ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, August 20, 2011

အသိမှတ်မဲ့ ရုန်းထွက်ခြင်း...





နင့်အတွက်ဆိုပြီး ချွေချွေချခဲ့တဲ့ မနက်ဖြန်တွေ
တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ခဲ့ဘူး...
နင်ပျော်ဖို့အတွက်တဲ့လေ
ငါ့အတွက်ကျတော့ ကမ္ဘာပျက်တေးတွေလား...
အကြိမ်ကြိမ်ရေးစပ်ရုံနဲ့အားမရ အသံကုန်တောင် ဟစ်ကြွေးပြခဲ့
ရက်စက်ပေါ့ မာယာချိုရယ်...
ငိုကြွေးသူရင်ဘတ်နဲ့မှ နင့်အပြုံးတွေလင်းလက်မယ်ဆိုလည်း
ကမ္ဘာအဆက်ဆက် ငါ့မနက်တွေ မျက်ရည်များနဲ့ အတိပြီးစေသား...။။။



လမ်းခွဲသွားဖို့ ကြိုတွေးထားတယ်ဆိုရင်လည်း
အစောကြီးကတည်းက နှုတ်ထွက်စကားတွေ ထိန်းချုပ်ထားသင့်တာပေါ့...
အခုတော့လည်း အချစ်မပါတဲ့ ရင်ဘတ်ဗလာနဲ့ နင်ငါ့ကိုညာခဲ့ပြီ
သြော်..နင်တကယ် သစ္စာတွေဖျက်ပြီပေါ့...
ရင်ဘတ်အစစ်နဲ့မှ အချစ်ပင်ကို ပျိုးမိတဲ့ငါ နင့်အပေါ်မှာမှ မေတ္တာမိုးရွာမိတော့
ကိုယ်သွန်းဖြိုးတဲ့ အချစ်မိုးရေနဲ့ ကိုယ်ပြန်ဖျားတဲ့အဖြစ်
ဒိထက်ဆိုးတဲ့ နမိုးနီးယားတွေ ငါ့ကိုယ်ကို တိုးပါတော့မလား...။။။

အသိမှတ်မဲ့ စိုက်ပျိုးလိုက်မိတဲ့ စံပယ်တစ်ရုံ အဖူး၊အငုံစုံကာမှ
ပိုင်ဆိုင်လိုသူတွေဝိုင်းလာလိုက်တာ နင်ကပါ သူတို့ဘက်ပါမှတော့
ဖွေးဖွေးလှုပ် ကြွေကြွေကျနေတဲ့ စံပယ်ပွင့်တွေထဲ
အသိမှတ်မဲ့စွာ နှုတ်တွေဆွံ့အ ငါလေ..စကားလည်းနည်းခဲ့ရပြီပေါ့...။။။


တကယ်တမ်းကျ အရာရာက မတရားခဲ့ပါဘူးဟာ
အညှာမခိုင် အနေယိုင်လို့ မြေထိတိုင်ခခဲ့ရတဲ့ စံပယ်ပွင့်တွေဘဝ
ငါကတော့ မြတ်နိုးမဝစွာ နမ်းရှိုက် တစိုက်မတ်မတ်သီကုံးခဲ့
အပွင့်ညီညီ ဒီပန်းကုံးက အလှဆုံးဖြစ်လာတော့ ပန်လို၊သုံးလိုသူတွေကများ
နင်ကလည်း ခပ်လွယ်လွယ်ပဲ ပါသွားခဲ့
တကယ်တော့ ငါ့အကို ကိုလွမ်းဆုပြောသလို
နင်ကလေ ရနံ့အတု၊ ပန်းအတုအဖြစ်နဲ့ လမ်းအတုကိုမှလျောက်တဲ့သူ
နှလုံးသားအစစ်နဲ့ ချစ်တဲ့ငါ ရေတိမ်မှာနစ်ပြီပေါ့မာယာချို...။။

