေရမယ့်အချိန်မဟုတ်ဘူးလေ
    သက်ရောက်မှုမပါတဲ့ လေသံအပြင်း၊ အပျော့တွေနဲ့တော့
    သဘောခွေ့စေရော့ဆိုပြီး မင်းကိုနှစ်သိမ့်မနေဘူး
    ကြုံလာတဲ့တစ်နေ့မှာ မင်းယုံလာစေ့ရမယ်
    ငါတို့ချစ်ခြင်းက (ဒီအချိန်မှာတော့)
    စိတ်ကူးယဉ်နေရမယ့်ကာလနဲ့ မတိုက်ဆိုင်ခဲ့ဘူးကွယ်။။။



    အလင်းသစ်ရေ ဒီကဗျာပိုဒ်လေးကို အကြိုက်ဆုံးပဲ။ စာမရေးတာကြာတော့ ကဗျာရေးချင်တာ ဘာရေးရမှန်းမသိဘူး.
    လက်ကချရေးမရဖြစ်နေတာ.
    ဒါနဲ့ ကဗျာတွေလည်ဖတ်လိုက်တာ ကဗျာအဆာပြေသွားပြီ

    ReplyDelete
  11. ကဗျာကို အားပေးသွားပါတယ်။ ဆက်လက်မွေးဖွားပေးနိုင်ပါစေ။

    ReplyDelete
  12. အလင်းသစ် စာတွေလာဖတ်တယ်နော် လာလည်ပါအုန်းနော် စောင့်မျှော်နေ ပါ့မယ်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။