အခြေအမြစ်ကိုမသိပေမယ့် တကယ်အနှစ်ရှိရှိ ချစ်မိတဲ့ငါ
နင့်ပဉ္စလက်ပြကွက်မှာ အသက်မဲ့ပြီပေါ့...
တကယ်တော့ဟာ အချစ်ဆိုတာက အချစ်ပါပဲ
နင့်အတွေးတွေ မရိုးရှင်းခဲ့လို့သာ နင့်အချစ်တွေ မရိုးစင်းခဲ့တာလေ
ငါတကယ်ရင်နာတယ် ဒီနေ့ကိုဖြတ် နောက်မနက်မှာ
နင့်အတွက် သတိရခြင်းတွေမရှိစေရတော့ဘူး...။။။

အသက်လို ဦးစားပေးပြ ရင်ခွင်ဦးမှာ နေရာရပေမယ့်
နင်ကမှ တန်ဖိုးမထားတာ ငါ့ရင်နာနေတော့ရော
နင့်ကမ္ဘာမှာ ငါက လိုမှ မလိုတော့တာလေ...
သွားစမ်းပါ မာယာချို... ငါလည်းနင့်ကို မလိုချင်တော့ပါဘူး
လိုချင်တာအတွက် အချစ်ကိုတောင်ဈေးဖြတ်တဲ့နင်
အကြင်နာအချစ်စစ်နဲ့ ရင်ကိုနှစ်ခဲ့သူ ငါ့အတွက်တောင်
နင့်ချစ်ခြင်းက ရောင်စဉ်မလက်မှတော့ ငါတို့တွဲလက်တွေဖြုတ်ကြတာပေါ့
ရုတ်တရက်တောင် နင့်ကို သတိမရစေရဘူး မာယာချို
ငါ့အသည်းဦးမှာ ဘယ်သူ့အတွက်မှ အထူးဆိုတာ မရှိစေရတော့ပါဘူး..။။။

ရူးခဲ့ပြီ မာယာရယ် ဒီကမ္ဘာမှာက ရိုးသားသူအတွက်
နေရာမှ မရှိခဲ့တာ..
ဖြူစင်စွာ အရှုံးပေးခဲ့သမျှက ငတုံးလေးဆိုတဲ့ နာမည်တစ်ခုကပဲ
ငါ့အတွက် ဂုဏ်ပြုခြင်းတဲ့လား...
ခါးတယ်မာယာ... ငါအရမ်းကိုခါးတယ်...။။။

ခါးသက်ခြင်းနဲ့ အမှောင်တွေထဲမှာ နင်မပါတော့သလို
ရှင်းသန့်တဲ့ အလင်းတွေမှာလဲ နင့်အတွက် ခွဲတမ်းမထားတော့ပါဘူး
ငါ့ရဲ့ အချိန်တိုင်းက နင့်အတွက် မပါတော့ဘူးမာယာချို...
ကြင်နာတာကို နာကျင်တာနဲ့ဖျက် နင့်အတွက်ဆိုပြီး
အမုန်းတွေတော့ ငါမဖန်တီးရက်ပါဘူး
တစ်သက်လုံးအတွက် နင်ကအချစ်ဆုံးအဖြစ် ရပ်တည်ခဲ့ပြီပဲလေ..
တစ်နေ့တစ်မျိုး နင့်အတွက် မရိုးအောင်တွေးခဲ့ရတဲ့
ငါ့ရင်ထဲကအပူတွေ အတွက်တော့ ရိုးမြေကျ အဆုံးသတ်လိုက်ပြီ
မာယာချိုရယ်...ငါ့ရင်ထဲမှာ နာတယ်...။။။

နင့်အတွက်ဆိုပြီး ချွေချွေချခဲ့တဲ့ မနက်ဖြန်တွေအတွက်
တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ခဲ့ဘူးနော်...
နင်ပျော်ဖို့အတွက်တဲ့လေ
ငါ့အတွက်ကျတော့ ကမ္ဘာပျက်တေးတွေပါမာယာ...
အကြိမ်ကြိမ်ရေးစပ်ရုံနဲ့အားမရ အသံကုန်တောင် ဟစ်ကြွေးပြခဲ့
နင်လေ....တကယ်ကို
ရက်စက်ပေါ့ မာယာချိုရယ်...
ငိုကြွေးသူရင်ဘတ်နဲ့မှ နင့်အပြုံးတွေလင်းလက်မယ်ဆိုရင်လည်း
ကမ္ဘာအဆက်ဆက် ငါ့မနက်တွေ မျက်ရည်များနဲ့ အတိပြီးစေသားလို့
မာယာချိုရယ်...မျက်ရည်နဲ့သာ အတိပြီးစေသားလို့...။။။



လေးစားလျက်
အလင်းသစ်

4 comments:

  1. လမ်းခွဲသွားဖို့ ကြိုတွေးထားတယ်ဆိုရင်လည်း
    အစောကြီးကတည်းက နှုတ်ထွက်စကားတွေ ထိန်းချုပ်ထားသင့်တာပေါ့...
    အခုတော့လည်း အချစ်မပါတဲ့ ရင်ဘတ်ဗလာနဲ့ နင်ငါ့ကိုညာခဲ့ပြီ
    သြော်..နင်တကယ် သစ္စာတွေဖျက်ပြီပေါ့...
    ရင်ဘတ်အစစ်နဲ့မှ အချစ်ပင်ကို ပျိုးမိတဲ့ငါ နင့်အပေါ်မှာမှ မေတ္တာမိုးရွာမိတော့
    ကိုယ်သွန်းဖြိုးတဲ့ အချစ်မိုးရေနဲ့ ကိုယ်ပြန်ဖျားတဲ့အဖြစ်
    ဒိထက်ဆိုးတဲ့ နမိုးနီးယားတွေ ငါ့ကိုယ်ကို တိုးပါတော့မလား.

    အရမ်းကြိုက်တယ်ဗျာ...အဲ့အပိုက်ကလေးကို..တိတယ်နော်အဆင်ပြေနေတဲ့သူတွေဟိဟိ..ကိုကြီးအလင်းသစ်.နဲ့ .......။

    ReplyDelete
  2. ခါးသက်ခြင်းနဲ့ အမှောင်တွေထဲမှာ နင်မပါတော့သလို
    ရှင်းသန့်တဲ့ အလင်းတွေမှာလဲ နင့်အတွက် ခွဲတမ်းမထားတော့ပါဘူး
    ငါ့ရဲ့ အချိန်တိုင်းက နင့်အတွက် မပါတော့ဘူးမာယာချို...
    ကြင်နာတာကို နာကျင်တာနဲ့ဖျက် နင့်အတွက်ဆိုပြီး
    အမုန်းတွေတော့ ငါမဖန်တီးရက်ပါဘူး
    တစ်သက်လုံးအတွက် နင်ကအချစ်ဆုံးအဖြစ် ရပ်တည်ခဲ့ပြီပဲလေ..
    တစ်နေ့တစ်မျိုး နင့်အတွက် မရိုးအောင်တွေးခဲ့ရတဲ့
    ငါ့ရင်ထဲကအပူတွေ အတွက်တော့ ရိုးမြေကျ အဆုံးသတ်လိုက်ပြီ
    မာယာချိုရယ်...ငါ့ရင်ထဲမှာ နာတယ်...။။။

    ဒီအပိုက်လေးကို ကြိုက်တယ် ကိုအလင်းသစ်ရေ အားပေးသွားပါတယ်။

    ReplyDelete
  3. တစ်သက်လုံးအတွက်နင့်အချစ်ဆုံးအဖြစ်ရပ်တည်ခဲ့ပြီလား
    တစ်ကယ်ပဲလားသူငယ်ချင်းရေ.....
    သီချင်းရှိတယ်...
    အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပြီးမလား(ဦးထီးဆိုင်)
    မောင်ချင်းအတွက်လား ကိုယ့်အတွက်ကိုယ်ရေးတာလား
    မှန်မှန်ပြောနော်...
    ရင်ထဲက ခံစားချက်တွေဟုတ်နေတော့ ကဗျာကလဲ
    အလွန်ဖတ်ကောင်းနေတယ်။ ။

    ReplyDelete
  4. အွန်.နေ့တိုင်းတော့ငိုနိုင်ဘူးတော်..
    မျက်စိထိတယ် မျက်မှန်တတ်ရနိုင်တယ်
    ဆံပင်ဖြူမြန်တယ်
    မယုံလုပ်ကြည့်လိုက်
    လက်တွေ့ ..
း)

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။